စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ကို နအဖ က နောက်တဖန်. Show all posts
Showing posts with label ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ကို နအဖ က နောက်တဖန်. Show all posts

Thursday, May 15, 2008

ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ကို နအဖ က နောက်တဖန် အထီးကျန်အောင်လုပ်

ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ကို နအဖ က နောက်တဖန် အထီးကျန်အောင်လုပ်



မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 22:40 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံရပ်ခြားနှင့် မြန်မာ အကူအညီပေးရေး လုပ်သားများ ဝင်ရောက်ခွင့်ကို မြန်မာစစ်အစိုးရက ကန့်သတ် ချုပ်ချယ်မှုများ အသစ်တဖန် ထပ်မံ ပြုလုပ်လိုက်သည်။ ယခုအခါ စာနယ်ဇင်းသမားများ သွားရောက်ခွင့်နှင့် ကင်မရာများ အသုံးပြုခွင့်ကိုပါ ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ရန်ကုန်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများ ပြန်လည် တည်ဆောက်ရေးအတွက် တာဝန် ပေးအပ်ခံရသည့် မြန်မာလူမျိုး စီးပွားရေး လုပ်ငန်းရှင်များကို ဤလျှို့ဝှက် အမိန့်အကြောင်း ဝန်ကြီးချုပ် သိန်းစိန်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် အစည်းအဝေး၌ ပြောပြခဲ့ခြင်း ဖြစ်သည်။“ဘယ်နိုင်ငံခြားသားကိုမှ မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုမှာ မဟုတ်ဘူးလို့ သိန်းစိန်က မနေ့က ပြောခဲ့တာ။ မြန်မာ ကုမ္ပဏီတွေတောင်မှ ကင်မရာယူခွင့် မပြုဘူး” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောသည်။ ဧရာဝတီတိုင်း ဘိုကလေးမြို့မှ မကြာသေးခင်က ပြန်လာခဲ့သည့် ဘတ်စ်ကားမောင်းသူ တဦးကလည်း ခရီးသည်များကို စစ်ဆေးမေးမြန်းရန် လမ်းတလျှောက် စစ်ဆေးရေးဂိတ်များ အစိုးရက ချထားသည်ဟု ဆိုသည်။ “နိုင်ငံခြားသားတွေကို ဒေသတွင်း ဝင်ရောက်ခွင့်ပြုတဲ့ ခွင့်ပြုချက်ပါမစ်တွေ ပြခိုင်းတယ်။ မြန်မာနိုင်ငံသားတွေ ကျတော့ ဘိုကလေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေရပ်လိပ်စာတွေနဲ့ သူတို့ရဲ့ နေရပ်လိပ်စာတွေကို မေးလို့ ပြောပြရတယ်” ဟု အဆိုပါ ဘတ်စ်ကားမောင်းသူက ပြောသည်။အလားတူပင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ လေဘေး ဒုက္ခသည်များကို ကူညီလို၍ ရန်ကုန်မြို့မှ သွားရောက်ကြသည့် မြန်မာအလှူရှင် ၂ဝ ဦးပါ အဖွဲ့ကိုလည်း ဒေသခံ တပ်ရင်းတရင်းက ပြန်လှည့်သွားခိုင်း၍ လှူဒါန်းခွင့်မရဘဲ ပြန်ပို့ခံခဲ့ကြရသည်။ရန်ကုန်မှ ဘိုကလေးသွား လမ်းပေါ်တွင် တပ်ရင်းအမှတ် ၆၆ နှင့် ၇၇ တို့က အဆိုပါ အလှူရှင်များကို ရပ်တန့်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု အလှူရှင်များနှင့် နီးစပ်သူတဦးက ပြန်ပြောပြသည်။ အလှူရှင်များက သောက်ရေသန့်များ၊ ဆေးဝါးများ၊ ဆန်များ၊ သကြားနှင့် သောက်သုံး ဓာတ်ဆားရည် ထုပ်များကို သယ်ယူသွားခဲ့ကြခြင်း ဖြစ်သည်။“ဒေသခံ စစ်တိုင်းဌာနချုပ်က ထုတ်ပေးတဲ့ အထူးပါမစ်တွေပါမှ ဝင်ရောက်ခွင့် ပေးမယ်လို့ စစ်တပ်က အလှူရှင်တွေကို ပြောတယ်။ ပြီးတော့ ပြန်လှည့်သွားခိုင်းလိုက်တာပဲ” ဟု အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို ကန့်သတ်မှုများနှင့် တားမြစ်မှုများ ပြုလုပ်နေခြင်းကြောင့် မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီ ပေးပို့ရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်ရှိ ကုလသမဂ္ဂရုံးနှင့် အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြသည်။“ဒေသခံ ဝန်ထမ်းတွေပဲ အလုပ်လုပ်ခွင့် ပြုတယ်။ နိုင်ငံခြားသား ဝန်ထမ်းတွေကို ခွင့်မပြုဘူး” ဟု ရန်ကုန် ကုလသမဂ္ဂရုံး၏ ပြောရေးဆိုခွင့်ရှိသူ အေးဝင်း က ပြောသည်။ သို့သော် ကုလသမဂ္ဂ နိုင်ငံတကာ ဝန်ထမ်းများအတွက် ဗီဇာလျှောက်ထားရေး လုပ်ငန်းစဉ်ကို လွယ်ကူစေရန် လျှော့ပေါ့ပေးမည်ဟု အစိုးရက ကတိပြုကြောင်း သူက ပြောသည်။“အစိုးရ တာဝန်ရှိသူ တယောက်က ကုလသမဂ္ဂကို အင်္ဂါနေ့က ဒီလို ကတိပေးသွားတာ” ဟု အေးဝင်းက ပြောဆိုသည်။မြန်မာအစိုးရသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ ဝန်ထမ်း လက်တဆုပ်စာကိုသာ ဗီဇာ ထုတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) မှ အနည်းဆုံး ၉ ဦး ပါဝင်သည်။ ကုလသမဂ္ဂ၏ အဓိကကျသော ဝန်ထမ်း ၆ဝ ကျော်မှာ မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်မရသေးဘဲ ယခုထိ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ရှိသည်။မြန်မာနိုင်ငံအနေဖြင့် မည်သည့် နေရာမှမဆို ပေးအပ်သည့် အကူအညီများကို လက်ခံကြိုဆိုမည် ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဝေငှရေးကိုမူ အစိုးရကိုသာ ခွင့်ပြုမည်ဟု တရားဝင် ထုတ်ပြန် ကြေညာချက်က ဆိုသည်။“ဝင်ရောက်ခွင့်ဟာ တကယ့်ကို ပြဿနာကြီးပါပဲဗျာ” ဟု ကုလသမဂ္ဂ လူသားချင်း စောင့်ရှောက်မှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ဒေသဆိုင်ရာ အကြီးအကဲ Terje Skavadal ကလည်း ပြောဆိုသည်။ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာများအရ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့လည်း မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသများသို့ ယင်းတို့၏ ဝန်ထမ်းများ သွားရောက်ခွင့် မရကြသေးဟု သိရသည်။ဥရောပ အကူအညီပေးရေး အေဂျင်စီတခုဖြစ်သည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကလည်း အရေးပေါ် အကူအညီများကို ယင်းတို့၏ ဝန်ထမ်းများမှ တဆင့်သာ ဖြန့်ဖြူးပေးနေသည်ဟု ဆိုသည်။ သို့သော် သူတို့၏ အဆိုပါ ဝန်ထမ်းများသည်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် ‘ချုပ်ချယ်မှုများတိုး၍’ ခံလာနေရသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသွားသည်။“ဥပမာ ဘိုကလေးမှာဆိုရင် အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကြီးမား များပြားစွာ လိုအပ်နေတာကို လိုအပ်သလောက် သူတို့ မပေးနိုင်ခဲ့ဘူး” ဟု အဆိုပါ အကူအညီပေးရေး အုပ်စုက ပြောဆိုလိုက်သည်။ဤသို့ဒုက္ခသည်များကို အကူအညီပေးရန် စစ်အစိုးရဘက်မှ ပျက်ကွက်ခြင်းအတွက် ရန်ကုန်မြို့နေ လူထုကလည်း အလွန်အမင်း စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။ “သူတို့ဟာ ဗမာပြည်အတွက်လည်း ရှက်စရာ၊ ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ရှက်စရာ၊ သူတို့ကိုယ် သူတို့အတွက်လည်း ရှက်စရာပဲ” ဟု မြန်မာ ပညာတတ်တဦးက မဇ္ဈိမကို အီးမေးလ်ဖြင့် ဆက်သွယ် ပြောကြားသည်။(ဆော်လမွန်၊ ဟွိုင်ပီ၊ လာရီရေဂင်နှင့် ရန်ကုန်မြို့မှ သတင်းထောက်တို့က သတင်းပေးပို့၍ မုံပီးက သတင်းအဖြစ် ပြန်လည် ရေးသားသည်။)

အပြည့်အစုံဖတ်လိုလျှင်