စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 10, 2008

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမက် ဗိုလ်မှူးချုပ် ရာထူးတက်

(သတင်းသုံးသပ်ချက်)
NEJ/ ၁၀ ဇူလိုင် ၂၀၀၈

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမက် ဗိုလ်မှူးကြီး သိန်းနိုင်ကို ဗိုလ်မှူးချုပ်ရာထူးဖြင့် မင်္ဂလာဒုံလေတပ် စခန်း ဌာနချုပ်မှူးရာထူး တိုးပေးကြောင်း လေတပ်အရာရှိတဦးက ပြောသော်လည်း ထိုသတင်းကို ခေတ်ပြိုင်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရဗိုလ်ချုပ်များကို အပြောင်းအလဲလုပ်ပြီး မကြာခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမက် ဗိုလ်မှူးကြီး သိန်းနိုင်ကို ဗိုလ်မှူးချုပ်ရာထူး တိုးပေးသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သည် လေတပ်ဦးစီးချုပ် မဖြစ်ခင် တာဝန်
ယူရသည့် စခန်းဖြစ်သည့်အတွက် အရေးကြီးသည့်နေရာဖြစ်ကြောင်း လေတပ်နှင့် နီးစပ်သူ
များက ပြောသည်။

မြန်မာစစ်အစိုးရဗိုလ်ချုပ်များအား အပြောင်းအလဲလုပ်ရာတွင် အငြိမ်းစားပေးသည့် ဗိုလ်ချုပ်များ ရှိသလို အချို့ဗိုလ်ချုပ်များကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီး သံအမတ် ရာထူး ပေးတော့မည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

လတ်တလော အငြိမ်းစားပေးခံရသည့် ဗိုလ်ချုပ်အချို့ကို သံအမတ်ကြီးရာထူးများ ပေးမှာဖြစ်သည့် အတွက် နိုင်ငံခြား မြန်မာသံရုံးများရှိ မြန်မာသံအမတ်များကို မကြာခင် အပြောင်းအရွှေ့ လုပ်တော့ မည်ဟု ပြည်ပ မြန်မာသံတမန်အသိုင်းအ၀န်းက ပြောသည်။

ထိုအတောအတွင်း မြန်မာစစ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်
ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် မေ (၃၁) ရက်က ဖမ်းပြီး တရားစွဲဆိုထားကြောင်း DPA သတင်းက ဖော်ပြသည်။ မောင်ဝိတ်သည် မကြာခင်က အငြိမ်းစား ပေးခံရသည့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်နှင့် နီးစပ်သူဖြစ်သည်။

အောင်ဇော်ရဲမြင့်ကို ဖမ်းထားသည့် ကိစ္စနှင့် ပတ်သက်၍ အမှုသက်သာအောင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကတော်က ပြည်ထဲရေးဝန်ကြီးကို လျှို့ဝှက်တောင်းပန်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးက လက်မခံခဲ့ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း သားသမီးများ၊ စီးပွားရေးသမားများ မူးယစ်ဆေးနှင့် ပတ်သက်နေသည်ကို မသိကျိုးကျွန် ပြုထားပြီးမှ ယခုကဲ့သို့ အရေးယူခြင်းမှာ လူထုက နာဂစ် မုန်တိုင်းကိစ္စ မကျေနပ်မှု အာရုံလွဲရန် ရုပ်ရှင်အသိုင်းအ၀န်းကို ဓားစားခံလုပ်ခြင်း ဖြစ်နိုင်သည်ဟု နေပြည်တော်အရာရှိ အသိုင်းအ၀န်းက ယူဆသည်။

နအဖ ၀န်ကြီးနေရာ အပြောင်းအလဲများကို အစိုးရပြန်တမ်းအဖြစ် သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ စစ်တပ်အတွင်း အပြောင်းအလဲများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင် ရေးအထူးအဖွဲ့မှူး တာဝန်ရသွားသည့် ပဲခူးတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကို၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ဝင်းမြင့်၊ စစ်ကိုင်းအခြေစိုက် အနောက်တောင်တိုင်း တိုင်း မှူးအသစ် ဗိုလ်မှူးချုပ်မြင့်စိုးတို့ (၃) ဦးကို သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း အခြား အပြောင်းအလဲများကိုမူ ဖော်ပြခြင်း မရှိသေးပေ။

ယခု စစ်ဆင်ရေး အထူးအဖွဲ့မှူးများအဖြစ် ရာထူးတိုးသွားသည့် တိုင်းမှူးဟောင်းများသည် ယခင် စစ်ဆင်ရေး အထူးအဖွဲ့မှူးများကဲ့သို့ နအဖ အဖွဲ့ဝင်ရာထူးများ မရရှိကြောင်း၊ ဒု-ဗိုလ်ချုပ်ကြီး မောင်ဘိုနှင့် ဒု-ဗိုလ်ချုပ်ကြီး ကျော်ဝင်းအပါအ၀င် ယခင် ၀ါရင့် ကစထ မှူးများမှာမူ နအဖ အဖွဲ့
ဝင်များအဖြစ် ဆက်ပြီး တာဝန်ရထားဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ၎င်း၏ စစ်ဗိုလ်ချုပ်များကို အာဏာ ခွဲဝေပေးလိုက်သည့် သဘောဖြစ်ကြောင်း၊ ထိုသို့လုပ်ခြင်းအားဖြင့် တပ်ကို ပိုမိုချုပ်ကိုင်ရ လွယ်ကူအောင် ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်းအ၀န်းများအကြား ပြောဆိုနေသည်။

ယခင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖယ်ရှားပြီးနောက် ၎င်း၏ ရာထူး (၃) နေရာအနက်
ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ထောက်လှမ်းရေးမှူးရာထူးကို ဒု-ဗိုလ်ချုပ်ကြီး
မြင့်ဆွေ၊ အတွင်းရေးမှူး (၁) ရာထူးကို ဒု-ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး စသဖြင့် ခွဲဝေ
ပေးခဲ့ဖူးသည်။

ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏သမက်ကို အရေးကြီးသည့် မင်္ဂလာဒုံလေတပ် စခန်း ဌာနချုပ် ရာထူးတိုးပေးခြင်းအားဖြင့် စစ်တပ်အတွင်း ၎င်း၏ အာဏာပိုမိုခိုင်မြဲအောင် လုပ်နေခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့်အသိုင်းအ၀န်းက ဝေဖန်နေကြသည်။ ။

No comments: