စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 10, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်စမ်းစမ်းအောင်နှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်စမ်းစမ်းအောင်နှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်း
အဖွဲ့ဝင် ရွှေကြေးစည် ခရီးသွားလုပ်ငန်းပိုင်ရှင် ဒေါ်စမ်း စမ်းအောင်သည် မကြာခင်က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်လာခဲ့သည်။ ဒေါ်စမ်းစမ်းအောင်နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်နွယ်နွယ်ဝင်းနှင့် ဒေါ်ကျင်ကျင်ဝင်းတို့လည်း လိုက်ပါလာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်စမ်းစမ်း အောင်အား လွတ်မြောက်နယ်မြေ ထွက်လာသည့် ရည်ရွယ်ချက်ကို မေးမြန်းရာ ဒေါ်စမ်းစမ်း အောင်က ယခုကဲ့သို့ စတင်ဖြေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖြေ။ ။ နအဖရဲ့ ဆန္ဒခံယူပွဲမှာ (၉၂) ရာခိုင်နှုန်း သူတို့ရတယ်။ သူတို့ ဒီလိုလုပ်တော့မယ် ဆိုတာကို အန်တီတို့ ကြိုသိတယ်။ ဒါတွေပြီးအောင် စောင့်ကြည့်ပြီးမှ အန်တီတို့ ထွက်လာတာ ဖြစ်တယ်။ ဒီကိစ္စရယ်၊ နာဂစ်မုန်တိုင်းတိုက်တဲ့ကိစ္စ၊ မေ (၂၇) ရက် ရွေးကောက်ပွဲနှစ်ပတ်လည်
နေ့နဲ့ အစ်မ ထိန်းသိမ်းခံရတာ (၅) နှစ်ပြည့်တဲ့နေ့ အဲဒါတွေ အကုန်လုံးကို စောင့်ပြီးတော့မှ ထွက်လာခဲ့တာဖြစ်တယ်။ စိတ်ထဲမှာ မခံနိုင်တော့လို့ အရင်ကတည်းက ထွက်လာဖို့ရှိတယ်။ မေလအတွင်းမှာ အစ်မ လွတ်လိုလွတ်ငြား စောင့်နေခဲ့တာပါ။ မလွတ်မှန်းတော့ သိပါတယ်။
မေ (၂၉) ရက်နေ့က ရန်ကုန်က ထွက်လာပြီး ဒီကို ဇွန် (၂) ရက်နေ့မှာ ရောက်ပါတယ်။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဘာတာဝန်တွေ ထမ်းဆောင်ခဲ့ပါသလဲ။
ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်အဖြစ် ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်အထိ လုပ်လာခဲ့တယ်။ ၁၉၉၈-၉၉ မှာ လွှတ်တော်ခေါ်ယူမယ့်ကိစ္စနဲ့ ဆက်စပ်ပြီး ရဲမွန် ရိပ်သာမှာ (၉) လကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။

မေး။ ။ နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေ ကြုံတွေ့ရပါ သလဲ။
ဖြေ။ ။ နာဂစ်ဒဏ်ကြောင့် အန်တီအိမ်လည်း ပြိုတယ်။ အန်တီတို့က ဒေါပုံမှာနေတယ်။ နောက်တနေ့မှ သိရတာက ရန်ကုန်အပြင် ဧရာဝတီတိုင်းမှာလည်း ဆိုးဆိုးဝါးဝါး ထိတယ်လို့ သိရတယ်။ ဒီကိစ္စ အစိုးရကနေပြီးတော့ တခုခုလုပ်မှဖြစ်တော့မယ်ပုံမျိုး ဖြစ်နေတဲ့အခါကျတော့ အန်တီတို့ စောင့်ကြည့်တယ်။ ဘာမှ ဖြစ်မလာဘူး။ အရင်ဆုံး ကြားတာက ကိုကျော်သူတို့ဆီမှာ လူတွေက စားသောက်ကုန်၊ အ၀တ်အထည်တွေ လာလှူတာရှိတယ်။ ဒီကိစ္စကူညီဖို့ လုပ်အားတွေ လိုတယ်ဆိုတော့ သူ့ဆီဖုန်းဆက်တယ်။ ရွှေကြေးစည် ခရီးသွားလုပ်ငန်းကပါ။ အခုလုပ်ငန်းနား ထားတော့ လာကူညီမယ်ဆိုတော့ သူခေါ်တာနဲ့ အန်တီတို့ သွားတယ်။ ဆန်တွေ၊ အ၀တ်အစား
တွေ ယူသွားပြီး မရွှေဇီးကွက်နဲ့ သန်လျင်၊ ထမလုံဘက်သွားပြီး ဝေငှခဲ့တယ်။ ကိုကျော်သူ လုပ်တာကို အားကျပြီး ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့လူတွေကို ဆက်သွယ်ပြီး လှူဒါန်းခဲ့တယ်။ ဘုရားဖူးသွားခဲ့တဲ့လူတွေ ကားပိုင်ရှင်တွေ အခြားအဖွဲ့အစည်းအစုံပဲ ကယ်ဆယ်ပစ္စည်းတွေ လှူဒါန်းခဲ့ကြတယ်။ အထက်ဗမာပြည် ဘုရားဖူးခရီးကို မြစ်ဝကျွန်းပေါ်ကလူတွေ အများဆုံး လိုက်ကြတော့ သူတို့ဘက်က ဒီလိုဒုက္ခ ဖြစ်တယ်ဆိုတာနဲ့ လုံးဝစိတ်မကောင်းဘူး။ ဒါကြောင့် ဒေးဒရဲ၊ မော်ကျွန်း၊ ဘိုကလေးဘက်ကို မေတ္တာရှင်အဖွဲ့အပါအ၀င် အခြားအဖွဲ့တွေနဲ့ ပေါင်းပြီး သွားရောက်လှူဒါန်းခဲ့တယ်။

မေး။ ။ ကယ်ဆယ်ရေးအဖွဲ့တွေကို အာဏာပိုင်တွေ အနှောင့်အယှက်ပေးမှုနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ဒီပြဿနာ အန်တီတို့ ခဏခဏကြုံရတယ်။ အန်တီတို့လုပ်ငန်းက ကားလည်းငှား တော့ သားအကြီးဆိုရင် ကားမောင်းပြီး ကိုယ်တိုင်လိုက်တာ လမ်းခရီးမှာ တော်တော် ဒုက္ခ ရောက်တယ်။ စစ်ဆေးမေးမြန်းတာတွေများပြီး သွားမရလောက်အောင် အခက်အခဲတွေ ကြုံရ တယ်။ သွားမှာက ဒေးဒရဲကို ဒါပေမယ့် ဒေးဒရဲကို မရောက်ခဲ့ဘူး။ ပြန်လာတော့ ပစ္စည်းတွေ ကိုယ့်အိမ်ကိုလည်း ပြန်မသယ်ချင်တော့ လမ်းမှာ ကြုံရာကို ပေးခဲ့ရတယ်။ ပြန်လာတဲ့အခါ သားရော၊ ကားရော အဖမ်းခံခဲ့ရတယ်။ ကတိခံဝန်ချက်တွေ ဘာတွေတောင်းပြီးမှ ပြန်လွှတ် ပေးတယ်။ ဒီလိုပြဿနာမျိုး အခြားအလှူရှင်အဖွဲ့တွေ တော်တော်များများ ကြုံတွေ့ရတယ်။ အာဏာပိုင်တွေက သူတို့ကနေတဆင့်ပဲ လှူစေချင်တော့ ဒီကိစ္စကို စိတ်ဝင်စားတဲ့လူ မရှိကြ သလောက်ပဲ။

မေး။ ။ ပြည်တွင်းကို ပြန်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ မရှိပါဘူး။ အန်တီတို့ကို အာဏာပိုင်တွေက အန်အယ်လ်ဒီမှန်းလည်း သိတယ်။ ခရီး သွားလုပ်ငန်း လုပ်မှန်းလည်းသိတယ်။ သူတို့က နည်းနည်းဆို များများ၊ အန်တီလည်း သူတို့နဲ့ နည်းနည်းစကားများခဲ့တာဆိုတော့ သူတို့လည်း သိတယ်။ အန်တီမိတ်ဆွေနှစ်ဦးဆိုရင် လှူရင်း တန်းရင်းကနေ အိမ်ပြန်မရောက်ဘဲ ဒီကနေ့အထိ ပျောက်ဆုံးနေတယ်။

မေး။ ။ လက်ရှိပြည်တွင်းအခြေအနေ ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ။ မလုပ်သင့်တဲ့အချိန် လူထုဆန္ဒခံယူပွဲ လုပ်တာတွေ ဒီလိုဖြစ်လာမယ်ဆိုတာ သိတဲ့ အတွက် တတ်နိုင်သလောက် ကန့်ကွက်ဆန္ဒမဲပေးဖို့၊ စည်းရုံးတာတွေ လုပ်ခဲ့တယ်။ အခြေ
အနေက အန်တီတို့အိမ်က ကားစပယ်ရာတွေတောင် ကြံ့ခိုင်ရေးအဖွဲ့ဝင်ဖြစ်ကုန်ပြီ။ အန်တီတို့ကို ရန်တွေဘာတွေလုပ်ပြီး အိမ်ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး တောင်ကြည့် မြောက် ကြည့်နဲ့ သူတို့မှာ အာဏာတွေ ပါဝါတွေ ဖြစ်ကုန်ပြီ။ အဲလိုဟာမျိုးတွေနဲ့ ကြာရှည်နေဖို့ဆိုတာ သိပ်ပြီး အဆင်အပြေလှဘူး။ လူထုတွေကတော့ အကျပ်အတည်းကြားမှာပဲ။ ကုန်ဈေးနှုန်းတွေ မြင့်မားနေတယ်။ လွတ်လွတ်လပ်လပ် ဘာမှမရှိဘူး။ အိမ်ရှိ လူအားလုံးဆင်းပြီး အလုပ်လုပ်ကြမှ စားရသောက်ရတယ်။ အလုပ်အကိုင် လုပ်ရတာတွေလည်း မချောမွေ့ဘူး။ အာဏာပိုင်တွေ
ကလည်း အမျိုးမျိုး အနှောင့်အယှက်ပေးတွေ ရှိတယ်။

မေး။ ။ ဒီမှာ ရှေ့ဆက် ဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ အပြင်ကို ရောက်နေတဲ့လူတွေက အလုပ်ပိုလုပ်နိုင်တယ်ထင်လို့ ထွက်လာတာ ဖြစ် တယ်။ ဟိုမှာက လှုပ်ရှားလို့မရဘူး။ နည်းနည်းလေးလုပ်တာနဲ့ ဆွဲပြီး ပြန်လွှတ်ဖို့တောင် အစီအစဉ် မရှိဘူး။ ခါတိုင်းဆိုရင် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးတာတွေ ရှိတယ်။ အခုက တခါတည်း ဆွဲထားလိုက်တာပဲ။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့ရေးအခြေအနေ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးတွေ လုပ်နေတာတွေ ရှိပါတယ်။ အန်တီတို့က အဖွဲ့ချုပ် အကြောင်းကိုလည်း သိပါတယ်။ ၉၀ ပြည့်နှစ် ရလဒ်ကို ဆုပ်ကိုင်ပြီး အမြဲတမ်း သွားကြမှာကို ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) လည်းရှိတယ်။ စီအာပီပီက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ တွေ့ဆုံဆွေးနွေးရေးကိုပဲ အဖြေရှာမယ်။ ဒါက
တော့ အန်တီတို့ အမြဲတမ်းနေရမယ့်ကိစ္စဖြစ်တယ်။

မေး။ ။ အမျိုးသားဒီမိုကရေစီချုပ်အနေနဲ့ ၂၀၁၀ ကျရင် ရွေးကောက်ပွဲ ၀င်ဖို့ ရှိမရှိ သိပါရစေ။
ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မယ်လို့ မထင်ပါဘူး။ ၀င်မယ်ဆိုရင် သူတို့ရဲ့ အခြေခံဥပဒေကို ထောက်သလို ဖြစ်နေမှာပေါ့။ အန်တီတို့ကတော့ ဒေါ်စုရဲ့အဖြေကိုပဲ လိုချင်တယ်။ အန်တီအမြင်ကတော့ ရွေးကောက်ပွဲကို ၀င်လိမ့်မယ် မထင်ဘူး။ မ၀င်တာကိုဘဲ အန်တီတို့ကတော့ မှန်တယ်လို့ ပြောရမယ်။

မေး။ ။ ပြည်တွင်း ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ အားလုံး အတူတကွ စည်းလုံးပြီး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ကြဖို့ ဖြစ်စေချင်တယ်။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း စိတ်ကောင်းလေးထားဖို့ ပြောချင်ပါတယ်။ တိုင်းပြည် ကိုပဲ သူတို့က ချစ်နေပြီးတော့ ပြည်သူလူထုကို မချစ်ဘူးလို့ စိတ်ထဲမှာထင်တယ်။ ဒါကြောင့် ကျော သားရင်သား မခွဲခြားဘဲ တိုင်းပြည်အကျိုးကို ကြည့်ဖို့ ပြောချင်ပါတယ်။

No comments: