စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 10, 2008

ရွေးကောက်ပွဲဝင်မည့်ပါတီများ ၂၀၀၈ ခုနှစ်ကုန်မှစပြီး မှတ်ပုံတင်ခွင့်ပေးမည်

ကိုဝိုင်း/ ၉ ဇူလိုင် ၂၀၀၈

၂၀၁၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နည်းဥပဒေနှင့် ပါတီမှတ်ပုံတင်ခွင့် ဥပဒေများကို ဦးစားပေး ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီလာခံ ကိုယ်စားလှယ် စာရေးဆရာ တက္ကသိုလ်မြတ်သူက ပေါ်ပြူလာဂျာနယ်သို့ ဇူလိုင် (၈) ရက်က ထုတ်ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ယခုလောလောဆယ် ပါတီနဲ့ပတ်သက်တဲ့ ဥပဒေတွေကို အရင်ရေးဆွဲတာပေါ့” ဟု စာရေးဆရာ တက္ကသိုလ်မြတ်သူက ပြောသည်။ စာရေးဆရာ တက္ကသိုလ်မြတ်သူသည် အမျိုးသားညီလာခံ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တဦးဖြစ်ပြီး စစ်အစိုးရသတင်းစာများအတွက် ပင်တိုင်ဆောင်း ပါးရှင်ဖြစ်သည်။

ထို့ပြင် ပါတီများ မှတ်ပုံတင်ခြင်းကို ၂၀၀၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၀၉ ခု နှစ်ဦးပိုင်းအထိ လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၀၉ ခုမှ ၂၀၁၀ နှစ်ဦးပိုင်းအထိ ပါတီများအနေဖြင့် ပါတီဝင်များကို စည်းရုံးနိုင်ကြောင်း၊ အမတ်လောင်းများက မဲဆွယ်မှုများ ပြုလုပ်နိုင်ကြောင်း ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်အား ခေတ်ပြိုင်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ Road map အပါ
အ၀င် နအဖ၏ လုပ်ငန်းစဉ် အဆင့်ဆင့်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက် အကူ မဖြစ်သောကြောင့် အယုံအကြည် မရှိကြောင်း ပြောသည်။

ဦးအေးသာအောင်က “နအဖ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တွေ့ဆုံဆွေးနွေးရာကနေတဆင့် အမျိုးသား လုပ်ငန်းစဉ် တွေကို ချမှတ်သွားမှသာလျှင် တိုင်းပြည်အတွက်ရော၊ အများပြည်သူအတွက်ပါ အကျိုးရှိလိမ့် မယ်လို့ မြင်လို့ပါ” ဟုပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို အတည်ပြုရန် ကြိုးစားခဲ့သော နအဖစစ်အစိုးရ၏ လူထုဆန္ဒ ခံယူပွဲ အပါအ၀င် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုသည်မှာ နအဖ၏ တဖက်သတ် လုပ်ရပ်များသာဖြစ်၍ လက်မခံကြောင်း၊ နိုင်ငံအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေများ ပေါ်လာစေရန် ၎င်းတို့ အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်က ဆက်ပြောသည်။

နအဖက အတည်ပြုလိုက်သော အခြေခံဥပဒေသစ်အရ ပါတီများ မှတ်ပုံတင်ရမည့်ကာလ၌ အန်အယ်လ်ဒီပါတီအနေဖြင့် မှတ်ပုံတင်ခြင်း မပြုခဲ့ပါက တရားမ၀င်ပါတီအဖြစ် ကြေညာခြင်း ခံရနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်၍ ဦးအေးသာအောင်က “၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ တည်ရှိ လာတဲ့ အန်အယ်လ်ဒီဆိုတာဟာ နအဖက ဖျက်သိမ်းသည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ နိုင်ငံရေးအရ ရပ်တည်သွားမယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရပ်တည်လို့ရတယ်လို့ မြင်ပါ
တယ်” ဟု ပြောသည်။

ယင်းအပြင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအနေဖြင့်လည်း နအဖ၏ တဖက်သတ် လုပ်ရပ်အတိုင်း လုပ်နေကြမည့်အစား မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ကြိုးစားလုပ်ဆောင်ရန် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က တိုက်တွန်းလိုက်သည်။


No comments: