စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 20, 2008

ဒေါ်စုအတွက် မွေးနေ့လက်ဆောင် ... ရွှေဝါရောင် လှိုင်းတပိုးများ


နေသန်မောင်
သောကြာနေ့၊ ဇွန်လ 20 2008 05:33 - မြန်မာစံတော်ချိန်

မနှစ်က ဆောင်းဦးရာသီမှာ မဇ္ဈိမအတွက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ချိန်က အဲဒီ ဆောင်းပါးက ကျနော့်ဘ၀အတွက် မှတ်မှတ်ရရနဲ့ တန်ဖိုးအရှိဆုံး ဖြစ်ခဲ့မယ်လို့ မတွေးမိခဲ့ပါဘူး။ သတင်းစာလောကကနေ အနားယူလိုက်ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ကျောင်းသားဘ၀နဲ့ နေထိုင်နေတဲ့ ကျနော့်ကို လွန်ခဲ့တဲ့ (၇) နှစ်ကျော်က ကမောဒီးယားမှာ စာနယ်ဇင်းသင်တန်း အတူတူ တက်ခဲ့ဖူးတဲ့ မိတ်ဆွေ မဇ္ဈိမ အယ်ဒီတာ ကိုစိန်ဝင်းက ဆောင်းပါးတပုဒ် ရေးပေးဖို့ ဖိအားပေးခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး သတင်းဌာနတွေအတွက် စာမရေးဖြစ်တာ (၃)နှစ်ကျော် ကြာနေတဲ့ ကျနော့်အတွက် ကိုစိန်ဝင်းက ထူးထူးခြားခြား အခွင့်အခါကောင်း တစ်ခုကို ဖန်တီးပေးခဲ့တာလို့ ဆိုရင် မမှားနိုင်ပါဘူး။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဲဒီအချိန်က ရန်ကုန်မြို့ပေါ်က လမ်းမတွေပေါ်မှာ ရဟန်းသံဃာတွေ ရာနဲ့ချီ ကြွချီပြီး မေတာသုတ်ကို မုန်သုန်ရဲ့ မိုးလေကြား နေရာအနှံ့ ရွတ်ဖတ်နေကြချိန်လည်း ဖြစ်ပါတယ်။ မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ သင်္ကန်းတွေကို ရုံပြီး ပြည်သူ့ဆန္ဒ ပြည့်ဝစေဖို့၊ တစ်နိုင်ငံလုံး မေတာတရားတော်တွေ ပျံ့နှံ့စေဖို့အတွက် ပင်ပန်းဆင်းရဲ ခံနေကြတဲ့ သံဃာတော်တွေရဲ့ ဦးဆောင် လှုပ်ရှားမှုဟာ ကျနော့်ဘ၀အတွက်ရော၊ မြန်မာနိုင်ငံ သမိုင်းအတွက်ပါ အထူးခြားဆုံး၊ ကြက်သီးဖြန်းဖြန်း ထရလောက်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။နေ့စဉ် မေတာသုတ်ရွတ် သရဇယ်တဲ့ လှုပ်ရှားမှုကြီးကို ရင်ခုန် စောင့်ကြည့်နေရင်းက နေအိမ်မှာ နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာတော်တွေ သူမရဲ့ အိမ်ရှေ့ ဥပဇာမှာ မလွတ်လပ်တဲ့ ဘ၀ရဲ့ လှိုင်းတပိုးအောက် မေတာတရားနဲ့အတူ စတင် ဆုံတွေ့ခဲ့ပါတယ်။ အဲဒီနေ့ဟာ စက်တင်ဘာ (၂၃)ရက်နေ့ပါ။ ကျနော်ဟာ ကျနော့် ဆောင်းပါးကို ရေးချဖို့ လုံလောက်တဲ့ ခွန်အားတွေ ရရှိသွားပြီလို့ ယုံကြည်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး အကြမ်းမဖက် လှုပ်ရှားမှုရဲ့ (၁၉)နှစ်တာ ရုန်းကန်မှု ကာလအတွင်း အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့တဲ့၊ မေတာတရားလွှမ်းတဲ့ ဒီလှုပ်ရှားမှုကြီးဟာ ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ ပြင်းပြတဲ့ ကနဦး လှိုင်းချက်တွေလို့ မှတ်ယူစရာ ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံ (ယခင် ဆိုဗီယက် ယူနီယံ လက်အောက်နိုင်ငံများ) တွေရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေရဲ့ ပုံရိပ်တွေက ကျနော့် ခေါင်းထဲမှာ နေရာဝင်ယူလာခဲ့ပါတယ်။သီတင်းနှစ်ပတ်ခန့် မတိုင်ခင်က ပခုက္ကူမြို့မှာ သံဃာတော်တွေကို စစ်အာဏာပိုင်တွေက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ သံဃာတော်တွေ ဦးဆောင်ပြီး အုပ်စိုးသူ လူတန်းစားရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ စတင်ဖို့၊ ခေတ်သစ် မော်ကွန်းထိုးဖို့ စတဲ့ စတဲ့ ရည်ရွယ်ချက်တွေ ပြည့်နှက်နေတဲ့ စက်တင်ဘာ လှုပ်ရှားမှုဟာ အုတ်တံတိုင်းကို မေတာတရားနဲ့ ၀င်ဆောင့်ကြတဲ့ ပွဲပါပဲ။ဂျော်ဂျီယာနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် နှင်းဆီနီ တော်လှန်ရေး၊ ယူကရိန်းနိုင်ငံရဲ့ ၂၀၀၄ခုနှစ် လိမော်ရောင် တော်လှန်ရေး၊ ကာဇက်စတန်နိုင်ငံရဲ့ ၂၀၀၅ခုနှစ် ကျူးလစ် တော်လှန်ရေးတွေဟာ နာမည်ကျော် ချက်သမတ နိုင်ငံရဲ့ ၁၉၈၉ “ကတ္တီပါ တော်လှန်ရေး” ရဲ့ နောက်ဆက်တွဲအဖြစ် ကွန်မြူနစ် အာဏာရှင် နိုင်ငံတွေကနေ ဒီမိုကရေစီ နိုင်ငံတော်တွေအဖြစ် ငြိမ်းချမ်းစွာ ကူးပြောင်းခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ကျနော့် ဦးနှောက်ထဲမှာ စွဲထင်နေပါတယ်။ ပန်းပွင့်တွေ၊ အရောင်တွေရဲ့ သင်္ကေတတွေနဲ့ လူထုလှုပ်ရှားမှုကို ကင်ပွန်းတပ်ဖို့ မြန်မာပြည်မှာ လိုနေပြီ ဆိုတဲ့အသိ ခေါင်းထဲ ရောက်လာတာနဲ့အတူ ကျနော်ဟာ ကျနော်ရဲ့ ဆောင်းပါးကို စတင် ရေးသားခဲ့ပါတယ်။အဲဒီ ဆောင်းပါးမှာ ကျနော် အခုလို ရေးသားခဲ့ပါတယ်။အရောင်နဲ့ ပန်းပွင့်သင်္ကေတ တော်လှန်ရေးတွေဟာ ကျောင်းသား လှုပ်ရှားမှုတွေ၊ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စနစ်တကျ အေးအေးချမ်းချမ်း နည်းလမ်းတွေ သုံးပြီး အာခံ တော်လှန်မှုတွေကနေ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ချက်သမတနိုင်ငံရဲ့ အောင်မြင်သော ကတ္တီပါ တော်လှန်ရေး ဖြစ်ပွါးပြီး ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားမှုဟာ ကွန်မြူနစ် အာဏာရှင်လ က်အောက်က မလွတ်မြောက်သေးတဲ့ ယခင် ဆိုဗီယက် နိုင်ငံထဲက ခွဲထွက်ခဲ့ကြတဲ့ နိုင်ငံတွေအတွက် အင်အားပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဂျော်ဂျီယာနိုင်ငံက “နှင်းဆီနီ တော်လှန်ရေး” ကြောင့် လာဘ်စားပြီး တိုင်းပြည် စီးပွါးရေး ကသောင်းကနင်း ဖြစ်အောင် လုပ်ခဲ့တဲ့ သမတ အီဒွတ် ရှီဗာနက်ဇီဟာ ရုရှအစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အတိုက်အခံ ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရပြီး ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ အတိုက်အခံ ခေါင်းဆောင်ကို ထောက်ခံအားပေးတဲ့ ပရိသတ်ကြီးဟာ လက်တွေထဲမှာ နှင်းဆီပန်းတွေကို ကိုင်ဆောင်ပြီး တည်ဆဲ သမတရဲ့ အာဏာကို အသိအမှတ် မပြုဘူးဆိုပြီး စတင်ခဲ့တဲ့ နှင်းဆီနီ တော်လှန်ရေးဟာ ငြိမ်းချမ်းစွာပဲ အောင်ပွဲခံခဲ့ပါတယ်။ နောက်တနှစ် အကြာမှာတော့ ယူကရိန်းနိုင်ငံမှာ ခြစားနေတဲ့ ရုရှလိုလားသူ သမတကို ဖြုတ်ချဖို့ ကြိုးစားတဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေရဲ့ လိမ္မော်ရောင် ဖဲကြိုးတွေ တပ်ဆင်ပြီး လိမ္မော်ရောင် တော်လှန်ရေး စတင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲအရေအတွက်နဲ့ ပတ်သက်ပြီး အကျပ်အတည်း ဖြစ်ခဲ့ရာက အတိုက်အခံ ခေါင်းဆောင် ဗစ်တာ ယူရှင်ကို အပြတ်အသတ် အောင်ပွဲရခဲ့ပါတယ်။၂၀၀၅ ခုနှစ်မှာတော့ ကာဂျစ်စတန်နိုင်ငံ သမတ အက်စကာ အကာရက်ဗ်ကို ဖြုတ်ချတဲ့ ကျူးလစ်ပန်း တော်လှန်ရေး ဖြစ်ပွါးခဲ့ပါတယ်။ အခြားသော အရောင် (သို့) ပန်းပွင့် တော်လှန်ရေးတွေ နည်းတူ ကျူးလစ်ပန်း တော်လှန်ရေးကြောင့် အာဏာရှင်သမတနဲ့ သူ့မိသားစုဟာ တိုင်းပြည်ကနေ ရုရှကို ထွက်ပြေးသွားခဲ့ပြီး သမတအဖြစ်က ပြုတ်ကျသွားခဲ့ပါတယ်။ တော်လှန်ရေးရဲ့ ခရီးအစတွေမှာတော့ ကာဂျစ်စတန်ရဲ့ လှုပ်ရှားမှုကို မီဒီယာ သမားတွေက ပန်းရောင် တော်လှန်ရေး၊ လီမွန် (သံပုရိုသီး) တော်လှန်ရေး၊ ပိုးသား တော်လှန်ရေး၊ နွေဦးပန်းပွင့် တော်လှန်ရေး အစရှိသဖြင့် အမည်နာမ တပ်ခဲ့ကြပေမယ့်လည်း ရာထူးက ဖြုတ်ချခံခဲ့ရသူ သမတကိုယ်တိုင်က သူ့ကို ဖယ်ရှားမယ့် အရေးအခင်းကို ကျူးလစ်ပန်း တော်လှန်ရေးလို့ ခေါ်ဝေါ်သမုတ်ခဲ့ပြီး အရောင်တော်လှန်ရေး မဆင်နွှဲဖို့ သတိပေးခဲ့ပါတယ်။ဒီမိုကရေစီကို အာသာပြင်းပြင်း ငတ်မွတ်နေတဲ့ ပြည်သူတွေရဲ့ ဖိနှိပ်မှု တော်လှန်ရေးကို ရွှေဝါရောင်လို့ တင်စားရတဲ့ အဓိက အကြောင်းကတော့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေ အားလုံးကို ကိုယ်စားပြုတဲ့ ဘာသာ သာသနာ၊ နုပျိုရဲဝံ့တဲ့ ရွှေဝါရောင် ခွပ်ဒေါင်း၊ ဆန်ရေစပါးပေါများ ကြွယ်ဝပြီး အကျပ်အတည်းက လွတ်မြောက်စေမယ့် နိုင်ငံအနှံ့က ရွှေဝါရောင် စပါးခင်းတွေ ပိုင်ဆိုင်ကြမယ့် သတိရှိတဲ့ နိုင်ငံသားတွေအဖြစ် ရောက်ရှိစေဖို့ တင်စား ခေါ်ဝေါ်ရခြင်းပါပဲ။ဒီဆောင်းပါးကို မဇ္ဈိမ သတင်းဌာနမှာ စက်တင်ဘာ ၂၃ ရက်စွဲနဲ့ ချက်ချင်းပဲ ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့တော့ (Yellow Revolution) ခေါင်းစဉ်နဲ့ ဧရာဝတီ သတင်းဌာနနဲ့ မဇ္ဈိမမှာပဲ ဆက်တိုက် ရေးသားခဲ့ပါတယ်။ နောက်နှစ်ရက် အကြာမှာ လန်ဒန်က တိုင်းမ်သတင်းစာက ရွှေဝါရောင် တော်လှန်ရေးကို အင်္ဂလိပ်လို (Saffron)လို့ စပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ စက်တင်ဘာ (၂၅)ရက်နေ့ ဗီအိုအေ မြန်မာပိုင်းနဲ့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံရုံး ယာယီတာဝန်ခံ ဖြစ်ခဲ့ဖူးသူ မစက် ကလပ်က ရွှေဝါရောင် တော်လှန်ရေးကို (Yellow Revolution) အဖြစ် သုံးနှုံးပါတယ်။အဲဒီ သတင်းပတ်ဟာ မြန်မာပြည်က သံဃာတော်တွေရဲ့ လှုပ်ရှားမှုကို လူထုနဲ့ ကျောင်းသားတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာပြီး လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေဟာ နေ့စဉ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေ ဖြစ်တဲ့ ဘော်စတွန် ဂလုပ်၊ ယူနိုက်တက် ပရပ်စ် အင်တာနေရှင်နယ်၊ ၀ါရှင်တန်ပို့စ် စတဲ့ သတင်းစာတွေအပြင် မြန်မာ့အရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင်နဲ့ အီကော်နော်မစ် မဂ္ဂဇင်းတွေက အင်္ဂလိပ် (Saffron) ရွှေဝါရောင် တော်လှန်ရေးလို့ စတင် သုံးစွဲခဲ့ကြပါတယ်။မြန်မာရေဒီယို အသံလွှင့် ဌာနတွေကတော့ ရွှေဝါရောင်ကို မသုံးကြသေးပါဘူး။ မဇ္ဈိမမှာ “ရွှေဝါရောင် တော်လှန်ရေး စပြီ” လို့ စက်တင်ဘာ (၂၄) မှာ ပထမဦးဆုံး ဖော်ပြပြီးနောက် အောက်တိုဘာ(၁) ရက်နေ့မှာ ခေတ်ပြိုင်၊ (၂) ရက်နေ့မှာ ဆရာ မောင်စွမ်းရည်က မိုးမခမှာနဲ့ အောက်တိုဘာ (၄) ရက်နေ့မှာ ဘီဘီစီ မြန်မာပိုင်းက “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စလို့ စက်တင်ဘာ လှုပ်ရှားမှုဟာ ရွှေဝါရောင် အရေးတော်ပုံအဖြစ် မြန်မာပြည်သူတွေက လက်ခံခဲ့ကြပါတယ်။ အင်္ဂလိပ်လို (Yellow) နဲ့ (Saffron) အမည်ကွဲပေမယ့် အဓိပ္ပယ်အားဖြင့်တော့ အ၀ါရောင်နဲ့ အ၀ါရောင် ရင့်ရင့်တွေပဲဖြစ်လို့ မြန်မာလို ရွှေဝါရောင်က အင်မတန် သင့်တော်တဲ့ စကားလုံး ဖြစ်ခဲ့ပါတယ်။ထိုင်းက မိတ်ဆွေတစ်ယောက်က ဒီအသုံးအနှုံးနဲ့ ပတ်သက်ပြီး ... တရုတ်အစိုးရက မြန်မာတွေ ရွှေဝါရောင် တော်လှန်ရေးလို့ ကင်ပွန်းတပ်တဲ့အပေါ် အတော့်ကို စိုးရိမ်မကင်း ရှိတယ်လို့ ဆိုပါတယ်။ မဟာ ယဉ်ကျေးမှု တော်လှန်းရေး ဒါဏ်ရဲ့ အနာတရတွေ၊ အိပ်မက်ဆိုးတွေ ကင်းကင်း မပျောက်သေးတဲ့ အချိန်မှာ သူတို့ရဲ့ နောက်ဖေးပေါက်က ဒီမိုကရေစီရေး တော်လှန်မှုအပေါ် တရုတ်တို့ စိုးရိမ်မှုက အံ့သြစရာ မရှိပါဘူး။ အရောင်နဲ့ ပန်းပွင့် သင်္ကေတတို့ရဲ့ တော်လှန်ရေးတွေဟာ သူနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့ပြီး ကွန်မြူနစ် အစိုးရတွေ ဖယ်ရှားခံရတဲ့ သာဓကတွေကြောင့် တရုတ်တို့ စိုးရိမ်တာက သဘာဝ ကျပါတယ်။ ဒါပေမယ့် တရုတ် အစိုးရဟာ မြန်မာပြည်ရဲ့ သဘောသဘာဝ အပေါ် ရှင်းရှင်း မမြင်နိုင်သေးတာက အတော်ဆိုးရွားတဲ့ ကိစ္စတရပ်ပါပဲ။ဒီအချိန်ဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ မအောင်မြင်သေးတဲ့ ရည်မှန်းချက်တွေအတွက် ခရီးဆက်နေရသေးတဲ့ အချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီ ပန်းတိုင်ကို မလှမ်းနိုင်ဘဲ အစမှာတင် အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် လှုပ်ရှားမှုတွေ ရပ်တန့်သွားတာမို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ရဲရဲ မခေါ်ချင်ကြသူတွေလည်း ရှိပါတယ်။ တော်လှန်ရေးဆိုတာ အောင်ပွဲရမှ ခေါ်ကြတဲ့အမျိုး ဆိုတော့ မသုံးချင်ကြတာလည်း ပါပါတယ်။ ဒီနေရာမှာ သေသေချာချာ နားလည် သဘောပေါက်သင့်တဲ့ အချက်က မြန်မာပြည်မှာ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ တန်းတူ ညီမျှရေးတွေနဲ့ ခေတ်သစ်တည်ဖို့အတွက် လူတိုင်းဟာ ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့၊ ကိုယ်နဲ့ သဘောထားမတူတဲ့ သူတွေအပေါ် ရန်သူလို့ မမြင်ဘဲ မေတာတရားနဲ့ အောင်နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကြီးကို အောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့ပြီ ဆိုတာပါပဲ။ရှင်းရှင်းပြောရရင် မန်ဒဲလားလမ်းစဉ်၊ ဂန္ဒီကြီး လမ်းစဉ်တွေလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီဆိုင်ရာ အပြောင်းအလဲများ ငြိမ်းချမ်းသော နည်းနဲ့ ဖြစ်ထွန်းရေးဆိုတဲ့ အတွေးအခေါ်ကို နိုင်ငံရေး လှုပ်ရှားသူတွေ ကြားထဲမှာသာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ နှလုံးသားတဲ့၊ အသိတရားထဲကို မှတ်ကျောက်တင်ခဲ့တဲ့ ဖြစ်ရပ်မို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ရတာ ကျနော်တို့တွေ အားလုံးအတွက် မဟာ အောင်မြင်မှုကြီး တစ်ရပ်ပါပဲ။ကျနော်တို့တွေဟာ ဒီမိုကရေစီရေး ရုန်းကန်မှု ခရီးရှည်ကြီးအတွက် အနှစ်(၂၀) ကြာ ဖြတ်သန်း ခဲ့ကြပြီးပါပြီ။ ကျနော်တို့ ခရီးပေါက်ခဲ့ကြပါပြီ။ အဲဒီ အနှစ်(၂၀)အတွင်းမှာ ကျနော်တို့တွေဟာ ဖြတ်သန်းမှု ပုံသဏ္ဍာန်တွေ အဖုံဖုံနဲ့ အတွေ့အကြုံတွေ များစွာကို သင်ယူရင်း ပန်းတိုင်ဆီကို လှမ်းလျှောက်နေကြဆဲပါ။ ဒီမိုကရေစီ နိုင်ငံတော်ကို ကျနော်တို့ မျက်ရည်တွေ၊ ချွေးတွေနဲ့ အရင်းခံပြီး မေတာတရားနဲ့ အသိပညာနဲ့ တည်ဆောက်မယ် ဆိုတဲ့ ယုံကြည်မှုဟာ တစ်နေ့တစ်ခြား ခိုင်မာလာခဲ့ပါတယ်။ဒါဟာ မြန်မာပြည်သူတွေ ပြည်သားတွေအားလုံး ကျနော်တို့ လေးစားချစ်ခင်တဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်း စုကြည်အတွက် ပြန်ပေးနိုင်တဲ့ တစ်ခုတည်းသော မွေးနေ့ လက်ဆောင်ပါပဲ။ ဒေါ်စုအတွက် ကျနော်တို့ အားလုံး ထွန်းညှိပေးနိုင်ကြတဲ့ တစ်ခုတည်းသော မွေးနေ့ ဖယောင်းတိုင်ဟာ ကျနော်တို့ အားလုံးရဲ့ သစ္စာတရားပါပဲ။ သူမဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ ပြယုဂ်ဆိုရင် ကျနော်တို့တွေဟာ ရွှေဝါရောင် မီးတောက်တွေ ဖြစ်ရပါမယ်။ ဒါမှာ အနာဂတ်ဟာ ထိန်ထိန်ညီးနေမှာ မဟုတ်ပါလား။

နေသန်မောင်
Rest of your post

No comments: