စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 20, 2008

ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖန်တီးဟု ထောက်လှမ်းရေးအရာရှိဟောင်း စွပ်စွဲ

NEJ/ ၂၀ ဇွန် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှုတခုပြုလုပ်ခဲ့ကြောင်း ဇွန် (၁၇) ရက်စွဲဖြင့် ရေးသားထားသည့် စာတစောင် မီဒီယာများသို့ ပျံ့နှံ့နေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါစာကို အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ဗိုလ်မှူးအောင်လင်းထွဋ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၀၁ ခု ၀ါရှင်တန်မြို့ မြန်မာသံရုံး၌ ၎င်းတာဝန်ထမ်း ဆောင်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်ဖော်ပြ ရေးသားထားခြင်းဖြစ်သည်။
၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဦးအောင်ဆန်းဦးဘက်မှ လက်မှတ်ရေးထိုးရန် သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရား စွဲဆိုမည့် စာရွက်စာတမ်းများကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ ပေးပို့ခဲ့ကာ မြန်မာသံရုံးမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများပေးပို့ခဲ့ပြီး လက်မှတ်ရေးထိုး ပြန်ရောက်လာသောစာကို ထိုစဉ်က မြန်မာသံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သံရုံး ချောစာ Pouch ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း စာတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းလုပ်ရပ်များသည် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား စနစ်တကျ အကွက် ချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိမ်အမွေမှု နောက်ကွယ်မှ စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူအများသိစေရန် တင်ပြရခြင်းဖြစ်ကြောင်း ဗိုလ်မှူး အောင်လင်းထွဋ်၏ စာတွင် ဖော်ပြပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်စဉ်အကျဉ်းချုပ် (သတင်းထောက် မောင်မန်း)
၂၀၀၀- ခု နိုဝင်ဘာလ (၁၆) ရက်အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အမွေရလိုမှုနဲ့ ရန်ကုန်တိုင်း တရားရုံးမှာ အမှုဆိုင်ခဲ့ပါတယ်။ တရားလို ဦးအောင်ဆန်းဦးရဲ့ အပြောအရတော့ မိခင် ဒေါ်ခင် ကြည် ဆုံးတာ (၁၂) နှစ်ပြည့်လို့ မိခင်ဆန္ဒအရ အမွေတောင်းခံတာဆိုပေမယ့် နိုင်ငံခြားသတင်း တွေရဲ့ ရေးသားချက်အရတော့ ဇနီးဖြစ်သူရဲ့ ဖိအားပေးမှုကြောင့် ဦးအောင်ဆန်းဦးဘက်က ခုလို ဖုတ်ပူမီးတိုက် အမွေတောင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ နအဖဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် တရားရုံးကို သွားရောက်မယ်ဆိုရင် အကျယ်ချုပ်ကနေ ခွင့်ပြုမယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး မသွားတဲ့ပြင် သူ့ဘက်က လိုက်ပေးမယ့် ရှေ့နေ တွေ ပေါ်ပေါက်ခဲ့ပါတယ်။
၂၀၀၀- ခု နိုဝင်ဘာလ (၂၃) ရက်တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် ရန်ကုန်မြို့က ရှေ့နေများဖြစ်တဲ့ ဦးကြည် ၀င်း၊ ဦးအောင်သိန်း၊ ဦးမြင့်သောင်းနဲ့ ဦးခင်မောင်အေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ငှားရမ်း ပါတယ်။ ဒေါ်အောင်ဆန်းကြည်ရဲ့ တရားရုံး ကိုယ်စားလှယ်အဖြစ် ရှေ့နေကြီး ဦးထွန်းတင်က ဆောင်ရွက်ပါတယ်။ ဦးအောင်ဆန်းဦးဘက်က ရှေ့နေအဖြစ် ရှေ့နေဦးကျော်ဇေယျက လိုက်ပါ ဆောင်ရွက်ပြီး တရားရုံးကိုယ်စားလှယ်အဖြစ် ရှေ့နေဦးဟန်တိုးက ဆောင်ရွက်ပါတယ်။
ဦးအောင်ဆန်းဦးဘက်က တရားစွဲပုံမှားဦးအောင်ဆန်းဦးရဲ့ရှေ့နေက ရန်ကုန်တိုင်းတရားရုံး (အောက်ရုံးလို့လည်းခေါ်ပါတယ်) မှာ စတင် တရားစွဲတဲ့အချိန်က မြေကို ထက်ဝက်ခွဲစိတ်ပြီး အမွေပုံပစ္စည်း လက်ရောက်ရလိုမှု (Suit for Partition) နဲ့ စွဲပါတယ်။ ဒါပေမယ့် အဲသလိုစွဲဆိုတဲ့ အဆိုလွှာဟာ ဥပဒေကြောင်းနဲ့ မညီဘဲ စွဲဆိုပုံ မှားနေတယ်၊ အမှန်ဆိုရင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (Right for administration) နဲ့သာ စွဲထိုက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ရုံးတော်မှာ လျှောက်လဲခဲ့ပါတယ်။
၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေအရ နိုင်ငံခြားသားတဦးအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို တောင်းခံချင်တယ် ဒါမှမဟုတ် လက်လွဲရောင်းချချင်တယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန ခွင်ပြုမိန့်ရမှ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီဥပဒေနဲ့ ကင်းလွတ်ခွင့်ကို အစိုးရက ပေးနိုင်တယ်လို့ပါ တဘက်က ဆိုထားပါတယ်။
ဦးအောင်ဆန်းဦးဟာ ဗုဒ္ဓဘာသာဝင်တဦးဖြစ်လို့ ဗုဒ္ဓဓလေ့ထုံးတမ်း ဥပဒေအရ အမွေတောင်းခံခွင့် ရှိပေမယ့် အမေရိကန်မှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသားဖြစ်နေတဲ့အတွက် ခုလို အမွေတောင်းခံ ချင်ရင် နိုင်ငံခြားသားဖြစ်နေတဲ့အချက်၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်နေတဲ့ အချက်တွေကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ရဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က လျှောက်လဲပါတယ်။ သဘောကတော့ နိုင်ငံခြားသား ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မရရင် ဘယ်တရားရုံးကမှတဆင့် အမွေတောင်းဖို့ လျှောက်လဲခွင့်မရှိဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဦးအောင်ဆန်းဦးရှေ့နေ ဦးကျော်ဇေယျရဲ့အပြောအရ ၂၀၀၀ ခု ဇူလိုင်လ (၂၈) ရက် နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ဆန်းဦးကို ၁၉၈၇ ခုနှစ် ဥပဒေက ကင်းလွတ်မိန့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ အမှုကို ဒေါ်အောင်ဆန်းစုကြည် မလာရောက်ပေမယ့် မျက်ကွယ်မှာ စစ်မယ်ဆိုပြီး ၂၀၀၀ ခု နိုဝင်ဘာလ (၂၇) ရက် ချိန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ဟာ ကာလပေါက်ဈေးနဲ့ဆိုရင် ကျပ်သန်း (၄၀၀) လောက် တန်တယ်လို့ အိမ်အရောင်းအ၀ယ်သမားတွေက မှန်းပါတယ်။ ၂၀၀၀ ခု နိုဝင်ဘာ (၂၁) ရက် ကနေ ရုံးချိန်း အဆင့်ဆင့်ပြောင်းခဲ့ပါတယ်။
၂၀၀၁- ခု အောက်တိုဘာလ (၂၂) ရက်ရုံးချိန်းတရားလို ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့် မလိုဘဲနဲ့ကို အမွေတောင်းခံ ခွင့်ရှိတယ်လို့ တရားသူကြီး ဦးစိုးသိန်းက အမိန့်ချလိုက်တဲ့အတွက် ဦးအောင်ဆန်းဦးအနေနဲ့ အမွေတောင်းရာမှာ ဥပဒေရေးရာ အခက်အခဲတွေ မရှိသလောက် ဖြစ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။ အရပ်စကားနဲ့ ပြောရရင် အမွေရဖို့ သေချာသွားပြီ၊ ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ပြီ ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီမှာတင် ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေတ၀က်ဆုံးဖို့ အလား အလာရှိဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသတင်းတွေက ရေးကြပါတယ်။
ဒါပေမယ့် နိုင်ငံခြားသတင်းတွေရေးသလို ဒေါ်အောင်ဆန်းစုကြည်ဘက်က အမှုရှုံးဖို့ အလား အလာမရှိတဲ့အပြင် ဥပဒေကြောင်းအရ ငြင်းခုံလျှောက်လဲစရာတွေ အများအပြားရှိနေသေးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးကိုယ်စားလှယ် ဦးထွန်းတင်က ပြောဆိုပါတယ်။ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်းတရားရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်မလိုဘဲ အမွေတောင်းခံနိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘက်က မကျေနပ်တဲ့အတွက် အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားရုံးချုပ်ကို ပြန်လည်စစ်ဆေးပေးဖို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့အဖွဲ့က အယူခံ လျှောက်ထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံလျှောက်ထားချက်ကို ၂၀၀၂ ခု ဇန်န၀ါရီလမှာ တရား ရုံးချုပ်ကနေ လက်ခံစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။ တချိန်တည်းမှာပဲ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးက အမှုတွဲကို တရားရုံးချုပ်က တောင်းခံခဲ့ပြီး အမှုကို ၂၀၀၂ ခု ဖေဖော် ၀ါရီလ (၂၀) ရက်မှာ အပြီးသတ် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသားလည်းဖြစ်နေတဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မပါဘဲ အမွေ တောင်းခံ နေတဲ့အတွက် တရားမ၀င်တဲ့ အဆိုလွှာကို ပယ်သင့်တယ်လို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့ အဖွဲ့က ယူဆပါတယ်။
၂၀၀၂- ခု ဖေဖော်ဝါရီလ (၂၀) ရက်နှစ်ဘက်ရှေ့နေတွေ တရားရုံးချုပ်မှာ အပြန်အလှန် အပြီးသတ်လျှောက်လဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ဦးကြည်ဝင်းကတော့ ဦးအောင်ဆန်းဦးဟာ ပြည်ထဲရေးဝန်ကြီး ဌာန အမိန့်မရဘဲ အမွေတောင်းခံခွင့်မရှိတဲ့အကြောင်း ၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေကို ကိုးကားပြီး (၄၅) မိနစ်ကြာ ခုခံလျှောက်လဲခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မပါဘဲ ဦးအောင်ဆန်းဦးကို အမွေတောင်းခံခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ထုံး ကမောက် ကမဖြစ်သွားမယ့်အလားအလာ ရှိတယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
သုံးသပ်ချက်
၁။ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ တရားရုံးချုပ်က စီရင်ချက်ချခဲ့ရင် အထူးအယူခံအနေနဲ့ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးထံ ဒေါ်စုရှေ့နေတွေက အထူးအယူခံခွင့် ရှိပါတယ်။
၂။ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံ ခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုအနေနဲ့ အိမ်တ၀က် အမွေခွဲပေးရဖို့ သေချာသွားပြီဖြစ် ပါတယ်။
၃။ ဥပဒေလုပ်ထုံးလုပ်နည်းအရ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင်ခုံရုံးကနေ ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ရင် အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးကနေ အမှုကို ပြန်စစ်ရအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးအောင်ဆန်းဦး အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုရှေ့နေတွေဘက်က ငြင်းခုံချေပစရာ ဘာမှမရှိသလောက်ဖြစ်တော့မှာမို့ ဦးအောင်ဆန်းဦး အနေနဲ့ အမွေရဖို့ သေချာပြီလို့ ပြောနိုင်တဲ့အကြောင်း ရန်ကုန်ရှေ့နေ အသိုင်းအ၀န်းက ပြောဆို ပါတယ်။
၎။ အမှုကိုပြန်ကြည့်ရင် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေ တောင်းခံခွင့်ရှိတယ်လို့ အစိုးရက ခွင့်ပြုထားတဲ့အကြောင်း ဦးအောင်ဆန်းဦးရှေ့နေတွေရဲ့ ပြောဆိုချက်မှန်မမှန် အတိအကျ မသိရပေမယ့် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချလိုက်တဲ့ အတွက် ဒီအမိန့်ရဲ့နောက်ကွယ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက တရားသူကြီးကို လက်သိပ်ထိုး ဖိအားပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
၅။ ဒီအခြေအနေတွေကို ထောက်ကြည့်ရင် တရားလွှတ်တော်ရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးဖို့ အတော့်ကို အခွင့်အလမ်းနည်းပါးတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
၆။ ထူးခြားတာက ၂၀၀၃ ဒီပဲယင်း အရေးအခင်းနောက်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေမှုအခြေအနေကို စစ်အစိုးရတရားရုံးတွေက မထုတ်ပြန်ဘဲ ထားခဲ့တာ ကနေ့ထိ ဖြစ်ပါတယ်။
Rest of your post


No comments: