စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

အမေရိကန် ငွေကြေးဒဏ်ခတ်သည့် စစ်အစိုးရကုမ္ပဏီများ ပုဂ္ဂလိက စီးပွားဘက်ကျဆင်း

မင်းနိုင်သူ/ ၃၁ ဇူလိုင် ၂၀၀၈

မြန်မာအစိုးရ ပိုင်ဆိုင်သည့် ကုမ္ပဏီ (၁၀) ခုကို ငွေကြေးဆိုင်ရာ ဒဏ်ခတ်လိုက်ကြောင်း အမေရိ ကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ ကြေညာပြီး မကြာခင် အဆိုပါကုမ္ပဏီများနှင့် စီးပွားလုပ်ရသည်မှာ တွက်ခြေမကိုက်တော့ကြောင်း လုပ်ငန်းရှင် များက ထုတ်ဖော်ပြောဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရနှင့် စီးပွားရေးကိစ္စများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ရေရှည်ရလဒ်ကောင်းများ ပေါ်ထွက်မလာနိုင်သည့်အပြင် မိမိတို့၏ ရှိဆဲဥစ္စာဓနများပါ ပျောက်ကွယ်သွားနိုင်ကြောင်း စစ် အစိုးရနှင့် ပက်သက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များက ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။
“စစ်အစိုးရနဲ့ စီးပွားရေးတွဲလုပ်ရတာဟာ ဆုပ်လည်းစူး၊ စားလည်းရူးပါပဲ။ စင်ကာပူကို သဲတင်ပို့ နေတဲ့ ကျနော်တို့ ကုမ္ပဏီတွေလည်း စစ်အစိုးရရဲ့မတရားပြုမှုတွေ ခံခဲ့ရပါတယ်” ဟု စင်ကာပူသို့ သဲတင်ပို့နေသည့် ပုဂ္ဂလိက ကုမ္ပဏီတခုက ထုတ်ဖော်ပြောဆိုသည်။
သဲတင်ပို့ရောင်းချမှုကို ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းက စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်အစိုးရက ၎င်းတို့ ၏ စီးပွားရေးအင်အားစုများဖြစ်သည့် မြ၀တီ၊ မြန်ဂုဏ်မြင့်နှင့် ဗန္ဓုလကုမ္ပဏီတို့မှတဆင့် ပုဂ္ဂလိက ကုမ္ပဏီ (၁၂) ခုသို့ ပြန်လည်တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထိုသို့တင်ပို့ခွင့်ရရှိရန် ပုဂ္ဂလိက ကုမ္ပဏီများက စစ်အစိုးရပိုင်ကုမ္ပဏီများသို့ စပေါ်ငွေ အမေရိကန် ဒေါ်လာ (၃၀,၀၀၀) စီတင်ခဲ့ကြရသည်။ သို့သော် ယခုအခါ စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ စပေါ်ငွေများ ပြန်မအမ်းဘဲ ပုဂ္ဂလိက ကုမ္ပဏီ (၉) ခု၏ ပြည်ပသဲတင်ပို့ခွင့်များကို ပယ်ဖျက်ခဲ့ရာ လက်ရှိတင်ပို့နေသည့် ကုမ္ပဏီ (၃) ခုသာ ရှိတော့သည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
ကျန်ရှိသည့် ကုမ္ပဏီ (၃) ခုသည် မြစ်သဲများကို သံလွင်နှင့် ဂျိုင်းမြစ်တို့မှ ထုတ်ယူခဲ့ကြပြီး မြစ်သဲ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၉) ဒေါ်လာရရှိပြီး မြ၀တီထရေးဒင်းလိမိတက်သို့ (၃) ဒေါ်လာ ခွဲ ပြန်လည်ပေးဆောင်ရကြောင်း ပုဂ္ဂလိက ကုမ္ပဏီတခုက ပြောဆိုသည်။
အလားတူဖြစ်ရပ်မျိုး မိမိတို့လုပ်ငန်းတွင်လည်း ကြုံတွေ့ရကြောင်း Royal Green Manufacturing co, Ltd မှ ဒါရိုက်တာဟောင်း တဦးကလည်း ထုတ်ဖော်ပြောဆိုသည်။
၎င်းက “စက်မှု (၂) ၀န်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုပြီး က.စ.လ လျှပ်စစ်ပစ္စည်းစက်ရုံ အခုတော့ National ပေါ့။ အဲဒီစက်ရုံကို ကျပ်သိန်း (၂,၀၀၀) ကျော် အကုန်ကျခံပြုပြင်ပြီး (၁၀) နှစ်တာ လွှဲ ပြောင်းရယူလုပ်ကိုင်ဖို့ ကတိပြု စာချုပ်ချုပ်ခဲ့ကြတာပါ။ ၅/၃/၂ ပုံစံနဲ့လုပ်ကြဖို့ပေါ့။ ၅/၃/၂ ဆိုတာက ပထမ စာချုပ်သက်တမ်း (၅) နှစ်၊ ပြီးရင် စာချုပ်ထပ်ချုပ် (၃)နှစ်ဆက်လုပ်၊ ပြီးရင် (၂) နှစ် စာချုပ် ထပ်ချုပ်ဆိုတဲ့ ပုံစံပေါ့။ ဒါပေမယ့် (၄) နှစ်ခွဲပဲ လုပ်လိုက်ရပြီး စက်ရုံကို ပြန်အပ်လိုက်ရပါ တယ်” ဟု ရှင်းလင်းပြောဆိုသည်။အမေရိကန်အစိုးရ ထုတ်ပြန်လိုက်သော ငွေကြေးပိတ်ဆို့မှု၏ ရလဒ်အဖြစ် မြန်မာ့စီးပွားရေး ဦးပိုင်၏ လက်ခွဲကုမ္ပဏီလေးခုဖြစ်သည့် မြန်မာ ပတ္တမြားအင်တာပရိုက်စ်၊ မြန်မာအင်ပါရီယယ် ကျောက်စိမ်းကုမ္ပဏီ လိမိတက်၊ မြ၀တီ ကုန်သွယ်ရေး လိမိတက်နှင့် မြ၀တီဘဏ် လိမိတက် တို့ကိုလည်း နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံ သားများ၊ အမေရိကန်အဖွဲ့အစည်းများနှင့် စီးပွားရေးမလုပ်ရန် နာမည်ပျက်ပုဂ္ဂိုလ်အဖွဲ့စာရင်းတွင် ထည့်သွင်းထားသည်။ယခုငွေကြေးပိတ်ဆို့မှုထဲတွင် စစ်အစိုးရပိုင် မြန်မာ့ သတ္ထုတွင်းဝန်ကြီးဌာနလက်အောက်ခံ အမှတ် (၁) သတ္ထုတူးဖော်ရေးလုပ်ငန်း၊ အမှတ် (၂) သတ္ထုတူးဖော်ရေးလုပ်ငန်းနှင့် အမှတ် (၃) သတ္ထုတူး ဖော်ရေးလုပ်ငန်းတို့ကိုလည်း သတ်မှတ်ထားသည်။ သမ၀ါယမ၀န်ကြီးဌာန လက်အောက်ခံ သမ၀ါယမ သွင်းကုန်ထုတ်ကုန်လုပ်ငန်းလည်း ပါဝင်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘိုကလေးနယ်မှ ဒုက္ခသည်များ ရိက္ခာလို

ကိုဝိုင်း/ ၃၁ ဇူလိုင် ၂၀၀၈

ဘိုကလေးမြို့ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ရင်းရွာများသို့ ပြန်ကြရသည့် လေဘေးသင့်သူ များထံ၌ (၃) လစာသာ ရိက္ခာကျန်ရှိတော့သဖြင့် အစားအစာပြတ်လပ်မည်ကို စိုးရိမ်နေကြကြောင်း ဘိုကလေးမြို့မှ ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အခု သူတို့လက်ထဲမှာ ဆန်နည်းနည်း၊ ပဲနည်းနည်းပဲ ရှိတာပေါ့။ အ၀တ်အစားလည်း မလိုဘူး၊ ကျန်တဲ့ ထောက်ပံ့တဲ့ဟာတွေလည်း မလိုဘူးပေါ့။ သူတို့မှာ အဓိကလိုအပ်တာကတဲ့ ဆန်၊ ဆီပေါ့ အဲဒါလေးတွေ လိုအပ်ပါတယ်တဲ့။ တကယ်လို့ အလှူရှင်များရှိရင် သူတို့ရွာတွေကို လွှတ်ပေးဖို့၊ လှူဒါန်းပေးဖို့ ကျနော်တို့ကို ပြောပြတယ်” ဟု အဆိုပါ ကူညီရေးလုပ်သားက ပြောသည်။
ယူနီဆက်ဖ်ကဲ့သို့ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တခြားအန်ဂျီအိုများက အပိုင်းလိုက် အုပ်စုခွဲ၍ သွားလာကူညီနေကြသော်လည်း ဘိုကလေးမြို့မှ ပဲ့ထောင်ဖြင့် (၂) နာရီကျော်ခန့် သွားရပြီး ချောင်းကြိုမြောင်းကြားများအတွင်း တည်ရှိနေသော မယ်တော်စု၊ ခေတ်ဆန်း၊ ကွင်းကြီး ငါးအိမ်တန်းစသည့် ရွာများသို့ ကူညီသူရောက်ရှိမှုနည်းသဖြင့် ရွာသားများက အစားအစာ ပြတ်လပ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
နေရပ်ရင်းပြန်ရောက်သူများထဲမှ လယ်ယာလုပ်သားများသည် ၎င်းတို့အား လယ်ပိုင်ရှင်များက ငှားရမ်းခြင်း မရှိသဖြင့် ပို၍ အခက်ကြုံနေကြရကြောင်း၊ ယခင်က လယ်စိုက်ပျိုးရာသီပြီးဆုံးသွား ချိန်တွင် ဓနိလုပ်ငန်း လုပ်ကိုင်ကြသော်လည်း ယခုအခါ မုန်တိုင်းကြောင့် ဓနိပင်များလည်း ပျက်စီး ခဲ့သဖြင့် အထောက်အပံ့ကိုသာ မျှော်နေကြရကြောင်း အဆိုပါဒေသများသို့ မကြာသေးမီက ရောက်ခဲ့သူ ကယ်ဆယ်ရေးလုပ်သားက ပြောသည်။
ကယ်ဆယ်ရေးလုပ်သားက “လယ်ပိုင်ရှင်တွေက မငှားကြဘူး။ မုန်တိုင်းကြောင့် လယ်တွေပျက် တော့ ခါတိုင်း (၁၀) ဧက လောက် လုပ်နိုင်တဲ့လူက အခု (၂) ဧကလောက်ပဲ လုပ်နိုင်တော့တယ်။ အဲဒီတော့ ကိုယ့်ရှိတဲ့ မိသားစုလေးနဲ့ပဲ လုပ်ကြတာပေါ့။ နောက်တခါ လယ်လုပ်ငန်းပြီးသွားရင် ဓနိလုပ်ငန်းလေးတွေ လုပ်မယ်ဆိုပြန်တော့လည်း ဓနိပင်တွေက မရှိတော့ဘူး။ ဓနိချိုးစရာ မရှိဘူးပေါ့။ အဲဒီအခါကျတော့ အထောက်အပံ့ပဲ စောင့်စားနေကြရတာပေါ့” ဟု ပြောသည်။
အစားအစာ ပြတ်လပ်မည်ကို စိုးရိမ်နေကြသည့် အဆိုပါ ရွာသားများသည် မုန်တိုင်းဖြစ်ပြီးကာစက ဘိုကလေးမြို့ပေါ်ရှိ ကျွန်းညိုကျောင်း၊ ရတနာပုံစာသင်တိုက်၊ အထက (၁)၊ အလက (၁)၊ ဆရာတော်ဦးဥာဏ်ကျောင်း စသည့်နေရာများတွင် လာရောက်ခိုလှုံခဲ့သူများဖြစ်ပြီး နေရပ်ရင်းသို့ မိမိသဘောဖြင့် ပြန်သူများရှိသကဲ့သို့ အာဏာပိုင်များ၏ အဓမ္မပြန်ခိုင်းမှုကြောင့် ပြန်ရသူများ လည်းရှိကြောင်း ၎င်းကပြောသည်။
ထို့အပြင် နေရပ်ရင်းပြန်ရွာသားများသည် ၎င်းတို့၏ နေအိမ်အမိုးအတွက် ယူနီဆက်ဖ်နှင့် အိုင်အိုအမ်တို့မှ ကူညီသော တာလဘတ်များကို အသုံးပြု၍ရသော်လည်း အကာအတွက်မူ မုန်တိုင်း တိုက်ပြီးနောက် ပျက်စီးကျန်ရစ်ခဲ့သော သစ်တိုသစ်စ၊ ပျဉ်တိုပျဉ်စများကိုသာ အသုံးပြုကြရ ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံရေးဒုက္ခသည်အဖြစ်အသိအမှတ်ပြုရန် ဘန်ကောက်၌ ဆန္ဒပြတောင်းဆို

ပီတာအောင်/ ၃၁ ဇူလိုင် ၂၀၀၈

ဘန်ကောက်မြို့ရှိ နိုင်ငံရေးလှုပ်ရှားသူများကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိတ်ခ်ျစီအာ) ရုံးက နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြု၍ ကာကွယ်စောင့်ရှောက် ပေးရန် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့၌ ဆန္ဒပြတောင်းဆိုကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ (၆၀) ကျော်တို့သည် ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ သို့သွားရောက်၍ မြန်မာပြည်လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ကုလသမဂ္ဂက မြန်မာ့အရေးဝင်ရောက်ဖြေရှင်းပေးရေး စသည့်ပိုစတာများနှင့် ကြွေးကြော်သံများ အော်ဟစ်ကာ (၁) နာရီကျော်ကြာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြသူတဦးဖြစ်သည့် မြန်မာ့ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုစိုးအောင်က“ကျနော်တို့ အဓိကဆန္ဒပြတာတော့ ကျနော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေတဲ့ပြဿနာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးဝင်ရောက်ဖြေရှင်းပေးဖို့ပါ။ နောက်တခုက ထိုင်းနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးကနေပြီးတော့ ကျနော်တို့မြန်မာနိုင်ငံသားတွေကို ဒုက္ခသည် အဖြစ်အသိအမှတ်ပြုဖို့ ကျနော်တို့တောင်းဆိုပါတယ်ခင်ဗျာ” ဟု ပြောသည်။
ဘန်ကောက်ရှိ နိုင်ငံရေးလှုပ်ရှားသူတို့၏ ဒုက္ခသည်အဖြစ် အသစ်လျှောက်ထားမှုများကို ယူအန်အိတ်ခ်ျစီအာက ၂၀၀၅ ခုနှစ်ကတည်းက အသစ်လက်မခံတော့သည့်အပြင် လျှောက် ထားပြီးသူတို့၏ လျှောက်လွှာများကိုလည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း သိရသည်။
နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရဘဲ ဘန်ကောက်မြို့၌ အခက်အခဲတွေ့နေသူ (၁) ထောင်ဝန်းကျင်ရှိနိုင်ပြီး ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ၌နေထိုင်ခွင့် အထောက်အထား တစုံတရာ မရှိသဖြင့် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရပါက မြန်မာနိုင်ငံဘက် ပြန်ပို့ခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ဆန္ဒပြသူ ကိုဆန်ကြီးက ပြောသည်။
ဇိုမီးအမျိုးသားကွန်ဂရက် လူငယ်အဖွဲ့ဝင် ကိုဇော်မင်းက “ကျနော်တို့ကို ယူအန်က ဘာမှ လုပ်မပေးဘဲ ဒီအတိုင်းပဲထားထားတယ်။ တကယ့်ဒုက္ခသည်မဟုတ်တဲ့ လူတွေကျတော့ ပိုက်ဆံယူပြီး ယူအန်က တတိယနိုင်ငံကို ပို့ပေးနေတယ်။ ကျနော်တို့ နေရေးထိုင်ရေးအခက် အခဲတွေ့နေတယ်။ အလုပ်လုပ်မယ်ဆိုလည်း မလွယ်ဘူး။ ယူအန်အနေနဲ့ တခုခုလုပ်ပေးဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။
ဆန္ဒပြသူအချို့ကို ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူတဦးက တွေ့ဆုံပြီး တောင်းဆိုချက်များကို လက်ခံယူခဲ့ပြီး သက်ဆိုင်ရာသို့ ဆက်လက် တင်ပြပေးမည်ဟုသာ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ဇနီးကို အခွန်ရှောင်မှုဖြင့် ထောင်သုံးနှစ်ချ

တပ်ဆင်၏ဇနီး ပွတ်ဂျမန် တရားရုံးသို့ မိသားစုနှင့်အတူ ရောက်လာစဉ်

Agencies/ ၃၁ ဇူလိုင် ၂၀၀၈


ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ဇနီး ပွတ်ဂျမန်သည် အခွန်ရှောင်လွှဲမှုဖြင့် အပြစ်ရှိကြောင်း ထိုင်းတရားရုံးတခုမှ ထောင်ဒဏ် (၃) နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
ပွတ်ဂျမန်၏ မောင်နှင့် သူမ၏ အတွင်းရေးမှူးသည်လည်း ၁၉၉၇ ခုနှစ်တွင် တပ်ဆင်မိသားစုပိုင် တယ်လီကွမ်းလုပ်ငန်းတွင် အစုရှယ်ယာများလွှဲပြောင်းရာ၌ အခွန်ငွေ ထိုင်းဘတ် (၅၄၆) သန်း ရှောင်တိမ်းမှုဖြင့် အပြစ်ရှိသည်ဟု တွေ့ရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပွတ်ဂျမန်၏မောင် ဘန်နာပေါ့ကိုလည်း ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရပြီး အတွင်းရေးမှူးကို လည်း ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။ ထိုအမှုသည် တပ်ဆင်မိသားစုကို စွဲဆိုထားသည့် အမှုတွဲများတွင် ပထမဆုံးအမှုဖြစ်ပြီး တပ်ဆင်သည် ယခု သူ့မိသားစု၏ အခွန်ရှောင်လွှဲမှုအပါအ၀င် သူ့ကို စွပ်စွဲထားသော အဂတိလိုက်စားမှုများ အားလုံးကို ငြင်းဆန်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုင်းတရားရုံးက တပ်ဆင်၏ဇနီး ပွတ်ဂျမန်နှင့် အပေါင်းအပါ နှစ်ယောက်အား အာမခံငွေ ထိုင်းဘတ် (၅) သန်းဖြင့် ပြန်လွှတ်ထားသည်ဟု တရားရုံးအရာရှိတဦးက ပြောသည်။ ပွတ်ဂျမန်အနေဖြင့် ထိုအမှုကို အယူခံဝင်မည်ဟုလည်း အများက မျှော်လင့်နေကြသည်။
တပ်ဆင်၏ နိုင်ငံရေးလက်တွဲဖော်လည်းဖြစ်၊ စီးပွားရေးလက်တွဲဖော်လည်းဖြစ်သည့် ပွတ်ဂျမန်ကို ထိုင်းတရားရုံးက အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခဲ့မှုတွင် ပွတ်ဂျမန်အနေဖြင့် သတိလစ်မတတ် ဖြစ်သွားသည်။
ထိုင်းနိုင်ငံ ရာဇ၀တ်တရားရုံးသို့ ပွတ်ဂျမန်သွားရာတွင် တပ်ဆင်သည် ဇနီးဖြစ်သူနှင့် အဖော်လိုက်ပါ သွားခဲ့ရာ တပ်ဆင်မိသားစုပြန်အလာကို ထောက်ခံသူ ရာပေါင်းများစွာသော ပရိသတ်များက လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုကြသည်။ ၎င်းတို့နှင့်အတူ သားသမီးသုံးယောက်လည်း လိုက်ပါ လာသည်။
တရားရုံးတ၀ိုက်တွင် တပ်ဆင်ကိုထောက်ခံသူများနှင့် ဆန့်ကျင်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမည်စိုးသောကြောင့် လုံခြုံရေးရဲဝန်ထမ်း (၃၀၀) ကျော် နေရာချထားရသည်။
ယနေ့အမှုမှာ ၁၉၉၇ ခုနှစ်တွင် ရှင်နာဝါထရာ ကွန်ပျူတာ ကုမ္ပဏီ (နောင်တွင် ရှင်းကော်ပိုရေးရှင်း ဖြစ်လာသည်။ ရှင်းကော်ပိုရေးရှင်းသည် ထိုင်းနိုင်ငံတွင် အကြီးဆုံး ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည်) အတွင်း အစုရှယ်ယာ လွှဲပြောင်းမှုတွင် အဓိကထားသည်။ ၂၀၀၆ ခုနှစ်တွင် ထိုကုမ္ပဏီကို စင်ကာပူအစိုးရပိုင် ကုမ္ပဏီတခုအား ဒေါ်လာ (၂.၂) ဘီလီယံဖြင့် ရောင်းချခဲ့သည်။
ထိုကုမ္ပဏီတွင်း အစုရှယ်ယာ လွှဲပြောင်းမှုတန်ဖိုးပမာဏမှာ ဘတ်ငွေ (၇၃၈) သန်းရှိပြီး အခွန် ဆောင်ခြင်းမရှိဟု ယူဆထားသည်။ တပ်ဆင်မိသားစုသည် ထိုအစုရှယ်ယာ လွှဲပြောင်းမှုကို အခွန်ကင်းလွတ်ခွင့်ရှိသော စတော့ဈေးကွက်အတွင်း ရှယ်ယာလွှဲပြောင်းခြင်းဟုသာ စာရင်းပြခဲ့သည်။
တပ်ဆင် ၀န်ကြီးချုပ်ရာထူးမှ ရပ်ဆိုင်းခံရပြီးနောက်တွင် ထိုကိစ္စအား စုံစမ်းစစ်ဆေးခဲ့ရာမှ အမှုမှန် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သူမသည် မိသားစု၏ အိမ်စေ တယောက်ထံမှ ရှယ်ယာများကို ၀ယ်ယူကာ ထိုရှယ်ယာများကို မွေးစားမောင်ဖြစ်သူ ဘာနပေါ့ ဒါမာပေါင်အား လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ထိုင်းဥပဒေအရ အခွန်ကောက်ခွင့်မရှိဟု ပွတ်ဂျမန်ကလည်း ၎င်း၏ ရှေ့နေမှတဆင့် ပြောကြားခဲ့သည်။
သို့ရာတွင် အိမ်စေသို့ပေးသော ငွေများမှာ နောင်တွင် ဘဏ်အသစ်တခု၌ ပွတ်ဂျမန်၏ ဘဏ် စာရင်းဖြင့် အပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ထိုင်းပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီက ဆိုသည်။
ပွတ်ဂျမန်နှင့် မောင်ဖြစ်သူသည် အခွန်ရှောင်လွဲလိုခြင်းကြောင့် ငွေလွှဲပြောင်းမှုသဘာဝကို မှား ယွင်းစွာ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် အခွန်ငွေ ဘတ် (၅၄၆) သန်း ပေးသင့် သည်ဟု ကော်မတီက ပြောသည်။ ထိုအခွန်ရှောင်လွဲမှုတွင် တပ်ဆင်အနေဖြင့် ငြိစွန်းခြင်း မရှိချေ။
အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာ ဥပဒေများကို ရှောင်လွဲလိုသောကြောင့် တပ်ဆင်သည် ၀န်ကြီးချုပ်မဖြစ်မီကတည်းက ရှင်းကော်ပိုရေးရှင်းမှ ရှယ်ယာများကို သူ့ အိမ်စေ၊ ဒရိုင်ဘာ၊ ဆွေမျိုးသားချင်းများနှင့် အခြားသူများထံ လွှဲပြောင်းမှု ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။
တပ်ဆင်သည် အာဏာအလွဲသုံးစားပြုလုပ်သည့် အမှု (၃) ခုဖြင့်လည်း တရားစွဲဆိုထားခြင်း ခံနေ ရပြီး ၎င်း၏ အမှုများကို ဗဟိုတရားရုံးချုပ်မှ ကြားနာမည်ဖြစ်သည်။ အပြစ်ရှိကြောင်း တွေ့ရှိရပါက သူ့အနေဖြင့် အယူခံဝင်၍ ရနိုင်မည်မဟုတ်ပေ။
ပြီးခဲ့သည့်နှစ်တွင် စစ်တပ်မှတင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အောက်တွင် နိုင်ငံရေး သမားများနှင့် ပတ်သက်လျှင် တရားစီရင်မှုရေးရာတွင် လုပ်ပိုင်ခွင့်များတိုးမြှင့်ထားသည်ကို တွေ့ရသည်။
ဝန်ကြီးချုပ်ဟောင်း တပ်ဆင်မိသားစုနှင့် ပတ်သက်ပြီး စွဲဆိုထားသည့်အမှုများ ပုံနေသောကြောင့် ယခုလက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ အာဏာအကြီးဆုံးအဖွဲ့အစည်းမှာ တရားစီရင်ရေးအဖွဲ့ပင် ဖြစ်နေသည်ကို တွေ့ရှိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဝန်ကြီးချုပ်ဟောင်းတပ်ဆင် မြန်မာစစ်အစိုးရကို ဘာကြောင့် ဘတ်ငွေ သန်း (၄,၀၀၀) ချေး

(သတင်းသုံးသပ်ချက်)
သတင်းထောက် ဟန်တင်အောင်/ ၃၁ ဇူလိုင် ၂၀၀၈

ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် လက်ထက်တွင် ထိုင်း EXIM ဘဏ်မှ မြန်မာစစ်အစိုးရကို ချေးခဲ့သည့် ဘတ်ငွေ သန်း (၄,၀၀၀) ကိစ္စနှင့် ပတ်သက်သည့်အမှုကို မကြာခင် ဘန်ကောက် တရားရုံးချုပ်က စစ်ဆေးတော့မှာ ဖြစ်သည်။
ထိုင်းစစ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းကူညီသွားမည့်အကြောင်း ထိုင်း EXIM ဘဏ် ကလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဝန်ကြီးချုပ် လုပ်ပိုင်ခွင့် ကို အသုံးချပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိအောင် လုပ်သွားသည့် အဂတိလိုက်စားမှုများရှိသည်ဟု စွပ်စွဲခဲ့သည့် အမှုများစွာရှိသည်။ ထိုအမှုများထဲမှာ မြန်မာစစ်အစိုးရ စီမံကိန်းများအတွက် ထိုင်းအစိုးရက ဘတ်သန်း (၄,၀၀၀) ချေးသည့်ကိစ္စလည်း အပါအဝင်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင် (၅) လအလိုမှာ မြန်မာစစ်အစိုးရပိုင် MFTB ခေါ် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကို ထိုင်း EXIM ဘဏ်ကနေ ဘတ်ငွေ သန်း (၄,၀၀၀) ကို အတိုး (၃) ရာနှုန်းနှင့် (၁၂) နှစ်အတွင်း ပြန်ပေးရမည်ဆိုသည့် စာချုပ်ဖြင့် ချေးခဲ့ခြင်းဖြစ်သည်။
အဆိုပါငွေတွေကို မြန်မာနိုင်ငံမှာ လမ်းဖောက်လုပ်ရေးကိစ္စ၊ ဆက်သွယ်ရေးကိစ္စတွေအတွက် သုံးစွဲမှာဖြစ်ပြီး ၎င်းစီမံကိန်းတွေအတွက် ပစ္စည်းတင်ပို့ပေးမည့် ထိုင်းပို့ကုန်ကုမ္ပဏီ (၁၆) ခုမှာ အကျိုးရှိနိုင်သည်ဟု ထိုင်း EXIM ဘဏ် ဥက္ကဋ္ဌ က ပြောသည်။
အထူးသဖြင့် ယခုကဲ့သို့ မြန်မာစစ်အစိုးရအား ဘတ်ငွေ သန်း(၄,၀၀၀) ချေးလိုက်သည့် အတွက် ထိုင်းစက်မှုပစ္စည်း ပို့ကုန်လုပ်ငန်း ကုမ္ပဏီတွေ ထိုင်း ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာတွေ ထိုင်း ရေနံဓာတုထုတ်လုပ်သည့် ကုမ္ပဏီတွေအတွက် ဝင်ငွေရမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ရလာဖို့ အထောက်အကူဖြစ်သည်ဟု ထိုင်း EXIM ဘဏ်၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။
ထိုင်း EXIM ဘဏ်က ထိုင်းကုမ္ပဏီတွေအတွက် အကျိုးရှိပါသည်ဟု ပြောသော်လည်း မြန်မာ စစ်အစိုးရအနေဖြင့် ထိုအချိန်က စီးပွားဖက်နေသည့်ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင်ပိုင် Shin ကော်ပိုရေးရှင်းအတွက် အမေရိကန်ဒေါ်လာ (၉၇) သန်း အကျိုးရှိမည်ဆိုသည်ကိုတော့ မစ္စတာ တပ်ဆင် က ပြောဆိုမသွားဘူးဟု နိုင်ငံခြားသတင်းများက ရေးသည်။
မြန်မာစစ်အစိုးရကို ထိုင်းအစိုးရကချေးသည့် ဘတ် သန်း (၄,၀၀၀) ထဲကနေ ဘတ် သန်း (၆ဝဝ) ကို မြန်မာနိုင်ငံမှာ အင်တာနက်အမြန်စနစ် တပ်ဆင်ပေးဖို့ မစ္စတာတပ်ဆင်ပိုင် Shin ကော်ပိုရေး ရှင်းက ရခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင် ဗိုလ်ချုပ်ကြီးခင်ညွန့်သားပိုင်သည့် Bagan Cybertech ကုမ္ပဏီအတွက် ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်းတွေမှာ မစ္စတာတပ်ဆင်ပိုင် Shin ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံထားခဲ့သည်ဟု The Nation သတင်းစာက ရေးခဲ့သည်။
အထူးသဖြင့် မြန်မာစစ်အစိုးရရဲ့ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနကနေ မစ္စတာ တပ်ဆင် ပိုင် Shin ကော်ပိုရေးရှင်းကို ဂြိုဟ်တုစနစ်သုံး အင်တာနက်အမြန်စနစ် တပ်ဆင်ပေးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မစ္စတာ တပ်ဆင် လက်ထက်က မစ္စတာ တပ်ဆင် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေ တရှိန်ထိုး တက်လာသည့်အတွက် အမြတ်များများကျန်သည့် စတော့တွေကို တပ်ဆင် စတော့ ဆိုပြီး ရင်းနှီး မြှုပ်နှံရေး ကျွမ်းကျင်သူတွေက ဖောက်သည်တွေကို ပြောလေ့ရှိသည်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် သည် အာဏာရပြီး (၅) နှစ်အကြာတွင် နိုင်ငံခြားသား ပိုင် ဆိုင်ခွင့် ရှယ်ယာအချိုး ဥပဒေကို (၂၅) ရာနှုန်းကနေ (၄၉) ရာနှုန်းထိ ပြင်ဆင်သတ်မှတ်ခဲ့သည်။ ယင်းသို့ ပြင်ဆင်သတ်မှတ်ပြီး မကြာခင် မစ္စတာ တပ်ဆင်ပိုင် Shin ကော်ပိုရေးရှင်း၏ ရှယ်ယာ တန်ဖိုး ဒေါ်လာ သန်း (၂,၀၀၀) ထောင်နီးပါးကို စင်ကာပူအစိုးရပိုင် Temasak ကုမ္ပဏီသို့ ရောင်းလိုက်သည်။
မကြာခင် ထိုသို့ ရှယ်ယာတွေ ရောင်းခြင်းသည် အစိုးရကို မစ္စတာ တပ်ဆင် က အခွန်မဆောင်ဘူး ဆိုသည့် စွပ်စွဲချက်များ၊ နိုင်ငံခြားတိုင်းပြည်က ထိုင်းပြည်တွင်းရေးမှာ ဝင်စွက်ခွင့်ရသွားပြီဆိုသည့် စွပ်စွဲချက်များပေါ်ထွက်အပြီးမှာ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် ကို ဆန့်ကျင်သည့် လူထု ဆန္ဒပြပွဲကြီးတွေ ဆက်တိုက်ဖြစ်ခဲ့သည်။
နောက်ဆုံး ထိုင်းစစ်တပ်က အာဏာသိမ်းသည်ထိ ထိုင်းနိုင်ငံရေး ရှုတ်ထွေးခဲ့ရပြီး ဝန်ကြီးချုပ် ဟောင်း မစ္စတာ တပ်ဆင်လည်း ထိုင်းနိုင်ငံ ပြန်မလာနိုင်တော့ဘဲ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ သောင်တင်ရသည့် အဖြစ်ရောက်သွားခဲ့ရသည်။
ပိုင်ဆိုင်မှုစစ်ဆေးရေး ကော်မတီက စုံစမ်းစစ်ဆေးသွားမည့် ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် လက်ထက် အဂတိလိုက်စားမှု ဦးစားပေးအမှုကြီး (၈) ခုထဲမှာ မြန်မာစစ်အစိုးရကို ဘတ်ငွေ သန်း (၄,၀၀၀) ချေးလိုက်တဲ့ကိစ္စလည်း တခု အပါအဝင်ဖြစ်သည်ဟု ပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီက ထုတ်ပြန်ထားသည်။ သို့သော် အဆိုပါကိစ္စ စစ်ဆေးရာကနေ မြန်မာအာဏာပိုင်တွေဘက်က အဂတိလိုက်စားမှုများ ပေါ်ထွက်လာမလာဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဒုက္ခသည် မိဘမဲ့ကလေးများကို မန္တလေး ဘုန်းတော်ကြီးများက စောင့်ရှောက်ထား

ကိုစိုး ဇူလိုင် ၃၀၊ ၂၀၀၈

နာဂစ်မုန်တိုင်း ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မိဘမဲ့ ကလေးများကို မန္တလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်း ၂ ကျောင်းက ခေါ်ယူစောင့်ရှောက်ထားကြောင်း ဘုန်းတော်ကြီးများက ပြောသည်။လပွတ္တာမြို့နှင့် ဘိုကလေး မြို့နယ်များမှ အသက် ၆ နှစ်မှ ၁၂ နှစ် အထိ ရှိသော မိဘမစုံသော ကလေးများ အပါအ၀င် မိဘမဲ့ကလေးများကို ခေါ်ယူစောင့်ရှောက် ထားခြင်းဖြစ်ကြောင်း မန္တလေးမြို့သစ် ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက် မှ ဆရာတော် ဦးတေဇောဘာသ က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အခုက ပြန်သွားတာနဲ့ဆိုတော့ ၉ ဦး လောက်ပဲ ရှိတယ်၊ အားလုံး က ၁၂ ဦး ၊ လပွတ္တာနဲ့ ဘိုကလေး ဘက် ကနေ မစိုးရိမ် တိုက်သစ် နာယက ဆရာတော်တွေက ခေါ်လာတာ၊ မိဘ မရှိတာရော၊ မိဘ မစုံတာရော ၊ စုံတာ ရောပဲ၊ တချို့ကလေး တွေက မိဘရှိပြီး ဆင်းရဲလို့ ခေါ်လာတာ၊ စားရေး နေရေး နဲ့ အဓိက က ပညာရေး အတွက် ပေါ့၊ မိဘ ရှိတဲ့ ကလေးတွေ ကတော့ တချိန် မိဘတွေ ဆီ ပြန်ပို့ပေးရမှာပါ၊ ပညာသင်ကြားပေးပြီး ပြန်ပို့ပေးဖို့ ဘုန်းကြီး က ရည်ရွယ်ထားပါတယ်၊ တချို့ကလေးတွေက သိပ်တော့ မပျော်ဘူး၊ ဒေသ ခွဲလာရတာရယ်၊ အပေါင်း အသင်း သူငယ်ချင်းမရှိတာရယ်၊ စာသင်ရ တာလည်းပါတယ်”ဟု ဆရာတော် ဦးတေဇောဘာသ က ပြောပြသည်။

ရောက်ရှိလာသော ကလေးများထဲတွင် မိန်းကလေး ၂ ဦး ပါဝင် ပြီး အသက် ၆ နှစ် နှင့် ၈ နှစ် ဖြစ်ကြောင်းနှင့် ယောက်ျား လေး ၆ ဦးကို သင်္ကန်းစည်းပေးထားကြောင်း၊ ၎င်းတို့အား အတန်းပညာ အဓိက သင်ပေးကြောင်းနှင့် ဘာသာရေးစာပေ ကိုလည်း တ ရက် တနာရီခန့် သင်ကြားပေးကြောင်း သိရသည်။

အဆိုပါကလေးများအတွက် စရိတ်ကို သီးသန့်အလှူခံခြင်းမရှိဘဲ ကျောင်းတိုက်မှ ရရှိလာသည့် လာဘ်လာဘထဲ မှပင် သုံးစွဲရသည့်အတွက် ပေါပေါများများ မသုံးစွဲနိုင်ဟုလည်း ဦးတေဇောဘာသ က ပြောဆိုသည်။

ဆရာတော် ဦးတေဇောဘာသ ဦးဆောင်တည်ထောင်ထားသော ယင်း ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက်သည် သက်တမ်း ၁၅ နှစ်ခန့်ရှိပြီး ယခင်ကပင် ပထမ ငယ်၊ ပထမ လတ်၊ ပထမကြီး နှင့် ဓမ္မာစရိယ အတန်းများ ကို သင်ကြား သော ပရိယတ္တိ စာသင်တိုက်နှင့် ဘုန်းတော်ကြီးသင် မူလတန်းလွန် စာသင်ကျောင်းလည်း ဖွင့်လှစ် ထားသောကြောင့် တချို့ဆွမ်းကွမ်းနှင့် စာအုပ်စာတန်းများကို လှူဒါန်း ထောက်ပံ့မှုများ ရှိကြောင်း သိရသည်။

အလားတူ မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်းကလည်း လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင် ကျွန်း မြို့နယ်များမှ မိဘမဲ့ ကလေး ၃၀ ခန့်ကို ခေါ်ယူ စောင့်ရှောက်ထားကြောင်း ထိုကျောင်းမှ တာဝန် ခံ ဆရာတော် တပါးက ပြောဆိုသည်။

“ဇွန်လ ၂၈ ရက် လောက်ကတည်းက စခေါ်လာပြီး စောင့်ရှောက်ထားတာပါ၊ တော်တော်များများက သူတို့ သား ချင်းတွေ ကိုယ်တိုင် အပ်ကြတာပါ၊ ရာခိုင်နှုန်းအများစုက မိဘမဲ့၊ တချို့ကတော့ မိဘမစုံတော့တဲ့သူတွေ၊ နောက် ထပ် ၁၀ ဦး လောက်လည်း ရောက်ဖို့ရှိသေးတယ်၊ အခု ရောက်နေတဲ့ ကလေးတွေက အသက် ၅ နှစ် လောက် ကနေ တချို့ ၁၆ နှစ် လောက်အထိပါတယ်၊ စားရေးနေရေး၊ ၀တ်ရေး၊ ပညာရေးရော ကျန်းမာရေးပါ၊ အကုန် စောင့်ရှောက်ထားတာ၊ စရိတ် ကတော့ တော်တော်လေး ရှာရပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဒုက္ခသည် ကလေးများကို မြစ်ဝကျွန်းပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းမှ တဆင့် ပို့ဆောင် ပေးခြင်း ဖြစ်ပြီး ကလေးများကို သင်ကြားစောင့်ရှောက်ရန် သင်တန်းဆင်း ဆရာမ ၂ ဦးကို ထားရှိ၍ ကျန်းမာရေး အတွက်လည်း ကျောင်းဝန်းအတွင်းပင် ဆေးခန်းနှင့် စနစ်တကျ စီစဉ်ထားသည်ဟုလည်း သိရသည်။

ယခု ဒုက္ခသည်ကလေးများကို စောင့်ရှောက်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ယခင်ကပင် မိမဲ့ ကလေး ၇၅ ဦး ခန့်နှင့် ရှမ်း၊ ၀ ၊ ပလောင်၊ အခါ ၊ ကရင် စသည့် တိုင်းရင်းသားကလေးငယ် ၁၀၀ ခန့်ကိုလည်း စောင့်ရှောက် ထားသည့် ပရဟိတ ကျောင်းတကျောင်းအဖြစ် သက်ဆိုင်ရာကို အသိပေးဆောင်ရွက် ထားခြင်းဖြစ် ကြောင်း အထက်ပါ ဆရာတော်က ပြောဆိုသည်။
မုန်တိုင်းဒဏ်သင့် မိဘမဲ့ ကလေးများ အတွက် စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီက လပွတ္တာနှင့် ဖျာပုံတို့တွင် မိဘမဲ့ကလေး သင်တန်းကျောင်းများကို ဖွင့်လှစ်ပေးကြောင်း အစိုးရ သတင်းစာများ တွင်ဖော်ပြထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ရှားပါးတိရစ္ဆာန်များ အထူးဟင်းလျာအဖြစ် ရန်ကုန်တွင် ခေတ်စား

ကြည်ဝေ/ရန်ကုန် ဇူလိုင် ၃၀၊ ၂၀၀၈

သောကြာနေ့ဆိုလျင် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထဲက တရုတ်စားသောက်ဆိုင်ကလေးမှာ တခြားနေ့များထက် ပိုပြီး စည်ကားနေတတ်သည်။

ဆိုင်ထဲရှိ သာမန်စားပွဲများတွင် လူအနည်းငယ်ခန့်သာ ရှိသော်လည်း အထူးခန်းဟု ခေါ်သော စားသောက်ဆိုင်၏ အတွင်း ဘက် လေအေးပေးစက်တပ်ထားသည့် အခန်းငယ်လေး များတွင်တော့ အထူးဟင်းလျာနံ့များနှင့် ထုံမွှန်းပြည့်ကြပ်နေ တော့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုဆိုင်ကလေးမှာ သောကြာနေ့ ဆိုလျင် ဆိုင်၏ မီးနူးစာအုပ်ထဲတွင် တွေ့ရလေ့မရှိသော အထူးဟင်းလျာများ ရရှိတတ် သည်။ မျောက်သား၊ မြွေသား၊ တောကြောင်သား၊ ဂျီသား၊ ဆတ်သား၊ လိပ်သား၊ ပင်လယ်ရေခူ၊ ငါးမန်းတောင်ဟင်းချို၊ ပင်လယ်မျှော့သုတ် စသည့် ဟင်းလျာများ ဖြစ်သည်။ မီနူးစာအုပ်ထဲတွင် ထည့်သွင်း ထားခြင်းမရှိသော အဆိုပါ အထူး ဟင်းလျာများအကြောင်း လူတိုင်းမသိနိုင်သော်လည်း ဖောက်သည်များ ကတော့ သိသည်။ သောကြာနေ့တိုင်း အထူး သီးသန့်ခန်းများတွင် ဖောက်သည်များနှင့် ပြည့်နေတတ်၏။

ယခုတပတ်အတွက် အထူးဟင်းလျာများမှာ မျောက်သားချက်နှင့် ငါးမန်းတောင်ဟင်းချို ဖြစ်သည်။ မျောက်သား မစားရဲ သူများအတွက် ချေသားချက်ကိုလည်း စီမံပေးထားသည်။

အတုံးလေးတွေတုံးကာ ကြော်ထားသော မျောက်သားကို တူဖြင့်ကော်ကာ စားနေကြသူများမှာ ဆိုင်မျက်နှာစာ ရှေ့နံရံတွင် ချိတ်ဆွဲထားသည့် ဥပဒေအရ ကန့်သတ်ထားသော သားရဲ တိရစ္ဆာန်များ၏ အသားကို ၀ယ်ယူ ရောင်းချခြင်းမပြု ဟူသော စာတမ်းကို ဖတ်ရှုခဲ့ဖူးသူများသာ ဖြစ်သည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တချို့တွင် သစ်တောဥပဒေမှ ပိတ်ပင်တားမြစ်ထားသော သားငှက်တိရစ္ဆာန်များကို အထူး ဟင်းလျာများအဖြစ် ရောင်းချလျက်ရှိကြောင်း တွေ့ရသည်။

ရှားပါးမျိုးစိတ်များဖြစ်ကြသော တောဝက်၊ တောကြောင်၊ မျောက်၊ ၀က်ဝံ၊ မြွေအမျိုးမျိုး၊ ရေသတ္တ၀ါထဲမှ ငါးမန်း၊ လိပ်၊ ပင်လယ်မျှော့ စသည့် သတ္တ၀ါများကို စားသုံးနေကြခြင်းမှာ ၎င်းတိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ် စေခြင်း၏ အကြောင်း ရင်း တရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံသားငှက်တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ပုပ္ပားတောင်ပေါ်က မျောက်တွေဆိုရင် အရင်တုန်းက အုပ်စုလိုက်ကို အများကြီးတွေ့ရတာ အခု တော်တော့်ကို နည်းသွား ပြီ။ ပုပ္ပားကလူတွေကို မေးကြည့်တော့ မျောက်ပစ်တဲ့ သူတွေကြောင့်လို့ ဖြေကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါဒေသမှ မျောက်ပစ်သူများသည် မျောက်သားစားချင်သောကြောင့် ပစ်ခြင်းမဟုတ်ဘဲ မျောက်တကောင် ကျပ် ၅ ထောင်မှ ကျပ် ၂ သောင်းထိ ဈေးပေးဝယ်သူများ ရှိသည့်အတွက် ရောင်းစားရန် ပစ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

မျောက်သားနှင့် မျောက်သွေးမှာ ဈေးကွက်ဝင်လျက်ရှိသကဲ့သို့ မျောက်အကောင်လိုက် ရောင်းချခြင်းမှာလည်း ခေတ်စား လျက်ရှိကြောင်း ပုပ္ပားတောင် ဘေးမဲ့ဥယျာဉ်မှ တောခေါင်း တဦးက ပြောပြသည်။

စားသောက်ဆိုင်များတွင် နာမည်ကြီးလှသော ငါးမန်းတောင်ဟင်းချိုကြောင့် မြန်မာ့ ပင်လယ် ပြင်မှ ငါးမန်း မျိုးစိတ်တချို့ ပျောက်ကွယ်မျိုးသုဉ်းသွားရကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ မြို့နယ် ဦးစီးမှူး တဦးက ပြောသည်။

“ငါးမန်းဈေးကွက် ကြီးလာတော့ ငါးမန်းကိုပဲ လိုက်ရှာဖမ်းတဲ့သူတွေ များလာတယ်။ ရခိုင်က လူတွေဆိုရင် လင်းရှူးသားကို ငါးမန်းစာအဖြစ် ငါးမျှားချိတ်မှာ တပ်ဖမ်းတော့ ငါးမန်းရော လင်းချူးတွေပါ ပျောက်ကုန် တော့တာပဲ” ဟု အဆိုပါ မြို့နယ်ဦးစီးမှူးက ဆိုသည်။

ငါးမန်းဖမ်းသည့် လင်းရှူးငါးများသည် ရှားပါးစားရင်းဝင် ငါးမျိုးစိတ်တမျိုးဖြစ်ပြီး ယခင်က ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုး တန်းတလျှောက်တွင် ပေါများစွာ တွေ့ရသော်လည်း ယခုအခါ စစ်တွေ-တောင်ကုတ် ရေလမ်းတလျှောက် အနည်းငယ်သာ တွေ့မြင်ရတော့ကြောင်း ၎င်းက ပြောသည်။

ငါးမန်းတောင်၊ ငါးမန်းသွားနှင့် ငါးမန်းအသည်းများမှာ ဈေးကောင်းလျက်ရှိပြီး ယခုအခါ ငါးမန်း သားပေါက်လေး များကိုပါ စစ်တွေ၊ မြိတ်၊ ထားဝယ်နှင့် ဟိုင်းကြီးကျွန်းရှိ ငါး ဈေးကွက်များတွင် ရောင်းချနေကြကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

မြန်မာနိုင်ငံတွင် ငါးမန်းမျိုးစိတ်ပေါင်း ၅၂ မျိုးနေထိုင် ကျက်စားလျက်ရှိရာမှ ပင်လယ် ရေငုပ်သမားများ၏ တရားမ၀င် ရောင်းဝယ် မှုများကြောင့် ယခုအခါ ငါးမန်းမျိုးစိတ်ပေါင်း ၁၆ မျိုးခန့်ကိုသာ တွေ့မြင်ရတော့ကြောင်း ၂၀၀၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော စာရင်းများအရ သိရှိရသည်။

ငါးမန်းအပြင် မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေသတ္တ၀ါတမျိုးမှာ ပင်လယ်လိပ် ဖြစ်ကြောင်း သိရသည်။

“လိပ်ဥ၊ လိပ်သားကို လူတွေက ချက်စားလာတဲ့အပြင် လိပ်ခွံတွေကိုလည်း လူ့အသုံး အဆောင်ပစ္စည်းလုပ်ပြီး ရောင်းချလာကြတယ်။ အဲဒီဈေးကွက်က ပြည်တွင်းမှာတင် တော်တော်ကြီးနေတော့ လိပ်မျိုးထိန်းသိမ်းရေးဆိုင်ရာ ပြဿနာဖြစ်လာတာပဲ” ဟု ငါးလုပ်ငန်းဦးစီးဋ္ဌာန၊ ပင်လယ်လိပ် သားပေါက်ထိန်းသိမ်းရေး စခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

လိပ်ဥ၊ လိပ်သားချက်များကို ပင်လယ်ကမ်းရိုးတန်း မြို့များတွင်သာမက ရန်ကုန် စားသောက်ဆိုင် များတွင်ပါ တွေ့မြင်လာ ရပြီး လိပ်များကို အကောင်လိုက် ဖမ်းဆီးကာ တရုတ်နိုင်ငံ အပါအ၀င် တခြားသော အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်ဂိတ် များမှ တဆင့် တရားမ၀င် တင်ပို့မှုများ ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် လိပ်ဇောင်းလျား၊ ပြင်သာလိပ်၊ လိပ်ကြက် တူရွေး၊ လိပ်ခွေးနှင့် လိပ်လောင်း ဟူ၍ ပင်လယ်လိပ် ၅ မျိုး ရှိခဲ့သော်လည်း ယခုအခါ လိပ်ဇောင်းလျား တမျိုးတည်းသာ တွေ့ ရတော့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန လိပ်ထိန်းသိမ်းရေးစခန်းများမှ စာရင်းများအရ သိရှိရသည်။

မျောက်လွှဲကျော်၊ ကြံ့၊ ဆင်၊ ရွှေသမင်၊ ကတိုးဂျီ၊ တောင်ဆိတ်နီ၊ ကျား၊ ကျားသစ်၊ ကြောင်သလင်း၊ ရေ၀က်၊ ၀ံပုလွေ၊ သင်းခွေချပ်၊ စိုင်၊ ဘဲခေါင်းပန်းရောင်၊ ၀ံပို၊ ရေငုံးအမျိုးမျိုး၊ ဇီးကွက်၊ ဒီးဒုတ်၊ မိကျောင်း၊ လိပ်၊ ဆတ်၊ မြင်းဝံ တို့မှာ မြန်မာနိုင်ငံတွင် ကာကွယ်ထိန်းသိမ်းထားသော တောရိုင်း တိရစ္ဆာန်များအဖြစ် ဥပဒေ ထုတ်ထားသော် လည်း ပြည်ပ နိုင်ငံများသို့ တရားမ၀င် ခိုးရောင်းနေကြသည်မှာ တနှစ်ထက် တနှစ်တိုးပွားလျက် ရှိနေကြောင်း သားငှက်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောပြသည်။

မြန်မာနိုင်ငံမှ သားရဲတိရစ္ဆာန်များမှာ နယ်စပ်များမှ တဆင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် မှောင်ခို ရောင်းချခြင်း ခံနေရပြီး တချို့မှာမူ စားသုံးသူ တချို့၏ တရားမ၀င် ဈေးကွက်ဖြစ်လျှက်ရှိကာ မျိုးသုဉ်း ပျောက်ကွယ်ရန် ခြိမ်းခြောက် ခံနေရကြောင်း သိရှိရသည်။
“အဓိကကတော့ တရုတ်ပြည်ကို နယ်စပ်တွေကနေ အများဆုံးတင်ပို့နေလို့ပဲ။ တရုတ်ပြည်က တိုင်းရင်းဆေး ဖော်တဲ့နေရာ မှာ တိရစ္ဆာန်တွေရဲ့ အသွေး၊ အသားနဲ့ အရိုးတွေကို သုံးတယ်။ မြွေတို့ မျောက်တို့ သင်းခွေချပ်တို့ ဆိုရင် အရှင်လိုက်ကို ပို့နေကြတာ” ဟု သူက ဆက်ပြောပြသည်။

အပြည့်အစုံဖတ်လိုလျှင်