စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 16, 2008

မဲဆောက်ရောက် နာဂစ်မုန်တိုင်းဒုက္ခသည်များကို အရေးပေါ်အဖွဲ့မှကူညီ

NEJ/ ၁၆ ဇွန် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ် ခံရသည့် မြန်မာလေဘေးဒုက္ခသည် (၁၀၉) ဦး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာရခြင်းသည် လက်ရှိအုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် သဘောထားမမှန် သောလုပ်ရပ်များကြောင့်ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်အခြေစိုက် အရေးပေါ်ကူညီ ထောက်ပံ့ရေးအဖွဲ့ (Emergency Assistance Team) က ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့၏ခေါင်းဆောင်တဦးဖြစ်သူ ဆရာမန်းမန်းက “လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းကို ချက်ချင်းအရေးယူ ဆောင်ရွက်ရမယ့်အစား သူတို့အာဏာတည်မြဲဖို့ လူထုဆန္ဒခံယူပွဲကို လုပ်တယ်။ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ကို လက်မခံဘူး၊ အချိန်ကို နှောင့်နှေးအောင်လုပ်တယ်။ ဒါကြောင့် လူထုတွေ ပိုမိုသေကျေဒုက္ခရောက်ကြရတယ်။ ဒီကြားထဲ ဖိနှိပ်ကန့်သတ်မှုတွေ အမျိုးမျိုးရှိတော့ တချို့ဒဏ်မခံနိုင်တော့ဘဲ မိမိနေရပ်ဒေသကို စွန့်ခွာပြီး တဖက်နိုင်ငံကို အခုလို ကျွံဝင်လာကြတာ ဖြစ်တယ်” ဟုပြောသည်။

ယခုရောက်ရှိလာသူများသည် သဘာဝဘေးအန္တရာယ်ကြောင့် ရောက်ရှိလာသူများဖြစ်သည့်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မူအရ ဒုက္ခသည်များအဖြစ် အသိ အမှတ်ပြုခြင်းခံရန် အကျုံးဝင်ခြင်းမရှိပေ။

ဘိုကလေးမှ ရောက်ရှိလာသည့် လေဘေးဒုက္ခသည်တဦးက “အဒေါ့် ယောက်ျားနဲ့ သားတယောက် မုန်တိုင်းထဲပါသွားတယ်။ နေစရာအိမ်လည်းမရှိတော့ဘူး၊ သမီးအကြီးကတော့ မဲဆောက်မှာ အလုပ် လုပ်နေတယ်။ ကိုယ်က အသက်ကြီးပြီး သမီးကို အားကိုးဖို့ လိုက်လာတာပါ။ ဟိုမှာ ထမင်းနပ်မှန် အောင် မစားရပါဘူး။ သူတို့ပြောတာတခြား၊ လုပ်တာတခြားပါ။ အဒေါ်တို့ နယ်ကလူတွေ ဒီကို လာတာ လူ (၂၀) လောက်ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လပွတ္တာမှ လူငယ်တဦးကလည်း “ကျနော်တို့ ဒီကိုလာတာ သူများပေးစာ ကမ်းစာ စားဖို့၊ နိုင်ငံခြား သွားရဖို့ အချောင်လာတာ မဟုတ်ဘူး။ ကျနော်တို့မှာ ခြေလက်ရှိတယ်။ ဒီမှာ အလုပ်ရှာပြီး ကိုယ့်လုပ် အားနဲ့ ဟိုမှာ ကျန်ခဲ့တဲ့ မိသားစုကို ပြန်ပြီးထောက်ပံ့နိုင်ဖို့ အလုပ်လာရှာတာဖြစ်တယ်။ လတ်တလော ကျနော်တို့ကို ကူညီပေးတဲ့အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

မဲဆောက်အခြေစိုက် အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့၏ အဓိကလုပ်ငန်းမှာ ပြည်တွင်းသို့ ကူညီ ပံ့ပိုးပေးရန်ဖြစ်သော်လည်း ယခုရောက်လာသည့် လေဘေးဒုက္ခသည်များကို လောလောဆယ်
စားဝတ်နေရေးနှင့် ငွေကြေးအချို့ထောက်ပံပေးကြောင်း အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ကိုစိန်ဟန်က ပြောသည်။

“ဒီထဲမှာ အသက်မွေးဝမ်းကြောင်းအတွက် စက်ချုပ်နဲ့ အခြားပညာရပ်တွေ သင်ကြားပေးပါတယ်။ စက်ရုံအလုပ်ရုံနဲ့ အခြားလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်လိုသူတွေကိုလည်း စီစဉ်ပေးပါတယ်။ တချို့ ဆွေမျိုးသားချင်းရှိတဲ့ လူတွေကိုလည်း ဆက်သွယ်ပေးပါတယ်။ သူတို့ကို အကောင်းဆုံးဖြစ်အောင် ကူညီပါတယ်” ဟု ၎င်းက ပြောသည်။

မုန်တိုင်းဒဏ်သင့်ဒေသအတွင်း ကယ်ဆယ်ရေးပစ္စည်းများအပြင် ပြန်လည်ထူထောင်ရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ စက်သုံးဆီနှင့် စက်ပစ္စည်း လိုအပ်မှုတို့အတွက်လည်း ဒေသခံလူမှုရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ပေးနေကြောင်းလည်း ၎င်းက ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအား ကူညီထောက်ပံ့နိုင်ရေးအတွက် မယ်တော်ဆေးခန်း
တာဝန်ခံ ဒေါက်တာ စင်သီယာမောင် ဦးဆောင်ပြီး အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ (Emergency Assistance Team) အဖွဲ့ကို ယခင်လ (၆) ရက်နေ့က အမျိုးသားကျန်းမာရေးကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း မယ်တော်ဆေးခန်းနှင့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သား အဖွဲ့များ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကူညီလိုသူများသည်
ဒေါက်တာစင်သီယာမောင် အီးမေးလ်လိပ်စာ win7@loxinfo.co.th သို့ ဆက်သွယ်နိုင်သည်။

ယခုရက်ပိုင်းအတွင်းတွင် ရန်ကုန်အဝေးပြေးဂိတ်၌ ၁၄/ ဧရာဝတီတိုင်းမြို့နယ်များမှ နိုင်ငံသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူများကို ကားလက်မှတ် လုံးဝမရောင်းရန်ပိတ်ပင်ထားကြောင်း ယမန်နေ့၌ မဲဆောက်သို့ လှိုင်သာယာမှ ရောက်လာသူတဦးက ပြောသည်။ ။
Rest of your post

No comments: