စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, May 27, 2008

မုန်တိုင်းကြောင့် စပါးအပျက်နှုန်း စစ်အစိုးရမှန်းသည်ထက်ပိုများ

NEJ/ ၂၆ မေ ၂၀၀၈

မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းမှာ ပြည်နယ်နှင့်တိုင်း (၅) ခုတွင် စုစုပေါင်း ထုတ်လုပ်မှု၏ (၆၆) ရာနှုန်းရှိပြီး မိုးစပါး အပျက်နှုန်းမှာ စုစုပေါင်း ထုတ်လုပ်မှု၏ (၆၂) ရာနှုန်း ရှိနိုင်သည်ဟု မြန်မာစီးပွားရေးပညာရှင်များက တွက်ချက်ခန့်မှန်းသည်။
ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊


မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို

အခြေခံပြီး မြန်မာ စီးပွားရေးပညာရှင်များက

ယခုကဲ့သို့

တွက်ချက်ခန့်မှန်းခြင်းဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် အဆိုပါပြည်နယ်နှင့်တိုင်း (၅) ခုတွင် နွေစပါးစိုက်ဧက ပျက်စီးမှုမှာ စုစုပေါင်း စိုက်ဧက၏ (၆၅) ရာနှုန်းရှိပြီး မိုးစပါးစိုက်ဧက ပျက်စီးမှုမှာ စုစုပေါင်းစိုက်ဧက၏ (၆၀) ရာနှုန်းထိ ရှိနိုင်သည်ဟုလည်း မြန်မာစီးပွားရေးပညာရှင်များက မှန်းထားသည်။


သို့သော် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မေ (၁၆) နေ့စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ ဧရာဝတီတိုင်း စပါးအပျက်အစီးကို တန်ချိန် (၇) သိန်းကျော် ရှိပြီး ဆန် အပျက်အစီးမှာ ၂၀၀၇-၂၀၀၈ ခုနှစ် အထွက်နှုန်း၏ (၂.၃) ရာနှုန်းသာရှိသည်ဟု ဖော်ပြသည်။

မြန်မာစစ်အစိုးရဘက်မှ စပါးပျက်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိထိရောက်ရောက် အကူအညီ မပေးနိုင်ချိန်တွင် ဆန်ဈေးက တနေ့တခြား ခုန်တက်နေသည်။ လောလောဆယ် ရန်ကုန်ဆန်ဈေးမှာ မုန်တိုင်းမတိုင်မီကထက် ဆန်တအိတ်ကို ကျပ် (၄) ထောင်ကျော် တက်သွား သည်ဟု ရန်ကုန်စားသုံးသူများက ပြောသည်။ ဧရာဝတီတိုင်းမှ ဆန်များ ရန်ကုန်အ၀င်နည်းသည့် အချက်မှာလည်း ဆန်ဈေးမြင့်နေခြင်း၏ အကြောင်းတရားတခုဖြစ်သည်ဟု ဆန်ကုန်သည်တဦးက ပြောသည်။
သို့သော် ပြည်တွင်းဆန်ဈေးကွက် မြင့်တက်နေခြင်းသည် စစ်အစိုးရဘက်က ပုဂ္ဂလိက ကုန်သည် များကို ပြည်ပ ဆန်တင်ပို့ခွင့် ပေးနေခြင်းကြောင့် ဖြစ်သည်ဟု ဘုရင့်နောင် ဆန်ကုန်သည် သတင်းရပ်ကွက်က ပြောသည်။
ပြည်ပပို့ကုန် ပါမစ်ရှိသည့် ကုမ္ပဏီများကို ဆန်အထွက်ကောင်းသည့် ဧရာဝတီတိုင်းမှ တန်ချိန် (၅) သိန်း၊ ပဲခူးတိုင်းမှ တန်ချိန် (၁) သိန်းနှင့် စစ်ကိုင်းတိုင်းမှ တန်ချိန် (၁) သောင်း ၀ယ်ခွင့် ပေးထားသည်ဟု စုံစမ်းသိရသည်။ အဆိုပါ ကုမ္ပဏီများကို ပြည်ပဆန်ပို့ခွင့်ပေးနေသမျှ ပြည်တွင်းဆန်ဈေးကွက် မြင့်နေမည်ဖြစ်သည်ဟု ဆန်ကုန်သည်များက ပြောသည်။ ။

No comments: