စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, May 27, 2008

လေဘေး ဒုက္ခသည်များအတွက် ကမ္ဘာ့နိုင်ငံများ ကူညီမည်

အောင်သက်ဝိုင်း မေ ၂၆ ၊ ၂၀၀၈
မုန်တိုင်းဒဏ်သင့် ဒုက္ခသည် နှစ်သန်းကျော်ကို အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန်အတွက် အာဆီယံ ဦးဆောင်၍ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ သုံးဦးသုံးဖလှယ် ပါဝင်သော လူသားချင်း စာနာ ထောက်ထားမူ ကူညီရေးအထူးအဖွဲ့ ဖွဲ့စည်းအတည်ပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဌ စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဂျော့ရိုး (Mr.GEORGE YEO )က ကြေညာလိုက်သည်။
နာဂစ်မုန်တိုင်းမြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ပြီး သီတင်းသုံးပတ်ကျော်အကြာ မေလ၂၅ ရက်နေ့က ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ကျင်းပသော ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း(INGO)များ ပါဝင်သည့် လေဘေးဒုက္ခသည်များအကူ အညီပေးရေးနှင့် ကတိ က၀တ်ပြုညီလာခံအပြီး ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်ပြီး ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများမှ သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ကယ်ဆယ်ရေးလုပ်သားများ၊ ကျန်းမာရေးနှင့် ဆေး ပညာရှင် များ ၊ မြန်မာအစိုးရ အရာရှိများ ပူးပေါင်းပါဝင်မည့် ယင်းအထူးအဖွဲ့ကို ရန်ကုန်တွင် အခြေစိုက်ထားရှိမည်ဖြစ်ပြီး ကူညီရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အတားအဆီးမရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာ အကူအညီများ မုန်တိုင်းဒဏ် သင့်ဒေသများရှိ ဒုက္ခသည်များထံ အမြန်ဆုံးရောက်ရှိနိုင်ရန် လုပ်ငန်းစဉ်များ ကိုချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဂျော့ရိုးက ပြောသည်။
တနင်္ဂနွေနေ့က ကျင်းပသော ယင်းညီလာခံတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အာဆီ ယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်၊ အာဆီယံဥက္ကဌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျော့ရိုး နှင့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ထိပ်တန်း အစိုးရ အရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့များမှ ဌာနေကိုယ်စားလှယ်များက အာဆီယံဦးဆောင်သည့် အကူအညီ ပေးရေးအထူး အဖွဲ့ ဖွဲ့စည်းရေးကို တခဲနက် ထောက်ခံကြကြောင်း သိရှိရသည်။
“အာဆီယံဦးဆောင်တဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူများ အကူအညီပေးရေးအထူးအဖွဲ့ပေါ်ပေါက်ရေး မြန်မာအစိုးရရဲ့သဘော တူညီချက်ကို ကြိုဆိုပါတယ်။ ပြီးတော့ ဒီအဖွဲ့ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင် မယ်ဆိုတာကိုလည်း ကြိုဆိုပါတယ်”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ညီလာ ခံ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။
အာဆီယံအထူးကူညီရေးအဖွဲ့သည် နိုင်ငံတကာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ယုံကြည်မှုနှင့် နား လည်မှု ပျောက်ဆုံးနေသော မြန်မာအစိုးရကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဒုက္ခသည်များ အသက် ရှင်ရေးအတွက် အချိန် အနည်းငယ်သာကျန်ရှိတော့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။
“ဒုက္ခသည်တွေအတွက် အတားအဆီးမှန်သမျှကျော်လွှားပြီး အကူအညီတွေ ရောက်အောင်လုပ်သွားမယ်”ဟု အာဆီယံ အတွင်းရေးမှူးချုပ် က ဆိုသည်။
မြန်မာ ပြည်တွင်း အစိုးရမဟုတ်သော ပုဂ္ဂလိက အန်ဂျီအို အဖွဲ့များကလည်း အာဆီယံ ဦးဆောင်သော အထူး အဖွဲ့တရား ၀င်ဖွဲ့စည်းလိုက်ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ဒုက္ခသည်များအတွက် အစိုးရ၏ဆောင်ရွက် ချက်များ အလွန်ညံ့ဖျင်းနေချိန် တွင် အာဆီယံနှင့် နိုင်ငံတာကာ ၏ တိုက်ရိုက် အကူအညီပေးမှုများ အရေးပေါ် ရရှိရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“မုန်တိုင်းတိုက်ပြီး နှစ်ပတ်အတွင်းမှာတောင် နိုင်ငံတကာအကူအညီ လက်ခံဖို့ ချီတုံချတုံ ဖြစ်နေတဲ့အစိုးရ က ပြည်သူတွေကို ဘယ်လို ပြန်လည်ထူထောင်ပေးမလဲ။ အခု အာဆီယံက ၀င်မယ်။ ဒါ မုန်တိုင်းဒဏ်ခံရတဲ့ ကျနော် တို့ မြန်မာပြည်သူတွေ အတွက်တော့ မင်္ဂလာသတင်းပဲ” ဟု ပြည်တွင်းအန်ဂျီအိုတခုမှ ဦးဆောင်လူငယ် တဦးက ဆိုသည်။
ပြည်တွင်း သတင်းအယ်ဒီတာတဦးကလည်း မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရသောအခြေ အနေမှာ ပြည်တွင်း အလှူရှင်များ နှင့် ပြည်တွင်းအန်ဂျီအိုများ၏ အားသွန်ခွန်စိုက်ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ နှင့် မလုံ လောက်ကြောင်း၊ ယခုအာဆီယံဦးဆောင်သော နိုင်ငံတကာအကူအညီပေးရေး အဖွဲ့ များ ၀င်ရောက်မည် ဆိုသောသတင်း ကို အလွန်အားရမိကြောင်း ပြောသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသော တွံတေးမြို့နယ်မှ ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်ဘွဲ့ရ ဒေသခံတဦးကလည်း “လူတွေမှာ လယ်ယာ ကျွဲ နွားတွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအားလုံး ဆုံးရှုံးကုန်တာ ။ ဒါတွေကို ပြန်လည်ထူထောင်ဖို့ ဆိုရင် နိုင်ငံတကာ က ၀င်ကို ၀င်မှရမှာ။ နိုင်ငံတကာအကူ အညီ မရရင် သေချာတယ် ဒီဒုက္ခသည်တွေ ရဲ့ ဘ၀ လုံးဝ နာလန်မထူဘူး”ဟု ပြောသည်။
ယခု ညီလာခံတက်ရောက်လာသော နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအဖွဲ့များနှင့်အစိုးရမဟုတ်သော အဖွဲ့ များ က မြန်မာအစိုးရအား မုန်တိုင်းသင့် ပြည်သူများကိုကူညီရာတွင် အကန့်အသတ် အချုပ်အနှောင်မရှိ ဆောင် ရွက်ခွင့်ပြုရန်ပန်ကြားကြပြီး အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတကာကယ်ဆယ်ရေးလုပ်သား များ ပြည်ဝင်ခွင့်ပြုမည်ကို သတိနှင့် ကြိုဆိုကြကြောင်း သိရှိရသည်။
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး ကတိက၀တ်ပြု ညီလာခံတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မုန်တိုင်းသင့် ပြည်သူများကို ပထမအဆင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ် အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း တရားဝင် ပြောဆို သော်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအစိုးရများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရန်လိုအပ်နေကြောင်းနှင့် လက်ရှိအကူအညီများမှာ လုံလောက်မှူမရှိသော အနေအထား တွင်ရှိကြောင်း အလေးထား ပြောကြားကြသည်။
“ကယ်ဆယ်ရေးလုပ်ငန်းတွေက လပေါင်းများစွာ လုပ်ဆောင်ရမှာပါ။ အနည်းဆုံးခြောက်လလောက်တော့ ကုန်းကောက်စရာ မရှိအောင် အရာရာအားလုံးဆုံးရှုံးသွားကြတဲ့ဒုက္ခသည်တွေကို ကျွေးမွေးစောင့်ရှောက်ရမယ်။ တခြား တဘက်မှာလည်း ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေး၊ ပြန်လည်နာလန်ထူထောင်နိုင် အောင် တပြိုင်နက်လုပ်ဆောင် သွားမှာပါ”ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာက နာဂစ်မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၁၀.၆၇ ဘီလီယံ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ပြည်သူပိုင် အဆောက်အအုံ၊ စိုက်ပျိုးရေး၊ စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆက်သွယ်ရေး နှင့် စွမ်းအင်အပိုင်း၊ ဘာသာရေး၊ သစ်တောနှင့် သစ်ပင်များစုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာ ၃.၀၅ ဘီလီယံရှိ ကြောင်း၊ ပုဂ္ဂလိကပိုင်အနေဖြင့်မူ အမေရိကန်ဒေါ်လာ ၇.၆၂ ဘီလီယံ ဆုံးရှုံး ကြောင်း ပြောသည်။
“ပြည်သူပိုင်အဆောက်အအုံ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၂.၁၃ ဘီလီယံ၊ အစိုးရပိုင် စိုက်ပျိုးရေးလုပ်ငန်းမှာ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၀.၀၀၇ ဘီလီယံ၊ အစိုးရပိုင်စက်မှုလုပ်ငန်းမှာ ဆုံးရှုံးမှုက ဒေါ်လာ ၀.၁၂ဘီလီယံ၊ လျှပ်စစ်နဲ့ဆက်သွယ် ရေးလုပ်ငန်းမှာ ၀.၈၂၈၀ ဘီလီယံ၊ အစိုးရပိုင်ဘာသာရေးအဆောက်အအုံတွေမှာ ဒေါ်လာ ၀.၀၀၂၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင် အဆောက်အအုံ ဆုံးရှုံးမှုက ၅.၁၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စိုက်ပျိုရေးနဲ့မွေးမြူရေး မှာ ၀.၉၁၈ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စက်မှု၊ ယဉ်နဲ့ ရေယဉ်ဆုံးရှုံးမှုက ၁.၄၇ ဘီလီယံနဲ့ ပုဂ္ဂလိကပိုင် ဘာသာရေး အဆောက်အအုံဆုံးရှုံးမှုက ၀.၁၂၅ ဘီလီယံ၊ သစ်တော ဆုံးရှုံးမှုက ၀.၀၁၄ ဘီလီယံရှိပါတယ်”ဟု ဦးစိုးသာက ပြောသည်။
မုန်တိုင်းဒဏ်သင့် ဒေသများပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင်အနည်းဆုံး ၂ နှစ် အချိန်ယူရဖွယ်ရှိပြီး မုန်တိုင်းသင့် ဒေသများတွင် ၂.၄၃ သန်းစိုက်ပျိုးမြေဧကရှိပြီး ၅၄၃၀၄၂ ဧကမှာ ဆားငန်ရေများဝင်ရောက် ခံခဲ့ရကြောင်း၊ မုန်တိုင်းဒဏ် သင့်ဒေသတွင် ၀.၈၃ မက်ထရစ်တန် ဆန်ရိက္ခာာများလိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အတွက်ဓာတ်မြေသြဇာများ ၊ မျိုးစပါးများနှင့် အခြားစိုက်ပျိုးရေးသုံးဆေးဝါးများနှင့် စက်ပစ္စည်း များလိုအပ် ကြောင်း၊ စိုက်ပျိုးရေးအပိုင်းအတွက် လိုအပ် သည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၂၂၀.၇၈ သန်းဖြစ် ကြောင်း၊ စိုက်ပျိုးမြေများအတွက် ဓာတ်မြေသြဇာလိုအပ်မှုမှာ တန်ချိန် ၀.၄၄ သန်းဖြစ်ကြောင်း ဦးစိုးသာက ရှင်းပြသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရာဝတီတိုင်းမှရေလှောင်တမံများပြုပြင်ရန်လည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀.၄၇ လိုအပ်နေကြောင်း၊ ဆားချက်လုပ်ငန်းများအတွက် ဒေါ်လာ ၂၁.၃၀ သန်း၊ ကျန်းမာရေးစောင့်ရှောက် မှု အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့်ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၂.၅၂ သန်း၊ ပညာရေးအဆောက်အဦး များပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် ဒေါ်လာ ၁၃၅.၁၃ သန်းနှင့် စက်သုံး ဆီ များ၊ အကြီးစားပြုပြင်သည့် စက်ယန္တရားကြီးများ၊ ရေစုပ်စက်များနှင့် ငါးဖမ်းသဘောင်္အများအပြားနှင့် အခြား အကူအညီအများအပြား လိုအပ်နေ ကြောင်း ၄င်းကဆိုသည်။
၎င်းကဆက်လက်ပြောကြားရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အလှူရှင်များအနေဖြင့် မုန်တိုင်းသင့် ကျေးရွာများ၊ မြို့နယ် များကို ရွေးချယ်ပြီးပြန်လည်ထူထောင်ရေးနှင့် ကူညီဆောင်ရွက်မှုများပြုလုပ်လိုပါကလည်း မြန်မာ အစိုးရက လက်ခံသွား မည်ဖြစ်ကြောင်း၊ သို့ရာတွင်အလှူရှင်များအနေဖြင့် မြန်မာအစိုးရကို ကြိုတင်အသိပေး အကြောင်းကြားမှုများ ပြုလုပ်ရ မည်ဖြစ်ကာ လှူဒါန်းမှုပြုလုပ်လိုသော ဒေသများနှင့်ပတ်သက်သော လိုအပ် သည့် သတင်းအချက်အလက်များကို မြန်မာ အစိုးရ ကပေးမည်ဖြစ်ကြောင်း ပြောသည်။
ဝန်ကြီးဦးစိုးသာ က ပြန်လည်ထူထောင်ဦးစားပေးလုပ်ငန်းစဉ်များချပြပြီး နိုင်ငံတကာကို လိုအပ်သည့်အကူအညီများ တင်ပြခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအ၀န်းကမူ ဒုက္ခသည်များအတွက် စားဝတ်နေရေးနှင့် မပြီးပြတ်သေးသော ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်ပြောဆိုကြပြီး ငွေကြေးလှူဒါန်းမှုများကို မြန်မာအစိုးရသို့ တိုက်ရိုက်ပေး ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်နေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများထံသို့ လွှဲပြောင်း လှူဒါန်းမှုများသာ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ညီလာခံတွင်ဥရောပသမဂ္ဂ အီးယူက အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀န်းကို မုန်တိုင်းသင့်ဒုက္ခ သည်များအတွက်ပူးတွဲအလုပ်လုပ် ကြရန်တိုက်တွန်းပြီး ဥရောပသမဂ္ဂက ယူရိုငွေ သန်း ၆၃ သန်းတန်အရေး ပေါ် အကူအညီများပေးအပ်ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်အနေဖြင့် မုန်တိုင်းသင့် ဒုက္ခသည်များအတွက် ယူရိုငွေ ၁၇,၀၀၀,၀၀၀ ကူညီမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
တခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် သြစတီးယားနိုင်ငံက ယူရိုငွေ ၂၅၀၀၀၀ ၊ ဘယ်လ်ဂျီယံ က ယူရို ၁၀၀၀၀၀၀၊ ချက်သမ္မတနိုင်ငံက ယူရို၈၂၅၀၀၀၊ ဆိုက်ပရပ်စ်နိုင်ငံက ယူရို ၃၀၀၀၀ ၊ ဒိန်းမတ်နိုင်ငံက ယူရို ၆၄၀၀၀၀၀ ၊ အက်စတိုးနီးယား နိုင်ငံက ယူရို ၃၁၉၅၆ ၊ ဖင်လန်နိုင်ငံက ယူရို၁၁၀၀၀၀၀ ၊ ပြင်သစ်နိုင်ငံက ယူရို ၂၀၀၀၀၀၀ ၊ဂျာမနီ နိုင်ငံက ယူရို ၄၀၀၀၀၀၀ ၊ ဂရိက ယူရို ၁၃၀၀၀၀ ၊ ဟန်ဂေရီ နိုင်ငံက ယူရို ၅၀၀၀၀၊ အိုင်ယာ လန် က ယူရို ၁၀၃၀၀၀၀ ၊ အီတလီက ယူရို ၁၉၀၀၀၀၀၊လက်ဗီးယားနိုင်ငံက ယူရို ၂၀၀၀၀ ၊ လူဇင်ဘတ်နိုင်ငံက ယူရို ၃၀၀၀၀၀၊ နယ်သာလန်နိုင်ငံက ယူရို ၁၅၀၀၀၀၀၊ ပိုလန်နိုင်ငံက ယူရို ၁၅၀၀၀၀၊ ရိုမေးနီးယားနိုင်ငံက ၁၀၀၀၀၀၊ ဆလိုဗက်ကီးယားနိုင်ငံက ၅၀၀၀၀၊ စပိန်နိုင်ငံက ၂၂၀၀၀၀၀၊ ဆွီဒင်နိုင်ငံက ၁၆၀၀၀၀၀၊ဗြိတိသျှ က ၂၁၄၀၀၀၀၀ ကူညီမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းတရုတ်နိုင်ငံက ၄င်းကိုယ်တိုင် ငလျှင်ဒဏ်ကြောင့် အခက်အခဲများကြုံတွေ့ရလင့်ကစား မြန်မာ မုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီမည်ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရမ်ဂျီချီ(Mr.Yang Jiechi)က ပြောသည်။
မြန်မာနိုင်ငံသို့ အကူအညီအများဆုံးပေးနေသည့် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁.၇ သန်းညီမည့် အပြင် ဂျပန် ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ပြီး ဆေးဝါးကုသမှုများဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ရန်ကုန် ဆိပ်ကမ်းးတွင် နစ်မြုပ်သွားသော သဘောင်္များဆယ်ယူရေးအတွက် ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက်လည်းဆောင် ရွက်ပေး မည်ဖြစ်ကြောင်း ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုဆာမူးယူနို( Mr.Osamu UNO ) ကပြော သည်။
အမေရိကန်ပြည်ထောင်စုကလည်း ကယ်ဆယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ရန်ပြောဆိုပြီး လက်ရှိတွင် ဒေါ်လာ ၂၀.၅ သန်းတန် အကူအညီများပေးအပ်မည်ဖြစ်ကြောင်း၊ အကူအညီများထပ်မံတိုးမြှင့်ရန်ရှိကြောင်း ကြေညာချက်ထုတ်ပြန်သည်။
အာဆီယံ နိုင်ငံများဖြစ်သော စင်္ကပူ၊ အင်ဒိုနီးရှား ၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် တို့ကလည်း လေဘေး ဒုက္ခသည်များအတွက် အလှူငွေများ ထည့်ဝင်မည်ဖြစ် ကြောင်း ကတိပြုကြသည်။
လက်ရှိ အာဆီယံ အတွင်းရေးမှူးတာဝန်ယူထားသော ထိုင်းနိုင်ငံက မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ အကူအညီများကို ပေးအပ်ပြီးဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကူအညီ အဖွဲ့များ၊ INGO များနှင့် ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး လေယာဉ်များ အတွက် ဘန်ကောက်မြို့ရှိ ဒွန်မောင်း နိုင်ငံတကာလေဆိပ်ကို အသုံးပြုခွင့်ပေးထားကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး နပ္ပဒွန် ပတ္တမာက ပြောဆိုသည်။
အာဆီယံ ဥက္ကဌ စင်ကာပူနိုင်ငံအနေဖြင့် မုန်တိုင်းသင့်မြန်မာပြည်သူများအတွက်အမေရိကန် ဒေါ်လာ ၅ သန်း အကူအညီ ပေးမည်ဖြစ်ပြီး တခြားရဟတ်ယဉ်အပါအ၀င်ပို့ဆောင်ဆက်သွယ်ရေး ပစည်းများနှင့် လိုအပ်သော ပစ္စည်များ ထောက်ပံ့မည် ဖြစ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လည်းထပ်မံကူညီသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး ကပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဟာဆန်ဝီရာ ယုဒ က ၎င်းတို့ နိုင်ငံအနေနှင့် နာဂစ် မုန်တိုင်း ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၁ သန်း ငွေသား အကူအညီကို အာဆီယံ အဖွဲ့သို့ ပေးအပ်မည်ဖြစ်သည်ဟု ဆို သည်။
လေးရှားနိုင်ငံကလည်း မလေးရှား ရင်းဂစ် ငွေ ၅ သိန်း တန်ဖိုးရှိ အကူအညီများပေးပြီးသည့် အပြင် အမေရိကန် ဒေါ်လာ ၁ သန်း ကိုလည်း အလှူငွေထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံများက အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ စီ ငွေသား လှူဒါန်းမည်ဖြစ်ပြီး ဗီယက်နမ် နိုင်ငံကမူ အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ငွေသားအကူအညီပေးမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုသည်။
တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၂.၅ သန်း တန်ဖိုးရှိ အကူအညီပစ္စည်းများကို လှူဒါန်းမည်ဖြစ်ပြီး ဘရူနိုင်း နိုင်ငံက ဒေါ်လာ ၁ သန်း လှူမည်ဖြစ်သည်ဟု ဆိုသည်။
သြစတြေးလျှနိုင်ငံကလည်း မြန်မာနိုင်ငံအတွက် သြစတေးလျှဒေါ်လာ ၂၅ သန်း ကူညီမည်ဖြစ်ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ မှတဆင့်ပေးအပ်သွး မည်ဖြစ်ကြောင်း သြစတြေးးလျှ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အကူဝန်ကြီး မစ္စတာ ဘော့ မက်မူလန်(Mr.Bob McMullan) ကပြောသည်။
ကနေဒါနိုင်ငံ အနေနှင့် မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း ပြောသည်။
နော်ဝေး နိုင်ငံက မူ ငွေသား အမေရိကန်ဒေါ်လာ သန်း ၂၀ ကို မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ လှူဒါန်းမည်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် တောင်အာဖရိက နိုင်ငံနေနှင့် အမေရိကန် ဒေါ်လာ ၈ သန်း လှူဒါန်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ရုရှ နိုင်ငံအပါအ၀င် တခြားသော နိုင်ငံအစိုးရများကလည်း မြန်မာနိုင်ငံမှ မုန်တိုင်းသင့် ပြည်သူများအတွက် ငွေကြေးကူညီမှု များပြုလုပ်ရန်ကတိပြုကြပြီး မည်မျှကူညီမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ယင်းညီလာခံအပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာအကူအညီငွေမည်မျှရရှိကြောင်း ထုတ်ပြန်ခြင်း မပြုနိုင်သေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိုနှိုင်းရေးမှုးရုံးအကြီးအကဲ ဒုတိယ အတွင်းရေးမှူးချူပ် မစ္စတာ ဂျွမ်းဟုန်းက သတင်းထောက်များကို ပြောသည်။

No comments: