စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, May 27, 2008

မုန်တိုင်းဒုက္ခသည် (၂) သန်းခွဲတွင် လူ (၁) သန်းသာ

NEJ/ ၂၆ မေ ၂၀၀၈

မုန်တိုင်းကြောင့် ရန်ကုန်တိုင်း မြို့နယ်များအပါအ၀င် မြို့နယ် (၄၀) ရှိ လူပေါင်း (၂.၄) သန်း ဒုက္ခရောက်ခဲ့သော်လည်း မေ (၂၃) အထိ ကယ်ဆယ်ရေးအကူအညီ တစုံတရာ ရသူပေါင်း (၄၂) ရာနှုန်းသာရှိသေးသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြသည်။
မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် (၁၅) မြို့နယ်ရှိ ဒုက္ခသည် (၂) သန်းအနက် ကယ်ဆယ်ရေး အကူအညီ တစုံတရာ ရသူပေါင်း (၂၃) ရာနှုန်းသာရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဆက်လက် ဖော်ပြသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းပေါင်းစုံက အကူအညီများ ပေးနေသော်လည်း မည်သည့်အတွက် ဒုက္ခသည်များ အကူအညီ အပြည့်အ၀ မရသည်ကိုမူ အစီရင်ခံစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိချေ။ မြန်မာစစ်အစိုးရဘက်က ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီဟု ပြောဆိုနေချိန်တွင် UNOCHA က ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ (မုန်တိုင်းဒုက္ခသည်များ အကူအညီရမှု အခြေအနေပြ Diagram ကို ခေတ်ပြိုင် မူလစာမျက်နှာ နာဂစ်မုန်တိုင်းအပြီး အချက်အလက်မှတ်တမ်းတွင် ကြည့်နိုင်သည်)
မေ (၂၂) တွင် ထုတ်ပြန်သည့် UNOCHA အစီရင်ခံစာအရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း (၁၄) မြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် (၁) သိန်းကျော် ရှိနေပြီး ၎င်းတို့အနက် ဘုန်းကြီးကျောင်းများတွင် နေရာချထားရသူ (၇၀) ရာနှုန်း၊ အစိုးရ အဆောက်အဦများ၌ (၂၈) ရာနှုန်းနှင့် ယာယီရွက်ဖျင်တဲစခန်းများတွင် (၂) ရာနှုန်းရှိသည်။
ဘိုကလေးမြို့တွင် ရွှေ့ပြောင်းဒုက္ခသည် (၂) သောင်းကျော်ရှိပြီး ဘိုကလေးတ၀ိုက်တွင် ရွှေ့ပြောင်းဒုက္ခသည် (၆) သောင်းကျော်ရှိသည်ဟု ကျန်းမာရေးစုပေါင်းအဖွဲ့များက ပြောသည်။ လပွတ္တာမြို့တွင် အသက် (၅) နှစ်အောက် ကလေးစုစုပေါင်း၏ (၃၀) ရာနှုန်းမှာ ၀မ်းပျက်ရောဂါ၊ ၀မ်းကိုက်ရောဂါ ခံစားနေရသည်ဟု ယူနီဆက်အဖွဲ့က အစီရင်ခံထားသည်။
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၈) သောင်းနီးပါးသေပြီး (၅) သောင်းခွဲကျော်ပျောက်ဆုံးသည် ဆိုသည့် စစ်အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းမှာ ယခုထိ အတိုးအလျော့ မရှိသေးပေ။ ။

No comments: