စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, July 18, 2008

မုန်တိုင်းသင့် ဒုက္ခသည်များကို အတင်းအကျပ် လုပ်အားပေးခိုင်းစေ

အောင်သက်ဝိုင်း / လပွတ္တာ ဇူလိုင် ၁၇၊ ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် လူအသေအပျောက် အများဆုံးနှင့် ပျက်စီး ဆုံးရှုံးမှု အများဆုံးကြုံတွေ့ ခဲ့ရသော ဧရာဝတီတိုင်းတွင် စစ်အစိုးရက မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များကို အတင်းအကျပ် ဖိအားပေးကာ လုပ်အားပေး ခေါ်ယူခိုင်းစေမှုများ ရှိနေကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသော လပွတ္တာမြို့နယ် ဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည်များ၊ စခန်းများမှ နေရင်းကျေးရွာ များသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင် ခြင်းခံခဲ့ရသည့် ဒုက္ခသည်များနှင့် နေရပ်ရင်း ကျေးလက် တောရွာများသို့ ဆန္ဒ အလျှောက် ပြန်လည် အခြေချ နေထိုင်သည့် ဒုက္ခသည်ထောင်ပေါင်းများစွာကို စစ်အစိုးရက အိမ်များဆောက်လုပ်ရာ၌ ပါဝင်စေခြင်း၊ ဆန်အပါအ၀င် စားနပ်ရိက္ခာများ သယ်ပိုးစေခြင်း၊ သစ်ဝါးများ ခုတ်ထွင် ထမ်းပိုးစေခြင်း၊ စခန်းလုံခြုံရေး ကင်းစောင့်ခိုင်းခြင်း အပါအ၀င် ပြန်လည်တည်ဆောက်ရေး အမည်ခံ လုပ်ငန်းများတွင် ခိုင်းစေ နေကြောင်း လပွတ္တာ မြို့ခံများနှင့် ကျေးလက် တောရွာများမှ ဒေသခံများက ပြောသည်။

လပွတ္တာမြို့ ပြင်ပတွင်တည်ရှိသည့် ရတနာဒီပဒုက္ခသည်စခန်း၊ ၃ မိုင်စခန်းနှင့် ၅မိုင် စခန်းများမှ ဒုက္ခသည် ရာပေါင်းများစွာ ကို အမိန့်အာဏာဖြင့်ဆင့်ခေါ်ပြီး ဆန်ရိက္ခာများ သယ်ပိုးစေခြင်း၊ သစ်ဝါးများခုတ်ထွင်ထမ်းပိုး စေခြင်းအပြင် လယ်ယာ လုပ်ငန်းများတွင်ပါ ခိုင်းစေနေကြောင်း စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များက ပြောသည်။

“ရတနာဒီပအားကစားဝင်း ဦးစီးမှူးက စခန်းမှာနေတဲ့ အိမ်ထောင်စု တစုကို ယောက်ျား တယောက်နှုန်းနဲ့ လူတရာ နေ့တိုင်း ဆန်ထမ်းဖို့ ခေါ်တယ်။ မလိုက်မနေရ ခေါ်တာ။ လပွတ္တာ တဘက်ကမ်း တန် ၅၀ ဆိပ်နဲ့ တန် ၁၀၀ ဆိပ်မှာတနေကုန် ဆန်ထမ်းရတယ်” ဟု ရတနာဒီပ ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ကျားချောင်းကျေးရွာသား ဒုက္ခသည်တဦးက ပြောသည်။

ယင်းသို့ လုပ်အားပေးခေါ်ယူခိုင်းစေမှုကို လုပ်ဆောင်ရန် ငြင်းဆန်သည့် ဒုက္ခသည်များကို စခန်းတွင်နေထိုင်ခွင့် မပြုဘဲ ဆဲဆိုမောင်းထုတ်သည်ဟု သိရသည်။

“လုပ်အားပေးမလိုက်တဲ့ သူတွေကို အားကာမှူးက အချောင်သမားတွေ အလကား ရတာစားပြီး အလုပ်မလုပ်ချင် ကြဘူး။ စခန်းကနေထွက်သွား အပျင်းတွေဆိုပြီး နှင်ထုတ်တယ်” ဟု ရတနာဒီပ စခန်းတွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ဒုက္ခသည်တဦးကဆိုသည်။

လုပ်အားပေးလုပ်ရန်ငြင်းဆန်သည့် ဒုက္ခသည်များကို ဒုက္ခသည် စခန်းတာဝန်ခံအဖြစ် တာဝန်ယူထားရသည့် စစ်တပ်အရာရှိ များက ဆဲဆိုမောင်းထုတ်ရုံမက ရိုက်နှက်မှုများလည်း ရှိကြောင်း ၅ မိုင်စခန်းမှ ဒုက္ခသည်များက ဆိုသည်။

“လုပ်အားပေးမလိုက်ရင် မှတ်ထားတယ်။ ညနေ အရက်မူးချိန်ရောက်ရင် ခေါ်ပြီးရိုက်တယ်။ ပြီးတော့ စခန်းမှာ နေလို့ မရအောင် အပြစ်ရှာပြီး နှင်ထုတ်တယ်။ လုပ်အားပေးမလိုက်လို့ စခန်းက ထွက်သွားရတဲ့သူတွေ အများကြီးပဲ” ဟု ၅ မိုင် ဒုက္ခသည်စခန်းနေ ဒုက္ခသည်တဦးက ပြောသည်။

လုပ်အားပေးခိုင်းစေခံရသည့် ဒုက္ခသည်များတွင် ဆယ်ကျော်သက်အရွယ် လူငယ်များ ပါဝင်ပြီး ယင်းသို့ လုပ်အားပေးခိုင်း စေမှုများကို ပြင်ပသို့မပေါက်ကြားစေရန် မှာကြားထားသည်။ စခန်းသို့ လူစိမ်းများ လာရောက်မေးမြန်းမှုများ ရှိလျင် ဖြေကြား ခြင်း မပြုရန်လည်း စခန်း တာဝန်ခံများက ခေါ်ယူသတိပေး ထားသည်ဟု သိရသည်။

“ကလေးတွေလည်း လုပ်အားပေး ဆန်ထမ်းလိုက်ရလို့ ပုခုံးတွေပွန်းပြီး အနာတွေ ဖြစ် ကုန်တယ်။ လုပ်အားပေးရတဲ့ အကြောင်း အပြင်မှာမပြောဖို့၊ လူစိမ်းတွေ မေးလာရင်လည်း ဘာမှမဖြေဖို့ မှာထားတယ်။ လူစိမ်းတွေ စခန်းထဲ ၀င်လာရင် ချက်ချင်း အကြောင်းကြားဖို့ လည်း မှာထားတယ်” ဟု ရတနာဒီပစခန်းမှ လွှစာကျေးရွာသား တဦးကပြောသည်။

လပွတ္တာမြို့ ပြင်ပဒုက္ခသည်စခန်းများမှ ဒုက္ခသည်များသာမက မိမိတို့ နေထိုင်ခဲ့ရာ ကျေးရွာ များတွင် ပြန်လည် နေထိုင်နေ ကြသည့် ဒုက္ခသည် အများအပြားမှာလည်း ဧရာဝတီတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး တာဝန် ယူထားရ သော တပ်မ ၆၆ ၏ အတင်း အကျပ် လုပ်အားပေး ခေါ်ယူခိုင်းစေမှုများ တွေ့ကြုံခံစား နေရသည်ဟု သိရှိရသည်။

လပွတ္တာ မြို့နယ်အပိုင် ရွေးကျေးရွာအုပ်စုမှ ကျေးရွာသားတဦးက “ပြန်လည် ထူထောင်ရေး တွေလုပ်ဖို့ တပ်မတော်က တာဝန်ယူတာကို ပူးပေါင်းရမယ်ဆိုပြီး အိမ်၊ လမ်း၊ ဆောက်တဲ့ လုပ်ငန်းတွေ၊ သစ်ပင်ခုတ်ပြီး အမှိုက်ရှင်းတာတွေမှာ ရွာသားတွေကို နေ့တိုင်း လုပ်အားပေး ခေါ်တယ်” ဟု ပြောသည်။

ထိုသို့ စစ်တပ်က လုပ်အားပေး ခိုင်းစေရာတွင် ဒေသခံဒုက္ခသည်များကို ရိုက်နှက်မှုများလည်း ရှိနေကြောင်း ရွေးကျေးရွာ အုပ်စုတွင် အ၀တ်အထည် နှင့်ဆန်စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းခဲ့သည့် ရန်ကုန် အလှူရှင်တဦးက ပြောပြသည်။

“လုပ်အားပေးအလုပ်ကို ကောင်းကောင်းမလုပ်လို့ဆိုပြီး စစ်သားတွေက ရွာသားတွေကို လက်သီးနဲ့ထိုးတယ်။ ရိုက်တယ်။ အဲဒါရွာသားတွေက မကျေနပ်ပေမယ့် ဘာမှပြောလို့ မရဘူး” ဟု ရန်ကုန်သား အလှူရှင်က ရှင်းပြသည်။

ယင်းသို့ လုပ်အားပေး ခိုင်းစေမှုများကို ရွေးကျေးရွာအုပ်စုဝင် နှာခေါင်းပေါက်ကျေးရွာ၊ ချောင်းချိုးကျေးရွာများ အပါအ၀င် လပွတ္တာမြို့နယ်အပိုင် ကျေးရွာ ရာဂဏန်းကျော်တွင် ကြုံတွေ့နေရကြောင်း ဒေသခံရွာသားများနှင့် လပွတ္တာမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

အတင်းအကျပ် စေခိုင်းမှုများအပြင် ကျေးရွာသားများပိုင် လှေ၊ မော်တော်များကိုလည်း အတင်းအကျပ်ယူဆောင် အသုံးပြု နေကြပြီး စစ်သားများစားသုံးရန် ဒေသခံ ရေလုပ်သား များကို ငါးပုစွန်များ အခမဲ့ ဖမ်းဆီးခိုင်းမှုများ ရှိကြောင်းသိရသည်။

“အခုအချိန်က ရေတိုးချိန်ဆိုတော့ ငါးသလောက် တအားမိတယ်။ ဗိုလ်ကြီးတွေစားဖို့ ပုစွန်၊ ဂဏန်း တွေလည်း ဖမ်းပေးရ တယ်” ဟု ရွေးကျေးရွာအုပ်စုမှ ရေလုပ်သား တံငါတဦးက ပြောပြသည်။

လပွတ္တာမြို့နယ်အပြင် ဘိုကလေး၊ ဖျာပုံနှင့် ဒေးဒရဲ ဒေသများရှိ ကျေးရွာများတွင်လည်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များကို လုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း အဆိုပါ ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်လှူဒါန်းသည့် အလှူရှင်များနှင့် လိုက်ပါသတင်းယူကြသော ပြည်တွင်း သတင်းဂျာနယ်များမှ သတင်းထောက်များက ပြောဆိုသည်။

No comments: