စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 16, 2008

မြန်မာပြည် မစ္စတာဂမ်ဘာရီနှင့် စစ်အစိုးရ၏ နိုင်ငံရေးမျှော်လင့်ချက် ရောင်ခြည်


(သတင်းသုံးသပ်ချက်)ပီတာအောင်/ ၁၆ ဇူလိုင် ၂၀၀၈

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် လာမည့် သြဂုတ်၌ မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည်ဟု ကုလသမဂ္ဂက ယမန်နေ့က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြီးခဲ့သည့် မေလကတည်းက မစ္စတာ ဂမ်ဘာရီက စစ်အစိုးရထံ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း သဘာဝဘေး ရင်ဆိုင်နေရသဖြင့် ယခုမှ လာခွင့်ပြုလိုက်ခြင်းဖြစ်သည်။ မစ္စတာဂမ်ဘာရီ အလာကောင်းသော်လည်း အခါနှောင်းပြီဟု အတိုက်အခံဘက်က မြင်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရဘက်က အမျိုးသားညီလာခံပြီးစီးအောင်လုပ်၊ မုန်တိုင်းဒုက္ခသည်များကို မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို (၉၂) ရာနှုန်း ထောက်ခံမှုရအောင်လုပ်ပြီး နိုင်ငံရေး အသာစီးယူထားချိန် မျိုးမှာမှ လာသည့်အတွက် မည်သည့် နိုင်ငံရေး အပေးအယူမျိုးမှ မစ္စတာဂမ်ဘာရီ လက်ထဲပါလာ မည်ဟု အတိုက်အခံဘက်က မယူဆပေ။ စစ်အစိုးရဘက်ကလည်း ဆန္ဒခံယူပွဲ အနိုင်ယူထားချိန် ရွေးကောက်ပွဲအတွက် ဟန်ရေးပြနေချိန်မျိုးမှာမှ ရွေးပြီး မစ္စတာဂမ်ဘာရီကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများကမူ မစ္စတာ ဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် မျှော်လင့်ချက် မထားကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရန် လမ်းစ မမြင်တွေ့ရသေး ကြောင်း သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးသည် စစ်အစိုးရက ဆက်ဆံရေးဝန်ကြီး ခန့်အပ်၍ ဆောင်ရွက်ခဲ့သည့် ယမန်နှစ် အောက်တိုဘာ၌ လမ်းစပွင့်လာခဲ့သော်လည်း ယခုထိ သိသာထင်ရှား သည့် တိုးတက်မှု မတွေ့ရသေးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ကုလသမဂ္ဂက ကမ္ဘာ့အဖွဲ့အစည်းဖြစ်လို့ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အခု မစ္စတာ ဂမ်ဘာရီရဲ့ခရီးစဉ်ဟာ တခေါက်နဲ့တခေါက် အချိန်ကြာတယ်။ လက်ရှိ အာဏာရှိနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှသာ အကျိုးအမြတ် ရှိနိုင်မယ်လို့ မြင်ပါတယ်။ ဒါပေ မယ့် အခုလို အချိန်ကြန့်ကြာပြီးမှ တခါလာ ဒီလိုနည်းနဲ့ဆိုရင်တော့ တိုင်းပြည် အရမ်းနစ်နာနေတယ် လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မစ္စတာ ဂမ်ဘာရီကို အလာကျဲသည်ဟု အန်အယ်လ်ဒီက အပြစ်မြင်သော်လည်း ပြီးခဲ့သည့် အခေါက် တွင် မြန်မာစစ်ခေါင်းဆောင်ပိုင်းက ဗီဇာထုတ်မပေးသဖြင့် အခက်တွေ့ခဲ့သည့် သာဓကရှိပြန်သည်။

မစ္စတာ ဂမ်ဘာရီ ဒုတိယအကြိမ် လာစဉ်က အန်အယ်ဒီလ်နှင့် တွေ့ခွင့်ရသည်။ အမျိုးသား ရင်ကြား စေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးက စတင်သင့်သည်ဟု အန်အယ်လ်ဒီက တင်ပြရာ ဖြစ်နိုင် ချေက စတင်ကြိုစားပါမည်ဟုသာ မစ္စတာဂမ်ဘာရီက မတင်မကျ ပြောနိုင်ခဲ့သည်။

မစ္စတာဂမ်ဘာရီအနေဖြင့် ပြီးခဲ့သည့် ခရီးစဉ်များတွင် မြန်မာနှင့် ပတ်သက်သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ယခုခရီးစဉ်ကိုလည်း မျှော်လင့်ချက် မထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင်က ပြောကြားသည်။

၎င်းက “ဂမ်ဘာရီလာမယ့်ခရီးစဉ်အပေါ်မှာ သိပ်ပြီး လေးလေးနက်နက် မျှော်လင့်ချက်မထားပါဘူး။ သိပ်ပြီးတော့ ထွေထွေထူးထူး ထူးထူးခြားခြား ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆို တော့ နအဖက သူတို့သွားမယ့်လမ်းကြောင်းကို ခိုင်ခိုင်မာမာ ပီပီပြင်ပြင် ချထားပြီးဖြစ်တယ်။ ဂမ်ဘာ ရီ ပြောပေမယ့်လည်းပဲ သူတို့ လိုက်ပြီးတော့ ဆောင်ရွက်မယ့်သဘော ရှိမယ်လို့ မထင်ဘူး။ ဂမ်ဘာ ရီကလည်းပဲ ယူအန်ရဲ့လုပ်ရမယ့် တာဝန်တွေကို တွန်းတွန်းတိုက်တိုက် နအဖကို ပြောနိုင်လိမ့် မယ်လို့ မမျှော်လင့်ဘူး။ အဲတော့ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ သာမန်ပဲ။ ယူအန်က လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တယောက် လာတဲ့ သဘောလောက်ပဲ ရှိမယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း “ကုလသမဂ္ဂအနေနဲ့ အပေါ်ယံအားဖြင့် လူတွေက အားကိုးစရာလို့ထင်ပေမယ့် တကယ့်တကယ်ကျတော့ ခုထိအောင်တော့ ကုလသမဂ္ဂရဲ့ ဆောင်ရွက် မှုကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေးတိုးတက်မှု တခုမှမရှိဘူး” ဟု ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲ ဖြစ်လာစေရန် စစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇ
ဝတ်မှု တရားခုံရုံး တင်ကာ ဖိအားပေးသည့်နည်း၊ လူ (၂) သောင်းခန့်က အဖမ်းခံ၊ အသေခံ၍ ဆန္ဒပြသည့်နည်းနှင့် အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ပြီး အနိုင်ရအောင်လုပ်၍ လွှတ်တော်၌ ဆွေးနွေးသည့် နည်းလမ်းတို့ လုပ်ဆောင်သင့်သည်ဟု သခင်ချန်ထွန်းက ယူဆသည်။

ဆန္ဒခံယူပွဲအလွန် ကာလ၌ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံရေး ပြဿနာအပေါ် ချဉ်းကပ်သည့် မူဝါဒ တိတိကျကျ မသိရကြောင်း၊ အမြင်ရှင်းစေရန် မစ္စတာဂမ်ဘာရီအနေဖြင့် မြန်မာနိုင်ငံ မသွားခင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက “မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံ မသွားခင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ ဒီမိုကရေစီရေးဖြစ်ဖို့အတွက် ဘယ်လိုချဉ်းကပ်မှုလုပ်မယ်ဆိုတာ ရှင်းလင်းဖို့လိုပါတယ်။ နအဖရဲ့လမ်းပြမြေပုံဟာ ဒီနေ့ဒီအချိန်မှာ ဘယ်လိုမှ ဖာထေးပြုပြင် လို့ရတဲ့လမ်းကြောင်း မဟုတ် တော့ဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် ရွေးကောက်ပွဲ မဟုတ်ဘဲနဲ့ စစ်အာဏာရှင်စနစ်ကို ပိုပြီးတော့ သက်ဆိုးရှည်စေမယ့် ရွေးကောက် ပွဲမျိုးပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ မသွားခင်ကတည်းက နိုင်ငံရေးချဉ်းကပ်မှုရှင်းလင်းဖို့လိုတယ်” ဟုပြောသည်။

နအဖကိုဖိအားပေးနိုင်မည့် လူထုလှုပ်ရှားမှုကြီးတရပ်ကို ဖော်ဆောင်နိုင်မှသာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ ပြန်လည်ရှင်သန်လာမည်ဖြစ်ပြီး ထိုသို့မလုပ်နိုင်ပါက ကုလသမဂ္ဂအနေဖြင့် အကူအညီပေးနိုင်မည်မဟုတ်ဟု ဒေါက်တာသောင်းထွန်းက ဖြည့်စွက်ပြောကြားသည်။

သို့သော် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာပံ့ပိုးကူညီမှုများသည် အချည်းနှီးမဖြစ်ကြောင်းနှင့် ပြည်သူလူထုနှင့်နိုင်ငံရေးလှုပ်ရှားသူများအတွက် အင်အားတရပ်ဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစုများက ပြောကြားသည်။

အထူးသဖြင့် မစ္စတာဂမ်ဘာရီနှင့် တချိန်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး နားလည်မှု ရှုတ်ထွေးခဲ့သည့် သာဓကရှိသည်။ မစ္စတာရာဇာလီကို ၂၀၀၀ ပြည့်နှစ် ဧပြီလ (၄) ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ခန့်အပ်စဉ်က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ (၂၉) ရက်၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် (၅၄/၁၈၆) ကို အကောင်အထည် ဖော်နိုင်ရန်ဆိုပြီး တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုဆုံးဖြတ်ချက်မူရင်း စာသားအရဆိုလျှင် မြန်မာစစ်အစိုးရအနေဖြင့် ကြိမ်ဖန်များစွာ ကတိပေး ထားသည့်အတိုင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် ပြည်သူများ ဖော်ထုတ်ခဲ့သည့် ဆန္ဒနှင့် အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ထွန်းကားရန် လိုအပ်သည့်ကိစ္စမှန်သမျှ လုပ်ဆောင်ရန်ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်အမှတ် (၅၄/၁၈၆) ဖြင့် တိုက်တွန်းထားသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အထောက်အကူဖြစ်ရန် အတွက် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မူလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီ၏ ယခုခရီးစဉ်သည် အတိုက်အခံအတွက် မျှော်လင့်ချက် မရှိသော်လည်း စစ်အစိုးရ ဘက်ကမူ Road Map မျှော်လင့်ချက်ရောင်ခြည် သန်းနေသည်။ စစ်ခေါင်းဆောင်များ၏ နိုင်ငံရေး မျှော်လင့်ချက် ရောင်ခြည်အပေါ် မစ္စတာဂမ်ဘာရီ မည်သို့ သဘောထားမည်ဆိုသည်မှာ စောင့်ကြည့် ရမည်ဖြစ်သည်။ ။

No comments: