စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, August 1, 2008

စာသင်ကျောင်းပြိုများ ပြန်မပြင်နိုင၊်ဇရပ် ဓမ္မာရုံကို ယာယီကျောင်းများလုပ်ရ

NEJ/ ၃၀ ဇူလိုင် ၂၀၀၈

နအဖစစ်အစိုးရ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသည် ကျောင်းနှင့် တူရမည်ဟူသောဆောင်ပုဒ် ချထားသော်လည်း စာသင်ကျောင်းဖြင့် စာမသင်ရဘဲ ယခုတိုင် ယာယီတဲများဖြင့် စာသင်နေရ သည့် ကလေးများ အမြောက်အမြား ရှိနေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့မှ နာဂစ်မုန်တိုင်းကြောင့် ကျောင်းများ ပြိုပျက်သွားပြီး အဆိုပါ ကျောင်းများမှာ ယခုတိုင် ပြည်လည် မတည်ဆောက်နိုင်သေးသည့်အတွက် ကျောင်းသားများ စာသင်ရန် နေရာအခက်အခဲ ဖြစ်နေသည်။

အဆိုပါကျောင်းများမှာ ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ တွံတေး၊ ဆိပ်ကြီး၊ ခနောင်တိုတို့တွင်ရှိသော စာသင်ကျောင်းအချို့ဖြစ်သည်။

ယင်းမြို့နယ်များရှိ စာသင်ကျောင်းများအနက် လေးပုံတပုံခန့်မှာ အပျက်အစီးများရှိကြောင်း ရန်ကုန်ရှိ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ အင်ဂျင်နီယာတဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရန်ကုန် မြူနီစပါယ်နယ်နမိတ်အတွင်းရှိ မြို့နယ်များတွင် နာဂစ်ကြောင့် ပြိုသွားသည့် ကျောင်းများ ကို စတီး structure ကျောင်းများအဖြစ် တည်ဆောက်ပေးနေသော်လည်း ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ ဆိပ်ကြီး၊ ခနောင်တို့မှာ မြူနီစပါယ် ဧရိယာအတွင်း မပါဝင်သည့်အတွက် တည်ဆောက်
မှု ပြုလုပ်ပေးမည်ကို တိတိကျကျ မသိရှိရကြောင်း ဒေသခံ ကျောင်းအုပ်ကြီးများက ပြောသည်။

ကော့မှူးမြို့နယ် မြို့မ (အမက) ကျောင်းမှာ မုန်တိုင်းကြောင့် လုံးလုံးပြိုကျသွားပြီး အေးရှားဝေါလ် ကုမ္ပဏီက မေလ (၁၂) တွင် လာရောက်ကြည့်ရှုသော်လည်း နောက်ထပ် မလာတော့ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းသား (၁၁၂) ဦးရှိပြီး ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ (၄) ဦးရှိပြီး ယခုအခါ ရပ်ကွက်ဓမ္မာရုံတွင် စာသင်နေကြရသည်။

တွံတေးမြို့နယ် အိုးဖိုအနောက်ရပ်ကွက် စံပြ (၃) လမ်းရှိ မူလတန်းကျောင်းမှာလည်း လုံးဝပြိုကျ သွားသည့်အတွက် ကျောင်းသား (၂၅၀) မှာ မေလက နအဖအခြေခံဥပဒေ မဲဆန္ဒခံယူပွဲအတွက် မဲရုံပြုလုပ်သောနေရာတွင် စာသင်ခုံများချ၍ စာသင်နေရသည်။

“အလှူရှင်တွေ လာလှူတဲ့ တာပေါ်လင်တွေကို အကာလုပ်ပြီး မဲရုံနေရာမှာပဲ ဖြစ်သလို စာသင်နေ ရတယ်။ နေရာမလောက်လို့ စတုတ္ထတန်းကိုတော့ ရယက ရုံးမှာ နေရာခွဲ သင်နေရတယ်။ စာသင် ကျောင်းနဲ့ စာမသင်ရတော့ ကလေးတွေ စိတ်ဓာတ်ကျမှာ စိုးရိမ်နေရတယ်” ဟု ကျောင်းအုပ်ဆရာ မကြီး နော်တင်အေးက ပြောသည်။

ယင်းမူလတန်းကျောင်းမှာ တွံတေးမြို့၏ အဆင်းရဲဆုံး ရပ်ကွက်ကျောင်းတကျောင်းဖြစ်ပြီး ကျောင်းတွင် နေထိုင်ရသည့် ကျောင်းအုပ်ဆရာမကြီး မိသားစုမှာလည်း နေစရာ အခက်အခဲ ဖြစ်နေကာ ကျောင်းခြံဝင်းအတွင်း ကျောင်းမှ ကွာကျသော သွပ်များကို မိုးကာ တို့တာဝန်အရေး သုံးပါးဆိုင်းဘုတ်ကို တံခါးလုပ်နေရသည်။

နအဖစစ်အစိုးရက အနှစ်သုံးဆယ် နှစ်ရှည်ပညာရေးစီမံကိန်းအဖြစ် မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှု ရင်ဆိုင်နိုင်မည့် လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တခု ဖြစ်ထွန်းလာစေရန်ဟူ၍ ပညာရေးရည်မှန်းချက် ချထား ကြောင်းသိရသည်။ ။

No comments: