စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, August 1, 2008

ကေအဲန်ယူနှင့် ဒီကေဘီအေအကြား တင်းမာမှုဖြစ်၊ ရွာသား ၂၀၀ ကျော် နယ်စပ်သို့ ထွက်ပြေး

ခွန်အောင်မြတ်။
ဇူလိုင်လ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ခိုက်ကြမည့် အခြေအနေကြောင့် ကော့ကရိတ်မြို့နယ်အတွင်းမှ ကရင်ကျေးရွာသား ၂၀၀ ကျော် နေအိမ်၊ ခြံယာများကို စွန့်၍ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထွက်ပြေးတိမ်းရှောင်ကြရသည့် ရွာသားများသည် ကေအဲန်ယူထိန်းချုပ်သည့် တပ်မဟာ (၆) ဝေါ်လခီးဒေသ အနီး ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့နှင့် မိုင် ၃၀ နီးပါးခန့် ဝေးသည့် ကော့ကရိုက်မြို့နယ်အတွင်းရှိ ကနှဲလေး၊ မော်ဖိုးခီးနှင့် မော်ဖိုးကလု ကျေးရွာများဖြစ် သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစောလှငွေက ပြောသည်။

“အခြေအနေကတော့ ဝေါ်လခီးဘက်မှာ ကနှဲလေးဘက်က ရွာတရွာနှစ်ရွာက ဒီဘက်က ဖထီးဆိုတဲ့ ဒီဘက်နယ်စပ်ဘက်ကို ထွက်ပြေးလာတယ်။ လွန်တဲ့ သုံးလေးရက်က ကိစ္စ တွေပေါ့။ အဲဒီနေရာ တွေမှတော့ လောလောဆယ် တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ မရှိသေးပေမယ့်လို့ အဲဒီဘက်က ဒီကေဘီအေကနေ ကနှဲလေးဆိုတဲ့ အိမ်ခြေ (၉၀) ကျော် လူဦးရေ (၂၀၀)ကျော်လောက်ရှိမယ့်ရွာကို ၀င်လာတော့ ဒီ ဒီကေဘီအေ မ၀င်လာခင်မှာ နအဖတပ်က မင်းတို့ ပြေးကြတော့လို့ပြောတယ်တဲ့။ လူထုကိုပြောတယ် မင်းတို့ပြေးကြ ဆိုတော့ မင်းတို့မပြေးရင် ဒီကေဘီအေက ပေါ်တာဖမ်းမယ် ဆိုတော့ ရွာသားက ပြေးကြ တာပေါ့။”

တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) ၏ တပ်ရင်း ၉၀၇ လှုပ်ရှားနေသည့် ဒေသရှိ ကျေးရွာများကို ယခုလ ၂၆ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) ၏ တပ်ဖွဲ့ ၀င်ရောက်သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ ထွက်ပြေး တိမ်းရှောင်ခြင်းဖြစ်သည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

“ဒီက ကေအဲန်အယ်လ်အေ ဘက်ကနေပြီးတော့ မင်းတို့ ကနှဲလေးရွာထဲကို ဒီကေဘီအေက ၀င်ပြီး တော့ နေရာယူပြီ။ ဒါကတော့ နေရာယူထားတာ တို့ကလည်းပဲ တို့ကို တိုက်တဲ့ လူလာလိုရှိရင် ပစ်ရ မယ်ဆိုတော့ ရွာသားတွေက ရွာထဲမနေရဲတော့ အဲဒါကြောင့် ပြေးရတယ်ပေါ့။ ”

ဒီကေဘီအေတပ်ဖွဲ့က ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာသားများအား နေရပ်ရင်း ကျေးရွာသို့ ပြန်လာ ရန် ပြန်မလာပါက စိုက်ပျိုးထားသည့် ပျိုးခင်းများ အသီးအနှံစိုက်ခင်း များအား ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သည်ဟု ဝေါ်လခီးဒေသဖက်သလို့ ထွက်ပြေးလာ သည့် ရွာသားများက ပြောသည်။

ပြီးခဲ့သည် ဇွန်လ ၃၀ ရက်နေ့တွင် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ပူးပေါင်းကာ ကေအဲန်ယူ၏ တပ်မဟာ ၆ ဒေသရှိ ဝေါ်လခီး တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက် သေဆုံး ဒဏ်ရာရှိခဲ့ပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ စခန်း ဒီကေဘီအေ လက်ထဲ တရက်ကျရောက်ခဲ့သော်လည်း နောက်တရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းတိုက်ပွဲကြောင့် ဝေါ်လခီးဒေသအနီးရှိ ကျေးရွာသား ၃၀ ကျော် နေအိမ်စွန့်၍ ထိုင်းနယ်မြေတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

No comments: