စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, August 1, 2008

အာဏာပိုင်များနှင့်နီးစပ်သူများက ဖမ်းဆီးတရုတ်ကုန်ပစ္စည်းများကို ထုတ်ယူ

NEJ/ ၃၀ ဇူလိုင် ၂၀၀၈

ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဓီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးထားသည့် ပစ္စည်းများကို အာဏာပိုင်များနှင့် နီးစပ်သည့် ကုန်သည်များက ထုတ်ယူနေကြကြောင်း နယ်စပ်ကုန်သည် အသိုင်းအ၀န်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၀၀၆ ခု ဧပြီအတွင်း (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ဖွင့်စဉ်ကာလအတွင်း ကုန်ကားများ ဆင်းခွင့် မရဘဲ တရုတ်ပြည်ဘက် ရက်အတော်ကြာ စုပြုံထားပြီးနောက် မြန်မာပြည်ဘက် ပြန်ဆင်းချိန်တွင် အပိုသယ်လာသည့် ဓာတ်ဆီ၊ ဒီဇယ်၊ အမျိုးအမည်၊ အရေအတွက် စာရင်းလိမ်ပြီး အခွန်မဆောင်
ဘဲ သွင်းလာသည့် ကုန်စည်များကို ကား (၉၉) စီးနှင့်အတူ ၂၀၀၆ ခု မေ (၅) ရက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္ဓီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်တွင် ရမခ လက်အောက်ခံ တပ်များက စစ်ဆေး ဖမ်းဆီးခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုန်သွယ်ရေးဇုန်မှ နကသအရာရှိများ အပါအ၀င် ကုန်သည်များ၊ အေးဂျင့်များ၊ ကားသမားများကို ဖမ်းဆီးခဲ့သကဲ့သို့ အချို့ကုန်သည်များလည်း ထွက်ပြေးတိမ်း ရှောင်ခဲ့ကာ နယ်စပ်ကုန်သွယ်ရေး ကမောက်ကမများ လအတော်ကြာ ဖြစ်သွားခဲ့သည်။

ကုန်ပစ္စည်းပိုင်ရှင်များမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး အချို့လည်း မိမိပစ္စည်းပါဟု ၀န်ခံထွက်ဆို ခြင်းမရှိသည့်အတွက် ပိုင်ရှင်မဲ့အဖြစ် သိမ်းယူထားသည့် ပစ္စည်းများမှ အချို့ကို လေလံတင် ရောင်း ချပြီး အချို့ကို ရမခက ထုတ်ယူသွားခဲ့ကာ ယခုနောက်ဆုံး လက်ကျန်ပစ္စည်းများကို ရမခနှင့် နီးစပ်သည့် ကုန်သည်များက ထုတ်ယူနေသည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “ကျန်နေတာက ကုန်မာပစ္စည်းတွေလိုမျိုးပဲ။ လူသုံးကုန်တွေ၊ လယ်ယာသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေလိုမျိုးပေါ့။ ကားတစီးစာ အဲဒီတုန်းက ဈေးနဲ့ကို သိန်း (၅၀၀) အထက် မှာ ရှိတယ်။ အခုဆို ဈေးတွေတက်တော့ သိန်း (၁,၅၀၀) လောက် ရှိနေပြီ။ အဲဒါကို ပိုင်ရာဆိုင်ရာက တဆင့် ရမခကို ဘာရန်ပုံငွေ၊ ညာရန်ပုံငွေဆိုပြီး သိန်း (၂၅၊ ၃၀) ထည့်လိုက်ရင် ကားတစီးတိုက်စာ ထုတ်လို့ရပြီ။ နောက်တခုက ကျမ်းကျိန်တာပေါ့။ ကိုယ့်ရဲ့ ပစ္စည်းတွေပါဆိုပြီး တရားရုံးမှာ ကျမ်း ကျိန်ပြီး ဒဏ်ကြေးဆောင်တာရယ်၊ ပေးကမ်းရတာတွေရယ် သိန်း (၇၀၊ ၈၀) လောက်ရင်းပြီး ပစ္စည်းတွေ ပြန်ထုတ်ပဲ။ ဘယ်ကားနဲ့ ဘာပစ္စည်းတွေ ပါတယ်ဆိုတဲ့အကြောင်း သူ့ဇစ်မြစ်တော့ သိဖို့ လိုတာပေါ့။ ဒါလည်း စာရေးတွေ၊ ဘာတွေကနေ လိုက်လို့ရတာပဲ” ဟု ပြောသည်။

ဖမ်းဆီးခဲ့သည့် ကား (၉၉) စီးနှင့် ဓာတ်ဆီ၊ ဒီဇယ်များကို ၂၀၀၆ ခုနှစ်အတွင်းမှာပင် ရမခနှင့် နီးစပ် သူများကိုသာ လက်သိပ်ထိုး ရောင်းချလိုက်ပြီး ၂၀၀၇ ခု နိုဝင်ဘာတွင် ဖယောင်းများကို လေလံတင် ရောင်းချခဲ့ကြောင်း၊ ဓာတ်မြေသြဇာများကိုမူ ရမခ၌ တပ်စိုက်ခင်းများ၊ လယ်မြေများတွင် အသုံးပြု ခဲ့ကြောင်း အဆိုပါ ကုန်သည်က ပြောသည်။

ပစ္စည်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ ပစ္စည်းများကို ပြန်မထုတ်ရဲသဖြင့် အခြားကုန်သည်များက အာဏာပိုင်များနှင့် ပေါင်းပြီး ကလိမ်ကကျစ်ကျကာ ထုတ်ယူနေမှုကို သိသိကြီးနှင့် ငြိမ်နေရခြင်း ဖြစ်သည်ဟု ပစ္စည်းပိုင်ရှင် ကုန်သည်တဦးက ပြောသည်။

၎င်းက “အဲဒီမှာ လယ်ယာသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး ကျန်သေးတယ်။ အဲဒီပစ္စည်းတွေကို နာဂစ်ဒုက္ခသည် ကယ်ဆယ်ထောက်ပံ့ရေးတွေမှာ သုံးလိုက်စမ်းပါ။ ကျနော်တို့ ကျေကျေနပ်နပ် လက်ခံတယ်။ အခုတော့ အဖမ်းခံရမှာကြောက်လို့ သွားပြီး မျက်နှာမပြရဲတာကို အခွင့်ကောင်းယူ လုပ်နေတာ” ဟု ပြောသည်။

ကုန်သွယ်မှုစည်းကမ်းများနှင့် မကိုက်ညီသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးထားသည့် အဆိုပါ ကား (၉၉) စီးတိုက် ကုန်ပစ္စည်းများမှ လက်ကျန်ပစ္စည်းများကို အာဏာပိုင်များနှင့် နီးစပ်သည့် ကုန်သည်များက ဇူလိုင်လဆန်းပိုင်းမှ စတင်၍ ထုတ်ယူနေကြခြင်းဖြစ်သည်ဟု ဒေသခံကုန်သည် များက ပြောသည်။ ။

No comments: