စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 11, 2008

အဲပုဂံ၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ် သုံးလ ရပ်နားမည်


နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 17:42 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ အဲယားပုဂံ၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့မှစ၍ သုံးလကြာ ခေတ္တရပ်ဆိုင်းမည် ဖြစ်ကြောင်း လေကြောင်းလိုင်း သတင်းရပ်ကွက် အပြောအရ သိရသည်။လေကြောင်းကုမ္ပဏီက တရားဝင် အကြောင်းပြချက် မပေးဘဲ စက်တင်ဘာလအတွင်း အထိ လေကြောင်းလိုင်းကို ရပ်နားမည်ဟု လက်မှတ် အရောင်းဌာနများသို့ ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“လွန်ခဲ့တဲ့ အပတ်ကနေ ပြောထားတယ်။ ဒီလ ၁၃ ရက် နောက်ပိုင်းကနေ စက်တင်ဘာလလောက်အထိ ခဏပိတ်မယ် ပြောတယ်။ ပိုတဲ့ လက်မှတ်တွေကိုတောင် ပြန်အပ်လိုက်ပြီ” ဟု Nice Fare ခရီးသွားလုပ်ငန်းမှ လက်မှတ် အရောင်းဌာနမှ မန်နေဂျာ တဦးဖြစ်သူ ကိုသူရ က ပြောသည်။

ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား အဲယားဘတ်စ် အေ ၃၁ဝ-၂ဝဝ လေယာဉ်များဖြင့် အပတ်စဉ် တနင်္လာနှင့် သောကြာ၂-ကြိမ် ပြေးဆွဲခဲ့ရာမှ ယခုအခါ လုံးဝ ရပ်နားသွားခြင်း ဖြစ်သည်။

စက်တင်ဘာ ၂ဝဝ၇ ခုနှစ် နောက်ပိုင်း ပြည်ပမှ လာရောက်သော ခရီးသည်များ သိသိသာသာ လျော့ပါးသွားမှုနှင့် အမေရိကန် နိုင်ငံက အဲပုဂံ ကုမ္ပဏီအပေါ် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ထားသည့်အတွက် လေကြောင်းလိုင်းပိုင် လေယာဉ်များအတွက် အပိုပစ္စည်းများ ဝယ်ယူရရှိနိုင်မှု အကန့်အသတ်များကြောင့် ရပ်နားလိုက်ရခြင်း ဖြစ်သည်ဟု အဲပုဂံလီမိတက် သတင်းရပ်ကွက်များက ပြောသည်။

အဲပုဂံ လီမီတက်၏ သူဌေးမှာ ဦးတေဇဖြစ်ပြီး နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစု အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်များ နှင့် အထူးတလည် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။

အမေရိကန်နိုင်ငံက အောက်တိုဘာ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ် မှစ၍ မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင် ၂၅ ယောက်နှင့် စစ်အစိုးရနှင့် အနီးကပ်ဆုံး ပူးပေါင်း ရှာစားနေသူ စီးပွားရေသမား ၁၂ ဦးတို့၏ ဘဏ်စာရင်းများကို ထိန်းချုပ်ခြင်းများ စတင်ခဲ့ရာ ဦးတေဇလည်း ပါဝင် သွားသည်။

စီးပွားရေးဆိုင်ရာ အရေးယူ ကန့်သတ်မှု ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာ အဲပုဂံ၏ ရန်ကုန်-စင်္ကာပူ-ရန်ကုန် ခရီးစဉ်ကို ရပ်နားခဲ့သည်။

ယခုလို ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား ရပ်ဆိုင်းလိုက်သည့်အတွက် လက်မှတ်ဖိုးများ အပြည့် ပြန်အမ်းပေးမည် ဖြစ်သည့်အပြင် ကြိုတင် လက်မှတ်ယူထားသည့် ဘန်ကောက်မှ ရန်ကုန် လာမည့် ခရီးသည်များအားလည်း နိုင်ငံပိုင် မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း အမ်အေအိုင် သို့ လွှဲပေးထားသည်။

အလားတူပင် အခြားသော ပုဂ္ပလိက လေကြောင်းလိုင်း တခုဖြစ်သော အဲမန္တလေး၏ ရန်ကုန်မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပျံသန်းသော ခရီးစဉ်အား ဇွန်လ ၇ ရက်မှစတင်ကာ သြဂုတ်လ အထိ ခေတ္တ ရပ်ဆိုင်းထားသည်။

“အသေးစိတ် ဘာမှ အကြောင်းကြားထားတာ မရှိဘူး။ လေယာဉ် ခရီးစဉ်ကို သြဂုတ်လ ၇ ရက်အထိ Suspend (ရပ်နား) လုပ်မယ်လို့ အကြောင်းကြားထားတယ်။” ဟု ရန်ကုန်အခြေစိုက် အဲမန္တလေးမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောသည်။

“ခရီးသည် နည်းသွားလို့ ထင်ပါတယ်။ ခရီးသည်တွေက ခုမှ နဲနဲကျသွားတယ်။ အရင်ကတော့ အဲလို မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာလုပ်ငန်းရှင်များပိုင် လေယာဉ် ခရီးစဉ်များ သာမက ပြည်ပ ကုမ္ပဏီများပိုင် လေကြောင်းလိုင်းများလည်း မြန်မာနိုင်ငံသို့ ပြေးဆွဲနေသော ခရီးစဉ်များကိုလည်း အခေါက်ရေ လျော့ချ ပြေးဆွဲနေသည်။
Rest of your post

No comments: