စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 23, 2008

အဖွဲ့ချုပ်အဖွဲ့ဝင်တချို့ပြန်လွတ်၊ ၃ ဦး ဖမ်းဆီးထားဆဲ

အေးလဲ့ မေ ၂၃၊ ၂၀၀၈

ယမန်နေ့က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၁၁ ဦးတွင် ၈ ဦး လွတ်မြောက်လာ ပြီး ၃ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း အန်အယ်လ်ဒီ ကပြောသည်။

ဆက်လက်ဖမ်းဆီးခံထားရသူများမှာ မချို၊ ကိုထွန်းဇော်ဇော် ၊ ကိုခင်ထွန်း တို့ဖြစ်ကြောင်း သိရသည်။

ကြာသပတေးနေ့က ဖမ်းဆီးခံရသူများမှာ ကိုကျော်ကျော်မိုး(ကြည့်မြင်တိုင်)၊ ကိုအောင်သိမ်း(ကြည့်မြင်တိုင်)၊ မထက်ထက်ဦးဝေ(လှော်ကား)၊ စမ်းချောင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေ၊ ဒေါ်ရှမ်းမ (ရွှေပြည်သာ)၊ မချို (တောင်ဒဂုံ)၊ ကိုလေးလွင် (တောင်ဒဂုံ)၊ မဥမ္မာ (တောင်ဒဂုံ)၊ မဝင်းပပ (မြောက်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင်)၊ ကိုခင်ထွန်း(ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ် တာဝန်ခံ) တို့ဖြစ်ပြီး ၎င်းတို့ကို နေအိမ်များမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယနေ့ ပြန်လွတ်လာသည့် စမ်းချောင်းမြို့နယ်အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေက ယမန်နေ့ နံနက်ပိုင်း တွင် စမ်းချောင်း မြို့နယ်ရဲစခန်းနှင့် ကျောက်တံတားမြို့နယ်တို့မှ မြို့နယ်မှူးနှင့် ဒုရဲအုပ် ဦးသိန်းလှိုင် တို့က ဖမ်းဆီး သွားကြောင်းနှင့် ယနေ့ နံနက်၂ နာရီ တွင် ၎င်းအားပြန်လွတ်ပေးလိုက်ကြောင်းကို ဧရာဝတီသို့ ပြောသည်။

၎င်းကို ဖမ်းဆီးရခြင်းအကြောင်းအရင်းမှာ ယခုနှစ်ဇန်နဝါရီလက ပန်းပဲတန်းမြို့နယ်ရဲစခန်းတွင် တရားစွဲ ခံခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း ဦးသက်ဝေ က ဆိုသည်။

“ကျောက်တံတားမြို့နယ် ရဲမှူးက ကျနော့်ကို ဖမ်းဆီးခေါ်ဆောင်ရခြင်းအကြောင်းကို ပြောပြတယ်၊ ပန်ပဲတန်း ရဲစခန်းမှာ တရားစွဲဆိုခံထားရတဲ့အမှုမှာ ကျနော်က ခရိုင်ရဲမှူးနဲ့ တိုင်းရဲမှူး နှစ်ဦးကို သက်သေ ထည့်ထားတဲ့ အတွက် အဲဒီသက်သေခံကို ပန်းပဲတန်းရဲစခန်းကလက်ခံလိုက်ပြီး ရဲမှူး နှစ်ဦး ဆီကို စာရောက်သွားတယ်၊ အဲဒါကြောင့် တိုင်းရဲမင်းကြီးက ဘာကြောင့် သက်သေခံထည့်ရသလဲဆိုတာကို စစ်ဆေး မေးမြန်းချင်လို့ ခေါ်သွားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။

အမှုစစ်အရာရှိ ၃ ဦးက အမျိုးမျိုး ဖိအားပေးခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများပြုလုပ်၍ ၎င်း၏ သက်သေခံ ပစ္စည်း Memory stick အား ကျောက်တံတားရဲစခန်းတွင်ပေးခဲ့ပြီး ပြန်လွှတ်လိုက်သည်ဟုလည်း ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းက အချက်အလက်များ သိမ်းဆည်းသည့် ကွန်ပျူတာသုံး Memory stick တွင် သက်သေခံဖြစ် သည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ကို မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှု နှင့် ပတ်သက်ပြီး နယ်အသီးသီးက နစ်နာသူများမှ တိုင်ကြားသောစာများကို ဦးသက်ဝေ ထံတွင် လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်းရဲစခန်းတွင် တရားစွဲခံရသည့် အမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အကြောင်းအရာကို စစ်ဆေး၍ Memory stick ကို သိမ်းဆည်းလိုက်ခြင်းဖြစ်သည် ဟု ဦးသက်ဝေ က ပြောသည်။

၎င်းစာကို အတုပါဟု ထွက်ဆိုပါက ပြန်လွှတ်ပေးမည်ဟု ရဲကအပေးအယူလုပ်ခဲ့ခြင်းကို လက်မခံဘဲ ငြင်းဆို သောကြောင့် ပုဒ်မတပ် တရားဆွဲခံရခြင်း ဖြစ်သည်ဟု သိရသည်။

အဖမ်းဆီးခံ ကိုခင်ထွန်း၏ မိသားစုဝင် တဦးကမူ သက်ဆိုင်ရာက မည်သို့မျှ အဆက်အသွယ် မပြုလုပ်သေးကြောင့် စိုးရိမ် စိတ်ဖြင့် စောင့်မျှော်ရကြောင်း ပြောဆိုသည်။

No comments: