မောင်ဖူးတင့်
တနင်္လာနေ့၊ ဇွန်လ 30 2008 12:42 - မြန်မာစံတော်ချိန်
၁။
ခေတ်ပေါ်ကဗျာတွေကို နားမလည်ဘူးလို့ ပြောတဲ့စကား ကြားခဲ့ရတာတော့ ကြာပါပြီ။ ကြာပြီဆိုရင် နှစ်ပေါင်း (၃၀) ၀န်းကျင်လောက်တောင်မှ ရှိပြီထင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျနော့်အပေါ် ချစ်ခင်လေးနက်တဲ့ မိတ်ဆွေတဦးက ကျနော့်ကို သူစပ်ထားတယ်ဆိုတဲ့ စာသားတချို့ကို ကဗျာတပုဒ်အဖြစ် မကြာခဏ ရွတ်ပြလေ့ ရှိပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၁၉၉၃-ခုနှစ်တုန်းကပါ။ သူက ဒီကဗျာကို ကျနော်နဲ့ တဦးချင်း ရှိတဲ့အခါ ရွတ်မပြပဲ၊ လူနည်းနည်းစုံပြီ များပြီထင်မှ ရွတ်ပြလေ့ ရှိတာပါ။ ဒီတုန်းက တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" မှာ ရှိတဲ့ "ဒေါ်အောင်ဆန်းစုကြည်လမ်း" ထိပ်၊ "ထူးရာစိုး လ္ဘက်ရည်ဆိုင်" ဆိုတာ ကျနော်တို့ ကဗျာချစ်သူတွေ မကြာခဏ လူစုမိတဲ့ နေရာပေါ့။ ကျနော့်မိတ်ဆွေက အဲဒီ လ္ဘက်ရည်ဆိုင်ထဲမှာပဲ သူရေးစပ်ထားတယ် ဆိုတဲ့ ကဗျာဆိုတာကို ရွတ်ပြတာပါ။ သူ ကဗျာရွတ်ပြပြီးတိုင်း ထိုင်ပြီး နားထောင်နေတဲ့ သူတွေက ၀ိုင်းပြီး ရယ်ကြပါတယ်။ ကျနော့်ကိုဝိုင်းပြီး နောက်ကြ ပြောင်ကြပါတယ်။ ကျနော့်မှာတော့ အနေရ အထိုင်ရ ခက်တာကလွဲပြီး ဘယ်လိုမှ မခံစားရပါဘူး။ ကျနော့်ကို စကြနောက်ကြတဲ့ သူတွေဟာ လူတဖက်သားကို တမင်သက်သက် ချိုးနှိမ်တဲ့ အနေနဲ့ စကြနောက်ကြတာမှ မဟုတ်ပဲ။ ကဗျာရေးတဲ့ ကဗျာချစ်တဲ့ ကျနော့်ကို အရင်းနှီးဆုံး ရဲဘော်တယောက် အနေနဲ့ ၀ိုင်းဝန်း နောက်ပြောင်ခဲ့ကြတာပဲ။ ဒါပေမယ့် ခက်တာက "ခေတ်ပေါ် ကဗျာ" ဆိုတာ ကျနော့်မိတ်ဆွေ လ္ဘက်ရည်ဆိုင်ထဲမှာ ရွတ်ပြခဲ့တဲ့ ကဗျာမျိုး မဟုတ်ဘူး ဆိုတာလောက်ပဲ ကျနော် ရှင်းပြနိုင်ခဲ့တယ်။ တကယ်တော့ ခေတ်ပေါ်ကဗျာကို နားလည်ဘို့ဆိုရင် စာဖတ်သူ ဖက်ကလည်း ခေတ်ပေါ် ကဗျာကို ခံစားနိုင်ဖို့ အားစိုက်ဖို့ လိုသလို၊ စာဖတ်သူ ကိုယ်တိုင်က စာဖတ်နာတဲ့သူ ဧကန်မလွဲ ဖြစ်ဖို့လိုတဲ့ကိစ္စ ကျနော် ရှင်းမပြနိုင်ခဲ့ပါဘူး။ ရှင်းပြဖို့ အခြေအနေကလည်း မပေးခဲ့ပါဘူး။ အခုအချိန်မှာတော့ "စာသားတွေ ကမောက်ကမ၊ ဝေါဟာရတွေ ထင်သလို ချိုးဖျက်ပြီး တမင် အဆီအငေါ့ မတည့်အောင် ဖန်တီးထားတဲ့" ကျနော့် မိတ်ဆွေ ရွတ်ပြခဲ့တဲ့ ကဗျာစာသား ဆိုတာတွေကို ပြန်တွေးကြည့်မိတိုင်း အလိုလို ပြုံးမိတဲ့ အကြိမ်ပေါင်းလည်း များခဲ့ပါပြီ။
၂။
၁၉၉၃-ခုနှစ် ဒီဇင်ဘာလထဲမှာ တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" ကို ဂျာမာန်သူနှစ်ဦး အလည် လာခဲ့ကြဖူးပါတယ်။ တဦးက စာပေ၀ါသနာရှင် တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး၊ နောက်တဦးကတော့ အဖော်အဖြစ် လိုက်ပါလာဟန်တူတဲ့ မိခင် ဖြစ်ပါတယ်။ သူတို့နှစ်ဦးက မာနယ်ပလောမှာရှိတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူတွေနဲ့ တွေ့ဆုံ စကားပြောချင်တယ် ဆိုလို့ ကဗျာဝါသနာရှင် (၃၀) လောက်က သူတို့နှစ်ဦးနဲ့ စကားဝိုင်းဖွဲ့ ထိုင်ခဲ့ကြပါတယ်။ စကားဝိုင်း ပြုလုပ်တဲ့ နေရာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုဌာနချုပ် စည်းဝေးခန်းမမှာ ပြုလုပ်တာပါ။ ဒီတုန်းက စကားဝိုင်းဖြစ်အောင် ကမကထပြုတဲ့ အယ်ဒီတာဟောင်း ဦး (၀င်းခက်) ကပဲ စကားပြန်အဖြစ် ဆောင်ရွက်ပါတယ်။
ကျနော်တို့တတွေ၊ ဂျာမာန်သူနှစ်ဦးနဲ့ မြန်မာစာပေအကြောင်း အနည်းအကျဉ်း ပြောခဲ့ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာစာပေမှာ နိုင်ငံခြားစာပေ လွှမ်းမိုးမှု ရှိမရှိကိစ္စနဲ့ စစ်အာဏာရှင် လက်အောက်က မြန်မာစာပေ လမ်းကြောင်းဆိုပြီး ကျနော့်တို့တတွေ တက်နိုင်သလောက် ရှင်းလင်း ပြောဆိုလိုက်ကြပါတယ်။
စကားဝိုင်းပြီးကာနီးတော့ ကျနော်က "ဂျာမနီ နှစ်နိုင်ငံ ကွဲနေစဉ်တုန်းက ဘယ်ဖက်ခြမ်းက ကဗျာတွေကို ခင်ဗျားတို့ ပိုပြီး နှစ်သက်မိသလဲ" လို့ မေးခွန်းမေးမိပါတယ်။ ဒီတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံးက "အရှေ့ ဂျာမနီဆိုတာ၊ အဲဒီအချိန်တုန်းက တပါတီ အာဏာရှင်စနစ် လက်အောက်မှာ ရှိနေတာမို့၊ ကဗျာဆရာတွေဟာ အာဏာရှင်တွေ မသိအောင် ကဗျာတွေကို ဝေါဟာရ အသစ်တွေ၊ အတတ်ပညာ အသစ်တွေ ဖန်တီးပြီး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဖန်တီးရတာမို့ အရှေ့ဂျာမနီက ကဗျာတွေဟာပိုပြီး လှပတယ်လို့ ထင်လို့၊ အရှေ့ ဂျာမနီဖက်က ကဗျာတွေကို ပိုပြီးနှစ်သက်ခဲ့တယ်" လို့ တညီတညွတ်တည်း ဖြေကြပါတယ်။ ကျနော်ကလည်း သူတို့အပေါ် မူတည်ပြီး "ဒါဆိုရင် ကဗျာတွေ လှဖို့သစ်ဖို့အတွက် အာဏာရှင်စနစ် အဓွန့်ရှည်ပါစေ" လို့တောင် ဆုတောင်းရမလို ဖြစ်နေပြီ" လို့ မှတ်ချက်စကားပြောတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံး "ဒီလိုလည်း မဟုတ်ရပါဘူး" ဆိုပြီး လက်တကာကာ ခေါင်းတခါခါနဲ့ ငြင်းလိုက်ကြပါတယ်။
၃။
အမှန်တကယ်အားဖြင့်ဆိုရင် ခေတ်ပေါ် ကဗျာမှရယ်လို့ မဟုတ်ပါဘူး၊ ဘယ်ခေတ်မှာပေါ်တဲ့ ကဗျာပဲ ဖြစ်ဖြစ် လူတိုင်း နားလည်ဘို့ မလွယ်တဲ့ ကဗျာတွေချည်းပဲဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ရင်ပဲ သိနိုင်ပါတယ်။ ခေတ်တိုင်း ခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ ကဗျာတွေဟာ တကယ်တော့ အဲဒီခေတ်ရဲ့ "ခေတ်ပေါ်ကဗျာ" တွေ ချည်းပါပဲ။ အဲဒီ ခေတ်တိုင်းခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ သူ့ခေတ်ဆိုင်ရာ "ခေတ်ပေါ်ကဗျာ" တွေကို အဲဒီခေတ်တိုင်း ခေတ်တိုင်းမှာရှိတဲ့ စာဖတ်သူတွေဟာ အလွယ်တကူ နားလည်နိုင်ခဲ့ကြရဲ့လား။
တကယ်တော့ ကဗျာဆိုတာ အရိပ်ပြလို့ အကောင်ထင်အောင် ကြည့်ရတဲ့ ကိစ္စပါ။ မှော်နဲ့ရေးတာကို မှော်နဲ့ပဲ ခံစားယူရတဲ့ ကိစ္စပါ။ ကဗျာဖတ်တဲ့ အလုပ်ဟာ အင်မတန် သိမ်မွေ့နက်နဲတဲ့ ကိစ္စဆိုတော့ "လူမှာအတွေ့ နတ်မှာအငွေ့" ဆိုသလို ကဗျာဖတ်ခြင်း အလုပ်ကို အဲသလောက်အထိမြှင့်ပြီး တင်စား ပြောဆိုလို့ရမယ် ထင်ပါတယ်။ အင်မတန် အဆင့်မြင့်တဲ့ ယဉ်ကျေးမှုရေး ကိစ္စပါ။ ကဗျာဆိုတာ ဘယ်ခေတ်မှာမဆို နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ အင်္လကာတွေနဲ့သာ ရေးရဖွဲ့ရတဲ့ကိစ္စပါ။ ကဗျာဖတ်သူဟာ ခေတ်ပေါ်ကဗျာကို ခံစားယူလို့ ရနိုင်ဖို့ ဆိုရင် အနည်းဆုံး သူ့အရင်ပေါ်ခဲ့တဲ့ အနီးဆုံးခေတ်က ကဗျာတွေလောက်ကစပြီး စိုက်လိုက်မတ်တတ် ဖတ်ရှုခဲ့ဖို့ လိုအပ်ပါတယ်။ ကဗျာဖတ်နာဖို့ လိုပါတယ်။ ဒါကြောင့်မို့ "ခေတ်ပေါ်ကဗျာ" လို့ ဆိုလိုက်ရင် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နိမိတ်ပုံ၊ သင်္ကေတ အစရှိတဲ့ ကဗျာ့ပရိယါယ်တွေကို သစ်သထက်သစ်အောင် လုပ်ကြရတာ ချည်းပါပဲ။ ကျစ်သထက်ကျစ်အောင် ကြိုးစားရတာချည်းပါပဲ။ ဒီလို "သစ်အောင်ကျစ်အောင်" လုပ်တဲ့အလုပ်ဟာ ဘယ်ခေတ်မှာရယ်လို့ မဟုတ်ပါဘူး။ ကဗျာ အလုပ်ကိုယ်၌က ကဗျာဆိုတာ "အရိပ်အယောင်" ကိုပဲ ပြတဲ့ ပြောတဲ့ အလုပ် ဖြစ်ပါတယ်။ ရှင်းမပြပဲ ခင်းပြတဲ့အလုပ်ကို လုပ်ရပါတယ်။ ဒါကြောင့်မို့ ကဗျာကို စာဖတ်သူတွေ စကားပြေလောက် နည်းလည်လို့ မလွယ်တာပဲ ဖြစ်ပါတယ်။
အောက်မှာ၊ ဂျာမနီ နှစ်နိုင်ငံ ကွဲစဉ်တုန်းက အရှေ့ဂျာမနီက ကဗျာဆရာ "ကဒ် ဒရာဝပ်" ရဲ့ "ပုံစံကျ ကြေးမုံ" ဆိုတဲ့ ကဗျာတပုဒ်ကို လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကလည်း "ကဗျာ" ကို ကဗျာဖြစ်အောင် ရေးကြတာ တွေ့ကြရပါလိမ့်မယ်။ ကဗျာဆရာက ဘာကိုပြောချင် ပေးချင်တာလဲ ဆိုတာတော့ စာဖတ်သူများ တူးဖော် ခံစားကြည့်ကြရပါလိမ့်မယ်။
ပုံစံကျကြေးမုံ
မျက်လုံးတွေကို ပြူးကျယ်သွားအောင် ချဲ့ပစ်လိုက်
နှာခေါင်းကို ရှုံ့ပစ်လိုက်
လည်တိုင်ကို တိုပစ်လိုက်။
ဦးခေါင်း၊ လည်တိုင်နဲ့ နားရွက်တွေကို
နေရာပြောင်းပစ်လိုက်
ရှည်မျောမျောဖြစ်အောင် လုပ်ပစ်လိုက်
မေးစေ့ကို နဖူးထိပ်အထိ မ တင်ဆွဲချဲ့လိုက်
လှိုင်းခုံးတွေ ... ။
ပါးစပ်ကို အ၀ိုင်းလုပ်ပစ်လိုက်
အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် အရေပြားကို ဆွဲချဲ့လိုက်။
ကဗျာတပုဒ်လို
ဒါမှမဟုတ်
ဘ၀ရဲ့ အခြေခံမူများလို
အရာအားလုံး ပြောင်းလဲပစ်လိုက် ။ ။
ကဲ ... စာဖတ်သူများ အခုဆိုရင် ဒီကဗျာလေးကို ဖတ်ပြီးကြရောပေါ့။ ဒီနေရာမှာ ဒီကဗျာက ဘာကို ဆိုလိုတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ ဒီကဗျာကို မဖြစ်မနေ နောက်တကြိမ် ထပ်ပြီးဖတ်ဖို့ စဉ်းစားနေမိကြမလားပဲ။ ဒါဆိုရင် နောက်တကြိမ်လောက်တော့ ထပ်ဖတ်ကြည့်ပါအုန်း။ "ကဒ် ဒရာဝပ်" က ဘာကိုပြောချင် ပေးချင်တာပါလိမ့်။ ကျနော်ကတော့ မကြာခဏဆိုသလို ဒါမှမဟုတ် တွေးမိတဲ့အချိန်တိုင်း ဒီကဗျာလေးကို အထပ်ထပ်အခါခါ ဖတ်နေမိတာပါပဲ။ အဲ ... ထူးဆန်းတဲ့အချက်က နောက်တကြိမ် ထပ်ပြီးဖတ်ရင် နောက်ထပ်အတွေး၊ နောက်ထပ် ခံစားမှုတခုခုကို ထပ်ထပ်ပြီး ရနေတုန်းပဲဆိုတဲ့ ထူးဆန်းတဲ့ အချက်ပါပဲ။
စာဖတ်သူများ ဒီကဗျာလေးကို ဖတ်ကြည့်ကြစမ်းပါ။ တွေးကြည့်ပါ။ အနိမ့်ဆုံးတော့ ကဗျာဖတ်ရတဲ့ အလုပ်ဟာ ပျော်စရာကောင်းတာ တွေ့ကြရပါလိမ့်မယ်။ ။
Monday, June 30, 2008
ကြေးမုံတချပ် လက်ဆောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment