စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 9, 2008

ထိုင်းစစ်ဦးစီးအရာရှိချုပ် ထိုင်း-မြန်မာနယ်စပ် စစ်ဆေး


ဗိုလ်ချုပ်ကြီးမွန်တရီချွန်ဖူကျန်နှင့်အဖွဲ့ဝင်များ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားသို့ ရောက်ရှိစဉ်
NEJ/ ၉ ဇူလိုင် ၂၀၀၈

နယ်စပ်မူးယစ်ဆေးဝါးပြဿနာ၊ ဒုက္ခသည်စခန်းဆိုင်ရာ ကိစ္စနှင့် နိုင်ငံခြားသား အလုပ်သမားများ ခိုးဝင်သည့် ကိစ္စများအား တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ထိုင်းစစ်ဦးစီး အရာရှိချုပ်နှင့်အဖွဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုနှင့် မယ်လဒုက္ခသည်စခန်းသို့ လာရောက် ခဲ့သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းနိုင်ငံ နိုင်ငံတော်ပြည်တွင်းလုံခြုံရေးဌာနအတွင်းရေးမှူး ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မွန်တရီချွန်ဖူကျန်နှင့်အဖွဲ့သည် ယနေ့နံနက်က မဲဆောက်မြို့သို့ ရောက်ရှိလာပြီး ဒေသခံအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ယနေ့နံနက်ပိုင်းက မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာကွပ်ကဲရေးတပ် စည်းဝေး
ခန်းမတွင် အဆိုပါကိစ္စများကို တံခါးပိတ်အစည်းအဝေး ကျင်းပအပြီးတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က “ဒီကိစ္စသုံးခုအတွက် ဒေသခံတာဝန်ရှိ သူတွေနဲ့ လာရောက်တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး တာဖြစ်တယ်။ နိုင်ငံခြားသားအလုပ်သမား ခိုးဝင်တဲ့ကိစ္စ၊ မူးယစ်ဆေးဝါး နယ်စပ်ကနေ ဝင်ရောက်
တဲ့ကိစ္စတွေ ဆက်လက်မဖြစ်ပွားရအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားဖို့အတွက် လာရောက်ဆွေးနွေးတာဖြစ်တယ်” ဟု ဒေသခံ သတင်းထောက်များအား ပြောကြားသည်။

သို့ရာတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က ဒေသခံ သတင်းထောက်များ၏ မေးမြန်းချက်များကို အသေးစိတ် ဖြေကြားရန် ငြင်းဆိုခဲ့ပြီး ထိုင်းသတင်းထောက်တဦးက တတိယနိုင်ငံသို့ ဒုက္ခသည် များ ထွက်ခွာလျက်ရှိပြီး တတိယနိုင်ငံသို့ မထွက်ခွာလိုဘဲ ကျန်ရှိသူများအတွက် မည်သည့်အစီ အစဉ်များ ရှိပါသနည်းဟု မေးမြန်းရာ ဗိုလ်ချုပ်ကြီးက "ဒုက္ခသည်နဲ့ ပတ်သက်တဲ့ကိစ္စကို ထိုင်း အစိုးရက ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်" ဟုသာ ဖြေကြားသည်။

ဗိုလ်ချုပ်ကြီး မွန်တရီနှင့်အဖွဲ့ဝင်များသည် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားသို့ သွားရောက် ကာ နယ်စပ်ကုန်သွယ်ရေး အခြေအနေများအား ကြည့်ရှုပြီး မွန်းလွဲ (၂) နာရီခွဲတွင် ရဟတ်ယာဉ် ဖြင့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး စခန်း အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်တွေ့ဆုံကာ စခန်းအတွင်း အခြေအနေများကို စစ်ဆေးခဲ့သည်။

မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောသာကဲက “အဲဒီလူကြီးအဖွဲ့ စခန်းကို လာသွားတယ်။ ကျနော်တို့ စခန်းကော်မတီ တာဝန်ရှိသူတွေနဲ့ မတွေ့ဘူး။ ထိုင်းစခန်းအုပ်ချုပ်ရေးမှူး နိုင်အခရပ်ဖန်းနဲ့ အဖွဲ့ကို တွေ့ပြီး ဆွေးနွေးကြတယ်၊ နောက်ပြီး စခန်းလုံခြုံရေး ယူထားတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့တယ်၊ ဘာတွေ ဆွေးနွေးလဲတော့ ကျနော်တို့လည်း မသိဘူး။ အခုကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးမယ် ဆိုရင်တော့ စခန်းအုပ်ချုပ်ရေးမှူးက ကျနော်တို့ စခန်းကော်မတီကို ခေါ်ပြီး အခြေအနေကို ရှင်းပြမှာဖြစ်တယ်။ လောလောဆယ်တော့ ဘာမှမသိရသေးဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါအဖွဲ့တွင် ဗိုလ်ချုပ်ကြီးနှင့်အတူ အမှတ် (၃) စစ်ဒေသ ဒုတိယတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနုံဆတ်အဖိရတ်ယိုထင်၊ မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဘွန်းစို့နှင့် တာ့က်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး၊ ရဲနှင့် ထိုင်းလဝကအဖွဲ့ တာဝန်ရှိသူများ ပါရှိသည်။ ။

No comments: