စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 9, 2008

စစ်အစိုးရ၏ စီးပွားရေးသမားများ လေဘေးလုပ်ငန်း မလုပ်ဘဲ ရှောင်နေ

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 11:09 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီးတွင် မုန်တိုင်းသင့် ဒေသများ၌ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများကို တာဝန် ပေးအပ်ခဲ့သည်။ သို့သော် သူတို့ လိုအပ်သော ငွေကြေးများရမည် မရမည် မသေချာသည့်အတွက် အတော်များများက ဤအလုပ်ကို လက်ခံရန် ဝန်လေးနေကြကြောင်း သတင်းရပ်ကွက်များက ပြောဆိုကြပါသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်း၏ အပြောအရ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၃ဝ ကျော်ကို စစ်အစိုးရက တာဝန် ပေးအပ်ခဲ့သည်ဟုဆိုသည်။ သို့သော် ကုမ္ပဏီအများအပြားမှာ ရှေ့ဆက်လုပ်ရန် အတွက် စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြသည်ဟု ဆိုပါသည်။

ပုံမှန်အားဖြင့် စစ်အစိုးရနှင့် အမြီးစားဖက် ခေါင်းစားဖက် ဖြစ်ကြသော အဆိုပါ စီးပွါးရေး အုပ်စုများမှာ စစ်အစိုးရ၏ မည်သည့် စီမံကိန်းအတွက်မဆို အပြေးအလွှားသွား၍ ဝင်ရောက် လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများသာ ဖြစ်သည်။ ဤသို့ လုပ်ပေးခြင်းဖြင့် သူတို့အတွက်လည်း “စီးပွါးရေး အခွင့်အလမ်း” များဆိုသည့် အထူး အခွင့်အရေးများကို စစ်အစိုးရက ပြန်လည် ဆုချလေ့ ရှိခြင်းကြောင့် ဖြစ်သည်။

“ဒီလို ကုမ္ပဏီတွေအတွက် ဒါမျိုးတွေက အသက်သွေးကြောလို ဖြစ်နေတာလေ” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောဆိုသွားပါသည်။

သို့သော် ယခုအခါတွင်မူ မည်သည့် “စီးပွါးရေး အခွင့်အလမ်း” မျိုး အပြန်အလှန်အားဖြင့် ကျေးဇူးပြုခံရမည်ကို မသေချာသဖြင့် အဆိုပါ ကုမ္ပဏီများသည် မုန်တိုင်းသင့် ဒေသများတွင် ဤသို့ စေတနာ့ဝန်ထမ်း ပရဟိတ လုပ်ငန်းများ သွားလုပ်ပေးရမည်ကို အင်တင်တင် ဖြစ်နေကြသည်။

ဤသို့ စီးပွါးရေးသမား အတော်များများက သူတို့၏ စိုးရိမ်ကြောင့်မှုများကို ထုတ်ဖေါ် ပြောဆိုခဲ့ကြသော်လည်း အချို့မှာမူ မုန်တိုင်း အပျက်အစီးများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသောအခါ စိတ်အလွန်ထိခိုက်ပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် အပြည့်အဝ ဝင်ရောက် ဆောင်ရွက်နေကြသူများလည်း ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ အရေးသုံးသပ်သူ ဦးအောင်နိုင်ဦး ကပြောဆိုသွားပါသည်။

သို့သော် တချိန်တည်းတွင်ပင် အချို့သော ကုမ္ပဏီ အများအပြားကလည်း မုန်တိုင်း ဒုက္ခသည်များအတွက် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ပေးခြင်းဖြင့် သူတို့အတွက် ဘာပြန်ရနိုင်မလဲ ဆိုသည်ကို အပေးအယူလုပ် ဈေးစကားပြောလျက်ပင် ရှိသေးကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

“မြစ်ဝကျွန်းပေါ်က လူထုတွေကြားမှာ ပြောနေကြတာ ရှိတယ်။ ဒီဆိုင်ကလုံးက စီးပွါးရေးသမားတွေ ကြားထဲ ဘယ်သူက လူသားဆန်တဲ့ နှလုံးသား ရှိတယ်၊ ဘယ်သူက မရှိဘူး ဆိုတာ မုန်တိုင်းက ကွဲကွဲပြားပြား ပြပေးလိုက်တာဘဲလို့ ပြောနေကြတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသွားပါသည်။

ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စောင့်ကြည့် လေ့လာရန် မြန်မာနိုင်ငံ စစ်အစိုးရက သူ၏ ဝန်ကြီး အများအပြားကို မုန်တိုင်းသင့် ဒေသများရှိ မြို့နယ်များသို့ စေလွှတ် တာဝန်ပေးထားသည်ဟု ဆိုသည်။

စစ်အစိုးရနှင့် နီးစပ်သူများ၏ အပြောအရ စစ်အစိုးရသည် ဤပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အရှက်တကွဲနှင့် သိက္ခာအကျခံပြီး လုပ်နေရသည်ဟု ဆိုပါသည်။

စစ်အစိုးရ၏ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးက ဟိုင်းကြီးကျွန်းသို့ သွားရောက် စစ်ဆေးစဉ် အဆိုပါ ဒေသမှ ကျေးရွာသားများအား “ကျုပ်တို့က ဒီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အရှက်တကွဲ နဲ့ သိက္ခာအကျခံပြီး လုပ်နေရတာ” ဟု ပြောသွားသည်ဟု သတင်းရပ်ကွက် တခုက ပြောဆိုပါသည်။

ဤသို့ တင်အောင်မြင့်ဦး ပြောဆိုသွားသည်ကို သီးခြား လွတ်လပ်သည့် အတည်ပြုချက် မရရှိနိုင်သော်လည်း ရန်ကုန်တိုင်းတွင် မုန်တိုင်း ဒုက္ခသည်များအား အကူအညီများ ပေးနေသည့် အကူအညီပေးရေး လုပ်သားများက ပြောဆိုသည်မှာ ယခုအခါ မုန်တိုင်း ဒုက္ခသည်များကို သူတို့ခိုလှုံရာ မုန်တိုင်း ကယ်ဆယ်ရေး ယာယီစခန်းများမှ ပြောင်းရွှေ့ခိုင်းနေပြီး အခြေအနေများ ပုံမှန်သို့ ပြန်လည် ရောက်ရှိနေပြီဟု ထင်မြင်အောင် ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“အခုဆိုရင် ယာယီ ကယ်ဆယ်ရေးစခန်းတွေ အတော်များများ ပိတ်ပစ်လိုက်ပြီဗျ။ လူတွေကို အတင်းအကြပ် ကိုယ့်နေရာကိုယ် ပြန်ခိုင်းနေတယ်။ အဲဒီမှာလဲ နေစရာဆိုလို့ ဘာမှ ကျန်တော့တာ မဟုတ်ဘူး” ဟု ကွမ်းခြံကုန်း၊ ဒေးဒရဲ နှင့် ကော့မှူး မြို့နယ်များတွင် မုန်တိုင်း ဒုက္ခသည်များအား အကူအညီများ ပေးအပ်နေသော အကူအညီပေးရေး လုပ်သားတဦးက ပြောဆိုသွားခဲ့ပါသည်။

အာဏာပိုင်များက သူတို့၏ ကြိုးပန်းမှုနှင့် ညှိနှိုင်း ဆောင်ရွက်မှုများကြောင့် ယခုအခါ အခြေအနေမှာ ပုံမှန်သို့ ပြန်လည် ရောက်ရှိသွားပြီဟု နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြချင်နေသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသွားပါသည်။

No comments: