စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 23, 2008

စစ်အစိုးရက ရွေးကောက်ပွဲကို တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် သြတြေးလျနိုင်ငံက မြင်လို

Agencies/ ၂၃ ဇူလိုင် ၂၀၀၈

မြန်မာစစ်အစိုးရ၏၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲအား အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစု များအားလုံး ပါဝင်ပြီး လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲအဖြစ် တွေ့မြင်လို ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖန် စမစ်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မစ္စတာ စမစ်က “မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျနော် မနေ့က စကားပြောဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်စေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲ ဖြစ်ပေါ်လာမှာကို သြစတြေးလျအစိုးရက မြင်တွေ့လိုပါတယ်” ဟု စင်ကာပူ၌ သတင်းထောက်များအား ယနေ့ပြောသည်။

စင်ကာပူတွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ယင်းသို့ပြောကြားခဲ့ရာ ဦးဥာဏ်ဝင်းထံမှမူ ၎င်းတို့အနေဖြင့် စစ်အစိုးရ Road Map အတိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟူသော အဖြေကိုသာရခဲ့ကြောင်း မစ္စတာစမစ်က ပြောသည်။

စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသက်ဆိုး ရှည်စေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု စွပ်စွဲ၍ အတိုက် အခံ နိုင်ငံရေးအင်အားစုများက ပယ်ချထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ ၂၀၁၀ ပြည့် နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် မြန်မာစစ်အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အာဆီယံပဋိညာဉ်စာချုပ်ကို ယခုလ (၂၁) ရက်တွင် သဘောတူခဲ့ သည့် မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် လိုအပ်ကြောင်း မစ္စတာစမစ်က ယနေ့ ထပ်မံတိုက်တွန်းလိုက်သည်။

သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေသော စစ်အစိုးရက အာဆီယံ ပဋိညာဉ်စာချုပ်ကို ယခုကဲ့သို့ သဘောတူခြင်းသည် ဟန်ပြသာဖြစ်၍ ပြောင်းလဲမည့် လက္ခဏာ တစုံတရာ မတွေ့ရကြောင်း လေ့လာသူများက ပြောသည်။

သြစတြေးလျအစိုးရက မြန်မာမုန်တိုင်းဘေးအတွက် ကူညီငွေ အမေရိကန်ဒေါ်လာ (၂၉) သန်း ထပ်မံပေးမည်ဖြစ်ကြောင်း ယနေ့ကြေညာခဲ့သည်။ ယခုငွေ မတိုင်မီကလည်း အမေရိကန်ဒေါ်လာ (၂၄) သန်းကျော် ကူညီပြီးဖြစ်သည်။ ။

No comments: