စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 1, 2008

ရန်ကုန် လောင်းကစားဝိုင်းများ အသွင်ပြောင်း

အောင်သက်ဝိုင်း ဇူလိုင် ၁၊ ၂၀၀၈

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေးကြပ်တည်းမှုကြောင့် စားဝတ်နေရေးပြေလည်စေရန် ချဲထီ၊ နှစ်လုံးထီ၊ ဘောလုံးအပါအ၀င် လောင်းကစားလုပ်ငန်းများကို ၀င်ငွေရှာသည့် လုပ်ငန်းများအဖြစ် လူအများ လုပ်ကိုင်နေကြရာ ရန်ကုန် မြို့၌ ကလေးကစားကွင်းများနှင့် တွဲဖက်ပြီး ဖွင့်လှစ်ထားသော ဖျော်ဖြေရေးအပန်းဖြေ စင်တာများတွင် ငွေကြေးအခြေခံ လောင်းကစားမှုများ အကြီးအကျယ် ပြုလုပ်နေကြကြောင်း သိရှိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ငွေကြေးမပါဝင်ဘဲ အပျော်တမ်း ဖျော်ဖြေရေးအတွက်သာ ခွင့်ပြုခြင်းဖြစ်သည်ဟုဆိုသော ဖဲရိုက်ခြင်း၊ အကြွေစေ့လှည့်ခြင်း အပါအ၀င် ကွန်ပျူတာနည်းပညာဖြင့် ပြုလုပ်ထားသော လောင်းကစားစက်များရှိရာ ဖန်တက်စီဝေါနှင့် အာလာဒင် အပန်းဖြေ စင်တာများတွင် တနေ့တခြား လောင်းကစားသူများ တိုးတက်များပြားလာပြီး နေ့စဉ် လောင်းကစားသူ နှစ်ထောင်နှင့် ငါးထောင်အကြားရှိကြောင်း ရန်ကုန် ဟံသာဝတီကားပွဲစားတန်းမှ ယင်းအပန်းဖြေစင်တာများတွင် သွားရောက်လောင်း ကစားသည့် ကားပွဲစားများက ပြောသည်။

“တနေ့တနေ့ ဘာအလုပ်မှ မယ်မယ်ရရမရှိတော့ ဖန်တက်စီဝေါကိုသွား အကြွေစေ့ဝယ် လောင်းကစားကြတယ်။ ဖဲရိုက်တာ တွေ၊ အကြွေစေ့လှည့်တာတွေနဲ့ တခြားလောင်းကစားနည်းတွေ အများကြီးပဲ၊ ဆယ်ကျော်သက်တွေနဲ့ လူကြီးပိုင်းတွေ၊ ပွဲစားတွေ တော်တော်များများ လာကစားကြတယ်”ဟု ကားပွဲစားတဦးက ဆိုသည်။

အဆိုပါ ဖန်တက်စီဝေါနှင့် အာလာဒင် အပန်းဖြေစင်တာများတွင် အကြွေစေ့များ တရားမ၀င် ရောင်းဝယ်ကြခြင်းနှင့် လောင်း ကစားပြုလုပ်ခြင်းများ လုံးဝခွင့်မပြုဆိုသော သတိပေးစာတန်းများ ကပ်ထားသော်လည်း စင်တာဝန်ထမ်းများ ကိုယ်တိုင် လောင်းကစားရာတွင် အသုံးပြုရသည့် အကြွေစေ့များ ပြန်လည်ဝယ်ယူမှုများ ပြုလုပ်ကြကြောင်း သိရှိရသည်။

“ဒီအပန်းဖြေစင်တာတွေက လောင်းကစားဖို့ အကြွေစေ့ရောင်းပေးတယ်။ လောင်းကစားလို့ရလာတဲ့ အကြွေစေ့တွေကို စင်တာကပဲ တခြားအကြွေစေ့ ပွဲစားတွေဆီက တဆင့်ပြန်ဝယ်တယ်။ ဒါပေမယ့် လောင်းကစားရာကနိုင်တဲ့ အကြွေစေ့တွေ ငွေပြန်မလဲပေးဘဲ လက်ဆောင်ပစ္စည်းသာ ထုတ်ယူရန်ဆိုတဲ့ စာတန်းတွေကတော့ စင်တာတွေ အားလုံးမှာ ကပ်ထားတယ်” ဟု မဟာဗန္ဓုလပန်းခြံဘေးရှိ ဖန်တက်စီဝေါကစားကွင်းတွင် ပုံမှန်လောင်းကစားလေ့ရှိသူ ရန်ကုန်မြို့ခံလူငယ်တဦးက ဆိုသည်။

အဆိုပါစင်တာများက လောင်းကစားရန် အကြွေစေ့များကို တစေ့လျှင် ငွေတရာကျပ်နှုန်းဖြင့် ရောင်းချပြီး လောင်းကစားပြီး ရရှိသော အကြွေစေ့များကို ပွဲစားများမှတဆင့် တစေ့ ငွေကိုးဆယ်ကျပ်နှုန်းဖြင့် မူလ ရောင်းဈေးထက် ငွေ ၁၀ ဈေးနှိမ်ပြီး ပြန်လည်ဝယ်ယူကြကြောင်း သိရှိရသည်။

“လာကစားကြတဲ့သူတွေက ထမင်းချိုင့်နဲ့လာပြီး မနက် ၁၀ နာရီလောက်ကနေ ည ၁၀ နာရီထိုးမှပြန်ကြတယ်။ စီးပွားရေး လုပ်တဲ့ပုံစံနဲ့ကို လာကစားကြတာ။ တနေ့ကိုအနည်းဆုံး လောင်းကစားတဲ့သူ ငါးရာလောက်ရှိတယ်။ စနေ၊ တနင်္ဂနွေနေ့တွေ ဆိုရင်တော့ ကစားသူ ထောင်ကျော်တယ်”ဟု ရန်ကုန် မြို့တွင်း ဗိုလ်အောင်ကျော်လမ်းတွင် ဖွင့်လှစ်ထားသည့် အာလာဒင် အပန်းဖြေစင်တာမှ လုံခြုံရေးဝန်ထမ်းလူငယ်တဦးက ဆိုသည်။

အဆိုပါစင်တာများတွင် လာရောက်လောင်းကစားကြသူများတွင် ဆယ်ကျော်သက်အရွယ် လူငယ်များမှ သက်ကြီးပိုင်း ၅၀ ကျော် အရွယ်လူကြီးများလည်းပါဝင်ပြီး လောင်းကစားပြုလုပ်သည့် ရန်ကုန်မြို့ခံ အမျိုးသမီးအများအပြားလည်း ရှိနေ ကြောင်း အာလာဒင်နှင့် ဖန်တက်စီဝေါ အပန်းဖြေစင်တာများမှ ၀န်ထမ်းများ၏ ပြောဆိုချက်အရ သိရှိရသည်။

“မနက် ၁၁ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ လာကစားတယ်။ တနေ့ကို အရင်းက တသောင်းရှိတယ်။ အမြတ်ကတော့ ၃၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ရတယ်။ အိမ်စရိတ် ကာမိတာပေါ့။ အမြတ်ကျန်ဖို့ ဒီကစားနည်းတွေကို အမြဲတမ်းလေ့လာကစားရင် ဘယ်လိုကစားရမယ်ဆိုတာ သိလာတယ်။ အဓိက လောဘမကြီးဖို့နဲ့ စိတ်ရှည်ဖို့ပဲ”ဟု ရန်ကုန် သိမ်ကြီးဈေးရှိ ဖန်တက်စီဝေါ အပန်းဖြေစင်တာတွင် လာကစားသည့် ကျောက်တံတားမြို့နယ်မှ အသက် ၃၉ နှစ်အရွယ် အိမ်ရှင်မတဦးက ပြောသည်။

မဟာဗန္ဓုလပန်းခြံဘေးရှိ ဖန်တက်စီဝေါအပန်းဖြေစင်တာတွင် ပုံမှန်လောင်းကစားနေသူ ရန်ကုန်မြို့ခံ အဝေးသင်တက္ကသိုလ် မြန်မာစာအထူးပြု ကျောင်းသားတဦးကလည်း အပန်းဖြေစင်တာများတွင် လောင်းကစားခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရှာသည့် သူ အများအပြားရှိလာကြောင်း ရှင်းပြသည်။

“နိုင်တဲ့သူတွေရှိသလို၊ ရှုံးတဲ့သူတွေလည်း အများကြီးပဲ။ နောက်ဆုံး တကယ်နိုင်တာက ဒိုင် (အပန်းဖြေစင်တာ) ပေါ့။ ဒါပေ မယ့်လည်း ကျနော်ကိုယ်တိုင် အသုံးစရိတ်လေး ရနိုးနိုးနဲ့ နေ့စဉ်သွားကစားဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အပန်းဖြေစင်တာများတွင် လောင်းကစားသည့် ဆယ်ကျော်သက် အရွယ်များတွင် အခြေခံပညာအထက်တန်း ကျောင်းသား များပါ ကျောင်းမတက်ဘဲ လောင်းကစားမှုများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

“မုန့်ဖိုးစုပြီး သူငယ်ချင်းတွေနဲ့ လာကစားတာ။ နေ့တိုင်းတော့ မဟုတ်ဘူး။ တပတ်ကို တခါတော့လာတယ်”ဟု ဗိုလ်အောင် ကျော်လမ်း အာလာဒင် အပန်းဖြေစင်တာတွင် လာကစားသည့် အသက် ၁၅ နှစ်အရွယ် အမှတ် ၁ အခြေခံပညာအထက် တန်းကျောင်း လှိုင်မြို့နယ်တံဆိပ်ပါ ကျောင်းစိမ်းဝတ်စုံကို ၀တ်ဆင်ထားသည့် လူငယ်တဦးက ပြောသည်။

ရန်ကုန်မြို့တွင် တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် လောင်းကစား အပန်းဖြေစင်တာ သုံးခုရှိပြီး သိမ်ကြီးဈေးတွင် ဖန်တက်စီဝေါစင်တာတခု၊ မဟာဗန္ဓုလပန်းခြံဘေးတွင် ဖန်တက်စီဝေါစင်တာတခုနှင့်ဗိုလ်အောင်ကျော်လမ်းတွင် အာလာဒင် အပန်းဖြေစင်တာတခု ရှိကြောင်း၊ တရားဝင်မဟုတ်သည့် လောင်းကစားစင်တာ အများအပြားလည်း ရန်ကုန်မြို့တွင်ရှိနေပြီး ၎င်းစင်တာများမှာ ရဲများကို ငွေပေး၍ ဖွင့်လှစ်ကြခြင်းဖြစ်ကြောင်း၊ အပန်းဖြေစင်တာများမှာ မနက် ၉ နာရီမှ ည ၁၁ နာရီ အထိ ဖွင့်လှစ်ကြပြီး အမြတ်ငွေမှာလည်း နေ့စဉ် ကျပ် သိန်း ၃၀ နှင့် ၅၀ အကြားတွင်ရှိကြောင်း ရန်ကုန်မြို့ခံများထံမှ စုံစမ်း သိရှိရသည်။

“တနေ့ကို ကျပ် ၂၇ သိန်း အထက်မှာ အမြတ်ရှိတယ်။ အခု မဟာဗန္ဓုလပန်းခြံဘေးက ဖန်တက်စီဝေါကို အခန်းတွေ ထပ်ချဲ့ပြီး စက်တွေထပ်ပြီးတပ်ဖို့ လုပ်နေတယ်။ သိမ်ကြီးဈေးက ဖန်တက်စီဝေါကိုလည်း မကြာခင် ထပ်တိုးချဲ့ သွားမှာပါ” ဟု မဟာဗန္ဓုလ ပန်းခြံဘေးရှိ ဖန်တက်စီဝေါ အပန်းဖြေစင်တာမှ ကြီးကြပ်ရေးမှူး တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ အပန်းဖြေစင်တာများတွင် ကွန်ပျူတာ နည်းပညာဖြင့်ပြုလုပ်ထားသော လောင်းကစားနည်း အများအပြားရှိရာ Fire Train (ပန်းသီး၊ ဖရဲသီး၊ စပျစ်သီး အစရှိသည့် အသီးအနှံများကို အကြွေစေ့ထိုး၊ လှည့်ပြီး အလျော် အစားပြုလုပ်ပေး သည့် လောင်းကစားနည်း)၊ Caribbean Boule (ဖဲချပ်များကို အကြွေစေ့ထိုးရွေးချယ် အလောင်းအစားပြုလုပ်လောင်း ကစားနည်း)၊ Doubble Cherries (အကြွေစေ့လှည့် လောင်းကစားနည်း)၊ Bingo party (နံပါတ်ရေးထိုးထားသည့် ဘောလုံး များကို ရွေးချယ်လောင်းကစားရသည့် လောင်းကစားနည်း)၊ Black Jack (ဖဲချပ်ဖြင့် အလျော်အစားပြုလုပ်လောင်းကစား နည်း)၊ Uruma (အကြွေစေ့လှည့် လောင်းကစားနည်း) နှင့် Magic Circus (မြန်မာသုံးကောင် ဂျင်ကစားနည်းကဲ့သို့သော လောင်းကစားနည်း) တို့မှာ ရန်ကုန်မြို့ခံများ အများဆုံးကစားကြသည့် လောင်းကစားနည်းများဖြစ်ကြောင်း အပန်းဖြေ စင်တာများမှ စုံစမ်းသိရှိရသည်။

Rest of your post

No comments: