စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 1, 2008

မုန်တိုင်းကြောင့် ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ်တချို့ ပျောက်ကွယ်


ကြည်ဝေ ဇူလိုင် ၁၊ ၂၀၀၈

မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ကမ္ဘာ့ရှားပါး စာရင်းဝင်ငှက်မျိုးစိတ်တချို့ သေဆုံး ပျောက်ကွယ်သွားကြောင်း သိရှိရသည်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ပင်လယ် ကမ်းစပ်ဒေသများတွင် နေထိုင်ကျက်စားလျှက် ရှိသော ဟင်္သာငှက်၊ ကြိုးကြာငှက်၊ ငှက်ကျားနှင့် စင်ရော် ငှက်များ အုပ်စုလိုက် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တရားဝင် စာရင်းတွင် တွေ့ရှိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သော ဟသာင်္ငှက်နှင့် ကြိုးကြာငှက်မှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ၀င်များဖြစ်သလို၊ မြန်မာနိုင်ငံတွင်လည်း မျိုး သုဉ်းပျောက်ကွယ်မည့် အနေ အထားမျိုး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွှန်က ပြောဆိုသည်။

“ငှက်တွေ ပျက်စီးဆုံးရှုံးမှုဟာ ဇီဝမျိုးစုံမျိုးကွဲဖြစ်တည်မှုမှာ ဟာကွက် တခုဖြစ်လာပြီ၊ ဒါထက် ပိုဆိုးတာက ရေပျော် ငှက်တွေ နေထိုင်ရာ စားကျက်ဝန်းကျင်ပျက်စီးသွားတာပဲ”ဟု ၎င်း က ပြောသည်။

ထို့ပြင် ဦးစိုးညွှန့်က မုန်တိုင်းတိုက်ချိန်တွင် ၎င်းဒေသရှိဆောင်းခိုငှက်တချို့မှာ တခြားဒေသများသို့ပြောင်းရွှေ့သွားကြောင်း၊ လာမည့် ပွင့်လင်းရာသီတွင် အဆိုပါငှက်များ နှင့် လာနေကျ ငှက်မျိုးများမှာ ၄င်းနေရာများသို့ ပြန်လာမလာကို သေချာစောင့် ကြည့်ရန်လိုအပ်ကြောင်း ၊ ငှက်မျိုးသစ်များလည်း လာရောက်နေထိုင်ခြင်းရှိမရှိကို စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ၄င်းဒေသ များတွင် ကျက်စားရာဒေသ အပြောင်းအလဲဖြစ်ပေါ်ခြင်းများလည်းရှိနိုင် ကြောင်း ပြောဆိုသည်။

ကျက်စားရာဒေသ အပြောင်းအလဲဖြစ်ပေါ်ခြင်း၏ သာဓကအဖြစ် ဧရာဝတီတိုင်း မုန်တိုင်းသင့် ဒေသမှ ပြောင်းရွှေ့ လာဟန် တူသော ရေပျော်ငှက်တမျိုးဖြစ်သည့် ငှက်ကျားများ အကောင် ၅၀ ၀န်းကျင်ကို အုပ်စုလိုက်အနေဖြင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းတွင် ဇွန်လဆန်းပိုင်းက တွေ့ရသလို၊ မွန်ပြည်နယ် မုဒုံတ၀ိုက်တွင် လည်း အဆိုပါ ငှက်မျိုးကို ဇွန်လမှာပင် တွေ့ခဲ့ရကြောင်း ငှက်လေ့လာသူများက ပြောသည်။

၎င်းတို့၏ ပြောပြချက်များအရ အဆိုပါငှက်ကျားများမှာ တခြားဒေသများသို့ပြောင်းရွှေ့သွားလာ ကျက်စားနေရသောကြောင့် ရေနှင့်အစာအတွက် အခက်အခဲရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၀၀၀ ကျော်နေထိုင်ကျက်စားလျက်ရှိရာ တောတောင်များတွင် နေထိုင်သော ငှက်မျိုး များမှာ ချိုး၊ သစ်တောက်ငှက်၊ အောက်ချင်းငှက်၊ ဇီးကွက် စသည့် ငှက်အမျိုးအစားတို့ ဖြစ်ကြပြီး ကြိုးကြာ၊ တင်ကျီး၊ တောဘဲ၊ ဟင်္သာ၊ ကြာဖက်နင်း၊ စင်ရော် စသည့် ငှက်မျိုးများမှာ ရေပျော်ငှက်များဖြစ်ကြသည်။

ရေပျော်ငှက်များအနေနှင့် ရေထွက်ပစ္စည်းများဖြစ်ကြသော ကဏန်း၊ ပုစွန်၊ ငါး စသည့် ရေသတ္တ၀ါများကို စားသောက်ကြပြီး ယခုခါ ၄င်းတို့အများဆုံး နေထိုင်ကျက်စားလျက်ရှိသော ဧရာဝတီတိုင်း ပျက်စီးသွားသည့် အတွက် ကျက်စားရာဝန်းကျင်မှာ အပြောင်းအလဲ ရှိပြီဖြစ်သောကြောင့် ရေရှည် အသက်ရှင် ရပ်တည်ရန် အတွက် ခက်ခဲလာခြင်းဖြစ်သည်။

“လူတွေကယ်ဆယ်ရေးပြီးရင်တော့ ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးပြန်အကောင် အထည်ဖော်ရမှာပါ”ဟု ဦးစိုးညွှန်က ပြောဆိုသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် သဘာဝအလျှောက်ပေါက်ရောက်တတ်သော ဒီရေတောများပေါက်ရောက်လျက်ရှိသော ကြောင့် ငါးပုစွန်စသည့် ရေနေသတ၀ါများအတွက် မှီတင်း နေထိုင်ရာ အဓိကနေရာကြီးဖြစ်သလို၊ ရှားပါးသတ္တ၀ါများနှင့် ရေပျော်ငှက်များလည်း နေထိုင်ကျက်စားရာဒေသ ဖြစ်သောကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် သတ္တ၀ါများ အတွက် အရေးကြီးသော နေရာဒေသဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်းမှ မိန်းမလှကျွန်းသည် စံပြဘေးမဲ့တောဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားရာ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းအတွက်လည်း ထိခိုက်နစ်နာကြောင်း ခရီးသွားလုပ်ငန်းမှ ကျွမ်းကျင်သူ တဦးက ပြောဆို သည်။
Rest of your post

No comments: