စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 20, 2008

အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အခမ်းအနားဖြင့် မကျင်းပဖြစ်

ဗထူး။ ဇူလိုင် ၁၈၊ ၂၀၀၈

ယခုနှစ်တွင်ကျရောက်သည့် (၆၁)နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို စစ်အစိုးရက နိုင်ငံတော်အခမ်းအနားဖြင့် ကျင်းပခြင်းမဟုတ်ဘဲ မြို့ပြအဆင့်အခမ်းအနားဖြင့်သာ ကျင်းပ ပြုလုပ်မည်ဟု ဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ် ယဉ်ကျေးမှုဝန်ကြီးမှဦးဆောင်၍ နိုင်ငံတော်အခမ်းနားဖြင့် ကျင်းပခဲ့သော်လည်း မနက်ဖြန် စနေနေ့တွင်ကျရောက်သည့် အာဇာနည်နေ့ကို ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းမှ ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ကျင်းပမည်ဖြစ် ကြောင်း စစ်အစိုးရအရာရှိတဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံခြားသံတမန်များအား တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိကြောင်းနှင့် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ကို မသိကြောင်း သံတမန်တဦးက ပြောသည်။

(နအဖ)စစ်အစိုးရအနေဖြင့် မြန်မာ့တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်ရန် ယခုကဲ့သို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ လူငယ်တဦးက ဆိုသည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ အမျိုးသားကျောင်းဆရာ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့သည် မသမာသူလူတစု၏ လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

အာဇာနည်နေ့သို့ကျရောက်တိုင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဥသြဆွဲကာ အသိအမှတ် ပြုမှုများ၊ ပြည်သူများ စည်းကားစွာသွားရောက်ခွင့်များကို စစ်အစိုးရက နှစ်ပေါင်းများစွာ တားဆီးပိတ်ပင်ထားသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုလည်း ယနေ့တိုင် ပိတ်ထားဆဲ ဖြစ်သည်။

No comments: