တစ်ခါတုန်းက ကြွက်မိသားစုတစ်စုနဲ့ မြွေမိသားစုတစ်စုတို့ဟာ အိမ်တစ်အိမ်ရဲ့ နွားစာတိုက်ပေါ်မှာ အတူနေကြသတဲ့..။ ( နွားစာတိုက်ဆိုတာ အထက်ပိုင်းဒေသတွေမှာ ခြေတံရှည်နဲ့ အပေါ်ပိုင်းမှာ နွားစာဖြစ်တဲ့ ပြောင်းရိုးစင်းပြီးသား သိုလှောင်တဲ့ ဂိုဒေါင်တစ်မျိုးပါပဲ။) ကြွက်မိသားစုဟာ မြွေရဲ့အန္တရယ်ကို သိပေမဲ့ အခြေအနေအရ သတိနဲ့နေရရှာတယ်..။ ခြံထဲက ခပ်လှမ်းလှမ်းမှာတော့ ၀က်ခြံတစ်ခြံရှိသလို ကြက်မိသားစုတစ်စုလဲ ရှိသတဲ့..။ တစ်နေ့တော့ ကြွက်ကလေးတစ်ကောင်ဟာ မျက်နှာကျက်ပေါ်မှာ ထူးဆန်းတဲ့အနံ့ရလို့ သွားကြည့်တဲ့အခါ ငါးကြော်တစ်ကောင်ကို တွေ့သတဲ့…။ အသေအချာ လေ့လာလိုက်တော့ ကြွက်ထောင်ချောက်ပေါ်မှာ တင်ထားတာဖြစ်တဲ့အတွက် သူ အတော် ထိတ်လန့် သွားပြီး၊ အိမ်နီးနားချင်းကို အကူအညီတောင်းဖို့ စဉ်းစားလိုက်တဲ့အခါ “ကျား- ကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” မဲ့အဖြစ်ကို သဘောပေါက်တာနဲ့ အနီးးဆုံး မြွေမိသားစုကို အကူအညီ မတောင်းပဲ အဲဒီ မလှမ်းမကမ်းမှာနေတဲ့ ကြက်မိသားစုဆီသွားကာ-
“ ကိုကြီးကြက်ရေ.. ကျနော်နေတဲ့ မျက်နှာကြက်ပေါ်မှာ ကြွက်ထောင်ချောက်တစ်ခု တွေ့တယ်..။ အဲဒါ ကျနော်တို့အားလုံးအတွက် အန္တရာယ်ရှိတယ်ဗျ..။ ကိုကြီးကြက် ဘယ်လိုကူညီနိုင်မလဲဟင်…”လို့ ပြောတော့
“ဟေ့ကောင် မောင်ကြွက် ကြံကြီးစည်ရာကွာ…။ နွားစာတိုက်ပေါ်က ကြွက်ထောင်ချောက်က ငါတို့နဲ့ ဘာဆိုင်လို့လဲကွ..။ ငါတို့က မျက်နှာကျက်ပေါ်နေတာမှ မဟုတ်တာ…။ ရှုပ်ရှုပ်ရှက်ရှက်ကွာ..”ဟု ပြောလွှတ်လိုက်သတဲ့..။
ဒါနဲ့ ကြွက်ကလေးဟာ ခြံထဲမှာ အေးအေးဆေးဆေးနေတတ်တဲ့ ၀က်ကြီးကို သတိရပြီး ကိုဝက်ကြီးကတော့ အေးအေးဆေးဆေးသမားပဲ သှူဆီက အကြံဥာဏ်ကောင်းတော့ ရတန်ရဲ့လို့ တွေးကာ ချဉ်းကပ်ပြန်သတဲ့--
“ဟေ့ မောင်ကြွက်… ဆိုစမ်းပါဦး..၊ လာရင်းအကြောင်းကို…” လို့ မေးတော့ ကြွက်ကလေးလဲ အားတက်သွားပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သတဲ့..။ ဒီတော့ ကိုဝက်ကြီးက- “မင်းဟာကကွာ.. ခွီးထဲမှ ငါနဲ့ ဘာဆိုင်လို့တုန်း..။ ဆိုင်တယ်ထားဦး ငါကော ဘာတတ်နိုင်မှာလဲဟ..” ဟုဆိုကာ ငြင်းလွှတ်ခံရပြန်သတဲ့…။
ဒါပေမဲ့ ကြွက်ကလေးဟာ အားမလျှော့သေးပဲ ရေးကြီးသုတ်ပြာနဲ့ နွားစာတိုက်အောက်ကိုသွားပြီး စားမြုန့်ပြန်နေတဲ့ နွားသားအမိကိုတွေ့လို့ အကျိုးအကြောင်းရှင်းပြပြီး အကူအညီတောင်းတော့ နွားမကြီးက-
“နင့်မလဲဟယ်..။ အမောတကောနဲ့ ဘာများလဲမှတ်တယ်..၊ နင့်ကြွက်ထောင်ချောက်က ငါတို့နဲ့ အဝေးကြီးပါဟယ်…။ နောက်ပြီး ငါတို့လဲ ဘာမှမတတ်နိုင်ဘူး..။ ကြွပါတော့ မောင်မင်းကြီးသားရယ်..။ ငါ့မှာလဲ ကလေးငယ်လေးနဲ့ ပြီးတော့ အိမ်ကလူတွေကို နေ့စဉ်နို့ပေးရသေးတာဆိုတော့ မင်းဆီက ရောဂါတွေဘာတွေပါလာရင် အားလုံးခက်ကုန်ပါ့မယ်..။ နင်တို့က လူသားကောင်းကျိုးလဲ ဘာမှပြုတာ မဟုတ်ဘဲနဲ့..။ တကယ်ထဲ..။” ဟုဆိုကာ ရင့်ရင့်သီးသီးပင် အပြောခံလိုက်ရသတဲ့…။ နောက်ဆုံးတော့ ကြွက်ကလေးဟာ ဖြစ်ချင်ရာဖြစ်ပါစေတော့ မြွေမိသားစုဆီက အကူအညီယူရတော့မှာပဲ - လို့ စိတ်ပိုင်းဖြတ်ကာ မြွေကြီးဆီကို မ၀ံ့မရဲသွားပြီး -
“ကိုအရှည်ကြီး ခင်ဗျာ..”
“ဟေ.. ဘယ်သူတုန်းကွ..”
“ကျနော် မောင်ကြွက်ပါခင်ဗျ..”
“အေး… လာရင်းက..”
“ဟို…ကျနော်တို့နေတဲ့ နွားစားတိုက်ပေါ်မှာလေ…။ ကြွက်ထောင်ချောက်တစ်ခု ရောက်နေလို့ အဲဒါ ကျနော် ကိုအရှည်ကြီးဆီကို…”
စကားမဆုံးခင်မှာပဲ..
“ကြွက်ထောင်ချောက်က မင်းတို့ ကြွက်တွေနဲ့ပဲဆိုင်တာ…။ ငါနဲ့ ဘာမှမပတ်သက်ဘူး…။ သွားစမ်းကွာ ဇိမ်ပျက်တယ်… ခွီးတဲ့မှ…” ဟု ဆိုကာ မောင်းထုတ်ခံလိုက်ရရှာပြန်ပါရော…။ ကြွက်ကလေးလဲ ကြောက်ရွံ့ အားငယ်စွာနဲ့ သူ့အသိုက်ထဲ ပြန်လာခဲ့ရသတဲ့..။ ဒီလိုနဲ့ ညလယ်လောက်ရောက်တဲ့အခါ “ဂျမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး တဆက်ထဲ တရှူးရှူး တရှဲရှဲနဲ့ အသံတွေကို ကြားနေရသတဲ့..။ တဆက်ထဲ လူသံ..၊ လက်နှိပ်ဓာတ်မီးရောင်တွေ…၊ လှေခါးထောင်သံ စုံနေအောင် ကြားနေရတယ်…။ ကြွက်ကလေးလဲ ကြောက်လွန်းလို့ အသိုက်ထဲမှာ အသာလေးပုန်းနေပြီး အခြေအနေကို စောင့်ကြည့်နေစဉ်မှာပဲ “အား…၊ ကိုက်တယ်ဗျ” ဆိုတဲ့ အသံတစ်သံ ကြားလိုက်ရသတဲ့…။
“ကြွက်ပါကွ…၊ ဘာမှ မဖြစ်ပါဘူး…”
“မဟုတ်ဘူး အဖေ…၊ မြွေဖြစ်မယ်…၊ ရှည်ရှည် ပျော့ပျော့နဲ့…”
ကြွက်လေးနားလည်လိုက်ပါတယ်…၊ အဲဒါ ‘ကြွက်ထောင်ချောက်က မင်းတို့ ကြွက်တွေနဲ့ပဲဆိုင်တာ’ လို့ ပြောလိုက်တဲ့ ကိုအရှည်ကြီးပဲ- ဆိုတာကို…။ သူက သန်းခေါင်ယံအချိန်ဆို ကြက်မြုံထဲက ကြက်ဥကို နှိုက်ကာ စားတော်ပွဲ တည်မြဲပဲလေ…။ နောက် မကြာခင်မှာပဲ “ဘုန်း…ဘုန်း..” ဆိုတဲ့ အသံဗလံတွေ…။ တွင်စုတ်ဖို့ပြင်ဆင်သံ…။ (တွင်စုတ်တယ်ဆိုတာ မြွေကိုက်တဲ့ ဒဏ်ရာရဲ့ အထက်ကနေ ဘလိတ်ဓားလို ဓားထက်ထက်နဲ့ အရေကိုခွဲပြီး ကျပ်စေ့လောက် မျက်နှာဝရှိတဲ့ ပုလင်း၊ သို့မဟုတ် ၀ါးကျည်တောင့်နဲ့ သွေးတွေကို စုတ်ထုတ်တဲ့နည်းပါ…။ အဲဒီသွေးနဲ့အတူ အဆိပ်တွေ ပါသွားတယ်…။ အဲဒီ ဓားခွဲတဲ့ ဒဏ်ရာက ချက်ချင်းပိတ်သွားရင်အောင်မြင်တယ်…။ အဲသလိုမဟုတ်ဘဲ တွင်ပေါက်က အရည်တရွှဲရွှဲဖြစ်နေရင် အဆိပ်မကုန်တဲ့အတွက် အန္တရာယ်ရှိတယ်လို့ အယုံအကြည်ရှိပါတယ်…။) မိုးလင်းတော့ တွင်ပေါက် မပိတ်ဘူး…၊ အရှည်တရွှဲရွှဲနဲ့ ဆေးခန်းသွားမှ ကောင်းမယ်လို့ အကြံပြုသံ…။
ဆေးခန်းသွားဖို့ ပြင်ဆင်သံတွေ ကြားနေရတော့တယ်…။ တစ်အိမ်လုံး ဗျာများနေပါရောလား…။
“မြွေဟောက်ကွ..။ ကိုက်တာက မလေးမ၊ ခွလေးခွ- ခေါ်တဲ့ အကြောဆုံ… ညာဘက်ဘက်မရဲ့ခွကြား…။ အခု သတိက ရတချက် မရတချက်- ဆိုတော့ မလွယ်ဘူးထင်တယ်…” ဆိုတဲ့ မှတ်ချက်သံ…
လူမမာအတွက်ရော လူမမာ လာမေးသူအတွက်ပါ အိမ်ရှင်မမှာလဲ ဟင်းစီရင်ရမှာဆိုတော့… ထုံးစံအတိုင်း ‘ကြွက်ထောင်ချောက်က မင်းတို့ ကြွက်တွေနဲ့ပဲဆိုင်တာ’ ဆိုတဲ့ ကြက်ဖကြီးလဲ ဟင်းအိုးထဲ ဆင်းရတဲ့အနေရောက်သွားပါလေရော…။
တဆက်ထဲပဲ လူမမာက ငွေလိုက်နိုင်မှ ဆိုတဲ့အသံ…။ ကဲ မထူးတော့ဘူး…။ လူ့အသက်က အရေးကြီးတယ်…။ နွားမကြီးလဲ ကလေးနို့ပြတ်တော့မှာပဲဆိုကာ မျက်စိစုံ်မှိတ်ပြီး “နင့်ကြွက်ထောင်ချောက်က ငါတို့နဲ့ အဝေးကြီးပါဟယ်‘ ဆိုတဲ့ နွားမကြီးခမျာလဲ နွားထိုးသမားလက်ထဲ ထိုးအပ်ခံလိုက်ရပါတော့တယ်..။
နောက် နှစ်ရက်လောက်ကြာတော့ နွားလှည်းနဲ့တင်လာပြီး ရွာပြင်ဇရပ်မှာ နောက်ဆုံးခရီးအတွက် စောင့်နေတဲ့ မြွေဆိပ်ကြောင့် တစ်ကိုယ်လုံးညိုမဲပြီး ကြည့်မကောင်းအောင် ဖြစ်နေတဲ့ အလောင်းတစ်လောင်း…။ အသုဘမှာ ကျွေးမွေးဖို့ ‘မင်းဟာကကွာ..ခွီးထဲမှ ငါနဲ့ဘာဆိုင်လို့တုန်း’ လို့ ပြောလိုက်တဲ့ ကိုဝက်ကြီးလဲ “တဂွီဂွီ..တအီအီ..” နဲ့ မချိမဆန့် နိဂုံးချုပ်သွားရရှာပါသတဲ့…။
မှတ်ချက်-
အရှင်ဥာဏိက - ရဲ့’ ဥပေက္ခာတရားနဲ့ ဥပေက္ခာ အမှား‘ ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး ‘နိုင်ငံရေးနဲ့ ဝေးဝေးနေပါရစေ’ လို့ ဖြေတဲ့ ဆရာတော်တစ်ပါးရဲ့ စကားကို မချင့်မရဲ့ဖြစ်ပြီး မိတ်ဆွေတစ်ဦး ပြောပြဖူးတဲ့ ပုံပြင်လေးကို သင့်တော်အောင် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ လူတိုင်းမှာ တာဝန်ကိုယ်စီ ရှိကြသည် - ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါ…
ဒီ ပုံပြင်လေးထဲကလိုပါပဲ…။ ကျွန်ုပ်တို့တတွေဟာ ‘နိုင်ရေးဟာ ငါနဲ့ မပတ်သက်ပါဘူး’ တာဝန်မဲ့ ပြောနေမယ်ဆိုရင် အားလုံး ပျက်သုဉ်းမဲ့ အရေးဆီကို ဦးတည်သွားပါလိမ်မယ်..။ ဒါကြောင့် တာဝန်သိသိနဲ့ ကိုယ့်တိုင်းပြည်အတွက် တတ်နိုင်သည့်ဖက်ကနေ ပါဝင်ကူညီကြမယ်ဆိုရင်ဖြင့် ကျွန်ုပ်တို့လိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ဟာဖြင့် မဝေးတော့တဲ့ အနာဂတ်မှာ အသေအချာရမည် - ဟု ယုံကြည်ပါကြောင်း……..
နီသွေး
(၂၀၀၇၊ နိုဝင်ဘာ - ၁၃)
No comments:
Post a Comment