စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 24, 2008

မုန်တိုင်းသင့် ဘိုကလေးမြို့နယ် ကျေးရွာတချို့ အကူအညီလုံလောက်စွာ မရရှိသေး

မိုးအောင်တင်/ဘိုကလေး ဇူလိုင် ၂၃၊ ၂၀၀၈

နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး၂ လ ကျော်ကြာသည်အထိ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကျေးရွာ တချို့ရှိ လေဘေးဒုက္ခ သည်များမှာ အကူအညီများ လုံလောက်စွာ မရရှိ၍ အခက်အခဲများဖြစ်နေကြကြောင်း သိရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကျုံပွန်ကျေးရွာမှ အပျက်အစီးတချို့နှင့် အကူအညီလိုနေသော ရွာသားများ (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)

ဘိုကလေးမြို့နယ် အပိုင် ဂုံညင်းတန်းမြစ်နံဘေးတွင်ရှိသော ကျုံပွန်ရွာမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေအများ အပြား ပျက်စီးကာ ဆန်စပါးများအပါအ၀င် တခြားဝင်ငွေရသည့် အုန်းခြံနှင့် ကွမ်းသီးခြံများ ပျက်စီးခဲ့ရသော်လည်း ယခုအချိန်အထိ အကူအညီများလိုအပ်လျှက်ရှိနေသောကြောင့် လယ်ယာစိုက်ပျိုးရေးနှင့်တခြား အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ခက်ခဲလျှက်ရှိနေသည်ဟု ဒေသခံ လေဘေးဒုက္ခသည်များက ပြောသည်။

အဆိုပါရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦးက“ကျမတို့ ရွာကို မုန်တိုင်းတိုက်ပြီး ၁၀ ရက်လောက်မှာပဲ အကူ အညီလာပေးတာ တကြိမ်ရှိတယ်။ အဲဒီနောက်တခါ အစိုးရက ဆန် ၁၅ ရက်စာဆိုပြီး လူတယောက်ကို ၃ ပြည်နှုန်းနဲ့ ဝေတယ်။ အဲဒီနောက် ဘာအကူအညီမှလည်း မရတာ ဒီနေ့အထိပဲ။ ဟိုးလှမ်းမြင်နေရတဲ့ ကျုံကျိုက်ရွာဆို အကူအညီတွေ ရတယ်။ အဲဒီရွာက ဖျာပုံအပိုင် ကျမတို့ရွာက ဘိုကလေးအပိုင်ပါ”ဟု ပြောပြသည်။

ယင်းကျုံပွန်ရွာရှိ ဘုန်းတော်ကြီးကျောင်းမှာလည်း ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့ကာ ယခုအချိန် အထိအပျက်အစီးများ နဂိုအတိုင်းကျန်ရှိနေဆဲ ဖြစ်ပြီး ဘုန်းတော်ကြီး ကျောင်းဆောင်များ ပြန်လည်ပြုပြင်နိုင်ရန် အတွက်လည်း ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည် ဟု ရွာခံများကပြောဆိုကြသည်။

ကျုံပွန်ရွာအပြင် ပျားရေစု၊ ပန်းပဲစု စသည့် ဘိုကလေး မြို့နယ်အတွင်းရှိ လူသိနည်းသော ရွာများမှာ အကူအညီ လုံလောက် စွာမရရှိကြကြောင်းလည်း ဒေသခံ ဒုက္ခသည်များက ပြောသည်။

“ဘိုကလေးမြို့နယ်ထဲမှာ ဆိုရင် မြင်းကကုန်းဆိုတဲ့ရွာရဲ့ တောင်ဘက်ပိုင်း ကတော့ မုန်တိုင်းနဲ့အတူ ဒီရေတိုးပြီး အသေ အပျောက်များလို့ဆိုပြီး အကူအညီရကြတယ်။ ကူညီရေး အဖွဲ့အစည်း တွေ သွားကြတယ်။ဒါပေမယ့် အဲဒီ မြင်းကကုန်း ရွာရဲ့ မြောက်ပိုင်းကျတဲ့ ရွာတွေကတော့ အကူအညီမရသလောက်ဘဲ၊ လယ်ပြန်စိုက်ဖို့အတွက် မျိုးစပါး လည်း သက်ဆိုင်ရာကို တောင်းထားတုန်းပဲ၊ အခုထိတော့မရသေးဘူး”ဟု ဒေသခံ ဒုက္ခသည် တဦးဖြစ်သည့် မခင်ခင်ဝင်းက ပြောဆိုသည်။

မခင်ခင်ဝင်းမှာ ယခုအခါ ကောက်ညှင်း ရွှေထမင်းမုန့်လုပ်ပြီး ရွာထဲတွင်ရောင်းချခြင်းဖြင့်ရပ်တည် နေရသည်ဟု ပြောဆိုသည်။

ပျားရေစု ကျေးရွာမှ အသက် ၇၆နှစ်ရှိ အဘွားအို ဒေါ်သန်းတင်ကလည်း ၎င်း အသက်မွေးသည့် အုန်းခြံသည် မုန်တိုင်း ဒဏ်ကြောင့် အုန်းပင်အများစုမှာ အသီးမသီးတော့၍ လတ်တလော ရပ်တည်ရန် ခက်ခဲလျက်ရှိသည်ဟု ပြောဆိုသည်။

ယခုလောလောဆယ်တွင် လယ်ယာပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါး ရရှိရေးမှာ လယ်သမားများအတွက် အရေးကြီးဆုံး အချက်ဖြစ်နေပြီး အချိန်မီ မရရှိပါက စပါးစိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း ယင်း ကျုံပွန်၊ ပျားရေစု၊ ပန်းပဲစု ရွာမှ လယ်သမား များက ပြောဆိုကြသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျုံပွန်ရွာ ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)

ယခင် ပုံမှန်နှစ်များတွင် ယခုအချိန် ၌လယ်ကွက်အားလုံး မျိုးကျဲပြီး စိုက်ပျိုးပြီး ဖြစ်နေလေ့ရှိသော်လည်း ယခုနှစ်တွင် လယ်ထွန်ရန်နှင့် မျိုးစပါးရရှိရန်အခက်အခဲများကြောင့် ယခုကဲ့သို့ အချိန်လွန်နေရခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

စစ်အစိုးရ၏ သတင်းစာများတွင် လယ်ထွန်စက်နှင့် မျိုးစပါးများ ကိုဧရာဝတီတိုင်းမှ မုန်တိုင်းဒဏ်ခံရသည့် ရွာများသို့ ပေးအပ်နေသည်ကို နေ့စဉ်လိုလိုဖေါ်ပြနေသော်လည်း မုန်တိုင်းဒဏ်ခံရသည့် ရွာများထဲမှ ထင်ရှားသည့်ရွာနှင့် မြို့နယ် ခွဲ များဖြစ်သည့် ကြိမ်ချောင်းကြီး၊ သင်္ဃန်းကုန်း၊ ပြင်စလူ၊ အမာ၊ စက်ဆန်း စသည့် နေရာများတွင်သာ အကူ အညီများ ရရှိသည်ကို တွေ့ရပြီး မုန်တိုင်းဒဏ်ခံရသည့် တခြားမထင်ရှားသည့် ရွာများတွင်မူ ယခုအချိန်အထိ ကိုယ်ထူ ကိုယ်ထ လယ်ယာလုပ်ကိုင်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်သည်ကို တွေ့ရသည်။

ဇူလိုင်လ ၁၇ရက်နေ့ထုတ် စစ်အစိုးရ ကြေးမုံသတင်းစာတွင် ဧရာဝတီတိုင်း၌ မိုးစပါးဧက ၂.၂သန်းစိုက်ပျိုးပြီးကြောင်း သတင်းတိုဖြင့် ဖေါ်ပြထားသော်လည်း တိုင်းတတိုင်းလုံး၏ စိုက်ဧက ဘယ်ရွေ့ဘယ်မျှရှိသည် စသည့် အချက်အလက်များ လုံးဝဖေါ်ပြထားခြင်း မရှိဘဲ နေပြည်တော်မှ သတင်း ထုတ်ပြန်သည်ဟုသာ ပါရှိသည်။

No comments: