စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 27, 2008

စည်းမဲ့ကမ်းမဲ့အကြမ်းဖက်မှု တားဆီးပေးရန်ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို

ပီတာအောင်/ ၂၇ ဇွန် ၂၀၀၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များအား လုံခြုံရေးဝန်ထမ်းများမဟုတ်ဘဲ လူအုပ်ဖြင့် ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးမှုပြုလုပ်ခြင်းကို တားမြစ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီး များက နအဖစစ်အစိုးရကို ယနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန်လ (၁၉) ရက် အန်အယ်လ်ဒီရုံး၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်းအားရှင်နှင့် ကြံ့ဖွံ့တို့က မော်တော်ယာဉ်များဖြင့် လူအုပ်စုများ ရောက်ရှိလာကာ ရုံးရှေ့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။

ထိုလုပ်ရပ်သည် ဥပဒေမဲ့ တရားလက်လွတ်ပြုမူခြင်းဖြစ်သဖြင့် တိုင်းပြည်၏ အနာဂတ်ရေးအတွက် အင်မတန်ရင်လေးဖွယ်ရာဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို စည်းကမ်းမဲ့ ချိုးဖျက် အကြမ်းဖက်ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တိုင်းပြည်အတွက် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာ ကျဆင်းစေသည့် အဖြစ်အပျက်ဖြစ်ကြောင်း ကြေညာချက်၌ ပါရှိသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက“ ဒီလုပ်ရပ်ဟာ အင်မတန်ကို သိမ်ဖျင်းတဲ့၊ ညံ့ဖျင်းတဲ့ လုပ်ရပ်ကြီးဖြစ်နေတယ်။ အန်အယ်လ်ဒီပါတီ သူ့ဘာသာ အခမ်းအနားလေး လုပ်တာပဲ။ စွမ်းအား ရှင်ဆိုပြီးတော့ အရပ်ထဲမှာ တေလေဂျပိုးလိုလူတွေက ဒီလိုဝင်လုပ်သွားတယ်ဆိုတော့ အန် အယ်လ်ဒီကို ချေမှုန်းတဲ့လုပ်ငန်းဟာ ပိုပြီးတော့ ကြမ်းလာပြီလို့မြင်တယ်။ အပြစ်ရှိတယ်ဆိုရင် လုံခြုံရေးဝန်ထမ်းရဲက လာဖမ်းပေါ့။ အခုဟာက ဘာမှမဟုတ်ဘဲနဲ့ ဗရုတ်သုတ်ခလာပြီး အနိုင် ကျင့်တဲ့ အပေါက်မျိုးနဲ့ တုတ်တွေဘာတွေနဲ့ လူအုပ်ကြီးနဲ့ ကားတွေနဲ့ လာပြီးတော့ လုပ်သွားတယ် ဆိုတာ မလုပ်သင့် မလုပ်ထိုက်တဲ့ဟာကို လုပ်သွားတယ်လို့ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟု ယူဆပါ၍ ဖမ်းဆီးလိုပါက တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများကသာ ဥပဒနှင့် အညီ ဖမ်းဆီးအရေးယူသင့်ကြောင်းနှင့် ထိုသို့ လူမိုက်ဂိုဏ်းဆန်ဆန် လူအုပ်ဖြင့် အကြမ်းဖက်
ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးခြင်းများ နောင်တွင် မဖြစ်ပေါ်စေရန် နအဖအနေဖြင့် တားမြစ်သင့်
သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါဖြစ်ရပ်တွင် (၄) ဦးဖမ်းဆီးခံရပြီး (၁) ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသော်လည်း အဖမ်းခံရသူ အရေအတွက်မှာ ယင်းထက်ပိုများသည်ဟု အေဂျင်စီသတင်း များတွင် ဖော်ပြသည်။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေဘဲ အခမ်းအနား ကျင်းပလို့ရတယ်ဆိုတာ ကျနော်တို့ သူတို့ကို ပြောထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင် မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်။ ဒါကြောင့် သူတို့ကို ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ ခေါ်ယူမေးမြန်းနေတာ ဖြစ်တယ်။ သူတို့ အဖမ်းခံထားရတာ မဟုတ်ပါဘူး” ဟု ယမန်နေ့က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။ ။
Rest of your post

No comments: