စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 24, 2008

မြောက်ပိုင်းတိုင်း တိုင်းမှူး နှုတ်ဆက်ပွဲပြုလုပ်

NEJ/ ၂၄ ဇွန် ၂၀၀၈

ရာထူးတိုးနှင့် နေရာအပြောင်းအရွှေ့အတွက် နှုတ်ဆက်ညစာစားပွဲတခု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နေအိမ်တွင် ဇွန်လ (၂၂) ရက်ညက ကျင်းပခဲ့ကြောင်း ကိုယ်တိုင်တက်ရောက် ခဲ့သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အရာရှိကြီးတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “တိုင်းမှူးဟာ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်နဲ့ ပြောင်းရွှေ့ရမယ်လို့ ပြောတယ်။ အရင် ရဲမြင့်ကြီးခေါ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ ရာထူးကို ဆက်ခံရမယ်လို့ ပြောတယ်။ ဒါနဲ့ ဧည့်ခံပွဲ လုပ်တာ၊ မြစ်ကြီးနားမှာတော့ ဒါ ထုံးစံပဲ” ဟု ပြောသည်။

စစ်အစိုးရအတွင်း ရာထူးအပြောင်းအလဲများရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြား အတည်ပြု၍ မရနိုင်သေးဘဲ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နှုတ်ဆက်ပွဲ ကျင်းပသည့် သတင်းသည် စစ်အစိုးရ ထိပ်ပိုင်းရာထူးအပြောင်းအလဲကို ထင်ဟပ်စေခြင်းဖြစ်သည်။

ထွက်ပေါ်နေသည့် သတင်းများအရ နအဖ ထိပ်ပိုင်းရာထူးကြီးများဖြစ်သည့် နအဖ အဖွဲ့ဝင် စစ်ဆင်ရေးအထူး အဖွဲ့မှူး (၅) ဦး ရာထူးမှ အနားယူပြီး အဆိုပါနေရာများတွင် တိုင်းမှူး (၅) ဦးက အစားထိုး ၀င်ရောက်လာကာ စစ်တိုင်းမှူး (၂) ဦး တိုင်းချင်း အပြောင်းအရွှေ့လုပ်ကြောင်း၊ စစ်တိုင်းမှူးနေရာများတွင် တပ်မမှူးများနှင့် စစ်ဘက်ဆိုင်ရာ ကျောင်းအုပ်အချို့ ၀င်ရောက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း နေရာတွင် တပ်မ (၆၆) တပ်မမှူးက ၀င်ရောက်တာဝန်
ယူမည်ဖြစ်ပြီး မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ နေရာကိုလည်း အခြားတယောက်
ဝင်ရောက်တာဝန်ယူမည်ဖြစ်ကြောင်းနှင့် အခြားဝန်ကြီးအဖွဲ့ဝင် နေရာအများအပြား၌လည်း အပြောင်းအလဲရှိကြောင်း ရန်ကုန်မြို့၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့အပြောင်းအလဲသတင်း ထွက်ပေါ်လာခြင်းသည် လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အတည်ဖြစ်မည့် ဖွဲ့စည်းပုံနှင့်အညီ စစ်တပ်ထဲမှ အရာရှိကြီးများ အရပ်ဘက် ကူးပြောင်းကာ နိုင်ငံရေးလုပ်ရန် ပြင်ဆင်သည့် ပြောင်းရွှေ့မှုကြီး ဖြစ်နိုင်ကြောင်း ရန်ကုန်အသိုင်းအ၀န်းတွင် ထင်မြင်ချက် ပေးနေ ကြသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးနေအိမ်၌ ပြုလုပ်သည့် ဧည့်ခံပွဲသို့ ကချင်လူမျိုး၊ တရုတ်လူမျိုး သူဌေး ကြီးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တိုင်းမှူးကို ကျောက်မျက်ရတနာ အပါအ၀င် အဖိုးတန်လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အဆိုပါအရာရှိကြီးက နအဖ စစ်တပ်အတွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းတို့ ကချင်ပြည်နယ်နှင့် ပတ်သက်၍ ထူးထူးခြားခြား ပြောင်းလဲမှု ရှိလာမည်ဟုမမြင်ကြောင်း ပြောသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးအလှူဖုန်းများကို ဆက်သွယ်ရေးမှ ရောင်းစား

NEJ/ ၂၄ ဇွန် ၂၀၀၈

နာဂစ်လေမုန်တိုင်းဘေးအတွက် တရုတ်နိုင်ငံ ZTE Corporation ကုမ္ပဏီက လှူဒါန်းသည့် WCDMA ၄၅၀ ဖုန်းများကို တလုံး ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် မြန်မာ့ဆက်သွယ်ရေးက ရောင်းစားနေကြောင်း ဆက်သွယ်ရေးရုံးမှ အရာရှိတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“လေဘေးအတွက်ဆိုပြီး တရုတ်ပြည် ZTE Corporation ကုမ္ပဏီက WCDMA ၄၅၀ ဖုန်းတွေ အကူအညီပေးတယ်။ သူတို့လှူတာ ရေဒီယို အခြေခံစခန်း (၁၅) ခုနဲ့ မိုဘိုင်းအခြေခံစခန်း (၁) ခု၊ စုစုပေါင်း ဖုန်းအလုံးပေါင်း (၃၀,၀၀၀) တပ်ဆင်နိုင်တယ်။ ဒေါ်လာ (၃.၃) သန်းဖိုး ရှိတယ်။ အဲဒါကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရောင်းစားနေတာ” ဟု မရမ်းကုန်း ဆက်သွယ်ရေးရုံးမှ အမည် မဖော်လိုသူ အင်ဂျင်နီယာတဦးက ပြောသည်။

စစ်အစိုးရက အဆိုပါ အလှူခံရရှိသည့် ဖုန်းများအနက် အချို့ကို ဧရာဝတီတိုင်းအတွင်း၌ ကယ်ဆယ် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ရန် တာဝန်ပေးထားသည့် ဇေကမ္ဘာ၊ ထူးထရေးဒင်း၊ မက်စ် မြန်မာ၊ ဧဒင်၊ အေးရှားဝေါ၊ ဒဂုံအင်တာနေရှင်နယ်၊ ရွှေသံလွင်၊ တော်ဝင် စသည့် ကုမ္ပဏီပေါင်း (၃၀) အား ကုမ္ပဏီတခုလျှင် (၅) လုံးနှုန်းဖြင့် အလုံး (၁၅၀) ချပေးခဲ့ပြီး ကျန်ရှိသည့် အခြား အလုံးပေါင်းမြောက်များစွာကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း၌ ရောင်းစားနေကြောင်း ဒေသခံများက ပြောသည်။

စစ်အစိုးရက အဆိုပါ စီဒီအမ်အေ တယ်လီဖုန်းများကို ကတ်သက်သက် ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် ချပေးနေပြီး ကုမ္ပဏီများကမူ ဖုန်းအိမ်အပါ ကျပ်သိန်း (၂၀) နှင့် လျှောက်လွှာတင်ရန် မလိုဘဲ ရောင်းပေးနေခြင်းဖြစ်ကြောင်း ဖုန်းဝယ်ယူခဲ့သည့် ဘိုကလေးမြို့ခံတဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ထိရောက်ရန် အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့သည် ဆက်သွယ်ရေးစက်များ မြန်မာ ပြည်တွင်း ယူဆောင်လာခဲ့ကြသော်လည်း ရန်ကုန်လေဆိပ်၌ပင် အားလုံးအသိမ်းဆည်းခံကြ ရကြောင်း ပြည်တွင်းအန်ဂျီအိုတခုမှ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအနေဖြင့် ရန်ကုန်မှာ အရေးပေါ် ဆက်သွယ်ရေး စင်တာတခု (Emergency Tele-communications Centre) တည်ထောင်ရန် ယနေ့အချိန်ထိ အကောင်အထည် မပေါ် သေးသကဲ့သို့ မြစ်ဝကျွန်းပေါ်က ဗဟိုဌာနခွဲများနှင့်လည်း ကောင်းမွန်စွာ ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
လေဘေးကယ်ဆယ်ရေးအတွက် ထိုင်း ရှင်းဆက်တယ်လိုက်ကုမ္ပဏီကလည်း ဂြိုဟ်တုဖုန်းများ လှူဒါန်းခဲ့ပြီး သန်းနှင့်ချီ တန်ဖိုးရှိသည့် ဆက်သွယ်ခွင့်များ ပေးခဲ့သော်လည်း အဆိုပါဖုန်းများကို ကုလသမဂ္ဂအပါအ၀င် မည်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း မရှိခဲ့ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်သတင်းယူသည့် Ecovision ဂျာနယ်သတင်းထောက် အချုပ်ကျခံနေရ

ပီတာအောင်/ ၂၄ ဇွန် ၂၀၀၈

ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို အာဏာပိုင်များက တာမွေရဲစခန်းတွင် ရဲအချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သူမနှင့်ရင်းနှီးသည့် မိတ်ဆွေ အသိုင်းအ၀န်းမှ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မအိမ့်ခိုင်ဦးသည် ယခုလ (၁၀) ရက်နေ့ နံနက်ပိုင်း၌ ဒဂုံမြို့သစ် (မြောက်ပိုင်း) မှ လေဘေးဒုက္ခ သည်အချို့တို့က နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီရုံး) တို့သို့ လေဘေးကယ်ဆယ်ရေး အကူရရှိရေး သွားရောက် ဆန္ဒပြတောင်းဆိုကြ သည်ကို သတင်းယူစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

သူမ၏ မိတ်ဆွေတဦးက “အိုင်စီအာစီရုံးနဲ့ ယူအန်ဒီပီရုံးတွေကို အသွားမှာ ရုတ်တရက် အဖမ်းခံ လိုက်ရတယ်။ နိုင်ငံခြားသတင်းဌာနတွေကို သတင်းဓာတ်ပုံရောင်းတယ်ဆိုပြီး သူ့ကို စွပ်စွဲထား တယ်။ ခု သူ့ကို တာမွေရဲစခန်းမှာ ရဲအချုပ်နဲ့ ထားထားတာ။ မိသားစုဝင်တွေတော့ သွားတွေ့လို့ ရပါတယ်” ဟု ပြောသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) ၌ နေထိုင်သည့် အသက် (၂၃) နှစ်ခန့်အရွယ် မအိမ့်ခိုင်ဦးသည် ဥပဒေ ဘွဲ့ရပြီးနောက် Ecovision ဂျာနယ်တွင် သတင်းထောက်တဦးအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ နာဂစ်မုန်တိုင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများတွင်လည်း တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်နေသူတဦးဖြစ်သည်။

သူမ၏အမှုကို ဇွန် (၂၅) ရက် မနက်ဖြန်တွင် အာဏာပိုင်များက တရားရုံးသို့ထုတ်၍ အမှုစစ်ဆေး မည်ဟု သိရသည်။

နအဖစစ်အစိုးရက လေဘေးဒုက္ခသည်များအတွက် စေတနာ့ဝန်ထမ်းကူညီဆောင်ရွက်ပေး နေသည့် စာနယ်ဇင်းသမားများအား ဆက်တိုက်ဆိုသလို ဖမ်းဆီးလျက်ရှိရာ First Eleven အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးကို ယခုလ (၁၃) ရက်တွင်လည်း ကောင်း၊ စာရေးဆရာနှင့်လူရွှင်တော် ကိုဇာဂနာကို ယခုလ (၄) ရက်၌လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းကြောင့် သေဆုံးစာရင်း စစ်အစိုးရထပ်တိုး

Agencies/ ၂၄ ဇွန် ၂၀၀၈

မေလဆန်းက မြန်မာနိုင်ငံ၌ တိုက်ခတ်သွားသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံး သွားသူအရေအတွက်မှာ (၈၄,၅၀၀) ဦးကျော် ရှိသွားပြီဟု စစ်အစိုးရ ထိပ်တန်းဝန်ကြီးတဦးက ယနေ့ပြောကြားသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက တရားဝင်စာရင်းအရ သေဆုံးသူအရေအတွက် စုစု ပေါင်းမှာ (၈၄,၅၃၇) ဦးဖြစ်ပြီး (၅၃, ၈၃၆) ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ဒဏ်ရာရသူ (၂၀,၀၀၀) ဦးခန့်ရှိသည်ဟု ရန်ကုန်တွင်ကျင်းပသော မြန်မာအစိုးရ၊ အာဆီယံနှင့် ကုလသမဂ္ဂတို့ပါဝင်သည့် ပူးတွဲလေ့လာအကဲဖြတ်အဖွဲ့ အစည်းအဝေးပွဲ၌ ပြောကြားသည်။

ယခင်က သေဆုံးသူအရေအတွက် စုစုပေါင်း (၇၇,၇၃၈) ဦး၊ ပျောက်ဆုံးသူ (၅၅,၉၁၇) ဦးနှင့် ဒဏ်ရာရရှိသူပေါင်း (၁၉,၃၅၉) ဦးရှိသည်ဟု နအဖစစ်အစိုးရက မေ (၁၆) ရက်၌ နောက်ဆုံး သတင်းထုတ်ပြန်ခဲ့သည်။

မုန်တိုင်းကြောင့် လူပေါင်း (၂.၄) သန်းလေဘေးဒဏ်ခံရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နအဖ အာဏာပိုင်များက နာဂစ် မုန်တိုင်း စီဒီခွေများ ကြည့်ရှု့ခွင့်ကို ပိတ်ပင်


6/23/2008
မောင်သစ်အောင်(နိရဉ္စရာ)

နအဖ စစ်အာဏာပိုင် များက ပုဂ္ဂလိက အဖွဲ့အစည်း များမှ ရိုက်ကူးပြီး ဖြန့်ဝေ နေသော နာဂစ် မုန်တိုင်း ဗွီစီဒီနှင့် ဒီဗွီဒီ အခွေ များအား ရခိုင်ပြည်နယ် အတွင်း မဖြန့်ဖြူးရ၊ မကြည့်ရ ဟုဆိုကာ လိုက်လံ ပိတ်ပင် တားမြစ် နေကြောင်း အမည် မဖေါ်လိုသူ မောင်တောမြို့က အခွေ ဆိုင်ပိုင်ရှင် တဦးမှ ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူက “စရဖတာဝန်ရှိသူတွေနဲ့ ရဲအရာရှိတွေက အခုလူတွေ ကြည့်ရှု့နေကြတဲ့ နာဂစ် မုန်တိုင်း စီဒီအခွေတွေဟာ အစိုးရက တရားဝင် ခွင့်ပြုထားတဲ့ အခွေတွေမဟုတ်သလို ဆင်ဆာ အဖွဲ့က ဆင်ဆာဖြတ်ထားတဲ့ အခွေတွေလည်း မဟုတ်တဲ့အတွက် ရောင်းဝယ်ဖြန့်ဖြူးခြင်းနဲ့ ငှားရမ်းခြင်းတွေ မလုပ်ရဘူးဆိုပီး တားမြစ်ပါတယ်။ တွေ့ရှိက အရေးယူမယ် လို့လည်း ပြောကြားပါတယ်။” ဟု ပြောသည်။

၎င်းအပြင် တရားဝင် ခွင့်ပြုထားသော အခွေများမဟုတ်သဖြင့် ဆိုင်တင်ရောင်းချနေသူများကို သာမက ကြည့်ရှုသူများအားလည်း ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲအဖွဲ့က မြို့နယ်တိုင်းတွင် သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

“အစိုးရ တီဗွီလိုင်းတွေက ပြသတဲ့ နာဂစ်မုန်တိုင်း သတင်းတွေမှာ အစိုးရကဆန်တွေ ငွေတွေကို လိုက်လံလှူဒါန်းနေတာတွေကိုချည်း ပြသနေတဲ့အတွက် ပြည်သူတွေက စိတ်မ၀င်စားဘဲ ပုဂ္ဂလိကအဖွဲ့တွေက ရိုက်ကူးထားတဲ့ တကယ်ဖြစ်ရပ်မှန် စီဒီခွေတွေကိုဘဲ စိတ်ဝင်တစားနဲ့ ကြည့်နေကြတော့ အာဏာပိုင်တွေက နာဂစ်မုန်တိုင်းခွေတွေကို ကြည့်တဲ့ သူတွေကို ဖမ်းဆီးအရေးယူမယ်ဆိုပီး ဖြစ်လာတယ်လို့ ယူဆရပါတယ်။” ဟု စစ်တွေမြို့က အမည်မဖေါ် လိုသူတဦးက ပြောသည်။

ယခုကဲ့သို့ စီဒီခွေများ ကြည့်ရ့ခွင့်အား ပိတ်ပင်တားမြစ်သော်လည်း ရခိုင်ပြည် အနှံ့အပြား တွင် အဆိုပါ နာဂစ်အခွေများအား ကြည့်ရှု့နေကြပြီး နာဂစ်မုန်တိုင်း စီဒီတဆပ်သုံးခွေကို ကျပ်ငွေ ၇၀၀ နှင့် ရောင်းချနေကြပြီး ဒီဗွီဒီတခွေကို ၁၀၀၀-ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေကြ ကြောင်း သတင်းရရှိသည်။

ထို့ပြင် နအဖ စစ်အာဏာပိုင်များက နာဂစ် လေဘေးဒုက္ခသည်များအား ကူညီသလိုလိုဖြင့် တချို့ ပြည်တွင်းရှိ တသီးပုဂ္ဂလ အဖွဲ့များသည် လေဘေးဒဏ် ခံခဲ့ရသော ဒေသများကို စီဒီခွေများရိုက်ကူးကာ ပြည်သူများ အကြား ယုံထင်ကြောင်ထင် ဖြစ်လာအောင် အဆိုပါ အခွေများအား ဖြန့်ဖြူးရောင်းချနေကြောင်း စွပ်စွဲပြီး အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရှိရသည်။

ပုဂ္ဂလိကအဖွဲ့များက ရိုက်ကူးပြီး ဖြန့်ဝေနေသော စီဒီများမှာ လေမုန်တိုင်း တိုက်ခတ်ချိန်မှ စပြီး ယခုအချိန်ထိ လေဘေးဒဏ်ခံခဲ့ရသော ဒေသများ၏ ပကတိ လက်တွေ့အခြေအနေ ဖြစ်ရပ်မှန်များကို ရိုက်ကူးထားပြီး သေဆုံးသူများ၏ ရုပ်အလောင်းများ၊ ပျက်စီးသွားသော အိမ်ယာများနှင့် လေဘေးအကူအညီကို မျှော်လင့်နေကြသော ပြည်သူများ၏ ရုပ်ပုံများအား တချက်ချင်း ထိထိမိမိ ရိုက်ကူး တင်ဆက်ထားကြောင်း သိရှိရသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စစ်တွေတွင် မိသားစု တစု တမင်းငတ်၍ အဆိပ်စား သတ်သေ


6/23/2008
မင်းဆက်ခိုင်(နိရဉ္စရာ)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အဖွဲ့ဝင် သုံးဦးပါ မိသားစု တစုမှာ လွန်ခဲ့သော ဇွန်လ ၁၆ ရက်နေ့က ထမင်းငတ်၍ အဆိပ်စား သတ်သေသွားကြောင်း သတင်းရရှိသည်။
အဆိပ်စား သတ်သေသွားသော မိသားစုမှာ စစ်တွေမြို့ မင်းဂံ ရပ်ကွက် အကွပ်(၁၁) (ဃ) အတန်းမှ ဖြစ်ပြီး သေဆုံးသွားသူများမှာ ဦးမောင်ဘဦး (၃၉ နှစ်) နှင့် သူ၏ ၈ နှစ် အရွယ် သမီးတဦးနှင့် ၅ နှစ်အရွယ် သားတဦး တို့ ဖြစ်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်တွေမြို့မှ သူတို့၏ ဆွေမျိုး တဦးက အဆိုပါ အဆိပ်စား သေဆုံးမှုကို အတည်ပြု ပြောကြားပြီး သေဆုံးသွားပုံကို ယခုကဲ့သို့ ပြောသည်။

“သူတို့ သေဆုံးသွားတာက တော်တော် ကြေကွဲစရာ ကောင်းပါတယ်။ ဦးမောင်ဘဦးဟာ ဆိုက်ကား နှင်းပြီး မိသားစုတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေတဲ့သူပါ။ မိန်းမ ဆုံးသွားပြီး ကတည်းက ခလေးနှစ်ဦးကို သူကဘဲ တာဝန်ယူ စောင့်ရှောက်လာခဲ့တာပါ။ အခုအခါမှာ ကုန်ဈေးနုန်းက အရမ်းကြီးလာပြီး ဆိုက်ကား နှင်းရတာလည်း အဆင်မပြေတော့ နောက်ဆုံး ထွက်ပေါက် အနေနဲ့ သူဒီလမ်းကို ရွှေးချယ်သွားခဲ့တာပါ။ ” ဟုပြောသည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး သိရှိရသည်မှာ ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁နာရီ ခန့်တွင် ဦးမောင်ဘဦးမှာ သမီးဖြစ်သူ စားမည့် ထမင်းပုဂံတွင် ဗျိုင်းသတ်ဆေးထည့်ပြီး ပထမဆုံး ကျွေးကြောင်း ဒုတိယ အနေဖြင့် သားဖြစ်သူအား အဆိုပါ ဗျိုင်းသတ်ဆေး ထည့်ကာ ထမင်းကျွေးကြောင်းနှင့် နောက်ဆုံးတွင် မိမိစားမည့် ထမင်းတွင် ဗျိုင်းသတ် ဆေးထည့်ကာ မိမိ ကိုယ်ကို အဆုံး စီရင်သွားခဲ့ခြင်း ဖြစ်သည်။

ဗျိုင်းသတ်ဆေးဆိုသည်မှာ ဒေသခံ ပြည်သူများက ခေါ်ဆိုခြင်း ဖြစ်ပြီး အမည်မှာ ပရိုတက်(စ်) ဆေးဖြစ်ကြောင်းနှင့် အဆိုပါ ဆေးမှာ အဆိပ် အပြင်းစား ဆေးတမျိုးဖြစ်ကြောင်း သိရှိရသည်။

ဦးမောင်ဘဦးတို့ မိသားစု အဆိပ်စားကြောင်း သတင်းများ ရရှိ၍ ရပ်ကွက်နေ အိမ်နီးနားချင်းများက လိုက်လာသောအခါ မိသားစု ၃ ဦးစလုံးမှာ ထမင်းပုဂံများဘေးတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ရပ်ကွက်လူကြီး တဦးပြောသည်။ သူတို့ သုံးဦးစလုံးကို နောက်တရက်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် ကျေးရွာသားများက သဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် ဆိုက်ကားသမား တဦး၏ ပျမ်းမျှရငွေသည် တရက်လျှင် ကျပ်ငွေ ၉၀၀ နှင့် ၁၀၀၀ ခန့်သာရရှိပြီး အဆိုပါ ဝင်ငွေမှာ မိသားစု တစု အဖို့ တရက်တာ ထမင်း ၀မ်းဝရန် အတွက် မဖုံလှုံသောငွေ ပမာဏဖြစ်ကြောင်း အဆိုပါ ရပ်ကွက် လူကြီးက ပြောသည်။

ယခုအခါတွင် ရခိုင်ပြည်နယ် တဝှမ်းလုံးတွင် အလုပ်အကိုင်များရှားပါးပြီး ကုန်းဈေးနှုန်း များလည်း တရက်ထက် တရက် အဆမတန် မြင့်တက်လာသဖြင့် ဆင်းရဲသူ လက်လုပ် လက်စားများမှာ အငတ်ဘေးနှင့်ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း စစ်တွေမှ လာသော သတင်းများအရ သိရှိရသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လိုင်စင်သစ်များ ထုတ်ပေးမည့်သတင်းကြောင့် ဆိုင်ကယ်ဈေးတက်

သီတာထွန်း။
ဇွန်လ ၂၃ ရက်၊ ၂၀၀၈ ခုနှစ်။


လိုင်စင်မဲ့ ဆိုင်ကယ်များကို မကြာမီ လိုင်စင်ထုတ်ပေးတော့မည်ဆိုသော သတင်းများ ကြောင့် နယ်စပ်ဒေသများ တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ ဈေးတက်သွားသည်။

မေလအတွင်း ဆိုင်ကယ် တစီးလျှင် ကျပ်ငွေ (၄၃)သိန်းခန့်ဈေးရှိခဲ့ရာမှ ယခုအခါ (၄၈)သိန်းခွဲခန့်အထိ ဈေးတက် သွားသည်ဟု မြ၀တီမြို့မှ ဆိုင်ကယ်ပွဲစားတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လိုင်စင်မဲ့ ဆိုင်ကယ်များကို မကြာမီ လိုင်စင် ပြုလုပ်ပေး တော့မည်ဟု မြ၀တီရှိ လိုင်စင်ရုံးမှ ၀န်ထမ်းတဦးက အ တည်ပြုပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို တရားဝင်ပြုလုပ်ပေးရန်အတွက် တိုင်းနှင့်ပြည်နယ်ရှိ အရာရှိများ ယနေ့ နေပြည်တော် တွင် အစည်းအဝေးကျင်းပနေသည်ဟု လိုင်စင်ရုံးမှ ၀န်ထမ်းကပြောသည်။

လာမည့် ဇူလိုင်လတွင် တရားမ၀င်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကြားကာလတွင် တရား မ၀င် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုသိထားရကြောင်း မြ၀တီမြို့ခံ တဦးက ပြောကြားသည်။

“ကျနော်တို့ ရုံးတွေကိုတော့ စာဝင်နေပြီခင်ဗျာ၊ ခုလောလောဆယ် သူတို့က ဆိုင်ကယ်တွေကို အရင် ဖမ်းမယ်လို့ ပြောတယ်ခင်ဗျ၊ မလုပ်သေးခင် အရင်ဖမ်းမယ်၊ ဖမ်းပြီးတော့မှ ချပေးမှာပေါ့၊”

ယခင်က သက်တမ်းတိုးပေးရာတွင် လိုင်စင်ရှိပြီးသား ဆိုင်ကယ်များကိုသာ တိုးပေးခြင်းဖြစ်ပြီး လိုင်စင်အသစ် ပြုလုပ်ပေးခြင်းမရှိသော်လည်း ယခုအခါ လိုင်စင်မဲ့ဆိုင်ကယ်များ အားလုံးကို လိုင်စင်ပြုလုပ်ပေးမည်ဟု ၄င်းက ပြောသည်။

အခြား မြ၀တီမြို့ခံတဦးကလည်း “ အခု လိုင်စင်လုပ်ပေးတာက သူ့ဈေးနှုန်းနဲ့ သူပေါ့နော်၊ လောလော ဆယ်တော့ ဈေးနှုန်းမသတ်မှတ်ရသေးဘူး၊ နာဂစ်အလှူ စီမံချက်နဲ့ သူတို့က လုပ်ပေးမှာ။” ဟုပြော သည်။

နာဂစ် အလှူ စီမံချက် ဆိုသည်မှာ လိုင်စင်ဖိုးပေးသွင်းသော ငွေများကို မုန်တိုင်းပြန်လည်ထူထောင်ရေး အတွက် အသုံးပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ် မတ်လကုန်မှ စတင်ကာ (၄) လအတွင်း တရားမ၀င် ဆိုင်ကယ်များကို လိုင်စင် ပြုလုပ်ပေးခဲ့ပြီးနောက်ပိုင်း လေးနှစ်ကြာပြီးနောက် ယခုကဲ့သှို့ လိုင်စင်သစ်များ ထုတ်ပေးမည့် သတင်းများ ထွက် လာခြင်းဖြစ်သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်