စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

ရတနာပုံ တယ်လီပို့တွင် ရင်နှီးမြှုပ်နှံရန် ကုမ္ပဏီများအား ခွင့်ပြု

ဧရာဝတီ ဇူလိုင် ၃၀၊ ၂၀၀၈

ပြည်တွင်း ပြည်ပရှိ သတင်းဆက်သွယ်ရေးနည်းပညာ (အိုင်တီ) ကုမ္ပဏီ ၁၂ ခုအား ရတနာပုံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ရတနာပုံ တယ်လီပို့၌ ရင်းနှီးမြှုပ်နှံရန် စစ်အစိုးရက ခွင့်ပြုလိုက်ကြောင်း သိရသည်။
ရတနာပုံ တယ်လီပို့တွင် ရင်းနှီးမြှုပ်နှံခွင့်ရ သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှာ မြန်မာတယ်လီပို့ အပါအ၀င် FISCA Enterprise ၊ MCC and Fourtune International ၊ Myanmar World Distribution ၊ Yadanabon Cyber Corporation ၊ ထူး၊ နိဗ္ဗာန်၊ တာမိုးညဲ ချမ်းသာ ထွန်းဝေသားနှင့် မြန်မာအင်ဖိုတက်ခ် ကုမ္ပဏီများ ဖြစ်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် ကုမ္ပဏီများမှာ ရုရှားပိုင် CBOSS Corpo-ration ၊ Maxinet of Australia နှင့် Global Technology ကုမ္ပဏီများ ဖြစ်ကြသည်။ Global Technology ကုမ္ပဏီသည် ထိုင်းနှင့် အင်္ဂလန် နိုင်ငံများတွင် အခြေစိုက်သည်ဟု ယူဆရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ် ထူထောင်ခဲ့သည့် ရှင်း ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ၊ တရုတ်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်သည့် ZTE ကုမ္ပဏီနှင့် မလေးရှားနိုင်ငံမှ IP Tel Sdn Bhd ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့် မရကြကြောင်း စစ်အစိုးရနှင့် နီးစပ်သူများမှတဆင့် သိရသည်။

အိုင်တီ ကုမ္ပဏီ ၁၂ ခုသည် အမေရိကန်ဒေါ်လာ ၂၂ သန်းကို ရင်နှီးမြှုပ်နှံကြရန် သဘောတူထားကြသည်ဟု မြန်မာတိုင်းစ် ဂျာနယ်တွင် ဖော်ပြထားသည်။

စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများနှင့် သတင်းအချက်အလက်များကိုထုတ်လွှင့်သည့် အင်တာနက် စာမျက်နှာများနှင့် အင်တာနက်အသုံးပြုသူများကို ရတနာပုံ တယ်လီပို့ အစီအစဉ်ဖြင့် တင်းကျပ်စွာ ပိတ်ပင်ရန် ရှိသည်ဟုလည်း ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများက ပြောသည်။

မြေဧကတသောင်း အကျယ်အ၀န်းရှိသည့် ရတနာပုံ တယ်လီပို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိပြီး ဆောက်လုပ်ရေးအစီအစဉ်ကို ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည်။ မြေနေရာအကျယ်အ၀န်း၏ ငါးပုံတပုံကို ကွန်ပျူတာ ဆော့ဝဲလ်နှင့် ဟတ်ဝဲလ် ထုတ်လုပ်ရေးအတွက် အသုံးပြုသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာတယ်လီပို့နှင့် ကြံ့ဖွံ့ပိုင် Information Technology Central Services တို့က ချုပ်ကိုင်ထားကြပြီး ၎င်းဌာနများသည် ရန်ကုန်တွင် အခြေစိုက်လျက် ရှိသည်။

မြန်မာနိုင်ငံသည် အင်တာနက်စည်းကမ်းများနှင့်ပတ်သက်၍ ထိန်းချုပ်မှုအများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်။

No comments: