စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, August 1, 2008

မြန်မာကုန်စည် အမေရိကန်တင်သွင်းခွင့် ပိတ်သည့်ဥပဒေကို သမ္မတက သက်တမ်းတိုး

Agencies/ ၃၀ ဇူလိုင် ၂၀၀၈

အမေရိကန်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေကို သမ္မတဂျော့ခ်ျ ဒဗလျူ ဘုရှ်က သက်တမ်းတိုးလိုက် ပြီး မြန်မာ့ကျောက်မျက်ရတနာများအား တတိယနိုင်ငံများမှတဆင့် တင်သွင်းမှုကို ပိတ်ပင်သည့် ဥပဒေအသစ်ကိုလည်း လက် မှတ်ရေးထိုး အတည်ပြုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သမ္မတဘုရှ်က “အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို အပြည့်အ၀ ယုံကြည်တယ် ဆိုတာကို မြန်မာစစ်အစိုးရကို ကျနော်တို့ အသိပေးချင်ပါတယ်” ဟု ယမန်နေ့က ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။

ထို့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လက်အောက်အရာရှိကြီးများ ပိုင်ဆိုင် (သို့) ထိန်းချုပ်ထားသော ကျောက်မျက်ကုမ္ပဏီများ အပါ အ၀င် ကုမ္ပဏီ (၁၀) ခုကို ဘဏ္ဍာရေးအရ ပိတ်ပင်ဆို့မှု ပြုလုပ်ခဲ့သည်။

၂၀၀၃ ခုတွင် သမ္မတဘုရှ် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ဥပဒေ The Burmese Freedom and Democracy Act အား ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး ကွယ်လွန်သူ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌဟောင်း မစ္စတာ တွမ်လန်းတော့စ်က Block Burmese JADE Act ခေါ် အဆိုပါ မြန်မာ့ကျောက်မျက်တင်သွင်းမှု ပိတ်ပင်ရေး ဥပဒေမူကြမ်းကို ၂၀၀၇ ခု၌ ဦးဆောင်ရေးဆွဲ အဆိုပြုခဲ့ခြင်းဖြစ်သည်။

ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် လူ့အခွင့်အရေးချိုးဖောက်နေပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်နေသော မြန်မာစစ်အစိုးရကို နိုင်ငံခြားငွေ အဓိကရှာပေးနေသည့် လမ်း ကြောင်းတခုဖြစ်သဖြင့် ယခု ဥပဒေအသစ်ကြောင့် စစ်အစိုးရအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ နစ်နာစေမည်ဖြစ်သည်။

ထို့အပြင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမည် မဟုတ်သကဲ့သို့ တတိယနိုင်ငံများမှတဆင့် အမေရိကန် ဘဏ္ဍာရေးအဖွဲ့ အစည်းများအား အသုံးပြုနေမှုကိုလည်း ယခု ဥပဒေသစ်အရ ကာကွယ်ထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။

အမေရိကန်မှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု ဥပဒေများသည် မြန်မာစစ်အစိုးရ၏ ဘဏ္ဍာငွေ အရင်းအမြစ်များကိုသာ ပိတ်ဆို့ထားခြင်းဖြစ်ပြီး သာမန်ပြည်သူများအတွက် နစ်နာမှုမရှိကြောင်း သမ္မတအိမ်တော် ပြောခွင့်ရ အမျိုးသမီး ဒါနာပရီနိုက ထပ်မံပြောဆိုသည်။

ပြောခွင့်ရအမျိုးသမီး ဒါနာပရီနိုက “စစ်အစိုးရကို ဖိအားပေးဖို့ အမေရိကန်က သီးသန့် လုပ်ဆောင် နေတဲ့အပြင် အခြားနိုင်ငံတွေကလည်း သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်နေကြတဲ့အတွက် ဒီပိတ်ဆို့ အရေးယူမှုဟာ ထိရောက်မှုရှိပါတယ်။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ပြည်သူတွေကို ဖိနှိပ်နေတဲ့ သူတွေကိုသာ ဦးတည်တာပါ။ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေအတွက် မထိခိုက်နိုင်ပါဘူး” ဟု ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံ၌ လူ (၁) ထောင်လျှင် (၇) ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ


ဒေါက်တာစန်ဂန် (၀ဲ) အား ဘန်ကောက်မြို့ (FCCT) တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌တွေ့ရစဉ်
ပီတာအောင်/ ၃၀ ဇူလိုင် ၂၀၀၈

မြန်မာနိုင်ငံ၌ ကိုယ်ခံအားကျဆင်းစေသည့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံနေသူ အရေအတွက် သိသိသာသာ လျော့နည်းကျဆင်းသွားသော်လည်း လူ (၁) ထောင်လျှင် (၇) ဦး ကူးစက်ခံနေ ရဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ယူအန်အေ့ဒ်စ် (UNAIDS) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသည့် အရွယ်ရောက်သူနှင့် ကလေးဦးရေသည် ၂၀၀၁ ခုတွင် (၃၀၀,၀၀၀) ခန့် ရှိရာမှ ၂၀၀၇ခု၌ (၂၄၀, ၀၀၀) ခန့်သာ ရှိတော့သည်ဟု ယမန် နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ထိုသို့ကျဆင်းသွားရခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များ၌ ကူးစက်မှု ကျဆင်းသွား၍ ဖြစ်သည်ဟု ယူအန်အေ့ဒ်စ်အဖွဲ့ ဒေသတွင်းအစီစဉ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာစန်ဂန်က ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်း၌ ယနေ့နံနက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ဆေးခန်းတွေက ရရှိတဲ့ စာရင်းတွေအရ များသောအားဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတာဖြစ်တယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ အဲဒီအုပ်စု အကြားမှာ (၂.၅) ရာခိုင်နှုန်းလောက်ကနေ (၁) ရာခိုင်နှုန်း ကျော်ကျော်လောက်ထိ ကျဆင်းသွား တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအပါအ၀င် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာတော့ အိတ်ခ်ျအိုင်ဗွီ ကူးစက် နှုန်း အမြင့်မားဆုံး ဖြစ်နေတုန်းပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လူ (၁) ထောင်လျှင် (၇) ဦး အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရကြောင်း၊ အသက် (၁၅) နှစ်မှ (၂၄) နှစ်အကြား လူငယ်အမျိုးသမီး (၁) ထောင်လျှင် (၆) ဦးနှင့် လူငယ်အမျိုးသား (၁) ထောင်လျှင် (၇) ဦးနှုန်း ဖြစ်ပွားနေပြီး ၂၀၀၇ ခုနှစ် စာရင်းအရ အိတ်ခ်ျအိုင်ဗွီကြောင့် သေဆုံးသူ (၂၄,၀၀၀) ဦး ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
အာရှ ဒေသတခုလုံး၌ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူပေါင်း (၅) သန်းရှိပြီး တကမ္ဘာလုံး၌ (၃၃) သန်းရှိကြောင်းနှင့် နိုင်ငံအများအပြားတွင် လူငယ်လူရွယ်များအကြား ကွန်ဒုံးသုံးဆွဲမှု ပိုမိုများပြား လာကြောင်း ယူအန်အေ့ဒ်စ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

လယ်သမားများ ဓာတ်မြေသြဇာ အခက်အခဲဖြစ်

NEJ/ ၃၀ ဇူလိုင် ၂၀၀၈

ယခုနှစ် စပါးစိုက်ပျိုးရာသီ၌ လယ်သမားအများစု စိုက်ခင်းထဲသို့ ထည့်မည့် ဓာတ်မြေသြဇာ ၀ယ်ယူ ရန် ငွေကြေးမတတ်နိုင်၍ နီးစပ်ရာ အန်ဂျီအိုများနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့များထံ အကူအညီတောင်းထားကြကြောင်း လယ်သမားများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လပွတ္တာမြို့နယ် ထုံးဘူးကျကျေးရွာအုပ်စု ဘီတွတ်ကျေးရွာမှ လယ်သမားတဦးက “အစိုးရက ရောင်းချပေးတဲ့ ပုလဲဓာတ်မြေသြဇာက အိတ်အရေအတွက် အနည်းငယ်သာ ရှိပြီး လယ်သမား တိုင်းမရလို့ အခက်တွေ့နေတယ်” ဟု ပြောသည်။

ယခင်နှစ်များထက် ယခုနှစ်တွင် ဓာတ်မြေသြဇာ ပိုမိုလိုအပ်ကြောင်း၊ လိုအပ်ရသည့် အကြောင်းမှာ မျိုးစပါးအခက်အခဲကြောင့် အချိန်နောက်ကျမှ စပါးစိုက်နိုင်ပြီး တမန်းညက်အောင် မထွန်နိုင်သည့် အတွက်ဖြစ်ကြောင်း အဆိုပါ လယ်သမားက ရှင်းပြသည်။

၎င်းက “ အချိန်နောက်ကျတော့ လယ်ထဲမှာ တမန်းညက်အောင် မထွန်နိုင်ဘူး။ မြက်တွေ မပုတ်ဘူး ဖြစ်နေတယ်။ ဒီတော့ စိုက်ပြီးနောက် ဓာတ်မြေသြဇာ ထည့်ဖို့ လိုလာတယ်။ ကျနော့်လယ်ဆိုရင် တဧက (၃) အိတ်လောက် ထည့်ရလိမ့်မယ်။ ဒါပေမယ့် ငွေက မရှိဘူး။ ဒီတော့ လပွတ္တာမြို့ပေါ် တက်ပြီး အန်ဂျီအို အဖွဲ့တွေကို တနည်းနည်းနဲ့ အကူအညီပေးပါလို့ မေတ္တာရပ်ခံထားတယ်။ ကူညီ တာမျိုးဖြစ်ဖြစ်၊ စပါးပေါ်ချိန် စပါး ပြန်ပေးရတာမျိုးဖြစ်ဖြစ်” ဟု ပြောသည်။

အဆိုပါ လယ်သမားကဲ့သို့ အခြားရွာများမှ လယ်သမားများလည်း လာရောက်အကူအညီ တောင်းခံ ထားခြင်းမျိုး ရှိကြောင်း လပွတ္တာာမြို့ပေါ်၌ ရုံးစိုက်ထားသည့် အန်ဂျီအိုတခုမှ တာဝန်ခံတဦးက ပြောသည်။

ယခုလက်ရှိ လေဘေးကယ်ဆယ်ရေးအတွက် နယ်စပ်သွင်း ကုန်ပစ္စည်းအချို့ကို အကောက်ခွန် လွတ်ငြိမ်းခွင့် ပြုခဲ့ရာတွင် ဓာတ်မြေသြဇာ မပါဝင်သည့်အတွက် ဈေးနှုန်း ကြီးမြင့်နေကြောင်း သိရသည်။

ဇူလိုင် (၂၈) ရက် ပေါက်ဈေး ရွှေတောင် အပင်အားတိုးဆေး ပုလဲဓာတ်မြေသြဇာ တအိတ် (၃၁,၃၀၀) ကျပ်၊ ဓူဝံတံဆိပ်က (၃၁,၅၀၀) ကျပ်၊ သံကွင်းတံဆိပ်က ကျပ် (၄၀,၀၀၀) အထိ ဈေးပေါက်နေပြီး ပြီးခဲ့သည့်နှစ် တအိတ် ကျပ် (၂၅,၀၀၀) ကျော်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာ ကြောင်း၊ အသီးအားတိုးဆေး တီစူပါ (၁၆) ရာခိုင်နှုန်းမှာ တအိတ် (၁၃,၈၀၀) ကျပ်၊ (၁၂) ရာခိုင် နှုန်းက (၁၂,၅၀၀) ကျပ် ဈေးနှုန်းရှိပြီး ကွန်ပေါင်းဓာတ်မြေသြဇာများကိုမူ အချိုးအစားလိုက်ပြီး ကျပ် (၅၀,၀၀၀) မှ (၂၂,၀၀၀) အထိ ဈေးပေါက်နေသည်။

ဓာတ်မြေသြဇာ အခက်အခဲ မပေါ်ခင်ကတည်းက လယ်ထွန်စက် အခက်အခဲ၊ လောင်စာဆီ အခက် အခဲ၊ မျိုးစပါးအခက်အခဲနှင့် ရရှိသည့် မျိုးစပါးများ အပင်မပေါက်သည့် ပြဿနာများ ကြုံခဲ့ရသည့် အတွက် လယ်သမားအများအပြားသည် လယ်မြေအများစုကို စိုက်ပျိုးနိုင်ခြင်း မရှိကြဘဲ စိုက်ပျိုး နိုင်သည့် လယ်သမားများသည်လည်း ဓာတ်မြေသြဇာပြဿနာ ထပ်ဆင့်ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံအတွင်း ဓာတ်မြေသြဇာ တင်သွင်းရာ၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသား အောင်သက်မန်း ပိုင် ဧရာရွှေဝါ ကုမ္ပဏီသည် အကြီးဆုံးဖြစ်ပြီး ဧရာဝတီတိုင်းရှိ ဓာတ်မြေသြဇာ ဈေးကွက်ဝေစုကို လည်း အကြီးမားဆုံး ရရှိထားသူဖြစ်ကြောင်း ဆန်စပါး လုပ်ငန်းရှင်များက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

စာသင်ကျောင်းပြိုများ ပြန်မပြင်နိုင၊်ဇရပ် ဓမ္မာရုံကို ယာယီကျောင်းများလုပ်ရ

NEJ/ ၃၀ ဇူလိုင် ၂၀၀၈

နအဖစစ်အစိုးရ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသည် ကျောင်းနှင့် တူရမည်ဟူသောဆောင်ပုဒ် ချထားသော်လည်း စာသင်ကျောင်းဖြင့် စာမသင်ရဘဲ ယခုတိုင် ယာယီတဲများဖြင့် စာသင်နေရ သည့် ကလေးများ အမြောက်အမြား ရှိနေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့မှ နာဂစ်မုန်တိုင်းကြောင့် ကျောင်းများ ပြိုပျက်သွားပြီး အဆိုပါ ကျောင်းများမှာ ယခုတိုင် ပြည်လည် မတည်ဆောက်နိုင်သေးသည့်အတွက် ကျောင်းသားများ စာသင်ရန် နေရာအခက်အခဲ ဖြစ်နေသည်။

အဆိုပါကျောင်းများမှာ ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ တွံတေး၊ ဆိပ်ကြီး၊ ခနောင်တိုတို့တွင်ရှိသော စာသင်ကျောင်းအချို့ဖြစ်သည်။

ယင်းမြို့နယ်များရှိ စာသင်ကျောင်းများအနက် လေးပုံတပုံခန့်မှာ အပျက်အစီးများရှိကြောင်း ရန်ကုန်ရှိ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ အင်ဂျင်နီယာတဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရန်ကုန် မြူနီစပါယ်နယ်နမိတ်အတွင်းရှိ မြို့နယ်များတွင် နာဂစ်ကြောင့် ပြိုသွားသည့် ကျောင်းများ ကို စတီး structure ကျောင်းများအဖြစ် တည်ဆောက်ပေးနေသော်လည်း ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ ဆိပ်ကြီး၊ ခနောင်တို့မှာ မြူနီစပါယ် ဧရိယာအတွင်း မပါဝင်သည့်အတွက် တည်ဆောက်
မှု ပြုလုပ်ပေးမည်ကို တိတိကျကျ မသိရှိရကြောင်း ဒေသခံ ကျောင်းအုပ်ကြီးများက ပြောသည်။

ကော့မှူးမြို့နယ် မြို့မ (အမက) ကျောင်းမှာ မုန်တိုင်းကြောင့် လုံးလုံးပြိုကျသွားပြီး အေးရှားဝေါလ် ကုမ္ပဏီက မေလ (၁၂) တွင် လာရောက်ကြည့်ရှုသော်လည်း နောက်ထပ် မလာတော့ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းသား (၁၁၂) ဦးရှိပြီး ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ (၄) ဦးရှိပြီး ယခုအခါ ရပ်ကွက်ဓမ္မာရုံတွင် စာသင်နေကြရသည်။

တွံတေးမြို့နယ် အိုးဖိုအနောက်ရပ်ကွက် စံပြ (၃) လမ်းရှိ မူလတန်းကျောင်းမှာလည်း လုံးဝပြိုကျ သွားသည့်အတွက် ကျောင်းသား (၂၅၀) မှာ မေလက နအဖအခြေခံဥပဒေ မဲဆန္ဒခံယူပွဲအတွက် မဲရုံပြုလုပ်သောနေရာတွင် စာသင်ခုံများချ၍ စာသင်နေရသည်။

“အလှူရှင်တွေ လာလှူတဲ့ တာပေါ်လင်တွေကို အကာလုပ်ပြီး မဲရုံနေရာမှာပဲ ဖြစ်သလို စာသင်နေ ရတယ်။ နေရာမလောက်လို့ စတုတ္ထတန်းကိုတော့ ရယက ရုံးမှာ နေရာခွဲ သင်နေရတယ်။ စာသင် ကျောင်းနဲ့ စာမသင်ရတော့ ကလေးတွေ စိတ်ဓာတ်ကျမှာ စိုးရိမ်နေရတယ်” ဟု ကျောင်းအုပ်ဆရာ မကြီး နော်တင်အေးက ပြောသည်။

ယင်းမူလတန်းကျောင်းမှာ တွံတေးမြို့၏ အဆင်းရဲဆုံး ရပ်ကွက်ကျောင်းတကျောင်းဖြစ်ပြီး ကျောင်းတွင် နေထိုင်ရသည့် ကျောင်းအုပ်ဆရာမကြီး မိသားစုမှာလည်း နေစရာ အခက်အခဲ ဖြစ်နေကာ ကျောင်းခြံဝင်းအတွင်း ကျောင်းမှ ကွာကျသော သွပ်များကို မိုးကာ တို့တာဝန်အရေး သုံးပါးဆိုင်းဘုတ်ကို တံခါးလုပ်နေရသည်။

နအဖစစ်အစိုးရက အနှစ်သုံးဆယ် နှစ်ရှည်ပညာရေးစီမံကိန်းအဖြစ် မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှု ရင်ဆိုင်နိုင်မည့် လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တခု ဖြစ်ထွန်းလာစေရန်ဟူ၍ ပညာရေးရည်မှန်းချက် ချထား ကြောင်းသိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ပထမဆုံး နာဂစ်ရန်ပုံငွေ ဟစ်ဟော့ရှိုးပွဲ

နာဂစ်ရန်ပုံငွေ ရှာမည့် နာမည်ကြီး ဟစ်ဟော့အဆိုတော် အချို့
NEJ/ ၃၀ ဇူလိုင် ၂၀၀၈


နာဂစ်အတွက် ရန်ပုံငွေရရှိစေရန် မြန်မာ့ပထမဆုံး ဟစ်ဟော့ အဆိုတော်များ တစုတပေါင်းတည်း ပါဝင်ကြမည့် ဟစ်ဟော့ပွဲကို သြဂုတ် (၃) ရက် သုဝဏ္ဏ အမျိုးသားအားကစားရုံ၌ ကျင်းပပြု လုပ်မည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဟစ်ဟော့တေးဂီတဖြစ်သော်လည်း နာဂစ်နှင့် ပတ်သက်၍ ရန်ပုံငွေ ရှာသည့်ပွဲဖြစ်သဖြင့် သီဆို ဟန်များ၊ ကခုန်မှုပုံစံများ၊ စင်ပေါ်က ပရိသတ်ကို နှုတ်ဆက်ဟန်ကစ၍ နွေးထွေးမှု ကရုဏာအပြည့် ပုံစံဖြင့် သီဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဟစ်ဟော့ အဆိုတော်များက အခကြေးငွေမယူဘဲ တဦးလျှင်၊ အဖွဲ့တဖွဲ့လျှင် သီချင်း (၂) ပုဒ် သီဆိုပေးကြမည်ဖြစ်သည်။

ပါဝင်သီဆိုကြမည့်သူများမှာ မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ရသ၊ စောညီညီ (too big)၊ အနဂ္ဂ၊ ဘာဘူ၊ သားစိုး၊ J-me၊ ကြက်ဖ၊ ထွန်းထွန်း(Example)၊ မိုးမိုး၊ လင်းလင်း၊ ကျော်သူစိုး၊ ချမ်းအေးဝင်း၊ ဘိုလေး (ယုန်လေး)၊ လင်းပင်ဟိန်း၊ ဂျောက်ဂျက်၊ Wai လျှံ၊ အာဘွိုင်း၊ ၀ိုင်းစုခိုင် သိန်း၊ နန်းဆုရတီစိုး၊ ပြည့်ဖူးခိုင်၊ စန္ဒီမြင့်လွင့်၊ သီရိဆွေ၊ သဇင်၊ No (ရီမွန်+ရတနာ)၊ Cartoon၊ Blueberry၊ Cyclone၊ Double Beatz၊ Project #1 စသည်တို့ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးများကို (၈,၀၀၀) နှင့် (၅,၀၀၀) သတ်မှတ်ရောင်းချမည်ဖြစ်ပြီး လေဘေးသင့် ပြည်သူများ အတွက် ရည်ရွယ်၍ စိတ်ဖြေသိမ့်မည့် သီချင်းများကို သီဆိုပေးသွားမည်ဖြစ်ကြောင်း ဟစ်ဟော့ အဆိုတော် အနဂ္ဂက ပြောသည်။

ဟစ်ဟော့တေးဂီတ အဆိုရှင်များ အနေဖြင့် နာဂစ်နှင့် ပတ်သက်၍ ၎င်းတို့ ရေးစပ်ထားကြသည့် သီချင်းများကို လွတ်လပ်စွာ သီဆိုကြမည်ဖြစ်ကြောင်း၊ ဟစ်ဟော့ လူငယ် (၂၀) တို့က အထူး ရေးဖွဲ့ထားသော သီချင်းတပုဒ်ကိုလည်း စီစဉ်တင်ဆက်သွားမည်ဖြစ်ပြီး ရေးသူမှ မိမိရေးသော သီချင်းပိုဒ်ကို ကိုယ်တိုင်သီဆိုသွားမည် ဖြစ်သည်ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။
မြန်မာ့ဟစ်ဟော့ အဆိုတော်များကို အစိုးရက စောင့်ကြည့်လေ့ရှိပြီး အက်ဆစ်ဟစ်ဟော့အဖွဲ့မှ အဆိုတော် ဇေယျာသော်ကို ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုကြောင့် နာဂစ်ရန်ပုံငွေ ဟစ်ဟော့ပွဲတွင်လည်း အစိုးရကစောင့်ကြည့်နိုင်သည်ဟု ဟစ်ဟော့အသိုင်းအ၀န်းက ဝေဖန် ပြောဆိုနေကြသည်။

အပြည့်အစုံဖတ်လိုလျှင်

အာဏာပိုင်များနှင့်နီးစပ်သူများက ဖမ်းဆီးတရုတ်ကုန်ပစ္စည်းများကို ထုတ်ယူ

NEJ/ ၃၀ ဇူလိုင် ၂၀၀၈

ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဓီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးထားသည့် ပစ္စည်းများကို အာဏာပိုင်များနှင့် နီးစပ်သည့် ကုန်သည်များက ထုတ်ယူနေကြကြောင်း နယ်စပ်ကုန်သည် အသိုင်းအ၀န်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၀၀၆ ခု ဧပြီအတွင်း (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ဖွင့်စဉ်ကာလအတွင်း ကုန်ကားများ ဆင်းခွင့် မရဘဲ တရုတ်ပြည်ဘက် ရက်အတော်ကြာ စုပြုံထားပြီးနောက် မြန်မာပြည်ဘက် ပြန်ဆင်းချိန်တွင် အပိုသယ်လာသည့် ဓာတ်ဆီ၊ ဒီဇယ်၊ အမျိုးအမည်၊ အရေအတွက် စာရင်းလိမ်ပြီး အခွန်မဆောင်
ဘဲ သွင်းလာသည့် ကုန်စည်များကို ကား (၉၉) စီးနှင့်အတူ ၂၀၀၆ ခု မေ (၅) ရက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္ဓီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်တွင် ရမခ လက်အောက်ခံ တပ်များက စစ်ဆေး ဖမ်းဆီးခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုန်သွယ်ရေးဇုန်မှ နကသအရာရှိများ အပါအ၀င် ကုန်သည်များ၊ အေးဂျင့်များ၊ ကားသမားများကို ဖမ်းဆီးခဲ့သကဲ့သို့ အချို့ကုန်သည်များလည်း ထွက်ပြေးတိမ်း ရှောင်ခဲ့ကာ နယ်စပ်ကုန်သွယ်ရေး ကမောက်ကမများ လအတော်ကြာ ဖြစ်သွားခဲ့သည်။

ကုန်ပစ္စည်းပိုင်ရှင်များမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး အချို့လည်း မိမိပစ္စည်းပါဟု ၀န်ခံထွက်ဆို ခြင်းမရှိသည့်အတွက် ပိုင်ရှင်မဲ့အဖြစ် သိမ်းယူထားသည့် ပစ္စည်းများမှ အချို့ကို လေလံတင် ရောင်း ချပြီး အချို့ကို ရမခက ထုတ်ယူသွားခဲ့ကာ ယခုနောက်ဆုံး လက်ကျန်ပစ္စည်းများကို ရမခနှင့် နီးစပ်သည့် ကုန်သည်များက ထုတ်ယူနေသည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “ကျန်နေတာက ကုန်မာပစ္စည်းတွေလိုမျိုးပဲ။ လူသုံးကုန်တွေ၊ လယ်ယာသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေလိုမျိုးပေါ့။ ကားတစီးစာ အဲဒီတုန်းက ဈေးနဲ့ကို သိန်း (၅၀၀) အထက် မှာ ရှိတယ်။ အခုဆို ဈေးတွေတက်တော့ သိန်း (၁,၅၀၀) လောက် ရှိနေပြီ။ အဲဒါကို ပိုင်ရာဆိုင်ရာက တဆင့် ရမခကို ဘာရန်ပုံငွေ၊ ညာရန်ပုံငွေဆိုပြီး သိန်း (၂၅၊ ၃၀) ထည့်လိုက်ရင် ကားတစီးတိုက်စာ ထုတ်လို့ရပြီ။ နောက်တခုက ကျမ်းကျိန်တာပေါ့။ ကိုယ့်ရဲ့ ပစ္စည်းတွေပါဆိုပြီး တရားရုံးမှာ ကျမ်း ကျိန်ပြီး ဒဏ်ကြေးဆောင်တာရယ်၊ ပေးကမ်းရတာတွေရယ် သိန်း (၇၀၊ ၈၀) လောက်ရင်းပြီး ပစ္စည်းတွေ ပြန်ထုတ်ပဲ။ ဘယ်ကားနဲ့ ဘာပစ္စည်းတွေ ပါတယ်ဆိုတဲ့အကြောင်း သူ့ဇစ်မြစ်တော့ သိဖို့ လိုတာပေါ့။ ဒါလည်း စာရေးတွေ၊ ဘာတွေကနေ လိုက်လို့ရတာပဲ” ဟု ပြောသည်။

ဖမ်းဆီးခဲ့သည့် ကား (၉၉) စီးနှင့် ဓာတ်ဆီ၊ ဒီဇယ်များကို ၂၀၀၆ ခုနှစ်အတွင်းမှာပင် ရမခနှင့် နီးစပ် သူများကိုသာ လက်သိပ်ထိုး ရောင်းချလိုက်ပြီး ၂၀၀၇ ခု နိုဝင်ဘာတွင် ဖယောင်းများကို လေလံတင် ရောင်းချခဲ့ကြောင်း၊ ဓာတ်မြေသြဇာများကိုမူ ရမခ၌ တပ်စိုက်ခင်းများ၊ လယ်မြေများတွင် အသုံးပြု ခဲ့ကြောင်း အဆိုပါ ကုန်သည်က ပြောသည်။

ပစ္စည်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ ပစ္စည်းများကို ပြန်မထုတ်ရဲသဖြင့် အခြားကုန်သည်များက အာဏာပိုင်များနှင့် ပေါင်းပြီး ကလိမ်ကကျစ်ကျကာ ထုတ်ယူနေမှုကို သိသိကြီးနှင့် ငြိမ်နေရခြင်း ဖြစ်သည်ဟု ပစ္စည်းပိုင်ရှင် ကုန်သည်တဦးက ပြောသည်။

၎င်းက “အဲဒီမှာ လယ်ယာသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး ကျန်သေးတယ်။ အဲဒီပစ္စည်းတွေကို နာဂစ်ဒုက္ခသည် ကယ်ဆယ်ထောက်ပံ့ရေးတွေမှာ သုံးလိုက်စမ်းပါ။ ကျနော်တို့ ကျေကျေနပ်နပ် လက်ခံတယ်။ အခုတော့ အဖမ်းခံရမှာကြောက်လို့ သွားပြီး မျက်နှာမပြရဲတာကို အခွင့်ကောင်းယူ လုပ်နေတာ” ဟု ပြောသည်။

ကုန်သွယ်မှုစည်းကမ်းများနှင့် မကိုက်ညီသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးထားသည့် အဆိုပါ ကား (၉၉) စီးတိုက် ကုန်ပစ္စည်းများမှ လက်ကျန်ပစ္စည်းများကို အာဏာပိုင်များနှင့် နီးစပ်သည့် ကုန်သည်များက ဇူလိုင်လဆန်းပိုင်းမှ စတင်၍ ထုတ်ယူနေကြခြင်းဖြစ်သည်ဟု ဒေသခံကုန်သည် များက ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ကေအဲန်ယူနှင့် ဒီကေဘီအေအကြား တင်းမာမှုဖြစ်၊ ရွာသား ၂၀၀ ကျော် နယ်စပ်သို့ ထွက်ပြေး

ခွန်အောင်မြတ်။
ဇူလိုင်လ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ခိုက်ကြမည့် အခြေအနေကြောင့် ကော့ကရိတ်မြို့နယ်အတွင်းမှ ကရင်ကျေးရွာသား ၂၀၀ ကျော် နေအိမ်၊ ခြံယာများကို စွန့်၍ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထွက်ပြေးတိမ်းရှောင်ကြရသည့် ရွာသားများသည် ကေအဲန်ယူထိန်းချုပ်သည့် တပ်မဟာ (၆) ဝေါ်လခီးဒေသ အနီး ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့နှင့် မိုင် ၃၀ နီးပါးခန့် ဝေးသည့် ကော့ကရိုက်မြို့နယ်အတွင်းရှိ ကနှဲလေး၊ မော်ဖိုးခီးနှင့် မော်ဖိုးကလု ကျေးရွာများဖြစ် သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစောလှငွေက ပြောသည်။

“အခြေအနေကတော့ ဝေါ်လခီးဘက်မှာ ကနှဲလေးဘက်က ရွာတရွာနှစ်ရွာက ဒီဘက်က ဖထီးဆိုတဲ့ ဒီဘက်နယ်စပ်ဘက်ကို ထွက်ပြေးလာတယ်။ လွန်တဲ့ သုံးလေးရက်က ကိစ္စ တွေပေါ့။ အဲဒီနေရာ တွေမှတော့ လောလောဆယ် တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ မရှိသေးပေမယ့်လို့ အဲဒီဘက်က ဒီကေဘီအေကနေ ကနှဲလေးဆိုတဲ့ အိမ်ခြေ (၉၀) ကျော် လူဦးရေ (၂၀၀)ကျော်လောက်ရှိမယ့်ရွာကို ၀င်လာတော့ ဒီ ဒီကေဘီအေ မ၀င်လာခင်မှာ နအဖတပ်က မင်းတို့ ပြေးကြတော့လို့ပြောတယ်တဲ့။ လူထုကိုပြောတယ် မင်းတို့ပြေးကြ ဆိုတော့ မင်းတို့မပြေးရင် ဒီကေဘီအေက ပေါ်တာဖမ်းမယ် ဆိုတော့ ရွာသားက ပြေးကြ တာပေါ့။”

တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) ၏ တပ်ရင်း ၉၀၇ လှုပ်ရှားနေသည့် ဒေသရှိ ကျေးရွာများကို ယခုလ ၂၆ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) ၏ တပ်ဖွဲ့ ၀င်ရောက်သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ ထွက်ပြေး တိမ်းရှောင်ခြင်းဖြစ်သည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

“ဒီက ကေအဲန်အယ်လ်အေ ဘက်ကနေပြီးတော့ မင်းတို့ ကနှဲလေးရွာထဲကို ဒီကေဘီအေက ၀င်ပြီး တော့ နေရာယူပြီ။ ဒါကတော့ နေရာယူထားတာ တို့ကလည်းပဲ တို့ကို တိုက်တဲ့ လူလာလိုရှိရင် ပစ်ရ မယ်ဆိုတော့ ရွာသားတွေက ရွာထဲမနေရဲတော့ အဲဒါကြောင့် ပြေးရတယ်ပေါ့။ ”

ဒီကေဘီအေတပ်ဖွဲ့က ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာသားများအား နေရပ်ရင်း ကျေးရွာသို့ ပြန်လာ ရန် ပြန်မလာပါက စိုက်ပျိုးထားသည့် ပျိုးခင်းများ အသီးအနှံစိုက်ခင်း များအား ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သည်ဟု ဝေါ်လခီးဒေသဖက်သလို့ ထွက်ပြေးလာ သည့် ရွာသားများက ပြောသည်။

ပြီးခဲ့သည် ဇွန်လ ၃၀ ရက်နေ့တွင် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ပူးပေါင်းကာ ကေအဲန်ယူ၏ တပ်မဟာ ၆ ဒေသရှိ ဝေါ်လခီး တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက် သေဆုံး ဒဏ်ရာရှိခဲ့ပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ စခန်း ဒီကေဘီအေ လက်ထဲ တရက်ကျရောက်ခဲ့သော်လည်း နောက်တရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းတိုက်ပွဲကြောင့် ဝေါ်လခီးဒေသအနီးရှိ ကျေးရွာသား ၃၀ ကျော် နေအိမ်စွန့်၍ ထိုင်းနယ်မြေတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာစစ်အစိုးရကို ငွေချေးသည့်ကိစ္စ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို တရားစွဲမည်

30 July 2008

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်အပေါ် အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်အသစ်တင်ထားတာကို ကြားနာဖို့ ထိုင်းတရား ရုံးချုပ်က သဘောတူလိုက်ပါတယ်။
ထိုင်းထုတ်ကုန်သွင်းကုန်ဘဏ်ကနေ မြန်မာအစိုးရကို အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးဖို့ အတည်ပြုခဲ့တာဟာ သူ့ကိုယ်ကျိုး စီးပွားအတွက်လုပ်ခဲ့တာလို့ အစိုးရစုံစမ်းစစ်ဆေးရေးကော်မတီတခုက စွပ်စွဲထားတာပါ။ ဒေါ်လာ သန်း ၁၂၀ ချေးငွေနဲ့ အဲဒီအချိန် က မစ္စတာတက်ဆင်မိသားစုပိုင် ရှင်းဂြိုဟ်တုကုမ္ပဏီကနေ ပစ္စည်းကိရိယာတွေကို မြန်မာနိုင်ငံက၀ယ်ယူဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမှုအတွက် ပထမဆုံးကြားနာပွဲကို စက်တင်ဘာလလယ်မှာလုပ်ဖို့ သတ်မှတ်ထားပါတယ်။

သူဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းဖြစ်ခဲ့တယ်ဆိုတဲ့ အကျင့်ပျက်ခြစားမှုစွဲချက် အများအပြားကို မစ္စတာ တက်ဆင် ရင်ဆိုင်နေရရပါတယ်။ သူ့အစိုးရက နိုင်ငံတော်အောင်ဘာလေထီ စဖွင့်ခဲ့တဲ့အချိန်တုန်းက ထီနဲ့ဆိုင်တဲ့ဥပဒေကို ချိုးဖောက်မှု ရှိ-မရှိ မစ္စတာတက်ဆင်အပါအ၀င် ၀န်ကြီးဟောင်း ၄၇ ယောက်တို့ကို ကြားနာစစ်ဆေးဖို့ တနင်္လာနေ့ကပဲ တရားရုံး ချုပ်က သဘောတူခဲ့ပါသေးတယ်။

မစ္စတာတက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ရာထူးကဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် အာဏာသိမ်းစစ်တပ်က ကော်မတီတရပ်ဖွဲ့စည်းပြီး အာဏာအလွဲသုံးစားလုပ်မှု၊ သူ့အစိုးရအဖွဲ့ရဲ့ မလျော်မကန်ပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန် အရေးယူမှုစာရင်းမှာ စစ်အစိုးရနှင့်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတချို့ ထပ်မံထည့်သွင်း

30 July 2008

ဒီမိုကရေစီကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ လုပ်နေတဲ့ မြန်မာစစ်အစိုးရကို အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းတွေကို နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ကြေငြာလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရပိုင် လုပ်ငန်းတွေကို နောက်ထပ်တိုးမြှင့် အရေးယူတာတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီတော့ အခုအရေးယူ ဆောင်ရွက်မှုတွေက မြန်မာစစ်အစိုးရနဲ့ မြန်မာ့စီးပွားရေးမှာ ဘယ်လိုများ သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဘောဂဗေဒ ပညာရှင် ဦးမော်သန်း ကို ဦးအောင်လွင်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပျက်ကွက်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက တိုးမြှင့် လုပ်ဆောင်လာတဲ့ နေရာမှာ မနေ့ကဆိုရင်လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရပိုင် လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမယ့် အမည်စာရင်းထဲမှာ နောက်ထပ် ထည့်သွင်းလိုက်တာပါ။ အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ လက်အောက်ခံ ကျောက်မျက်၊ ဘဏ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အဓိက ပစ်မှတ်ထား အရေးယူခဲ့တာပါ။ ဒီအထဲမှာ၊ Myanmar Ruby Enterprise, Myanmar Imperial Jade Company Ltd., Myawaddy Trading Ltd., နဲ့ Myawaddy Bank Ltd., စတဲ့ လုပ်ငန်း ၄ ခု တို့အပြင် သတ္တုတွင်းလုပ်ငန်း အမှတ် - ၁၊ ၂၊ ၃၊ နောက် သမ၀ါယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတို့ကိုလည်း အရေးယူ ပိတ်ဆို့မယ့် စာရင်းထဲ ထည့်သွင်းခဲ့တာပါ။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေလုပ်နေတဲ့ အစိုးရအတွက် ၀င်ငွေရပေါက်ရလမ်းတွေကို ပိတ်ဆို့ဖို့ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာပါ။ ဒီရည်ရွယ်ချက်ပစ်မှတ်တွေ ဘယ်လောက်အတိုင်းအတာ အထိ ထိရောက်မှု ရှိနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ရဲ့ အမြင်ကို ကျနော် မေးကြည့်ပါတယ်။

"အဲဒါက ရှင်းပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်နဲ့ ပတ်သက်လို့ အဓိက ၀င်ငွေက ကျောက်စိမ်းတို့၊ ကျောက်မျက်ရတနာတွေတို့ ပေါ့လေ။ အစိုးရက လုပ်နိုင်တဲ့ လုပ်ငန်းတွေပေါ့။ အစိုးရက သူပဲ reserved လုပ်ထားတယ်။ သူပဲ ကိုင်နိုင်ခွင့်ရှိတယ်။ ကျန်တဲ့ ကုမ္မဏီတွေ ကိုင်ခွင့်မရှိဘူး။ အဲဒါတွေ ကိုင်ရင်တော့ အစိုးရ ကော်ပရေးရှင်းတွေ ပိုပြီး ထိခိုက်မှာပေါ့။ တိုင်းပြည်အနေနဲ့လည်း နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ဒီလုပ်ငန်းတွေ ပေါ်မှာ အမှီပြုရတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုထိခိုက်တာပေါ့။"

ဒါပေမဲ့လည်း ဒီလို ပြည်ပနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ အကျိုးထက်အပြစ်သာဖြစ်စေတယ်ဆိုပြီး လက်မခံလိုသူတွေရှိကြသလို၊ မြန်မာစစ်အစိုးရ ကိုယ်တိုင်ကလည်း တိုင်းပြည်နဲ့ လူထုကိုသာ ထိခိုက်နစ်နာစေတယ် ဆိုပြီး တုန့်ပြန်တာတွေလည်း ရှိပါတယ်။ စီးပွားရေးပညာရှင် ဦးမော်သန်း ကတော့ အခုလို သုံးသပ်ပါတယ်။

"တိုက်ရိုက်ထိခိုက်မှာကတော့ သက်ဆိုင်ရာ ကော်ပရေးရှင်းတွေ ပေါ့လေ။ နိုင်ငံပိုင် ကော်ပရေးရှင်းတွေဆိုတာက အစိုးရနဲ့ ဆိုင်တာပေါ့လေ။ သူတို့မှာတော့ တိုက်ရိုက်သွားပြီး ထိခိုက်မှာပေါ့။ သူတို့ပေါ်မှာ မှီနေတဲ့ ပြည်သူကတော့ အလုပ်အကိုင် ရရှိမှု အနေနဲ့ ထိခိုက်မယ်။ နောက်တခုက နိုင်ငံအတွက် နိုင်ငံခြားငွေ ရပေါက်ရလမ်း၊ ၀င်ငွေ ရပေါက်ရလမ်းက ဒီကော်ပရေးရှင်းတွေပေါ်မှာမှီရတယ်ဆိုတော့ နိုင်ငံလည်းပဲ ထိခိုက်မှာပါပဲ။ ဒီကော်ပရေးရှင်းအနေနဲ့ အဓိကအားဖြင့် လှုပ်ရှားတဲ့နေရာမှာ၊ ပြည်ပနဲ့ ဆက်သွယ်တဲ့နေရာမှာ အဓိက တံခါးပေါက်လို ဖြစ်နေတာ။ အကျိုးခံစားခွင့် ကိစ္စရပ်တွေအတွက် ဒီကော်မတီကြီးက ဂိတ်ပေါက်လို ဖြစ်နေတာ။ ကျန်တဲ့ စီးပွားရေးကတော့၊ ပုဂ္ဂလိက ကဏ္ဍကတော့ ဒီလောက် ထိခိုက်မယ်မထင်ပါဘူး။"

နိုင်ငံတကာက မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်နေတဲ့အထဲမှာ အပြင်းထန်ဆုံးလို့ ဆိုရမယ့် အမေရိကန် ပြည်ထောင်စုက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံထဲ တင်သွင်းတာတွေကို တိုးမြှင့်ပိတ်ပင်တဲ့ ဥပဒေမူကြမ်းတရပ်ကိုလည်း သမ္မတ ဂျော့ဂ်ျ ဘုရှ် က မနေ့ကပဲ လက်မှတ် ရေးထိုး အတည်ပြုလိုက်ပါတယ်။ အရင်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ မြန်မာ့ကျောက်မျက်တွေကို တတိယ နိုင်ငံတွေက တဆင့် အမေရိကန်နိုင်ငံထဲ တင်သွင်းတာတွေကို တားမြစ်ထားတာမျိုး မရှိပဲ ဖြစ်နေရာက အခုတော့ အဲဒီလိုပါ တင်သွင်းခွင့် မရှိတော့တဲ့ ဥပဒေသစ် တရပ်ကို ချမှတ်လိုက်တာပါ။ စီးပွားရေးပညာရှင် ဦးမော်သန်း ကတော့ ဒီဥပဒေသစ်နဲ့ ပတ်သက်လို့ အခုလို မြင်ပါတယ်။

"နိုင်ငံခြားကို ဒီကျောက်မျက်ရတနာတွေနဲ့ ပတ်သက်လို့ ထွက်ပေါက်က ပြည်ပနိုင်ငံတွေက အကုန်လုံး အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ကြမယ်ဆိုရင် တော်တော်ထိခိုက်မယ်ပေါ့။ ဒီလိုမှ မဟုတ်ဘူး၊ အမေရိကန် တနိုင်ငံထဲဆိုရင် တော့ ထိခိုက်မှုက သက်သာမှာပေါ့။ မြန်မာနိုင်ငံက အာစီယံ အဖွဲ့ဝင်တို့ ဖြစ်နေတော့ အဲဒီကလည်း ထွက်နိုင်တယ်။ သို့မဟုတ် တရုတ်နိုင်ငံတွေက ထွက်ပေါက်ရှိနေမယ်ဆိုရင်တော့ သိပ်ပြီးတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ အမေရိကန် ပြည်အနေနဲ့ အမေရိကန် ဈေးကွက်က ကမ္ဘာ့ ဈေးကွက်မှာ တစိတ်တပိုင်းပဲ ရှိတာ။ ဥပမာ ဥရောပသမဂ္ဂလို၊ တရုတ် ပြည်ပကြီးတို့လို၊ ရေနံနိုင်ငံတွေလို၊ အိန္ဒိယနိုင်ငံတွေလို အဲဒီလို ဈေးကွက်တွေလည်း ရှိတာပေါ့။ အကုန်လုံးက အမေရိကန်နဲ့ ၀ိုင်းပြီးတော့ပါတယ်ဆိုရင်တော့ ပိုပြီးတော့ နာမှာပေါ့။"
စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းကလည်း အမေရိကန် ပြည်ထောင်စုက အလားတူ ဒဏ်ခတ်အရေးယူဖို့ ဆုံးဖြတ်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာ စစ်အစိုးရ အတွက် နိုင်ငံခြားဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်း တို့ကို အရေးယူ ပိတ်ဆို့မယ့် စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဒုက္ခသည်များကို ကျန်းမာရေး နယ်လှည့်ဆရာဝန်များအဖွဲ့ စောင့်ရှောက်

30 July 2008

မြန်မာနိုင်ငံမှာ မေလဆန်းက တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခ
ရောက်ခဲ့သူ ထောင်ပေါင်းများစွာအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့
လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို နိုင်ငံတကာ နေရပ်ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ
အဖွဲ့ (အိုင်အိုအမ်) က ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်ပေးခဲ့တယ်လို့
အိုင်အိုအမ်က ပြောပါတယ်။ အိုင်အိုအမ် ဌာနချုပ်ရှိရာ ဂျနီဗာမြို့ကနေ ဗွီအိုအေ
သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို
ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လူသူအရောက်အပေါက်နည်းပြီး ခရီးသွားဖို့ ခက်ခဲလှတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ
မုန်တိုင်းသင့်နေရာတွေက အသက်မသေ ကျန်ရစ်သူ ဒုက္ခသည်တွေဆီ ရောက်အောင်
သွားနိုင်ဖို့အတွက် အလွယ်တကူ ရွေ့ရှားနိုင်တဲ့ ဆေးကုသရေး အဖွဲ့ငယ်လေးတွေ
(Mobile Medical Teams) ကို အရင်ဖွဲ့စည်းရပါတယ်လို့ အိုင်အိုအမ် ပြောရေးဆိုခွင့်ရှိသူ
ယွန်း ဖိလစ် ရှောက်ဇေ (Jean -phillippe Chauzy) က ဗွီအိုအေကို ပြောပါတယ်။ အဲဒီ
ရွေ့ရှားဆေးကုသရေး အဖွဲ့ငယ်လေးတွေဟာ မြစ်ချောင်း ကျဉ်းကျဉ်းမြောင်းမြောင်းတွေ
ကြားမှာ ရေကြောင်းလမ်းကို အတော်လေး ရှာဖွေပြီး သွားခဲ့ကြရတယ်လို့ သူက ဆိုပါ
တယ်။ သူပြောပြတာကတော့ …

"ကျနော်တို့လုပ်တာက တကယ်တမ်းမှာ အတော်လေး စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
အင်ဂျင်အောက်ထိုင်ရော၊ အပေါ်ထိုင်ရော နှစ်မျိုးလုံးပါတဲ့ ဇိုးဒီယက်ဆိုတဲ့ ရာဘာလှေ
တွေ တစုတဝေးကြီးနဲ့ မြစ်တွေ ချောင်းတွေထဲ ဟိုရွာဝင် ဒီရွာထွက်နဲ့ အနှံ့သွားခဲ့ကြတဲ့
အတွက် စိတ်ဝင်စားစရာ ကောင်းခဲ့တာပါ။ ကျနော်တို့ရဲ့ ဆေးပစ္စည်းကိရိယာတွေကို
ရွာစဉ်ရွာတိုင်း သွားလေရာ ယူသွားခဲ့ကြတယ်။ ဒါက ကျယ်ပြန့်လှတဲ့ ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းကြီးထဲက အစိတ်အပိုင်းတခုပါ။ မုန်တိုင်းကြောင့် ကျေးရွာ
ဆေးပေးခန်းတွေ လုံးလုံးပျက်စီးသွားတဲ့ ရွာတွေမှာ ယာယီတဲတွေထိုးပြီး ဆေးခန်း
ဖွင့်ခဲ့ကြတာ တဲဆေးခန်း ၁၅ ခု ဖွင့်နိုင်ခဲ့ကြပါတယ်။"

အခုအချိန်အထိ မြစ်ဝကျွန်းပေါ်ဒေသ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့ ကျေးရွာ
ပေါင်း ၃၂၇ ရွာက လူနာပေါင်း ၂၅,၀၀၀ နီးပါးကို အိုင်အိုအမ်ရဲ့ ရွေ့ရှားဆေးကုသရေး
အဖွဲ့ငယ်လေးတွေနဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှု ပေးခဲ့နိုင်ပါပြီ။ နာဂစ်မုန်တိုင်း
ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ဆေးရုံဆေးခန်းအားလုံးရဲ့ ၇၅% ကို ချေမွ
ဖျက်ဆီးသွားခဲ့တာပါ။ မသန့်တဲ့သောက်ရေ၊ မသန့်တဲ့အစားအသောက်တွေကြောင့်
လူတွေဟာ မကျန်းမမာတွေဖြစ်၊ အမိုးအကာ မလုံမခြုံနဲ့ အ၀တ်အစား မလောက်ငတာ
တွေဖြစ်၊ အညစ်အကြေးစွန့်မှု ပရမ်းပတာတွေဖြစ်နဲ့ လူတွေဟာ မုန်တိုင်းသင့်ဝေဒနာ
မျိုးစုံကို အပြင်းအထန် ခံစားနေကြရတယ်လို့ ယွန်း ဖိလစ် ရှောက်ဇေကပဲ ပြောပြပါ
တယ်။

အသက်မသေ ကျန်ရစ်ကြတဲ့ မုန်တိုင်းသင့်ဒုက္ခသည်တွေဟာ ဘ၀တသက်တာမှာ
ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးကြီးကို ရုတ်တရက် ဆုံတွေ့လိုက်ရတဲ့ အတွေ့
အကြုံက စိတ်နှလုံး ထိခိုက်ကြေမွသွားရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ မြှင့်တငကူညီပံ့ပိုး
ပေးဖို့ သိပ်ကိုလိုအပ်နေတယ်လို့လည်း မစ္စတာ ချောက်စီက အခုလိုပြောပြပါတယ်။

"ကျနော်တို့ရဲ့ ဆေးကုသရေးအဖွဲ့တွေမှာ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ
ကျွမ်းကျင်သူတွေလည်း ပါဝင်ကြပါတယ်။ မုန်တိုင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်
ပူဆွေးနေတဲ့လူတွေ၊ ကြောက်ရွံ့ထိတ်လန့် ဖြစ်နေကြတဲ့လူတွေကို သူတို့တွေက
အတတ်နိုင်ဆုံး၊ အကောင်းဆုံး စိတ်ဓာတ်ရေး ကုသမှုတွေ ပေးခဲ့ကြပါတယ်။ ဒီ
စိတ်ဓာတ်ရေးရာ ကုသပေးရမှာက ရေရှည်လုပ်ငန်းတာဝန်ကြီးတခုပါ။ ဒီမုန်တိုင်းကြီး
ကြောင့် ညှိုးငယ် စိတ်ဓာတ်ကျနေတဲ့ လူကြီး လူငယ်တွေကို ကျနော်တို့ ဆက်ပြီး
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးဖို့ လိုအပ်နေပါတယ်။"

ဒီလို ဆေးကုသမှုတွေအပြင် တိုက်ရိုက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေအဖြစ်
ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ကြဖို့ တာပေါ်လင် ဖျင်စတွေ၊ သန့်ရှင်းတဲ့ရေပုံး
တွေ၊ ရေသန့်ဖို့ခပ်တဲ့ ကလိုရင်းဆေးတွေ၊ တကိုယ်ရေသန့်ရှင်းဖို့ အသုံးအဆောင်တွေ
နဲ့ ပိုးသတ်ဆေးဖြန်းထားတဲ့ ခြင်ထောင်တွေကိုပါ မုန်တိုင်းသင့်ဒုက္ခသည်တွေကို
အိုင်အိုအမ်အဖွဲ့ကြီးက ဝေငှခဲ့ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်