စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, January 24, 2008

အကျဉ်းကျခံ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရန်ကုန် ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသရန် ရောက်ရှိနေ

အကျဉ်းကျခံ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရန်ကုန် ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသရန် ရောက်ရှိနေ

အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတဲ့သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ မနေ့ကပဲ အူကျတဲ့ရောဂါနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ခွဲစိပ်ကုသဖို့ ရောက်လာခဲ့တယ်လို့ ဆေးရုံကြီးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက တဆင့်သိရပါတယ်။ အကျဉ်းသားတွေကိုပဲသီးသန့်ထားတဲ့ ဆေးရုံကြီးရဲ့  မြေအောက်ခန်းမှာ ဦးဝင်းတင်ကို ထားတယ်လို့ ဆိုပါတယ်။ အသေးစိတ် အခြေအနေတွေကို သိရအောင်လို့ ရန်ကုန် ဆေးရုံကြီးကို ဆက်သွယ်နေတာ ဘာမှ မသိရသေး ပါဘူး။ ဒါပေမယ့် ဦးဝင်တင်ရဲ့  မိတ်ဆွေတဦးဖြစ်တဲ့ ဦးမောင်မောင်ခင်ကတော့ သူသိရသမျှ ဦးဝင်းတင်ရဲ့  နောက်ဆုံး ကျန်းမာရေး အခြေအနေတွေကို ဗွီအိုအေကို ရှင်းပြထားပါတယ်။

“တရားဝင်တော့ ကျွန်တော်တို့ကို သက်ဆိုင်ရာက အကြောင်းကြားတာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က သူများက ပြောလို့ ဆေးရုံကြီး ရောက်နေပြီဆိုလို့ သွားပြီး စုံစမ်းရတာ။ စုံစမ်းတော့ တွေ့ပါတယ်။ ဆေးရုံကြီးရဲ့  Guard Ward မှာသူ့ကိုတွေ့ ပါတယ်။ မနေ့ကရောက်တယ်တဲ့ ဆယ့်တစ်နာရီ လောက်။ လိုအပ်တာတွေ သူ့ကိုစစ်ဆေးတယ်တဲ့။ ဒီနေ့လည်းစစ်တယ်။ မနက်ဖန်လည်း စစ်ဆေးဦးမယ်တဲ့။ ဒါပေမယ့် အတိအကျ ဘာလုပ်မယ် ဆိုတာတော့ မသိသေးဘူးတဲ့။ အကြောင်းကတော့ Hannyar ကိုခွဲဖို့မခွဲဖို့ပေါ့၊ လိုအပ်တာတွေကို စစ်ဆေးနေပါတယ်တဲ့။ ကျန်းမာရေးက မဆိုးပါဘူးတဲ့။”

အခုတကြိမ်နဲ့ ပါဆိုရင် ဦးဝင်းတင် အကျဉ်းချ ခံထားရတုံး ခွဲစိပ်ခံရတာ နှစ်ကြိမ်ရှိမှာ ဖြစ်ပါတယ်။ အကျဉ်းသား ဘ၀မှာပဲ ဆေးရုံတက်ရတာ လေးကြိမ် ရှိသွားပါပြီ။ ၁၈နှစ်ကျော် အကျဉ်းချခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ အခု အသက်၇၈နှစ် ရှိနေပါပြီ။ ဦးဝင်းတင် လွတ်မြောက်ရေး အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တွေကရော၊ သတင်းမီဒီယာ အဖွဲ့ အစည်းတွေကရော၊ ဒီမိုကရေစီ အင်အားစုတွေကရော အမြဲလိုလို တောင်းဆိုနေကြတာပါ။ ဒါပေမယ့်လည်း မြန်မာ စစ်အစိုးရကတော့ အခုအချိန်ထိ ဦးဝင်းတင်ကို ပြန်လွှတ်ပေးမယ့် အရိပ်အရောင်တွေ လုံးဝပြသတာ မတွေ့ သေးပါဘူး။ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လိုဆာဂျီယို ပီညဲရိုး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမြန်မာပြည်ကိုရောက်လာခဲ့တုံးကလည်း အင်းစိန် ထောင်ထဲမှာ ဦးဝင်းတင်နဲ့တွေ့ ဆုံခဲ့ပါသေးတယ်။ ဦးဝင်းတင်လိုမျိုးအသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးအရလည်းစိုးရိမ်ရတဲ့ပုဂ္ဂိုလ်မျိုးတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ဒေါက်တာ ပီညဲရိုးက မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့တာ အကြိမ်ကြိမ်ရှိနေပါပြီ။ ဒါပေမယ့် ပြန်လွှတ်ပေးမယ့် အရိပ်အရောင်တွေ မတွေ့ သေးပါဘူး။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံမှဒုက္ခများကို ရမ်ဘိုရုပ်ရှင်ဖြင့် မင်းသားစတားလုံး မီးမောင်းထိုးပြ


မကြာခင်ရုံတင်ပြသတော့မည့် ရမ်ဘိုရုပ်ရှင်ကားသစ်သည် စစ်ပွဲဒဏ်ခံနေရသည့် မြန်မာနိုင်ငံမှ ဒုက္ခပြဿနာများကို မီးမောင်းထိုးပြနိုင်မည်ဟု မျှော်လင့်ကြောင်း မင်းသား ဆယ်ဗက်စ်တာ စတားလုံးက ပြောသည်။

စတားလုံး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးသည့် Rambo IV ရုပ်ရှင်ကားအား လာမည့်
ဇန်န၀ါရီ (၂၅) ရက်တွင် ရုံတင်ပြသခါနီး၌ မင်းသားစတားလုံးက အမေရိကန်မီဒီယာများကို ပြောခြင်းဖြစ်သည်။

ရိုက်ကူးစဉ် ၎င်းသိမြင်ခဲ့ရမှုများအပေါ် အံ့အားသင့် တုန်လှုပ်သွားခဲ့မိကြောင်း၊ ကမ္ဘာတွင် အမှန် တကယ်ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရုပ်ရှင်ပရိသတ်များ သိရှိစေရန် နောက်ဆက်တွဲ ဇာတ်လမ်းများ တတ်နိုင်သမျှရိုက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း မင်းသားစတားလုံးက ပြောသည်။

၎င်းက “မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရက်စက်ကြမ်းကြုတ်ဆုံး၊ တင်းကျပ်ဆုံး၊ လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ဆုံး နိုင်ငံဖြစ်တယ်။ မြန်မာဟာ ကမ္ဘာမှာ အကြီးမားဆုံး လူမျိုးတုံး သတ်ဖြတ်မှုရှိတယ်။ ပြည်တွင်းစစ်ဖြစ်နေတာဟာ နှစ် (၆၀) ရှိနေပြီ။ ကျနော်တို့ ပြောသလိုပဲ ပြည်သူလူထုတွေဟာ ငရဲခန်းကို ကျော်ဖြတ်နေရတာပါ ” ဟု ပြောသည်။

အက်ရှင်ကားရိုက်မည်ဆိုပါက အက်ရှင်ရုပ်ရှင်ကားတခုနှင့် တကယ့်အဖြစ်အပျက်အကြား အသိ ဉာဏ်ပေးနိုင်မည့်အရာတခုပေးရန် စဉ်းစားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Rambo IV ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီး၌ ၂၀၀၆ ခုနှစ်ကုန်ပိုင်းကတည်းက စတင် ရိုက်ကူးပြီး မြန်မာနိုင်ငံတွင်း ဖိနှိပ်ခံနေရသည် ကရင်တိုင်းရင်းသားများအတွက် လူလူချင်း
စာနာမှု အကူအညီသွားပေးသည့် ခရစ်ယာန်သာသနာပြုအဖွဲ့ကို မြန်မာနအဖစစ်တပ်က ဖမ်းဆီး ထောင်ချထားသဖြင့် ရမ်ဘိုက သွားရောက်ကယ်တင်သည့် ဇာတ်လမ်းဖြင့် ဇာတ်အိမ်တည် ထားသည်။

ထိုဇာတ်ကား ရုံတင်ချိန်တွင် အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၌ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား သူများက ရုပ်ရှင်ရုံရှေ့သွားရောက်၍ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုများ ပြုလုပ်သွား မည်ဟု ကြေညာထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်ဝေဘာဂီဆေးရုံ၏ အခမဲ့ဆေးကုသမှုစနစ် ရပ်ဆိုင်း

ရန်ကုန်ဝေဘာဂီဆေးရုံ၏ အခမဲ့ဆေးကုသမှုစနစ် ရပ်ဆိုင်း
အေးချမ်းမြေ့ | ဇန်နဝါရီ ၂၃၊ ၂၀၀၈

‘ယခင်ပံ့ပိုးနေသော အဖွဲ့အစည်းများမှ ကူညီပံ့ပိုးငွေများ ရပ်ဆိုင်းသွားပါသဖြင့် ၂၁-၁-၀၈ ရက်နေ့မှစပြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် တီဘီဓာတ်မှန်များကို စရိတ်မျှပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လူနာများအား အသိပေး အပ်ပါသည်’ ဟူသည့်သတိပေးစာကို ရန်ကုန်မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံ ကြီးတွင်ကပ်ထားသဖြင့် HIV/AIDS ဝေဒနာသည်များ စိတ်ဒုက္ခရောက်နေကြရကြောင်း သိရသည်။

ယခင်ကဆေးစစ်၊ သွေးစစ်၊ ဓာတ်မှန်ရိုက် အစရှိသည့် ဓာတ်ခွဲခန်းနှင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဝေဘာဂီဆေးရုံကြီး တွင် အခမဲ့ပြုလုပ်ပေးသော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ စရိတ်မျှပေးအစီအစဉ်ဖြင့်သာ ဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်း HIV/AIDS ဝေဒနာခံစားနေရသူ ကိုတင်ကိုကိုက ပြောပြသည်။

“စရိတ်မျှပေး အစီအစဉ်ဆိုတာ တကယ်တော့ အပ်တိုလေးတချောင်းကစပြီး ကိုယ့်ငွေနဲ့ကိုယ်ဝယ်ရတာကို ပြောတာပါ” ဟု ဆေးရုံအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။ မြန်မာနိုင်ငံရှိ ဆေးရုံတိုင်းတွင် စရိတ်မျှ ပေးကျန်းမာရေးဟူသော စာတန်းကပ်ထားပြီး ဆရာဝန်ဝယ်ခိုင်းသမျှ ဆေးနှင့်၊ ဆေးပစ္စည်း အားလုံးကို ဆေးရုံအတွင်းရှိ ဆေးဆိုင်များမှ မိမိငွေဖြင့် ဝယ်ယူရသောစနစ်ဖြစ်သည်။

HIV/AIDS ဝေဒနာရှင်များအနေနှင့် ဆေးစစ်၊ သွေးစစ်ခ ကျပ် ၃၀၀၀၊ ၄၀၀၀ စသည်ဖြင့် ပေးရသည့်ပြင် သွေးစစ်ခန်းထဲရှိ စက္ကူအလှူခံပုံးထဲသို့ မလှူမနေရအလှူငွေ ကျပ် ၅၀၀ ထည့်ဝင်လှူဒါန်းရသည်ဟု ကိုတင်ကိုကိုက ပြောသည်။

“တနင်္လာနေ့ကဆို တချို့ဝေဒနာရှင်တွေ ငိုပြီးပြန်ကြတယ်၊ ဆေးစစ်တဲ့ငွေကို မပေးနိုင်ကြဘူးလေ” ဟု ၎င်းကဆက်ပြော သည်။ ဇန်နဝါရီ ၂၁ ရက်နေ့က ဆေးစစ်ရန်လာသည့် HIV/AIDS ဝေဒနာရှင်များသည် ယခင်ပုံစံအတိုင်း အခမဲ့ဆေးစစ်မှု ခံယူရမည်ဟုထင်ကာ ခရီးစရိတ်နှင့် ထမင်းဖိုးသာပါလာသဖြင့် ဆေးစစ်ရန်အဖိုးအခ ပေးစရာမရှိသဖြင့် လှည့်ပြန်ကြရ သည်ဟုဆိုသည်။

“အစိုးရကို ဘယ်အဖွဲ့အစည်းကမှ မကူညီတော့ဘူး ဆိုတာပြတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ကူညီတဲ့သူမရှိဘူး ဆိုပြီး ဝေဒနာရှင်တွေကို မျက်နှာလွှဲ ခဲပစ်လုပ်ဖို့တော့မကောင်းဘူး” ဟု ကိုတင်ကိုကိုက ဆက်ပြောသည်။

ကိုတင်ကိုကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးစောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာသည် များထဲမှ တဦးဖြစ်သည်။ ၎င်းဝေဒနာသည်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် တဦးဖြစ်သူ မဖြူဖြူသင်းက စောင့်ရှောက် လျက်ရှိပြီး ယခုလက်ရှိတွင် စစ်အစိုးရက လိုက်လံရှာဖွေနေသဖြင့် ပုန်းအောင်းနေရသည်။

လက်ရှိတွင် မဖြူဖြူသင်း ဆောင်ရွက်ခဲ့သော တာဝန်များကို ၎င်း၏လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုရာဇာက တာဝန်ယူ လျက်ရှိကြောင်းသိရသည်။ ၎င်းတို့အနေနှင့် စက်တင်ဘာ အရေးအခင်း နောက်ပိုင်းမှစ၍ ဝေဒနာသည်များ လိုအပ်လျက် ရှိသည့် ARV ဆေးများ ရရှိနိုင်မှု အလွန်ခက်ခဲသွားသည်ဟု ဆိုသည်။ စစ်အစိုးရက ၎င်းတို့နှင့်အတူ လုပ်ကိုင်ဆောင်ရွက် လျှက်ရှိသော လုပ်ဖော်ဆောင်ဖက်များကို လိုက်လံဖမ်းဆီးနေခြင်းက ဆေးရရှိမှု ခက်ခဲရခြင်း၏ အကြောင်းရင်း တရပ်ဖြစ် ကြောင်း ကိုရာဇာက ရှင်းပြသည်။

၎င်းတို့ စောင့်ရှောက်နေသည့် ဝေဒနာရှင်များမှာ စုစုပေါင်း ၆၀၀ နီးပါးခန့်ရှိပြီး ၂၀၀ မှာ နယ်မြို့များမှဖြစ်၍ အယောက် ၃၀ ကို ရန်ကုန်မြို့တွင်းရှိ လုံခြုံစိတ်ချရသောနေရာတခုတွင်ထားကြောင်း ကိုရာဇာက ပြောသည်။

ထိုဝေဒနာသည်များအတွက် အလှူငွေနှင့် အခြားသောကူညီမှုများကို မည်သည့်အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ ရရှိခြင်းမရှိဘဲ အချို့သော NLD အဖွဲ့ဝင်များ၊ နာမည်ကြီး မင်းသား မင်းသမီးများ၊ အခြားအလှူ ရှင်များထံမှသာရရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက တယ်လီဖုန်းဆက်မေးမြန်းရာ မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးမှ တာဝန်ရှိသူ များက ၎င်းကြေညာချက်နှင့် ပတ်သက်၍ ထင်မြင်ချက်ပေးရန်ငြင်းဆန်ကြသည်။

ယခင်က ဝေဘာဂီဆေးရုံကြီးကို AZG အဖွဲ့ကထောက်ပံ့လျက်ရှိပြီး ယခုမည်သည့် အတွက်ကြောင့် ထောက်ပံ့မှုမရှိတော့ သည်ကို မသိရကြောင်း ၎င်းဆေးရုံကြီးနှင့် နီးစပ်သည့် ဆရာဝန်တဦးက ပြောသည်။ ၎င်းက ဆက်လက်၍ HIV/AIDS ဝေဒနာသည်များအနေနှင့် ရှိနေသောဗိုင်းရပ်စ်ပိုး ပမာဏကိုသိရှိစေရန် မကြာခဏဆေး စစ်သင့်သည်ဟုဆိုသည်။

AZG (နယ်သာလန်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ ရန်ကုန်ရုံးခွဲ) သည် HIV/AIDS ဝေဒနာရှင်များအတွက် ARV ဆေးများကို ကူညီထောက်ပံ့ခဲ့သော်လည်း ၂၀၀၇ ခု၊ ဇန်နဝါရီ မှစ၍ ဝေဒနာရှင်သစ်များအတွက် ဆေးထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။

၂၀၀၆ ခုနှစ် ဇွန်လလယ်က ဥရောပကော်မရှင်သည် မြန်မာနိုင်ငံအတွင်း HIV/AIDS၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် စတင်ထောက်ပံ့ခဲ့ပြီး စီမံကိန်းများကို ၂၀၀၇ တွင်စတင်ခဲ့သည်။ ရောဂါသုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့ (3D funds) ကလည်း မြန်မာနိုင်ငံအတွက် ကူညီနေမှုကို ၂၀၀၅ သြဂုတ်လက ရုတ်သိမ်းသွားခဲ့သည်။

၂၀၀၇ နိုဝင်ဘာလ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင် HIV/AIDS ဝေဒနာသည် ၃၃၉၀၀၀ ရှိပြီး အာရှတိုက်၏ အဆိုးရွားဆုံး အခြေအနေရှိသော နိုင်ငံများထဲမှ တနိုင်ငံအဖြစ်ပါဝင်ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

စပိန်နိုင်ငံက ဆုချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက် လှုပ်ရှားမှုအတွက် စပိန်နိုင်ငံက ဆုချီးမြှင့်
ပီတာအောင်/ ၂၃ ဇန်န၀ါရီ ၂၀၀၈

အကြမ်းမဖက်သည့် ဒီမိုကရေစီရေး လှုပ်ရှားမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စပိန်နိုင်ငံရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အာဘို ဂါဒို ဒေ အာတိုချာ ဖောင်ဒေးရှင်းက အာတို ချာရှေ့ နေများဆု (Abogados de Atocha) ကို ဂုဏ်ပြု ချီးမြှင့်သည်။

ယင်းဆုကို ယမန်နေ့ ညနေက စပိန်နိုင်ငံ တိုလေ ဒိုးမြို့၌ ကတ်စတီရာလာလာမန်းချားပြည်နယ် သမ္မတ ဟိုဆေး မာရီရာဘာရတ်တာက အခမ်းအနားဖြင့် ပေးအပ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီး ဦးဘိုလှတင့်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုလက်ခံယူသည်။

ဦးဘိုလှတင့်က “ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်တဲ့နည်းနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိအောင် ဦးဆောင်ကြိုးပမ်းနေတဲ့ အမျိုးသမီးခေါင်းဆောင်ဖြစ် တယ်။ သူ့ရဲ့အတွေးအခေါ်ကလည်း အကြောက်တရား ကင်းဝေးဖို့အတွက် လူတွေကို ဦးဆောင် လမ်းညွှန်ပေးနေတယ်။ သူဟာ အကြမ်းမဖက်ဘဲ နှလုံးရည်နဲ့ ဦးဆောင်နေတဲ့ ခေါင်းဆောင်ဖြစ် တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် သူ့ရဲ့ကိုယ်ကျိုးစီးပွား အနစ်နာခံတယ်ဆိုတဲ့ အချက် တွေအပေါ်မှာ ပေးတာဖြစ်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်း(၂၅) နှစ်ခန့်က လူ့အခွင့်အရေးလှုပ်ရှားသူ စပိန်ရှေ့နေ (၉) ဦး အကြမ်းဖက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်ကို အောက်မေ့သည့်အနေဖြင့် ယင်းဆုကို ချီးမြှင့်ခြင်းဖြစ်ပြီး အကြမ်း မဖက်သည့်နည်းဖြင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီရရှိအောင်ကြိုးပမ်းနေသူများကို ၂၀၀၂ ခုမှ စ၍ ရွေးချယ်ပေးအပ်သည်။

ယမန်နှစ်က မက္ကစီကိုနိုင်ငံမှ အမျိုးသမီး အခွင့်အရေး တိုက်ပွဲဝင်သူ အမျိုးသမီးခေါင်းဆောင်တဦး အဆိုပါဆုရရှိပြီး တရားမျှတမှုအတွက် ပေးအပ်သည့် နိုင်ငံတကာဆုအဖြစ် စပိန်နိုင်ငံသားတို့က တန်ဖိုးထား ဂုဏ်ယူကြသည်။

ဆုပေးအပ်သည့် အာဘိုဂါဒို ဒေ အာတိုချာဖောင်ဒေးရှင်းကို စပိန်နိုင်ငံရှိ နာမည်ကြီးကဗျာဆရာများ၊ ရှေ့နေများ အစိုးရ၀န်ကြီးများနှင့် လွတ်လပ်မှုကို မြတ်နိုးသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အပါ
အ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ချီးမြှင့်သည့် ဆုပေါင်း (၈၂) ခု ရရှိထားပြီးဖြစ်သည်။ ။



အပြည့်အစုံဖတ်လိုလျှင်

စစ်တွေမှာ ဘုန်းကြီးကျောင်းများ ပစ်မှတ်ဖြစ်နေ


စစ်တွေမှာ ဘုန်းကြီးကျောင်းများ ပစ်မှတ်ဖြစ်နေ

ငြိမ်းချမ်း

ဇန်န၀ါရီလ ၂၃ ရက်၊ ၂၀၀၈ ခုနှစ်။

ဒါကာ။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင်ခဲ့ကြသော ရဟန်းတော် များကို ဓါတ်ပုံ အထောက်အထားများနှင့်တကွ စုံစမ်း စစ်ဆေးနေသည်။

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို လုံထိန်းများက ၀င်ရောက်စီးနင်းပြီး ရှာဖွေမှုများ လုပ်သလို သာသနာရေး ဦးစီးဌာနကလည်း ရဟန်းတော်များ၏ ကိုယ်ရေးအကျဉ်းများကို မှတ်တမ်းတင် ယူဆောင်မှုများလည်း လုပ်ဆောင်နေသည်။


"ဦးဇင်းတို့ကျောင်းကို သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေ ရောက်လာပြီးတော့ ကျောင်းမှာ သံဃာဘယ်နှစ်ပါး သီတင်း သုံးနေထိုင်လဲ၊ ဘယ်အရပ်တွေက လာပြီးနေကြတာလဲ စတဲ့ မေးခွန်းတွေကို မေးမြန်းပြီး စာရင်း ကောက်ယူသွားပါတယ်" စစ်တွေမြို့ရှိ ရဟန်းတော် တပါးက ပြောသည်။


ဇန်န၀ါရီလ (၁၅) ရက်နေ့က လရောင်ဝင်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရကို စစ်အစိုးရ တာဝန်ရှိသူများ လာရောက် စစ်ဆေးပြီး ကျောင်းတိုက်အတွင်း နေထိုင်နေကြသည့် ရဟန်းတော် အရေအတွက်နှင့် ကိုယ်ရေး အကျဉ်းများကိုလည်း မှတ်တမ်းတင်သွားသည်။


အလားတူ ဇန်န၀ါရီလ (၁၆) ရက်နေ့ကလည်း စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက်ရှိ ခြင်္သေ့နှစ်ကောင် ကျောင်းတိုက်မှ ဦးစန္ဒိမာကို သာသနာရေး ၀န်ကြီးဌါန တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့သည်။


ဇန်န၀ါရီ ၆ ရက်နေ့ကလည်း လမ်းမတော် တောင်ရပ်ကွက်ရှိ ဆောက်ခပ်ကျောင်း (ခေါ်) ဗုဒ္ဒသမုဟ ကျောင်းတိုက်ကို လုံးထိန်း ရဲတပ်ဖွဲ့ဝင် (၆၀) ခန့်က ရှောင်တခင် ၀င်ရောက်စီးနင်းပြီး စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် လှုပ်ရှားခဲ့သော ရဟန်းတော်များကို ရှာဖွေခဲ့သေးသည်။


မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့သည် ရဟန်းတော်များ ဦးဆောင်သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွင်းက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သော မြို့တမြို့ဖြစ်၍ စစ်အစိုးရ၏ အထူး အာရုံ စူးစိုက်မှုကို ခံနေရသည်။

အပြည့်အစုံဖတ်လိုလျှင်

“အာဏာရူးကြီး သန်းရွှေ” ရေးလို့ ကဗျာဆရာစောဝေ အဖမ်းခံရ


ဇန်န၀ါရီလ ၂၃ ရက်၊ ၂၀၀၈ ခုနှစ်။

ချင်းမိုင်။ ။ အချစ်ဂျာနယ်တွင် ဖော်ပြထားသော ကဗျာတပုဒ်နှင့် ပက်သက်၍ ကဗျာရေးသူကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်း အပြောအရ သိရသည်။

အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာ စောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာတွင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ထွက်သော စကားလုံးများ ပါရှိ၍ စစ်ဆေးခံနေရခြင်း ဖြစ်သည်။


ကဗျာကို မဇ္ဈိမ ဓာတ်ပုံ ကဏ္ဍတွင် ဖြစ်စေ၊ လင့်ခ်ကိုနှိပ်၍ဖြစ်စေ http://www.mizzimaburmese.com/content/view/490/8/ ဖတ်ရှုနိုင်ပါသည်။

ကဗျာတွင် ပါသော စာကြောင်းများ၏ ထိပ်ဆုံး စကားလုံးများကို ပေါင်းစပ်လိုက်လျှင် “အာနာ(ဏာ) ရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။


အချစ်ဂျာနယ်၏ အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ် မေးမြန်းသောအခါ “ကျနော်ကတော့ ဒါအချစ်ကဗျာလို့ပဲ ယူဆပါတယ်” ဟု ၎င်းက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်လည်း မနေ့က အယူခံလွှာ တင်ခဲ့ကြောင်း မဇ္ဈိမသို့ ပြောသည်။ အသေးစိတ် အချက်အလက်များကို မပြောလိုသေးကြောင်း သူကဆိုသည်။


နောက်နောင် အလားတူအဖြစ်မျိုး ပေါ်ပေါက်ခြင်း မရှိစေရန် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု စာပေစီစစ်ရေးဌာန အကြီးအကဲများက ကြိမ်းဝါးလျှက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။


ပြီးခဲ့သည့် နှစ်ကလည်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် “Killer Than Shwe” (လူသတ်သမားသန်းရွှေ) ဟု အဓိပ္ပါယ်ထွက်သော ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံတူ တခုကို စာပေစိစစ်ရေးက မျက်စိလျှံကာ ဖော်ပြခွင့် ပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကြော်ငြာကို ထည့်သွင်းခဲ့သော အဖွဲ့က စစ်အစိုးရကို လှောင်ပြောင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သဖြင့် မြန်မာတိုင်းမ်ဂျာနယ်များ ဈေးကွက်တွင် ဝယ်မရအောင် ဖြစ်သွားခဲ့သည်။


ဤအတောအတွင်း ဆရာစောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” နှင့် ပုံစံတူ၊ ခေါင်းလျှော်ဆေး ကြော်ငြာပုံစံ စာသားတခုလည်း အင်တာနက်သုံးစွဲသူ အချင်းချင်းကြားတွင် ပျံ့နှံလျက်ရှိပြီး ဗိုလ်ချုပ်သန်းရွှေကို ဆဲရေး တိုင်းထွာထားသော ထိုကြော်ငြာစာသားသည် ဖတ်မိသူ အချင်းချင်းကြားတွင် ရယ်မောစရာတခု ဖြစ်နေသည်။

အပြည့်အစုံဖတ်လိုလျှင်