စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

ငပုတောက လယ်ယာများ ဂဏန်းကိုက်၍ ပျက်စီးဆုံးရှုံးနေ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 2008 14:26 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မုန်တိုင်းသင့် ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စပါးခင်းများကို လယ်ပုဇွန် ဂဏန်းများ ကိုက်ဖြတ်နေသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားနေသည်။
ငပုတောမြို့နယ် သင်္ဃန်းကုန်း၊ သညင်မူ၊ ဇီးဖြူဆိပ်၊ ငကုန်း၊ ကုန်းတန်းပုတ္တ၊ ခွေးချောင်း၊ ကိုးထောင် အစရှိသည့် ကျေးရွာများ အပါအဝင် ကျေးရွာအများစုတွင် စိုက်ပျိုးထားသည့် စပါးပင်များကို လယ်ပုဇွန် ဂဏန်းများက ကိုက်ဖြတ်သဖြင့် အပျက်အစီး ကြီးမားနေခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မနှစ်ကဆို ဗမာလို ဝါဆိုလပြည့် ဇူလိုင်လလယ်ပေါ့နော်။ ဒီအချိန်မှာ အဲဒီပိုးက အကုန်ဆင်းတယ်ပေါ့နော်။ အခု မိုးကလည်း မရွာဆိုတော့ ပိုးက မဆင်းတတ်ဘူး ဖြစ်နေတယ်။ ဇူလိုင် ၁၂ ရက်လောက်က စပြီး မိုးမရွာတော့ မဆင်းဘူး။ အပင်ရှည်၊ အပင်တို ကိုက်တယ်။ အခုဆို အပင်တောင် မပေါက်တာ။ ပြတ်သွားပြီဆိုရင် စပါးပင်က သေတာပဲ” ဟု ငပုတောမြို့နယ်ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးအရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

သင်္ဃန်းကုန်းရွာ လယ်သမားတဦးက “စပါးပင် နည်းနည်း ကြီးထွားလာတဲ့အခါမှာ ဂဏန်းက ကိုက်လို့မရဘူး။ အခု လုပ်ငန်းခွင် နောက်ကျတာရယ်၊ မျိုးစပါးမပေါက်တဲ့ အခြေအနေတွေကြောင့် ပေါ့နော်၊ စပါးပင်ကို ဂဏန်းက ကိုက်တာ။ ရွာတွေ အများကြီးပဲ။ မျိုးစပါး မအောင်မြင်မှုက ပိုပြီး ကြီးမားပါတယ်။ ဒီပိုးတွေ မဆင်းတာက အမှန်တော့ ရေလျှော့၊ ထုတ်ဖို့ မရှိလို့ ဖြစ်တယ်။ မိုးရွာလည်း နည်းလို့ပေါ့။ ဆားငန်ရေတွေ ဝင်ခဲ့လို့ ပိုဆိုးတာ” ဟု ပြောသည်။

မကြာသေးခင် ရက်ပိုင်းကပင် ထိုဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လှူခဲ့သူတဦးကလည်း ယခုသတင်း ဟုတ်မှန်ကြောင်းနှင့် ရွာပေါင်း ၇ဝ ခန့်တွင် အဆိုပါ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ယခုလို ပြောသည်။

“လယ်သမားတွေက မျိုးစပါးမပေါက်တာရော ပေါက်တဲ့ စပါးတွေကလည်း ဂဏန်းကိုက်တယ်။ လယ်သမားတွေ ငြီးနေတယ်။ မျိုးစပါး မပေါက်တော့ အခုမှ ပြန်ကျဲရင်လည်း နောက်ကျပြီ်။ ပေါက်တာကလည်း ဂဏန်းကိုက်လို့ လယ်ယာအများ ဆုံးရှုံးရပါတယ်။ လယ်သမားတွေ ငြီးတွားသံတွေကို ကျနော် သိရတာ ရွာပေါင်း ၇ဝ လောက် ရှိမယ်” ဟု သူက ပြောသည်။

အလားတူပင် ကော့မှူးမြို့နယ်ရှိ မြစန္ဒီကျေးရွာတွင်လည်း မျိုးစပါး မအောင်သလို၊ ဂဏန်းများ ကိုက်နေကြောင်း မြစန္ဒီကျေးရွာ လယ်သမားဦးက ယခုလို ပြောသည်။

သူက “ဒီမှာလည်း သူတို့ မျိုးစပါးက ကျဲလို့မှ မရတာ။ ပေါက်ကို မပေါက်တာ။ စပါးအဖျားတွေ ခြောက်ပြီးတော့ နီလာတယ်။ ဒါပေမဲ့ ကျနော်တို့က ဂဏန်းမကြီးခင် စပါးကို ကျဲပစ်လိုက်တယ်။ ဂဏန်း နည်းနည်းကြီးသွားတော့ စပါးက စိုက်လို့ မရဘူး။ သူက စပါးပေါက်ခါစဆိုရင် စပါးပင်ကို လိုက်လိုက် ကိုက်ဖြတ်တာ။ အဲဒီဂဏန်း တကောင်ပေါက်ရင် အကောင် ၅ဝဝ လောက် ပြန်ပေါက်တယ်။ အဲဒါကြောင့် သူက ဖျက်ဆီးတာ သိပ်မြန်တယ်” ဟု ပြောသည်။

ဂဏန်းမှာ ထမင်းလုံးဟု ဒေသတွင်း၌ ခေါ်ဆိုသည့် ပိုးကောင်တမျိုးမှ ပေါက်ဖွားလာပြီး ချောင်းဂဏန်း၊ လယ်ပုဇွန်လုံးဂဏန်းနှင့် ဖောင်စီးဂဏန်း စသည့် ဂဏန်းမျိုးများ ရှိကြောင်း သိရသည်။

ငပုတောဒေသတွင်း၌ မျိုးစပါး အောင်မြင်မှု မရှိသလို၊ ဂဏန်းပိုးကောင်များ ဖျက်ဆီးမှုအပြင် ဓာတ်မြေသြဇာ လိုအပ်ချက်လည်း ကြီးမားနေသဖြင့် လှူဒန်းပံ့ပိုးပေးမည့် အကူအညီများ လိုအပ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်က ယခုလို ပြောဆိုခဲ့သည်။

“မြေသြဇာလည်း လယ်သမားများက မဝယ်နိုင်ဘူး။ မြေကြီးမှာ အပုတ်နံ့ထွက်တာကို ကာကွယ်ရအောင်ပေါ့။ စိုက်ထားတဲ့ အပင်လေးတွေက မြေသြဇာ မစားရတဲ့အခါ ဝဝတုတ်တုတ် အားရှိတဲ့ အပင်လေးမျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် စပါးထွက်ရှိမှု တော်တော်လေး စိုးရိမ်ရတဲ့ အချိန်ဖြစ်နေတယ်။ ဒါကြောင့် ပံ့ပိုးပေးနိုင်မယ့် လူတွေရှိရင် တတ်နိုင်သလောက်ပေါ့နော်၊ ကောင်းတဲ့ အခြေအနေ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ ဒီမှာက ပံ့ပိုးမယ့်သူ တဦးမှ မရှိသေးဘူးလေ။ ကျနော်တို့ ဗမာလူထုက ကျေးဇူးတင်မှာပါ” ဟု သူက ပြောသည်။

No comments: