စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ဇနီးကို အခွန်ရှောင်မှုဖြင့် ထောင်သုံးနှစ်ချ

တပ်ဆင်၏ဇနီး ပွတ်ဂျမန် တရားရုံးသို့ မိသားစုနှင့်အတူ ရောက်လာစဉ်

Agencies/ ၃၁ ဇူလိုင် ၂၀၀၈


ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ဇနီး ပွတ်ဂျမန်သည် အခွန်ရှောင်လွှဲမှုဖြင့် အပြစ်ရှိကြောင်း ထိုင်းတရားရုံးတခုမှ ထောင်ဒဏ် (၃) နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
ပွတ်ဂျမန်၏ မောင်နှင့် သူမ၏ အတွင်းရေးမှူးသည်လည်း ၁၉၉၇ ခုနှစ်တွင် တပ်ဆင်မိသားစုပိုင် တယ်လီကွမ်းလုပ်ငန်းတွင် အစုရှယ်ယာများလွှဲပြောင်းရာ၌ အခွန်ငွေ ထိုင်းဘတ် (၅၄၆) သန်း ရှောင်တိမ်းမှုဖြင့် အပြစ်ရှိသည်ဟု တွေ့ရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပွတ်ဂျမန်၏မောင် ဘန်နာပေါ့ကိုလည်း ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရပြီး အတွင်းရေးမှူးကို လည်း ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။ ထိုအမှုသည် တပ်ဆင်မိသားစုကို စွဲဆိုထားသည့် အမှုတွဲများတွင် ပထမဆုံးအမှုဖြစ်ပြီး တပ်ဆင်သည် ယခု သူ့မိသားစု၏ အခွန်ရှောင်လွှဲမှုအပါအ၀င် သူ့ကို စွပ်စွဲထားသော အဂတိလိုက်စားမှုများ အားလုံးကို ငြင်းဆန်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုင်းတရားရုံးက တပ်ဆင်၏ဇနီး ပွတ်ဂျမန်နှင့် အပေါင်းအပါ နှစ်ယောက်အား အာမခံငွေ ထိုင်းဘတ် (၅) သန်းဖြင့် ပြန်လွှတ်ထားသည်ဟု တရားရုံးအရာရှိတဦးက ပြောသည်။ ပွတ်ဂျမန်အနေဖြင့် ထိုအမှုကို အယူခံဝင်မည်ဟုလည်း အများက မျှော်လင့်နေကြသည်။
တပ်ဆင်၏ နိုင်ငံရေးလက်တွဲဖော်လည်းဖြစ်၊ စီးပွားရေးလက်တွဲဖော်လည်းဖြစ်သည့် ပွတ်ဂျမန်ကို ထိုင်းတရားရုံးက အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခဲ့မှုတွင် ပွတ်ဂျမန်အနေဖြင့် သတိလစ်မတတ် ဖြစ်သွားသည်။
ထိုင်းနိုင်ငံ ရာဇ၀တ်တရားရုံးသို့ ပွတ်ဂျမန်သွားရာတွင် တပ်ဆင်သည် ဇနီးဖြစ်သူနှင့် အဖော်လိုက်ပါ သွားခဲ့ရာ တပ်ဆင်မိသားစုပြန်အလာကို ထောက်ခံသူ ရာပေါင်းများစွာသော ပရိသတ်များက လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုကြသည်။ ၎င်းတို့နှင့်အတူ သားသမီးသုံးယောက်လည်း လိုက်ပါ လာသည်။
တရားရုံးတ၀ိုက်တွင် တပ်ဆင်ကိုထောက်ခံသူများနှင့် ဆန့်ကျင်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမည်စိုးသောကြောင့် လုံခြုံရေးရဲဝန်ထမ်း (၃၀၀) ကျော် နေရာချထားရသည်။
ယနေ့အမှုမှာ ၁၉၉၇ ခုနှစ်တွင် ရှင်နာဝါထရာ ကွန်ပျူတာ ကုမ္ပဏီ (နောင်တွင် ရှင်းကော်ပိုရေးရှင်း ဖြစ်လာသည်။ ရှင်းကော်ပိုရေးရှင်းသည် ထိုင်းနိုင်ငံတွင် အကြီးဆုံး ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည်) အတွင်း အစုရှယ်ယာ လွှဲပြောင်းမှုတွင် အဓိကထားသည်။ ၂၀၀၆ ခုနှစ်တွင် ထိုကုမ္ပဏီကို စင်ကာပူအစိုးရပိုင် ကုမ္ပဏီတခုအား ဒေါ်လာ (၂.၂) ဘီလီယံဖြင့် ရောင်းချခဲ့သည်။
ထိုကုမ္ပဏီတွင်း အစုရှယ်ယာ လွှဲပြောင်းမှုတန်ဖိုးပမာဏမှာ ဘတ်ငွေ (၇၃၈) သန်းရှိပြီး အခွန် ဆောင်ခြင်းမရှိဟု ယူဆထားသည်။ တပ်ဆင်မိသားစုသည် ထိုအစုရှယ်ယာ လွှဲပြောင်းမှုကို အခွန်ကင်းလွတ်ခွင့်ရှိသော စတော့ဈေးကွက်အတွင်း ရှယ်ယာလွှဲပြောင်းခြင်းဟုသာ စာရင်းပြခဲ့သည်။
တပ်ဆင် ၀န်ကြီးချုပ်ရာထူးမှ ရပ်ဆိုင်းခံရပြီးနောက်တွင် ထိုကိစ္စအား စုံစမ်းစစ်ဆေးခဲ့ရာမှ အမှုမှန် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သူမသည် မိသားစု၏ အိမ်စေ တယောက်ထံမှ ရှယ်ယာများကို ၀ယ်ယူကာ ထိုရှယ်ယာများကို မွေးစားမောင်ဖြစ်သူ ဘာနပေါ့ ဒါမာပေါင်အား လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ထိုင်းဥပဒေအရ အခွန်ကောက်ခွင့်မရှိဟု ပွတ်ဂျမန်ကလည်း ၎င်း၏ ရှေ့နေမှတဆင့် ပြောကြားခဲ့သည်။
သို့ရာတွင် အိမ်စေသို့ပေးသော ငွေများမှာ နောင်တွင် ဘဏ်အသစ်တခု၌ ပွတ်ဂျမန်၏ ဘဏ် စာရင်းဖြင့် အပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ထိုင်းပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီက ဆိုသည်။
ပွတ်ဂျမန်နှင့် မောင်ဖြစ်သူသည် အခွန်ရှောင်လွဲလိုခြင်းကြောင့် ငွေလွှဲပြောင်းမှုသဘာဝကို မှား ယွင်းစွာ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် အခွန်ငွေ ဘတ် (၅၄၆) သန်း ပေးသင့် သည်ဟု ကော်မတီက ပြောသည်။ ထိုအခွန်ရှောင်လွဲမှုတွင် တပ်ဆင်အနေဖြင့် ငြိစွန်းခြင်း မရှိချေ။
အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာ ဥပဒေများကို ရှောင်လွဲလိုသောကြောင့် တပ်ဆင်သည် ၀န်ကြီးချုပ်မဖြစ်မီကတည်းက ရှင်းကော်ပိုရေးရှင်းမှ ရှယ်ယာများကို သူ့ အိမ်စေ၊ ဒရိုင်ဘာ၊ ဆွေမျိုးသားချင်းများနှင့် အခြားသူများထံ လွှဲပြောင်းမှု ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။
တပ်ဆင်သည် အာဏာအလွဲသုံးစားပြုလုပ်သည့် အမှု (၃) ခုဖြင့်လည်း တရားစွဲဆိုထားခြင်း ခံနေ ရပြီး ၎င်း၏ အမှုများကို ဗဟိုတရားရုံးချုပ်မှ ကြားနာမည်ဖြစ်သည်။ အပြစ်ရှိကြောင်း တွေ့ရှိရပါက သူ့အနေဖြင့် အယူခံဝင်၍ ရနိုင်မည်မဟုတ်ပေ။
ပြီးခဲ့သည့်နှစ်တွင် စစ်တပ်မှတင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အောက်တွင် နိုင်ငံရေး သမားများနှင့် ပတ်သက်လျှင် တရားစီရင်မှုရေးရာတွင် လုပ်ပိုင်ခွင့်များတိုးမြှင့်ထားသည်ကို တွေ့ရသည်။
ဝန်ကြီးချုပ်ဟောင်း တပ်ဆင်မိသားစုနှင့် ပတ်သက်ပြီး စွဲဆိုထားသည့်အမှုများ ပုံနေသောကြောင့် ယခုလက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ အာဏာအကြီးဆုံးအဖွဲ့အစည်းမှာ တရားစီရင်ရေးအဖွဲ့ပင် ဖြစ်နေသည်ကို တွေ့ရှိရသည်။ ။

No comments: