စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, July 7, 2008

လမ်းပြမြေပုံအသစ် လိုအပ်နေပြီ

အောင်ဇော် ဇူလိုင် ၇၊ ၂၀၀၈

မြန်မာနိုင်ငံတွင် စစ်အစိုးရက အဆိုပြု အကောင်အထည်ဖော်လာခဲ့သည့် “လမ်းပြမြေပုံ” ဆိုသည်မှာ အမှန်တော့ ဘာမှ မဟုတ်ချေ။ စစ်အစိုးရ၏ ထွက်ပေါက်မဟာဗျူဟာတခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက အရှင်ထွက် ထွက်လိုသည်။ ဤလမ်းပြမြေပုံ ဆိုသည်မှာလည်း ဤသို့ အရှင်ထွက်နိုင်ရန် ၎င်း၏ အသွင် ကူးပြောင်းရေးကြားကာလ အစီအစဉ်သာ ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆင့် ၇ ဆင့်ပါသည့် ဤလမ်းပြမြေပုံကိုသုံး၍ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံရေးပြဿနာ အရှုပ်အထွေးများထဲမှ အန္တရာယ် ကင်းစွာ၊ အရှင်ထွက် ထွက်လိုနေသည်။ သူက ဤလမ်းပြမြေပုံကိုလည်း ၂၀၁၀ ခုနှစ်တိုင်အောင်သာ လိုအပ်ချက်ရှိသည်။ ဤအချိန်တိုင် သူ၏မိသားစုနှင့် နီးစပ်သူ လက်ဝေခံများအတွက် လုံခြုံအန္တရာယ်ကင်းစွာ နေနိုင်ရေးအတွက် သူက သေချာ အောင်လုပ်ထားချင်သည်။

သူက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားပြီး၊ ပြီးလျှင် စစ်တပ်က ကျောထောက်နောက်ခံပြုထား သည့် အရပ်သားအစိုးရတခု ပေါ်ထွက်လာမည်မှာလည်း သေချာလှသည်။ ယခုလမ်းပြမြေပုံကို မည်သူမျှ မဖျက်ဆီး မနှောင့် ယှက်နိုင်စေရန် ကာကွယ်မည်ဟုလည်း ဗိုလ်ချုပ်သန်းရွှေက သံန္နိဌာန်ချထားသည်။

အသက်အရွယ် အိုမင်းလှပြီဖြစ်သည့် ခေါင်းဆောင်ကြီးက ယခုလမ်းပြမြေပုံအပေါ် ခိုင်ခိုင်မာမာရှိနေကြောင်းကို လွန်ခဲ့သည့် မတ်လ တပ်မတော်နေ့ မိန့်ခွန်းပေးရာတွင်လည်း အထင်အရှားဖော်ပြခဲ့သည်။ ဤမိန့်ခွန်းတွင် သူက အာဏာကို မမက်မော ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရသူများကို အစိုးရအာဏာလွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်အတိုင်း စိတ်ပြောင်းသွားလိမ့်မည် မဟုတ်ပေ။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီ နေပြည်တော်တွင် တခြားခေါင်းဆောင်များ၊ စစ်တပ် တပ်မှူးများနှင့် တွေ့ဆုံသည့် အစည်းအဝေးတခု၌လည်း ဗိုလ်ချုပ်သန်းရွှေက ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲကိုသော်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကိုသော်လည်းကောင်း နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းလာသူမှန်သမျှကို သုတ်သင် ချေမှုန်းရန်လည်း အမိန့်ပေးခဲ့သေးသည်။

ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးရန် ကြံစည်ကြိုးပမ်းသူမှန်သမျှကို လိုအပ်ပါက ဖမ်းဆီးရန်၊ ထိန်းသိမ်း ရန်နှင့် သုတ်သင်ချေမှုန်းရန် လုပ်ပိုင်ခွင့်အာဏာကိုလည်း စစ်တပ်မှူးများသို့ အပြည့်အ၀ အပ်နှင်းထားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကပ်ဘေးဒုက္ခများကြုံရသည့်တိုင် ဗိုလ်ချုပ်သန်းရွှေကို မဟန့်တားနိုင်ခဲ့ပါ။ သူက ဆန္ဒခံယူပွဲကို ဇွတ်တိုး၍ ဆက်လုပ်ခဲ့သည်။ ဤဆန္ဒခံယူပွဲတွင်လည်း ပြောင်မဲခိုးမဲလိမ်ခဲ့ပြီး လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အလားတူ ညစ်ပတ်၍ မဲအရယူကြလိမ့်ဦးမည် ဖြစ်သည်။

ယခုအချိန်တွင် ထွက်ပေါ်လာသည့် မေးခွန်းတခုမှာ ယခုလမ်းပြမြေပုံအစား တခြားရွေးချယ်စရာလမ်းကြောင်း မရှိတော့ပြီ လောဟူ၍ပင် ဖြစ်သည်။

ကုလသမဂ္ဂက ယခုလမ်းပြမြေပုံတွင် အင်အားစုအားလုံး ပါဝင်ခွင့်ရှိရန်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုပါရန် တောင်းဆို ခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်သန်းရွှေက မသိကျိုးကျွံပြုနေခဲ့သည်။ ပြည်တွင်းရှိ အတိုက်အခံများကလည်း ဆန္ဒခံယူပွဲ တွင် ကန့်ကွက်မဲများပေးကြရန် လှုပ်ရှားစည်းရုံးခဲ့ကြသော်လည်း စစ်အစိုးရ ခေါင်းဆောင်ကြီးက ခပ်ရဲရဲပင် သူ့လမ်းအတိုင်း ရှေ့တိုးချီတက်ခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေအဖို့ ရှေ့ဆက်ရမည့်လမ်းသည် ကြမ်းတမ်းခက်ခဲသော လမ်းကြမ်းနှင့်ကြုံရပေတော့မည်။ သံသယရှိစရာ မလိုသည့်အချက်မှာ ပြည်တွင်း ပြည်ပရှိ အတိုက်အခံ အင်အားစုများသည် လာမည့် ရွေးကောက်ပွဲကို ပျက်စီးရာပျက်စီး ကြောင်း ဆောင်ရွက်စည်းရုံးကြတော့မည် ဖြစ်သည်။ မကြာသေးမီကာလက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ရုံး တခုအနီးတွင် ဗုံးပေါက်ကွဲမှုမှာ လာမည့်ကာလတွင် ပို၍ တိုက်ခိုက်မှုများ ကြုံရဖွယ်ရှိကြောင်း ခိုင်လုံသည့် သက်သေပြ ချက်ပင် ဖြစ်သည်။

ဤပေါက်ကွဲမှုက ရန်ကုန်မြို့မြောက်ပိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရမှုများ မရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စစ်အစိုးရ၏ လက်ကိုင် ဤကြံ့ဖွံ့အဖွဲ့ကို ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရက စတင်ဖွဲ့စည်းခဲ့ပြီး ပံ့ပိုးမှုများ ပေးထားခဲ့သည်။ ယခု အခါ မြန်မာနိုင်ငံရှိ လူဦးရေ ၅၇ သန်း အနက် ကြံ့ဖွံ့အဖွဲ့ဝင် ၂၃ သန်းကို စည်းရုံးထားနိုင်ပြီဟုလည်း ဖော်ပြခဲ့သည်။ ဤအဖွဲ့ ၀င်များသည် ဒီမိုကရေစီ အတိုက်အခံ အဖွဲ့ဝင်များကို လူရမ်းကားဆန်ဆန် တိုက်ခိုက်မှုများ၌ ပါဝင်ပတ်သက်ခဲ့ကြသည်ဟု လူအများက စွပ်စွဲခဲ့ကြသည်။

ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် စစ်အစိုးရကို အမာခံ ထောက်ခံနေသည့်သူများအပေါ် အလားတူ တိုက်ခိုက်မှုများမှာလည်း ယခုမှစ၍ ၂၀၁၀ ရွေးကောက်ပွဲ ကာလများအတွင်း ထပ်မံပေါ်ပေါက်လာနိုင်သေးသည်။ အကြမ်းဖက်မှုများသည်လည်း ကြောင်လိမ် လှေခါးသဖွယ် ထပ်၍ အဆင့်တက်ဖြစ်ပေါ်လာဖွယ် ရှိနေပါသည်။

ကုလသမဂ္ဂ အပါအ၀င် ဒေသတွင်း ဒေသအပြင်ရှိ အစိုးရများအနေဖြင့် မြန်မာစစ်အစိုးရအပေါ် မည်သို့မည်ပုံ ကိုင်တွယ် ဆက်ဆံရမည်ကို သဘောကွဲနေကြလျှင်၊ မပြတ်မသားဖြစ်၍ နေကြလျှင်၊ ဗိုလ်ချုပ်သန်းရွှေအနေဖြင့် သူဖြတ်သန်းရမည့် လမ်းတွင် ကြုံတွေ့ရမည့် အတားအဆီးများကိုလည်း ကောင်းစွာနှိမ်နင်း ကျော်ဖြတ်သွားနိုင်ဦးမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ထင်ရှားသည့်၊ လူထောက်ခံမှု ရရှိကြသည့် အတိုက်အခံ ခေါင်းဆောင်အများမှာ လူထုကို စည်းရုံးအုံကြွ၍ စစ်အစိုးရ၏ တရားဝင်မှုကို စိန်ခေါ်အံတုနိုင်ကြသော်လည်း ထိုသူအများမှာ ယခုအခါ ပုန်းအောင်း၍ဖြစ်စေ၊ ထောင်တွင်း၌ ဖြစ်စေ ရှိနေကြရပါသည်။ အကယ်၍ စက်တင်ဘာဆန္ဒပြပွဲများကဲ့သို့ လူထုအုံကြွမှု ပေါ်ပေါက်လာမည်ဆိုဦးတော့ စစ်တပ် များက “တရားဥပဒေ စိုးမိုးရေး” အကြောင်းပြ၍ အလျှင်အမြန် ချေမှုန်းနှိမ်နင်းပစ်ကြဦးမည်မှာ သံသယရှိစရာမလိုသည့် အချက်ပင် ဖြစ်ပါသည်။

ထို့အပြင် ပြည်တွင်း ပြည်ပရှိ အတိုက်အခံအင်အားစုများကလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေကြပြီး တညီတညွတ်တည်း အသံမထွက်နိုင် ဖြစ်နေကြပါသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အပစ်ရပ်အဖွဲ့များမှာလည်း စစ်အစိုးရကို စိန်ခေါ်ရန် မဖြစ်နိုင်လောက်အောင် ချိနဲ့အားပျော့နေကြပါသည်။ အချို့သော တိုင်းရင်းသားအဖွဲ့များကလည်း စစ်အစိုးရ အလိုကျ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မည်။

ယခုအချိန်တွင် ဗိုလ်ချုပ်သန်းရွှေ၏ လမ်းပြမြေပုံကို စိမ်ခေါ်နိုင်မည့် နောက်ထပ်ရွေးချယ်စရာ လမ်းပြမြေပုံအသစ်တခုကို ရေးဆွဲကြရတော့မည့် အချိန်ပင် ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေး ကာလအတွက်လည်း ပြင်ဆင်ကြရတော့မည့် အချိန် ဖြစ်ပါသည်။ ယခုလမ်းပြမြေပုံမှတဆင့် ဗိုလ်ချုပ်သန်းရွှေ အရှင်ထွက် ထွက်နိုင်ကောင်း ထွက်နိုင်ပါလိမ့်မည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သန္ဓေသားကတော့ အသက်မဲ့မြဲ မဲ့နေဦးမည်သာ ဖြစ်ပါတော့သည်။

အောင်ဇော်ရေးသားသည့် An Alternative Road Map is Needed Now ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

(၄၆) နှစ်မြောက် ဇူလိုင် (၇) ရက်အထိမ်းအမှတ် တင်ပြချက်


(၄၆) နှစ်မြောက် ဇူလိုင် (၇) ရက်အထိမ်းအမှတ် တင်ပြချက်

(၄၆) နှစ်မြောက် ဇူလိုင် (၇) ရက်နေ့မှာ ကျွန်တော်အနေနဲ့ အနည်းငယ် တင်ပြလိုပါ တယ်။ ဗိုလ်သန်းရွှေစစ်အုပ်စုဟာ ကျောင်းသား မိဘပြည်သူအပေါင်းကို ဘက်ပေါင်းစုံကနေ ဖိနှိပ် နေတယ်။ စစ်အုပ်စုနဲ့ ပြည်သူလူထုကြီးရဲ့ ပဋိပက္ခဟာလည်း တစ်နေ့တခြား ပြင်းထန်လာနေတယ်။ ပြည်သူလူထုကြီးနဲ့ ထိပ်တိုက်တွေ့နေတဲ့ ပဋိပက္ခကို စစ်အုပ်စုက မဖြေရှင်းနိုင်ဘူး။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အဖက်ဖက်က မှားယွင်းနေတဲ့ ပေါ်လစီ တွေကြောင့် ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ ဆင်းရဲတွင်းနက်နေရတယ်။ ၈၈ မျိုးဆက် ကျောင်း သားတွေရဲ့ ကုန်ဈေးနှုန်းကျဆင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြတာကိုလည်း မတရား အကြမ်းဖက် ဖျက် ဆီးခဲ့တယ်။ ဖမ်းဆီးထောင်ချမှုတွေ၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး လူမဆန်တဲ့ လုပ်ရပ်တွေ ကို လုပ်ခဲ့တယ်။ ရဟန်းသံဃာတော်တွေ ဆုတောင်းမေတ္တာပို့ စီတန်းလှည့်လည်တာကို ယုတ်မာ ရိုင်းစိုင်းစွာ အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ ၀ါးရင်းတုတ်နဲ့ရိုက်၊ သေနတ်နဲ့ပစ်သတ်ခဲ့တယ်။

ဥပဒေနဲ့မညီတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ဆန္ဒခံယူပွဲကို မဲအများဆုံးရအောင်၊ သူတို့ပဲ အနိုင်ရအောင် မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ မေလဆန်းက နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီး မြစ်ဝကျွန်းပေါ်မှာ ကျရောက်လာတော့ ပြည်သူတွေကို ဆိုင်ကလုန်း မုန်တိုင်းဘေးကနေ အချိန်မီ မကယ်တင်ခဲ့ဘူး။ ပင်လယ်ပြင်မှာ သေလုမျောပါး မျောနေတဲ့ လူတွေ ကို ကယ်တင်ဖို့မကြိုးစားခဲ့ဘူး။ အတိုင်းတိုင်းအပြည်ပြည်က ကန့်ကွက်နေတဲ့ကြားကနေ သူတို့ရဲ့ ဆန္ဒခံယူပွဲကို တဇွတ်ထိုး ကျင်းပခဲ့တယ်၊

ဒါတွေဟာ သန်းရွှေစစ်အုပ်စုအတွက် ဘယ်သောအခါမှ ဖျက်လို့မရနိုင်တဲ့ ကြီးမားတဲ့ လူသတ်မှု၊ ရာဇ၀တ်မှုကြီးကို ကျူးလွန်တာပါပဲ။ လူ့အခွင့်အရေး အချိုးဖောက်ဆုံး၊ ကိုယ့်ပြည်သူတွေ အတွက် နည်းနည်းကလေးမှ မစဉ်းစားဆုံး အစိုးရတရပ်အဖြစ် ကမ္ဘာက ပိုမိုပြီး သိသာလာအောင် သန်းရွှေစစ်အုပ်စုက ပြသလိုက်တာပဲ။

ပြည်သူတရပ်လုံးက သန်းရွှေစစ်အုပ်စုရဲ့ လုပ်ဟန်တွေကို အော့နှလုံးနာ ရွံရှာမုန်းတီးနေ ကြပြီဆိုတာ အထွေအထူး ပြောစရာမလိုဘူးထင်တယ်။ သန်းရွှေစစ်အုပ်စုက သွေးရူးသွေးတန်း လုပ်နေတာဟာာ မကြာမီ သူတို့ပြုတ်ကျတော့မှာကို ပြနေတာဖြစ်ပါတယ်။

သန်းရွှေစစ်အုပ်စုရဲ့ ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ဗိုလ်နေ၀င်းစစ်အုပ်စုဟာ လွန်ခဲ့တဲ့ ၄၆ နှစ်က အပြစ်မဲ့တဲ့ ကျောင်းသား ရာကျော်ကို သတ်ခဲ့တယ်။ လက်နက်မဲ့တဲ့ ကျောင်းသားတွေကို “ဓား ဓား ချင်း၊ လှံ လှံ ချင်း”ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို လည်း ဗုံးခွဲပြီး ဖြိုချခဲ့တယ်၊ ကျောင်းသားထုရဲ့ တရားဝင် အခွင့်အရေးတွေကိုလည်း ပိတ်ပင်တား ဆီးခဲ့တယ်။ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးလည်း အခုထိမရသေးဘူး။

ရဲဘော်တို့ရဲ့ ဒီမိုကရေစီပညာရေး၊ လွတ်လပ်ပြီး ငြိမ်းချမ်းစွာ ပညာသင်ကြားရေးအတွက် တစ်ဗိုလ်ကျ တစ်ဗိုလ်တက် တိုက်ပွဲဟာ မပြီးသေးဘူး။ ဆက်လက် တိုက်ကြရအုံးမှာပါ။ ဗကသ အနေနဲ့ကလည်း မြေအောက်စည်းရုံးရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ဖို့ လိုနေသေးတယ်။

ခေတ်အဆက်ဆက်မှာ ကျနော်တို့ ကျောင်းသားတွေဟာ ပြည်သူလူထုကြီးအတွက် တိုက်ပွဲဝင်ခဲ့တယ်။ ဒါတွေကို မေ့ပျောက်ပစ်လို့မရဘူး။ အခုလည်း ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တမျိုးသားလုံး ပြန်လည်ပေါင်းစည်းရေးအတွက် တိုက်ပွဲ ဝင်ကြရအုံးမှာ ဖြစ်တယ်။

၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ ရေနံမြေတပ်ဖွဲ့ကြီး ချီတက်ခဲ့ကြသလို ကျွန်တော်တို့ ကျောင်းသားတွေက ဒီကနေ့မှာ စည်းစည်းလုံးလုံးနဲ့ ချီတက်ပြီး ရှေ့တန်းက တိုက်ပွဲဝင်ကြဖို့ လိုပါ တယ်။ တောင်းပွဲ၊ တိုက်ပွဲတွေလုပ်ရင် အနည်းနဲ့အများ ကျဆုံးနိုင်ပါတယ်။ ပြည်သူလူထုကြီးအတွက် စွန့်လွှတ်အနစ်နာခံကြရမှာ ဖြစ်ပါတယ်။

ရဲဘော် ကျောင်းသားကျောင်းသူအပေါင်းတို့အနေနဲ့ စစ်အစိုးရနဲ့ တိုက်ပွဲဆင်ရာမှာ ဘက် ပေါင်းစုံ နယ်ပယ်အသီးသီးကနေ တက်တက်ကြွကြွ တိုက်ပွဲဝင်ဖို့လိုတယ်။ ပညာရေးနယ်ပယ်မှာ ကျောင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီး တိုက်ကြရမယ်။

အလုပ်သမား၊ လယ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးအတွက်လည်း တိုက်ပွဲဝင်ပေးရ မယ်။ အမှုထမ်းတွေရဲ့ လစာတိုးမြှင့်ရေးအတွက်လည်း တိုက်ပွဲဝင်ပေးကြရမယ်။ တောရောမြို့ပါ စည်းရုံးပြီး တိုက်ပွဲတွေကို နည်းသဏ္ဍာန်ပေါင်းစုံနဲ့ ဖေါ်ဆောင်ကာ တိုက်ကြရမယ်။ တိုက်ပွဲမှာ ဆုံးရှုံး မှုနည်းအောင် နည်းပရိယာယ်ရှိရှိနဲ့ လုပ်ဆောင်ကြရမယ်။

ပြည်သူလူထုတစ်ရပ်လုံးက စည်းစည်းလုံးလုံး၊ ညီညွတ်ညွတ်နဲ့ တစိုက်မတ်မတ် တိုက်ပွဲ ဝင်စိတ်ဓါတ်တွေနဲ့ ချေမှုန်းရင် ဒီအာဏာရူး စစ်အစိုးရဟာ ဘာခံနိုင်မှာလဲ မလွဲမသွေ ကျဆုံးမှာပါ။ ပြောက်ကျားဆန္ဒပြပွဲကို အစုလိုက် အဖွဲ့လိုက် အနှံ့အပြား တိုက်ပွဲဆင်ရမှာ ဖြစ်တယ်။ လိုအပ်ရင် အားလုံး စုစုစည်းစည်း ညီညီညာညာ တိုက်ပွဲဝင်ကြရမှာဖြစ်တယ်။

ပြည်တွင်းက အဖျက်သမားဖြစ်တဲ့ ဒီစစ်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်း ချေမှုန်းကြရမှာဖြစ်တယ်။ ကျေးလက်မှာ လယ်ယာပိုင်ဆိုင်ခွင့်၊ လုပ်ကိုင်ခွင့်၊ ရောင်းဝယ်ခွင့် စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ လယ်သမားထုကြီးကို စည်းရုံးနိုင်မှသာ လူထုတိုက်ပွဲရဲ့ ဒီရေဟာ အရှိန်အဟုန် မြင့်တက်လာပါလိမ့်မယ်။

တစ်ပွဲတည်းနဲ့ မအောင်မြင်နိုင်ဘူး။ နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ အကြိမ်ကြိမ်အခါခါ တိုက်ကြရလိမ့်မယ်။ ရေရှည်တိုက်ပွဲအမြင်ကိုလည်း စိုက်ထူထားရမယ်။ လက်ရှိအခြေအနေမှာ ရေတိုအတွင်း တိုက်ပွဲအောင်မြင်နိုင်မယ့် အလားအလာ နည်းနေသေးတယ်။

ဒါပေမယ့် ကျောင်းသားထုကြီးဟာ ပြည်သူလူထုကြီးရဲ့စွမ်းအားနဲ့ ပေါင်းစပ်လုပ်နိုင်ရင် တပြည်လုံးအတိုင်းအတာအရ အထွေထွေသပိတ်ကြီး မုချ ပေါ်လာမှာပဲ။ ဒီလို လူထုတိုက်ပွဲဒီလှိုင်း ကြီးကနေပြီး စစ်အစိုးရရဲ့အာဏာကို နင်းချေဖြိုချနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့သာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးကို မုချ ဖေါ်ဆောင်နိုင်မှာဖြစ်တယ်။ မကြာမီမှာ အာဏာရူးအစိုးရဟာ ကမ္ဘာ့ အလယ်မှာ အရှက်တကွဲအကျိုးနည်းပြီး မလွဲမသွေ ကျဆုံးရမှာဖြစ်တယ်။

စည်းလုံးညီညာစွာ တိုက်ပွဲအရှိန်မြှင့်တင်ကြ။

(၇) ရက်ဇူလိုင်တိုက်ပွဲဝင်စိတ်ဓါတ် စိုက်ထူကြ။

*****

(ဇူလိုင် (၇) ရက် အရေးတော်ပုံအတွင်း ကျဆုံးသွားကြတဲ့ အာဇာနည်များအား ဦးညွတ်အလေးပြုလိုက်ပါတယ်။)

ခင်မောင်ဝင်း (၇ ရက်ဇူလိုင် ကျောင်းသားဟောင်းတဦး)
(၁၉၆၁-၆၄) စာသင်နှစ်။
အမှတ် (၅၀)၊ ပင်းယကျောင်းဆောင်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လာမည့်ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်က ပါတီထောင်မည်ဟု ကချင်လက်နက်ကိုင်အဖွဲ့ပြော

NEJ/ ၇ ဇူလိုင် ၂၀၀၈

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်က ပါတီထောင်မည်ဖြစ်ပြီး စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပါတီများနှင့် မဟာမိတ်အဖြစ် ပူးပေါင်းသွားမှာဖြစ်ကြောင်း NDAK ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့က ယနေ့ ထုတ်ဖော်ပြောဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း တိုင်းမှူးသစ် ဗိုလ်မှူးချုပ်စိုးဝင်းနှင့် မကြာခင်က တွေ့ဆုံခဲ့သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ကို ခေတ်ပြိုင်က တယ်လီဖုန်းဖြင့် မေးမြန်းရာ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်က ပါတီထောင် ၀င်ရောက်ယှဉ်ပြိုင်ရေးအစီအစဉ်ကို ထောက်ခံသည့်အဖွဲ့အစည်း အတော်များများရှိသည်ဟု ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။ စစ်အစိုးရကျင်းပရန် ရည်မှန်းထားသည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တစညပါတီက
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိ ကြံ့ဖွံ့အဖွဲ့ကိုလည်း နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲမည်ဟု တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးဝင်းနှင့်တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေးအဖွဲ့များ လက်နက်ချရေးအတွက် ဖိအားပေးခဲ့ခြင်းရှိမရှိ ခေတ်ပြိုင်က မေးမြန်းရာ ဖိအား ပေးခဲ့ခြင်း မရှိကြောင်း ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။

ဒီမိုကရေစီသစ်တပ်မတော်-ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့သည် ၁၉၈၉ ခု ဒီဇင်ဘာတွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ် အထူးဒေသ (၁)
ပန်ဝါနယ်မြေကို အုပ်ချုပ်ခွင့်ရထားသည့် အဖွဲ့ဖြစ်သည်။ ၁၉၉၃ အမျိုးသားညီလာခံကို NDAK ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိဘဲ ၂၀၀၄ ခု အမျိုးသားညီလာခံကျမှ NDAK ကိုယ်စားလှယ် (၅) ဦး စတင်တက်ခဲ့သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့် နေပြည်တော်ဝန်ထမ်းများကို ကွက်ပြီး ချေးငွေထုတ်ပေး

NEJ/ ၇ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ၀န်ထမ်းများကို စစ်အစိုးရက ချေးငွေထုတ်ပေးရန် ညွှန်ကြားခဲ့သော် လည်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်သူ ၀န်ထမ်းများကသာ ချေးငွေအမြန်ရရှိကြောင်း ရန်ကုန်တိုင်း အခွန်ဦးစီးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ကျနော့်အိမ်က တောင်ဒဂုံမှာ၊ လေဘေးကြောင့် အိမ်အတော် ပျက်စီးသွားတယ်၊ ဒါနဲ့ ဌာနကနေ လစာ (၃) လစာနဲ့ ညီမျှတဲ့ ချေးငွေ ထုတ်ချေးပေးမယ်ပြောတယ်။ (၂) နှစ်အတွင်း ပြန်ဆပ်ရမယ်။ အဲဒါနဲ့ လျှောက်လွှာတင်ပါဆို တင်ထားတာ ခုထိမရသေးဘူး။ တခြား နေပြည် တော်နဲ့ ဧရာဝတီတိုင်းက တချို့ဝန်ထမ်းတွေတော့ ရကြတယ်” ဟု ပြောသည်။

လေဘေးကျရောက်ပြီး (၂) လ ကျော်သည့်တိုင် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးသင့် ၀န်ထမ်း
များကို ထုတ်ပေးမည့် ကယ်ဆယ်ရေးချေးငွေ ယခုထိ မရသေးကြောင်း ၎င်းကပြောသည်။

စစ်အစိုးရက မုန်တိုင်းဒဏ်ခံရသည့် နေပြည်တော်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ ၀န်ထမ်းများကို ယခုကဲ့သို့ ချေးငွေများ ထုတ်ပေးရန် မေ (၁၂) ရက်က ညွှန်ကြားချက်ထုတ်ခဲ့ပြီး အဆိုပါအမိန့်သည် လေဘေးသင့်ဒေသတွင် မိသားစုရှိပြီး နေပြည်တော်၌ တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ လည်း အကျုံးဝင်သည်။

လျှောက်ထားသူသည် သက်ဆိုင်ရာဌာနတွင်းမှ အသိသက်သေ (၂) ဦး၊ ထောက်ခံသူ (၂) ဦး၏ ထောက်ခံချက်များနှင့်တကွ ပြည်နယ်၊ တိုင်း အခွန်ဦးစီးမှူးရုံးများမှတဆင့် လျှောက်ထားကြရပြီး လျှောက်လွှာကို လက်ခံပါက လစာ (၃) လစာနှင့် ညီမျှသည့်ငွေကို ထုတ်ပေးမည်ဖြစ်ကာ (၂၄) လအတွင်း လစာထဲမှ အရစ်ကျ ဖြတ်တောက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် မေ (၂) ရက်နှင့် (၃) ရက် မုန်တိုင်းတိုက်ခတ်စဉ် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ပြည်သူများနည်းတူ ၀န်ထမ်းအချို့လည်း သေဆုံး၊ ဒဏ်ရာရ၊ အိမ်ယာပျက်စီးမှုများ ရှိခဲ့သည်။
ထိုသို့ မုန်တိုင်းဒဏ်ခံရသည့် ၀န်ထမ်းများအနက် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသူ
ဝန်ထမ်းများကသာ ၎င်းတို့၏ လေဘေးသင့် မိသားစုများအတွက် ချေးငွေ အမြန်ရရှိခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများမှာမူ ချေးငွေ ရရှိခြင်း မရှိသေးကြောင်း၊ ၀န်ထမ်းအချင်းချင်း နေပြည်တော်နှင့် အခြားမြို့နယ် ခွဲခြားအခွင့်အရေး ပေးသည့်အပေါ် မကျေမလည် ဖြစ်နေကြောင်း ၀န်ထမ်းအသိုင်းအ၀န်းမှ ပြောသည်။

အင်းစိန်မြို့ခံတဦးက ၎င်း၏ သမီးတယောက်သည် နေပြည်တော်၌ ကျောင်းဆရာမအဖြစ် တာဝန်
ထမ်းဆောင်နေကြောင်း၊ ၎င်းတို့အိမ် မုန်တိုင်းဒဏ်ခံရသည့်အတွက် နေပြည်တော်တွင် ချေးငွေ လျှောက်ထားရန် အိမ်ထောင်စု စာရင်းပုံစံ ပို့ပေးခဲ့ရကြောင်း၊ မေလမကုန်မီ ချေးငွေ ကျပ် (၁) သိန်း (၈) သောင်းနှင့် ဆန်တအိတ်ရကြောင်း ပြောသည်။

ရန်ကုန်တိုင်းအတွင်းမှ လေဘေးဒဏ်ခံရပြီး လျှောက်ထားသည့် ၀န်ထမ်းများမှာမူ ယနေ့တိုင် ချေး ငွေ မရရှိသေး၍ မြို့နယ်ရုံးမှတဆင့် တိုင်းအခွန်ဦးစီးမှူးရုံးသို့ စုံစမ်းကြည့်ရာ အထက်သို့ တင်ပြ ထားကြောင်းသာ ပြောပြီး မည်သည့်အကြောင်းမှ ပြန်ကြားခြင်းမရှိသေးကြောင်း ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အွန်လိုင်းစွယ်စုံကျမ်း မြန်မာစာဖြင့်ကြည့်နိုင်ပြီ

ပီတာအောင်/ ၇ ဇူလိုင် ၂၀၀၈

အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီး ယားကို မြန်မာဘာသာဖြင့် ဖတ်ရှု လေ့လာ၍ ရနေပြီဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများကိုယ်တိုင်
ပါဝင်၍ အချက်အလက်များ ဖြည့်စွက်ရေးသားနိုင်ကြောင်း မြန်မာအွန်လိုင်း စွယ်စုံကျမ်း အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းနေသူတို့ထံမှ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုစွယ်စုံကျမ်း၌ သမိုင်း၊ ပထ၀ီ၊ အတ္ထုပ္ပတ္တိ၊ လူမှုရေး၊ နိုင်ငံရေး၊ နေ့စဉ် ဖြစ်ပျက်နေသည့် သတင်းများ စသဖြင့် ကဏ္ဍစုံပါဝင်ပြီး လတ်တလော မြန်မာနိုင်ငံအကြောင်း၊ တိုင်းရင်းသား လူမျိုးအချို့အကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းများ
အပါအ၀င်အကြောင်းအရာ (၂၅၀) ကျော် ရေးသားထားပြီးဖြစ်သည်။

စွယ်စုံကျမ်းဖြစ်မြောက်ရေး ကမကထပြုဆောင်ရွက်နေသူ မြန်မာအင်ဖိုတက် ဆော့ဝဲစလူးရှင်း ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ကိုငွေထွန်းက “အချက်အလက်တွေ ရှာတဲ့အခါမှာ ပြည့်စုံတဲ့ အဖြေတွေ ပေးနိုင်အောင်လို့ ရည်ရွယ်ပြီးလုပ်တာပါ။ အင်္ဂလိပ်လိုကတော့ ရှိပြီးသားပါ။ ခုဟာက မြန်မာစာနဲ့ ကြိုးစားကြည့်တာပါ။ ရေးချင်တဲ့သူတွေ ရေးနိုင်အောင်၊ ဖတ်ချင်တဲ့သူတွေ ဖတ်နိုင် အောင် ကျနော်တို့အနေနဲ့ စီစဉ်ပေးထားတာပါ။ ကျနော်တို့ အားပေးချင်တာကတော့ မြန်မာလို ပြန်နိုင်တဲ့သူတွေပြန်ပါ။ ရေးနိုင်တဲ့လူတွေ ဆက်ရေးကြပါ” ဟု ပြောသည်။

စွယ်စုံကျမ်းကို မည်သူမဆို အခမဲ့ဝင်ရောက်ဖတ်ရှုနိုင်ပြီး လွတ်လပ်စွာ ကိုယ်တိုင်ပါဝင် ရေးသားနိုင် ကြောင်း၊ အချက်အလက်များ မှန်ကန်ကြောင်းကိုမူ ရေးသားသူကိုယ်တိုင် တာဝန်ခံရမည်ဖြစ်ပြီး မှားယွင်းနေသည်ကို တွေ့ရှိပါက မည်သူမဆို ၀င်ရောက်ပြင်ဆင်နိုင်ကြောင်း သိရသည်။

မြန်မာအွန်လိုင်းစွယ်စုံကျမ်းကို ဖတ်ရှုရန် အင်တာနက်လိပ်စာမှာ http://my.wikipedia.org/ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်း ကမ္ဘာ့စွယ်စုံကျမ်း ၀ီကီပီးဒီးယား အင်တာ နက်စာမျက်နှာမှာ http://www.wikipedia.org/ ဖြစ်သည်။

မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ရန် ပိတောက်၊ မြန်မာသရီးနှင့် ပုရပိုက် မြန်မာစာဖောင့်များ ရှိရန် လိုအပ်သည်။ အဆိုပါဖောင့်များကို မြန်မာဝီကီပီးဒီးယား အင်တာနက်စာမျက်နှာနှင့် http:// www.zawgyi.org/ စာမျက်နှာတို့တွင် ဒေါင်းလုဒ်ရယူနိုင်သည်။

ကမ္ဘာ့အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီးယားကို ၂၀၀၁ ခုက စတင်ခဲ့ပြီး ဘာသာပေါင်း (၂၅၀) ကျော် ဖြင့် ရေးသားထားကာ လူအများ ကိုးကားရည်ညွှန်းစရာ အင်တာနက် စာမျက်နှာတခုဖြစ်သည်။ နှစ်စဉ် လူပေါင်း သန်းနှင့်ချီ၍ ၀င်ရောက်ဖတ်ရှုကြပြီး ၂၀၀၈ ခု၌ ၀င်ရောက်ကြည့်ရှုသူ အနည်း ဆုံးသန်း (၆၈၄) သန်းရှိသည်ဟု ၀ီကီပီးဒီးယားက ခန့်မှန်းထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ကျောင်းသားသမဂ္ဂဖြိုဖျက်မှု ၄၆နှစ်ရှိခဲ့ပြီ

07 July 2008

လွန်ခဲ့တဲ့ ၄၆နှစ်က ဒီလိုနေ့မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကနေ သူတို့ရဲ့  ကျောင်းသား အခွင့်အရေး တွေရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို မြန်မာ့ တပ်မတော်က အကြမ်းဖက်ပစ်ခတ်ပြီး ဖြေရှင်းခဲ့လို့ သေဆုံးမှုတွေဖြစ်ခဲ့ ပြီး နောက်တနေ့ မနက်ပိုင်းမှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို မြန်မာ့ တပ်မတော်ကပဲ ဗုံးခွဲဖျက်စီးခဲ့တဲ့ အထိ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီကနေ့ကို Seven July, ဇူလိုင် ၇ရက် ကျောင်းသားလှုပ်ရှားမှုနေ့ အဖြစ် လူသိများလာခဲ့ပြီး ကျောင်းသူကျောင်းသားတွေနဲ့ စစ်တပ်နဲ့ကြားက မပြေလည်မှုတွေဟာလည်း အဲဒီအချိန်ကပဲ ပီပီ ပြင်ပြင် စတင်လာခဲ့တယ် လို့ဆိုရမှာပါ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီကနေ့ကျရောက်တဲ့ ၄၆နှစ်မြောက် Seven July အထိမ်းအမှတ်နဲ့ပါတ်သက်ပြီးပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားကြသူ တွေကတော့ အထိမ်းအမှတ်အခန်းအနားတွေကြေညာချက်ထုတ်ပြန်တာတွေလုပ်ကြပါတယ်။ ဒီအကြောင်း ဦးကျော် အောင်လွင်က တင်ပြပေးပါတယ်။

၁၉၆၂ခုက စစ်အာဏာသိမ်း အစိုးရက ကျောင်းသားတွေရဲ့  တောင်းဆိုမှုတွေကို မလိုက်ရောပဲ အကြမ်းဖက် သတ်ဖြတ်မှု တွေနဲ့ တုန့်ပြန်ခဲ့လို့ သမိုင်းနဲ့ ချီပြီး ဖြစ်လာခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်နဲ့ ကျောင်းသားလှုပ်ရှားမှု အဆက်ဆက်ကြားက ပြ ဿနာတွေဟာ အခုထိ ကျေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။ ကျောင်းသူကျောင်းသားတွေကို သတ်ဖြတ် ထောင်ချ အပစ်ပေးဖို့ အမိန့်ပေးခဲ့တဲ့ သူတွေ တချို့ ရော။ အပစ်ကျခံခဲ့ရတဲ့ ကျောင်းသူကျောင်းသား တချို့ နဲ့ မိဘတချို့လည်း ကွယ်လွန် ခဲ့ကြပြီဆိုပေမယ့်။ ဒီအဖြစ်အပျက်တွေဟာ မှေးမှိန် ပျောက်ကွယ် မသွားပဲ ဆက်ပြီှး ရှင်သန်နေတယ်လို့ပဲ ဆိုရမှာပါ။ အခုဆိုရင်ပဲ စစ်အာဏာပိုင်တွေ အဆက်ဆက် ကျောင်းသား ပြည်သူတွေအပေါ် သတ်ဖြတ်။ အကျဉ်းချခဲ့မှု တွေဟာ ပြစ်မှုကျုး လွန်တာတွေပဲဖြစ်ပြီး ဒီကိစ္စတွေကိုလည်း အစိုးရ အဆက်ဆက် ဖေါ်ထုတ် စစ်ဆေးတာတွေ မလုပ်ခဲ့လို့ ပြစ်မှုဆိုင်ရာ နိုင်ငံတ ကာတရားရုံးကို တိုင်ကြား အရေးယူသွားဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရှေ့ နေများကောင်စီ BLC က ဇူလိုင် ၇ရက်နေ့ မှာတိုက်တွန်းလိုက်ပါတယ်။ အဲဒါကြောင့် BLC အဖွဲ့က ရှေ့ နေဦးမျိုးကို ကျွန်တော်ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

"စစ်အာဏာပိုင် အဆက်ဆက်က ဒီလိုပြစ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုကျွန်တော်တို့ မျက်ကွယ် ပြုထားမယ်ဆိုရင် နောက် ပိုင်း သူတို့ကို ကျုးလွန်ပိုင်ခွင့်ဆိုတဲ့ လိုင်စင် ပေးထားသလိုဖြစ်နေမယ်။ ကျွန်တော်တို့ ကျောင်းသား ပြည်သူတွေဘက်က နစ်နာ ဆုံးရှုံးမှုတွေ ရှေ့ ဆက် မဖြစ်ရအောင်ဆိုပြီး ကျွန်တော်တို့က စစ်အာဏာပိုင်တွေရဲ့ လှုပ်ရှားမှုတွေကို ဖေါ်ထုတ်ပြီး အရေးယူသွားရင် တစုံတရာ ပြည်သူလူထုဘက်က နစ်နာ ဆုံးရှုံးမှုတွေဟာ ကုစားမှုလည်း တစုံတရာ ရလာနိုင်တယ်။ ပြီးတော့ သူတို့ရဲ့  လုပ်ရပ်တွေဟာလည်း ရပ်တန့် သွားနိုင်တယ်ခင်ဗျ။"

လက်ရှိ အခြေအနေတွေမှာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေပြီး အရေးယူ ဆောင်ရွက်ဖို့ အခြေအနေတွေဟာ ဖြစ်နိုင်ခြေတွေ ဘယ်လောက် ရှိပါလဲခင်ဗျ။

"၂၀၀၂ ဇူလိုင်နောက်ပိုင်းမှာ ဖြစ်တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ ရှင်းပါတယ်။ အရေးယူ ဆောင်ရွက်ဖို့က လွယ်ပါ တယ်။ ဒါပေမယ့် ၂၀၀၂ ဇူလိုင်ရဲ့ အရှေ့မှာ ဖြစ်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာ ရာဇ၀တ် တရားရုံးက လက်ခံတယ်ဆိုတဲ့ စီရင်ပိုင်ခွင့် အာဏာကို ဖော်ပြထားတာရှိပါတယ်။ ၂၀၀၂ ဇူလိုင်ရှေ့မှာ ဖြစ်ခဲ့တဲ့ ပျောက်ဆုံးသွားတယ်။ ဥပမာ အရေးအခင်းတခုမှာ သတ်ဖြတ်ပစ်တယ်။ စာရင်းဇယားမရဘူးခင်ဗျ အတိအကျ။ အခုဇူလိုင်၇ရက်နဲ့ ပါတ်သက်ပြီး စာရင်းဇယားတွေနဲ့ လိုက်တဲ့ အခါ ပျောက်ဆုံးနေတဲ့ စာရင်းဟာ ကိုအောင်ထွန်းရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းထဲမှာ လေးဆယ်လောက်ပဲတွေ့တယ်။ ဒါထက်မကဘူး အများကြီးရှိတယ်။ ပျောက်ဆုံးသွားတဲ့စာရင်းတွေကို ပြည်သူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေက လိုက်လံစုစည်းပြီးတော့ တရားရုံးဆွဲ တင်လို့ရနိုင်ပါတယ်ခင်ဗျ။ အဲဒီအတွက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရှေ့နေများ ကောင်စီနဲ့ Global justice ကို တင်တယ်ပေါ့ဗျာ။ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်။ ဒီလိုပဲ တခြားခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တရားရုံးမှာတင်နိုင်အောင် ကြိုးစားကြဖို့ ကျွန်တော်တို့ BLCက ဦးဆောင်ဦးရွက်လုပ်ပြီးတော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ခင်ဗျ။"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်နိုင်ငံခြားရေးရာ တာဝန်ခံကိုမင်းနိုင်ကလည်း မြန်မာပြည်မှာ စစ်အာဏာရှင်ရှိနေသရွေ့ ကျောင်းသားလှုပ်ရှားမှုတွေရှိနေဦးမှာပဲလို့ဆိုပါ တယ်။

" ၇ ဇူလိုင် အရေးအခင်းကနေ စလိုက်မယ်ဆိုရင် ဒီခေတ်မှာ ကျောင်းသားလှုပ်ရှားမှုတွေက ရပ်တန့်ခဲ့တာ မတွေ့ပါဘူး။ ဘယ်တော့မှလည်း ရပ်တန့်သွားမယ်လို့ ကျွန်တော်တို့ မယူဆဘူးခင်ဗျ။ ၆၂ကစမယ်ဆိုရင် ၇၄၊ ၇၅၊ ၇၆လို သမိုင်းတွေ ရှိခဲ့တယ်။ နောက် ၈၈ ကျောင်းသားလှုပ်ရှားမှုတွေရှိခဲ့တယ်။ နောက်ဆုံး စက်တင်ဘာ လှုပ်ရှားမှုနဲ့တွဲတဲ့ ကျောင်းသားလှုပ်ရှားမှုတွေက တောက်ရှောက်ရှိခဲ့တယ်။ ကျောင်းသား သမဂ္ဂပေါ်ပေါက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ် မရှိမှ ဖြစ်မယ်။ ဒီ စစ်အာဏာရှင်စနစ်ရှိနေသ၍ကတော့ ကျောင်းသားလှုပ်ရှားမှုတွေက ဆက်ပြီးတော့ ရှိနေဦးမှာပဲလို့ ကျွန်တော် ပြောချင်ပါတယ်။"

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ကိုအောင်မိုးဇော်ကလည်း ကျောင်းသားလှုပ်ရှားမှုတွေဟာ သမိုင်းနဲ့ချီပြီးအခိုင် အမာရှိလာတာကြောင့် ပျောက်ပျက်အောင်လုပ်လို့မရနိုင်ဘူးလို့ဆိုပါတယ်။

"ဇူလိုင်၇ရက် စိတ်ဓာတ်ဆိုတာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ စိတ်ဓာတ်ပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် စပြီး အခြေချဖို့ ကြိုးစားတဲ့အချိန်မှာ ကျောင်းသားတွေက ဒါတွေဟာ စစ်အာဏာရှင် စနစ်ဖြစ်တယ်၊ စစ်အာဏာရှင် စနစ်ဆိုတာကို အမြစ်ကလှန်ရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့ ပွဲလည်းဖြစ်တယ်။ အဲဒီ ဇူလိုင် ၇ရက် စိတ်ဓာတ်ကို ယနေ့အချိန်အထိ ကျောင်းသား မျိုးဆက် အဆက်ဆက်က ကိုင်ဆွဲတုန်းပဲဖြစ်တယ်။ စက်တင်ဘာ လှုပ်ရှားမှုအထိ ဆက်လက် တိုက်ပွဲဝင်နေတယ်။ နောက်ထပ် မျိုးဆက်သစ် ကျောင်းသားတွေကလည်း အဲဒီ စိတ်ဓာတ်နဲ့ အပြီးကိုင်ပြီး ဆက်ကြိုးစားသွားဦးမယ်လို့ ကျွန်တော် ယုံကြည်တယ်။"

လက်ရှိအခြေအနေတွေမှာလည်း ကျောင်းသားလှုပ်ရှားမှုတွေကို စစ်အစိုးရဘက်က မျက်ခြေမပြတ်စောင့်ကြည့်ပြီးဖိနှိပ်နေ သလိုပဲ ကျောင်းသူကျောင်းသားတွေဘက်ကလည်း အခွင့်အခါအလိုက်စစ်အစိုးရဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးတွေကို တောင်းဆိုနေကြတုန်းပါ။ အကျဉ်းထောင်တွေထဲမှာလည်း ကျောင်းသားခေါင်းဆောင်တွေကိုနှစ်ရှည်ဖမ်းဆီးထားဆဲဖြစ် သလို သူတို့အားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာကလည်းတောင်းဆိုနေကြပါတယ်။ ၁၉၆၂ ဇူလိုင်၇ ရက်ကစခဲ့ တဲ့ဇာတ်လမ်းဟာ ဒီကနေ့အထိ အဆုံးသတ်လို့မရနိုင်သေးဘူးလို့ပဲပြောရမှာပါခင်ဗျား။

အပြည့်အစုံဖတ်လိုလျှင်

NLD ၉၀ရွေးကောက်ပွဲ ရလာဒ်ပျက်ပြယ်သွားပြီဟု စစ်အစိုးရသတင်းစာတွေ ဖော်ပြ

06 July 2008

မြန်မာနိုင်ငံက အဓိကအတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အောင်ပွဲခံခဲ့ တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်ဟာ မကြာသေးခင်က မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ မူကြမ်း အတည်ဖြစ်သွားတာကြောင့် ပျက်ပြယ်သွားပြီလို့ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေက ရေးသားဖော်ပြ လိုက်ပါ တယ်။ ဒါကြောင့်မို့လို့လည်း ဒီရလာဒ်ဟောင်းကို ဖက်တွယ်မနေပဲ လာမယ့် ရွေးကောက်ပွဲ အသစ်တွေ အတွက်သာ အလေးထား လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဆိုလိုက်ပါတယ်။ ဒါပေမဲ့လို့ အစိုးရသတင်းစာတွေရဲ့ ဖော်ပြချက်တွေဟာ ကြောင်းကျိုး မညီဘူးလို့ အန်အယ်လ်ဒီ ပါတီကတော့ ရှုမြင်ထားတာပါ။ အကြောင်းစုံကို အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်ကို ဦးအောင်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

မြန်မာစစ်အစိုးရက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို လူထုဆန္ဒခံယူပွဲတွေကတဆင့် တခဲနက် အတည်ပြုခဲ့ တာကြောင့် ၁၉၉၀ ပြည့်နှစ်တုန်းက အန်အယ်လ်ဒီ ပါတီ တခဲနက်အနိုင်ရခဲ့ပေမဲ့ ဒီရလာဒ်တွေဟာ ပျက်ပြယ်သွားပြီဆိုပြီး ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်တာပါ။ အန်အယ်လ်ဒီ ပါတီ အနေနဲ့ အရင်က ရွေးကောက်ပွဲ ရလာဒ်ကို ဆုပ်ကိုင်နေတာဟာလည်း အာဏာကို ဖြတ်လမ်းက အချောင်လိုက်ချင်လို့ ဖြစ်တယ်လို့လည်း စွပ်စွဲထားတာပါ။ ဒီလိုဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီရဲ့ အထူးပြန်ကြားရေး တာဝန်ခံတဦးဖြစ်တဲ့ ဦးသိန်းညွန့် ကို မေးကြည့်တဲ့ အခါမှာတော့ -

"မူအရဆိုရင်တော့ သတင်းစာက ရေးတဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ရင် သဘောထား တုန့်ပြန်လေ့မရှိပါဘူး။ ဒါပေမယ့် အခုကိစ္စမှာတော့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလာဒ်နဲ့ ပတ်သက်ပြီး ပြောလာတဲ့အခါ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ ရပ်တည် ချက်ကို ကျွန်တော် ရှင်းပြပါမယ်။ ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုတာ ပြည်သူ့ဆန္ဒကို အလေးထားရတာပေါ့။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲဟာ ပြည်သူ့ရဲ့ ဆန္ဒကို လွတ်လပ်ပြီး တရားမျှတစွာ ဆုံးဖြတ်ခဲ့တယ်ဆိုတာ အားလုံး အသိပါပဲ။ နောက်တချက်ပြောချင်တာက ပြည်သူ့ဆန္ဒကို မလေးစားရုံတင်မကဘဲ အဲဒီရွေးကောက်ပွဲကို လုပ်ခဲ့တဲ့သူတွေကပဲ ဒီနေ့အထိ အာဏာပိုင်အဖွဲ့တွေမှာ ခေါင်းဆောင်မှုတာဝန် ယူထားတယ်။ အဲဒီလို သူတို့ကိုယ်တိုင် ပြည်သူလွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ လုပ်ခဲ့တဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ ရလာဒ်လို လေးစားတယ်ဆိုတာ ပြည်သူ့ဆန္ဒကို လေးစား တာပါ။ ကိုယ်ပြဌာန်းတဲ့ ဥပဒေကို ကိုယ်လေးစားတာပါ။"

အစိုးရသတင်းစာ ဆောင်းပါးကတော့ ဒီလို ရွေးကောက်ပွဲ ရလာဒ်ဟောင်းကို ဖက်တွယ်နေတာဟာ အဓိပ္ပါယ်မရှိဘူး၊ နောက် ၂ နှစ်အကြာ ၂၀၁၀ ခုနှစ်ကျရင် အစိုးရက ကမကထလုပ် ကျင်းပပေးမယ့် ရွေးကောက်ပွဲ အသစ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်သင့်တယ် ဆိုပြီးတော့လည်း ပြောထားပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ကတော့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည်ဖော်မှ ပြဿနာတွေ ပြေလည်နိုင်မယ်လို့ ဆိုပါတယ်။

"မေလ ၂၇ရက်နေ့က ရွေးကောက်ပွဲ နှစ်ပတ်လည်မှာ ကျွန်တော်တို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီမှာ ၈နှစ်မြောက် ရွေးကောက်ပွဲတုန်းက အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းကို ကျွန်တော်တို့ အထူး မီးမောင်းထိုးပြီးတော့ ဖော်ပြထားတာရှိပါတယ်။ အဲဒါက ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပြဿနာပဲ။ တိုင်းပြည်ရဲ့ အနာဂတ်ကို တလေးတစား သဘောထားရပါမယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလာဒ်ကို အရင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဘာကြောင့် အကောင်အထည် ဖော်ဖို့ လိုပါသလဲဆိုရင်။ ပြည်သူဆန္ဒကို အလေးထားဖို့ပါ။ အချက်အလက်ကို ကျွန်တော်တို့ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ထားရှိတဲ့ ဒီနေ့ သဘောထားကတော့ အခု အခြေခံဥပဒေ တရားဝင်မှု မ၀င်မှုဆိုတဲ့ အခြေအနေတွေကိုလည်း အများ ပြည်သူ လက်ခံနိုင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းက ဖြေရှင်းနိုင်ဖို့ဆိုရင် လွှတ်တော်ကို ခေါ်ပေးပါ။ ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၃နဲ့အညီ ပြည်သူ့လွှတ်တော်ကို ခေါ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဥပဒေရှိပါတယ်။"

မြန်မာစစ်အစိုးရဖက်ကတော့ မေလတုန်းက ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲတွေမှာ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းနဲ့ အခြေခံ ဥပဒေ အသစ်တရပ်ကို အတည်ပြုလိုက်တယ်လို့ ပြောဆိုထားပေမဲ့ ဒီလို ကျင်းပရာမှာ မသမာမှုတွေ၊ အတင်းအကြပ် မဲရယူတာတွေ၊ ဒီမိုကရေစီ မဆန်တဲ့ လုပ်ဆောင်မှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံ အန်အယ်လ်ဒီ အပါအ၀င် ဝေဖန်မှုတွေကလည်း အကြီးအကျယ် ထွက်ပေါ်ခဲ့တာပါ။ ဒီလို ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ အစိုးရဖက်ကတော့ သူ့ရဲ့ဒီမိုကရေစီလမ်းပြမြေပုံလို့ ဆိုတဲ့ မူဝါဒလမ်းစဉ် (၇) ရပ်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောနေတာပါ။ ဒီလိုသာသွားနေမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူးလို့ အန်အယ်လ်ဒီ က ဆိုပါတယ်။

"အများပြည်သူ သဘောတူညီမှုမရပဲ တဖက်သတ် ဆောင်ရွက်မယ်ဆိုရင်တော့ မမျှော်လင့်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပေါ့။ လောလောဆယ်ဆယ်မှာကို ဒီနေ့ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်း၊ နိုင်ငံရေး အကြပ်အတည်း တွေကို မဖြေရှင်း နိုင်ပဲနဲ့ ဆွေးနွေး ညှိနှိုင်းခြင်း မလုပ်ဘဲနဲ့ အင်အားသုံးပြီး ဆောင်ရွက်မှု မှန်သမျှကတော့ နောင်တချိန်မှာ အပေါင်းလက္ခဏာ မဆောင်ဘဲနဲ့ တိုင်းပြည်အတွက် အနှုတ်လက္ခဏာ အခြေအနေမျိုး ပေါ်ပေါက်လာမယ်လို့ ကျွန်တော် တို့ကတော့ မြင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ အထူးပြန်ကြားရေး တာဝန်ခံတဦးဖြစ်တဲ့ ဦးသိန်းညွန့် ဖြစ်ပါတယ်။ တကယ်တော့ အခုအစိုးရသတင်းစာ ဆောင်းပါးတွေက ပျက်ပြယ်သွားပြီလို့ ပြောနေတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ်ပေါင်း ၄၈၅ နေရာ ရှိတဲ့အထဲက ၃၉၂ နေရာမှာ ရွေးချယ်ခံခဲ့ရပြီး တခဲနက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်