စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, January 6, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် နှစ် (၆၀) မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

နိုင်ငံရေးအကျဉ်းသမားများအမြန်ဆုံးလွှတ်ဆန္ဒပြ။
ယခုနှစ် လွတ်လပ်ရေးနေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် နှစ် (၆၀) မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရာတွင် တက်ရောက်သူ (၁၂၀၀) ခန့် ရှိကြောင်း သိရှိရပါသည်။ ထို့ အပြင် ရုံးချူပ်ရှေ့ တွင် အဖွဲ့ ဝင် (၁၂) ဦးမှ အပေါ်ရောင်တွင် အပြာနုနှင့် အောက်တွင် ပုဆိုးအပြာရင့်ရောင်များဝတ်ဆင်ကာ ကျောနောက်ဘက်တွင် (နိုင်ငံရေးအကျဉ်းသမားများအမြန်ဆုံးလွှတ်) စာလုံးများအား တစ်လုံးချင်းစီ ရေးသားထားကာ ဆန္ဒပြကြပါသည်။ ယခုအချိန်အထိ ဖမ်းဆီးခံရမှုသတင်းမရှိသေးပါ။ ဆန္ဒပြမှုကြာမြင့်ချိန်မှာ (၁၅) မိနစ်ခန့် ရှိပါသည်။




ကိုနစ်နေမန်း ဘလော့ဂ် မှ ကူးယူဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့အတွက် ဆောင်းပါးများ

လွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြုရေးသားထား သော ဆောင်းပါးများ ကို ဖတ်ခဲ့သမျှ ဘလော့ဂ်များမှ စုစည်းတင်ဆက် ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စစ် ကျွန်ဘဝ အမှတ်တရများ

အေးချမ်းမြေ့ ဇန်နဝါရီ ၄၊ ၂၀၀၈


အပေါ်ရံအားဖြင့်တော့ ရန်ကုန်မြို့ကြီးက စည်ကားသိုက်မြိုက်နေသည်။ဈေးသည်၊ ဈေးဝယ်တို့ဖြင့် မြို့လယ် လမ်းတိုင်းတွင် ကြိတ်ကြိတ်တိုးနေသည်။ စူပါမားကတ်ကြီးများတွင်လည်း ထို့အတူ။
လူတိုင်းစီးပွားရေး အခြေ အနေကောင်းနေသလိုလို၊ တည်ငြိမ်အေးချမ်းပြီး ဘာမှမဖြစ်တော့သလိုလိုထင်ရသည်။ အစိုးရ ၀န်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေ ဆိုရင်လည်း ကြည့်လိုက်တိုင်းအေးအေးလူလူ၊ လက်ဖက်ရည် ဆိုင် လေးထိုင်လိုက်၊ စကား လေး ဖောင်ဖွဲ့လိုက်ဖြင့် အပေါ်ရံမြင်ရသူအဖို့ စိတ်အေးသက်သာရှိလှသည် ဟု ရန်ကုန် မြို့တွင်နေထိုင်သူ တဦးက ပြောပြသည်။
ယနေ့သည် မြန်မာပြည်၏ အရေးကြီးအမှတ်တရနေ့များထဲမှ တနေ့ဖြစ်သော လွတ်လပ်ရေးနေ့ဖြစ်သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာတာ ဒီနေ့ ဇန်န၀ါရီ ၄ ရက် ၂၀၀၈ ဆိုလျှင် နှစ်၆၀ ပင် ပြည့်ပြီ။ တကယ်ဆို ရင် ဒီလိုနေ့မျိုးမှာ အားလုံး လွတ်လပ်ပျော်ရွှင်ခြင်း၏ အရသာကို မြိန်မြိန်ယှက်ယှက်ကြီး ခံစားနေကြရမှာဖြစ်သည်။
သို့သော်…
“လွတ်လပ်ရေးနေ့တွေဘာတွေ စိတ်မ၀င်စားနိုင်ဘူး၊ တတ်နိုင်ရင် လူသတ်ချင်စိတ်ပဲရှိတယ်။ မသတ်နိုင်လို့သာ ငြိမ်နေရ တယ်။ မြင်နေရတာ၊ ကြားနေရတာတလွဲတွေချည်းပဲ၊ တခုမှအဆင်မပြေဘူး။ မတရားမှုတွေချည်းပဲ နေရာတိုင်းမှာ တွေ့နေ မြင်နေရတာ၊ ဘာမှလည်းလုပ်စားကိုင်စားလို့မကောင်းဘူး၊ အဲဒီတော့ နှစ်၆၀ပဲပြည့်ပြည့် ဘာကြီးပဲဖြစ်ဖြစ် စိတ်ကိုမ၀င် စားဘူးဗျာ” ဟု ကိုထွန်းဦးဆိုသူက နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့အပေါ် သူ့သဘော ထားကို ပြောပြသွားသည်။
တကယ်တော့ သူ့မှာဘာမှသိပ်ပူပင်စရာမရှိလှ။ ရန်ကုန်မြို့ လူစည်ကားရာလမ်းတလမ်းတွင် ကွန်ပျူတာစာစီဆိုင်လေး ဖွင့်ထားသည်။ သူ့မိသားစုနှင့် သူ့တ၀မ်းတခါးအတွက် အဆင်ပြေသည်။ သို့သော် သူမြင်နေရ၊ ကြားနေရတာတွေ အဆင် မပြေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောသွားခြင်းဖြစ်သည်။
မျက်နှာပေါ်မှာ အပြုံးများကိုတပ်ဆင်ထားကြသော်လည်း ကိုထွန်းဦးလိုစိတ်အလိုမကျဘဲ ဒေါသထွက်ကာ လူသတ်ချင်နေ သူတွေ အများကြီးရှိနေနိုင်သည်။ အသက်၂၅နှစ်အရွယ်ရှိ ကျန်းမာရေးဝန်ထမ်း တဦးဖြစ်သူ မနွယ်နွယ်ကတော့ လွတ်လပ် ရေးရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာပြည်သူလူထုအတွက် ပိုပြီး မထူးခြားနိုင် ဟု သူ့ထင်မြင်ချက်ကို ပြောပြသည်။
ပြီးတော့ မြန်မာပြည်သူလူထုအနေနဲ့ ကိုလိုနီခေတ်ကထက် လက်ရှိ စစ်အစိုးရလက်အောက်မှာ နေရတာ ပိုပြီး ဒုက္ခဝေဒနာ တွေခံစားရသည်ဟု လည်း သူက ဆက်ပြောသည်။
“ကျမကတော့ လွတ်လပ်ရေးဆိုတာကို လုံးဝအယုံအကြည်မရှိဘူး၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ပြည်သူလူထုရဲ့ ဒုက္ခ တွေက ပိုပိုပြီးကြီးလာတယ်လို့ထင်တယ်၊ နှစ်၆၀ ဆိုတဲ့ အချိန်က နည်းတာမဟုတ်ဘူး၊ လူတွေတော်တော် ဒုက္ခရောက် ခဲ့ရတာ” ဟု မနွယ်နွယ်က ပြောသည်။
နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ကို နိုင်ငံတော်က ခြိမ့်ခြိမ့်သည်းသည်းကျင်းပနေသည်။ တချို့မြို့နယ်များတွင် စတိတ်ရှိုး များဖြင့် မစည်ကား စည်ကားအောင်လုပ်ပေးနေသည။် သတင်းစာများကို လည်း အထူးထုတ်အဖြစ် ရောင်စုံအချပ်ပို ၄မျက်နှာတိုးကာ ထုတ်ဝေသည်။
သို့သော်လည်း ပြည်တွင်းဂျာနယ် များကတော့ လွတ်လပ်ခွင့် မရှိရှာ စာပေစိစစ်ရေးဆိုသည့်ဓါးကြီးနှင့် တပတ် တပတ် လှီးဖြတ်ခြင်းကိုခံနေကြရသည်။ စစ်အစိုးရ၏ သတင်းစာ များကို ဘယ်လိုပင် ရောင်စုံ အချပ်ပိုများနှင့် ထုတ်သည်ဟုဆိုဆို အနှစ်သာရ ဘာမှ ရှိသဖြင့် မသာအလောင်း ကောင်ကြီးကို မိတ်ကပ် လိမ်းပေးထားသလိုပင် ဖြစ်လို့နေသည်။
“တပတ်တပတ် စိစစ်ရေးလွတ်ဖို့ကိုပဲ အားထုတ်နေရတော့ လွတ်လွတ်လပ်လပ် ရေးပါဆိုရင်တောင် ရေးတတ်ပါတော့ မလား မသိဘူးဗျာ၊ လွတ်လပ်ရေးနေ့ဆိုတာ ကျနော်တို့ ဂျာနယ်လစ်တွေနဲ့တော့ ဘာမှမဆိုင်ဘူး ထင်တာ ပဲ” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက သူ့အမြင်ကို ရင်ဖွင့်ပြောကြားသည်။
တနေ့ကပဲ ဂြိုဟ်တုစလောင်းတွေ ကန့်သတ်သည့်သတင်းကြားရသည်။ စလောင်းမှတ်ပုံတင်ရင် ကျပ် ၁၀ သိန်း ပေးရမည် တဲ့၊ ကျပ် ၁၀ သိန်း ဆိုသောငွေက သာမန်ဝန်ထမ်းတယောက် ၁၀ လ ၊ ၁၅ လ ရှာ၍မရနိုင်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် များကိုလည်း လိုင်စင်အသစ်များချမပေးတော့။
ရန်ကုန်မြို့ထဲတွင် နေရာတိုင်း၌ လက်နက်ကိုင် အစောင့်များချထားသည်။ ဘုန်းတော်ကြီးတို့၏ တရားပွဲများကို ကန့်သတ် ပိတ်ပင်သည်။ တရားပွဲမကျင်းပမီ ဟောမည့်အကြောင်းအရာကို သက်ဆိုင်ရာသို့ကြိုတင်ရသည်။ ည ၈နာရီလောက်ဆို ရန်ကုန်မြို့ကြီးက သုဿာန်တစပြင်လို ခြောက်ကပ်နေသည် ဟု နယ်မြို့တမြို့မှ ရန်ကုန်သို့ အလည်ရောက်ရှိနေသူတဦးက ပြောသည်။
အိမ်ရှင်မတဦးကတော့“လွတ်လပ်ရေးနေ့ ရောက် တော့ကောဘာထူးမှာတဲ့လဲ၊ ကျမယောက်ျားရတဲ့လစာက မနက်ဖြန်ဆို ကုန်ပြီ ကျန်တဲ့ ရက်၂၀ ကျော်ကိုကလေး ၂ ယောက်နဲ့ ဘယ်လိုစခန်းသွားရမလဲ ဆိုတာပဲ ကျမခေါင်းထဲမှာရှိတယ်”ဟု သူ၏ လွတ်လပ်ရေးနေ့အပေါ် အမြင်ကို ပြောသွားသည်။
သူ့လိုအိမ်ရှင်မများကလည်း မရေမတွက်နိုင်အောင်ရှိမည်မှာဧကန်မလွဲ။ မဝရေစာစားဖို့ကို တနေ့တနေ့ရုန်း ကန်နေရသူများ အဖို့ လွတ်လပ်ရေးနေ့ ရောက်ခြင်းမရောက်ခြင်းက အရေးမကြီးတာမထူးဆန်းပါ။
မြန်မာလူငယ်အများစုကတော့ ၁၉၄၈ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ သော်လည်း ယခုလက်ရှိတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုလိုနီနယ်ချဲ့ခြင်းကို ခံနေရသည် နှင့်တူသည်တဲ့။
အဲဒါနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကိုလင်းထက်နိုင်က “ကိုလိုနီခေတ်တုန်းက မြန်မာတွေက ဗြိတိသျှတွေရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရတယ်၊ အခုလည်းဘာထူးလည်း စစ်ဗိုလ် ချုပ်တွေကျွန်ပြုတာကို ပြန်ခံနေရတာပဲ” ဟု ပြောသည်။
စက်တင်ဘာအရေးအခင်းမှာ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတွေနဲ့ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်း သက်ဖြတ် ပြီးတဲ့နောက် ပြည်သူများရဲ့ ရင်ထဲမှာ စစ်တပ်ကိုမုန်းတီးနာကြည်းမှုတွေ လတ်လတ်ဆတ်ဆတ် ရှိနေ သေးသည်။
ကြောက်ရွံ့မှု၊ မလွန်ဆန်နိုင်မှုတို့ကြောင့်သာ ပုံမှန်သွားလာလှုပ်ရှားနေရသည်။ ခိုင်းသည့်အတိုင်း ပျော်ကြဆို ပျော်လိုက် သည်။ ငြိမ်ကြဆိုငြိမ်ရသည်။ ကိုလင်းထက်နိုင်ပြောသလို စစ်တပ်၏ကျွန်များအဖြစ် ထိတ်လန့်စွာ ကျီးလန့်စာ စားနေ ရသည်။
အချင်းချင်းစကားပြောဖို့လည်း ကြောက်သည်၊ ဖုန်းသုံးရမှာလည်းကြောက်သည်၊ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့ရ မှာ၊ တရားပွဲသွားရမှာပင် ကြောက်နေကြရသည်။ လွပ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင် မပါမဖြစ်ပါကြရမည် ဆိုလျှင်လည်း ပါလိုက်ကြရသည်။ အနုပညာသမားတွေ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း မထူး ဒီမှာ နေဆို နေရသည်၊ ဒီဟာဆို ပါဆိုရင် ဆိုရသည်။
“ကျနော်တို့ အားလုံး ကျနော်တို့နိုင်ငံရဲ့ နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ကြီးမှာ ဘယ်လိုမှ မပျော်နိုင်ပါဘူးဗျာ၊ ဘာလို့ လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ စစ်သားတွေက သံဃာတော်တွေကို ရိုက်နှက်သက်ဖြတ်ခဲ့တဲ့ ပုံရိပ်တွေ စွဲနေ တုန်းပဲ” ဟု စင်ကာပူတွင်ကျောင်းတက်နေသော အသက်၂၃ နှစ် ရှိ ကိုမိုးမြင့်မောင်က သူ၏ခံစားချက်ကို ပြောသည်။ ကိုမိုးမြင့်မောင်က စင်ကာပူရောက် မြန်မာများ၏ ကိုယ်စားပြောပုံရသည်။
အဝေးတနေရာက လူများပင်မမေ့နိုင်သည့် အဖြစ်ဆိုးကြီးကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူများက မမေ့နိုင်တာ မဆန်း။
ရန်ကုန်မြို့ကြီးက အပေါ်ရံအားဖြင့်တော့ စည်ကားသိုက်မြိုက်နေသယောင် ထင်ရသည်။ နှစ်၆၀ပြည့်လွတ်လပ် ရေးနေ့မှာ အလံတွေထူကြ၊ ရုံးတွေပိတ်ကြ၊ အားကစားပွဲတွေ ခြိမ့်ခြိမ့်သည်းသည်း ဆင်နွှဲကြသည်။ စူပါမားကတ် တွေ၊ ပန်းခြံတွေကိုလည်းလူတွေသွားကြသည်။
သို့သော် သူတို့တယောက်စီ၏ မျက်နှာများကို စေ့စေ့စပ်စပ်ကြည့်ပြီး တယောက်စီနှင့် အေးအေးဆေးဆေး စကားပြော ကြည့်လျှင်တော့ အခြေအနေအားလုံးနှင့် ပြောင်းပြန်ဖြစ်နေလိမ့်မည်ထင်သည်။ သူတို့မျက်နှာ များပေါ်မှာ စိုးရိမ်ထိတ်လန့် ရိပ်တွေ၊ နာကြည်းပင်ပန်းရိပ်တွေ ယှက်သန်းနေတာကို သူတို့ အသံများထဲက မှန်းကြည့်လို့ရသည်။အမှန်တကယ်လွတ်လပ်ရေး၏ အနှစ်သာရကို အမှန်တကယ်လွတ်လပ်မှုမရှိသော မြန်မာပြည်တွင်း၌ နေထိုင်နေသည့် မြန်မာပြည်သူပြည်သားများက ပို၍သိ၊ ပို၍လိုချင်နေပါလိမ့်မည်။ ။

http://www.irrawaddy.org/bur/Articles2008/January/01.html

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

1/4/08

‘လွတ်လပ်ရေးနေ့ တဲ့လား...’


လွတ်လပ်ရေးနေ့လို့ စဉ်းစားလိုက်တော့ အတွေးတွေထဲမှာ ငယ်ငယ်က လွတ်လပ်ရေးနေ့ဆိုရင် ရပ်ကွက်ထဲမှာ အားကစားပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာပဲ သတိရပါတယ်။ ကျောင်းမှာတော့ စာစီစာကုံးပြိုင်ပွဲတွေ လုပ်တာပေါ့။ သေချာတာ ကတော့ ကလေးမို့သာ မသိရှိမယ်။ ခုပြန်တွေးကြည့်တော့ ရန်ကုန်မြို့လယ်ခေါင်မှာ နေတဲ့ ကျမတို့ခမျာ ကစားကွင်းဆိုတာ မရှိလို့ ကားလမ်းမကို ပိတ်ပြီး ပြေး ခုန် ပစ် ကြရတာပါလား။ အဲဒီလမ်းကျဉ်းကျဉ်းကို ပိတ်ပီးကစားရလို့ ခရီးသွားတွေ အနှောက်အယှက်ဖြစ်မှာလားလို့လည်း မတွေးတတ်တဲ့ အရွယ်ပေါ့။ ဗိုလ်ချုပ်ပြောခဲ့ဖူး တဲ့ လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးလှမ်းတာမျိုးနဲ့ သိပ်မကွာပါလား ဆိုတာကိုလည်း မသိတတ်ခဲ့။ ယုတ်စွအဆုံး ကလေးဘ၀မှာ ကစားချင်လို့မှ ကစားခွင့် မရှိတဲ့ ဆင်းရဲခြင်း၊ မပြည့်စုံရခြင်းက အစိုးရညံ့လို့ဆိုတာကိုမှလည်း မသိတတ်ခဲ့။ ဒီတော့ လွတ်လပ်ရေးနေ့ရောက်ရင် လွတ်လွတ်လပ်လပ် ကစားရလှပြီလို့ မှတ်ခဲ့တာပါပဲ။

ကျမတို့ နိုင်ငံရဲ့ အဓိက ပြဿနာက အဲဒါပါပဲ။ နိုင်ငံရေးရာ ဗဟုသုတ မရှိကြတာ။ ကျမတို့ခမျာ နဂိုကတည်းက မ၀တ၀စားရတာနဲ့ ကျင့်သား ရခဲ့ရတဲ့သူတွေပီပီ လူဆိုတာ အ၀စားခွင့် ရှိတယ်ဆိုတာကို မသိခဲ့။ လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ဟာ ကလေးတွေ မဖြစ်မနေရရမယ့် အခွင့်အရေးဆိုတာကိုလည်း နားမလည်ခဲ့။ အသက်၅နှစ်ပြည့်လို့ ကျောင်းစနေတော့ ကိုယ်ကျောင်းတက်ရသလို ကလေးတိုင်း ကျောင်းနေရ တာပဲလို့ ထင်ခဲ့တာ။ တနိုင်ငံလုံး လျှောက်လည်တဲ့ အခါတွေမှာ ရထားလမ်းတလျှောက် ရေရောင်းတဲ့ ကလေးတွေတွေ့ရင် သူတို့ အိမ်က ဘူတာနဲ့နီးလို့ မုန့်ဖိုးပဲဖိုးရအောင် အလကားရတဲ့ ရေကို အပျော်ထွက်ရောင်းတယ် ထင်တာ။ (အဲဒီတုန်းက ရေသန့် မပေါ်သေး)။ ကျောင်းမနေနိုင်လောက်အောင် ဆင်းရဲကြတာ မသိခဲ့။

အဲလိုနဲ့ လက်သည်းအဆိတ်ခံရလို့ ခံရမှန်းမသိ၊ လက်ထိပ် မနာတတ်ခဲ့။ ဒီလိုနဲ့ အဖေ ပြောပြတဲ့ 'ကျောင်းသားအခွင့်အရေး'ဆိုတာတွေ၊ '၀န်ထမ်းအခွင့်အရေး'ဆိုတာတွေ၊ 'အထက်ကကိုင်တွယ်တယ်'ဆိုတာ တွေနဲ့ ဖြည်းဖြည်းချင်း ရင်းနှီးခဲ့။ ဒါပေမဲ့ ကျမကိုယ်တိုင် ပြင်းပြင်းထန်ထန် အထိခိုက်ခံရတယ်ဆိုတာမျိုး မရှိတော့ မသိသာခဲ့။ အဖေကလည်း မဆလမကောင်းဘူး.. ပါတီမ၀င်ဘူး.. လို့သာ တွင်တွင်ပြောနေပေမဲ့ ၊ သူကိုယ်တိုင်က မဆလလက်ထဲက အရာရှိ။ အဲလို မသိလိုက်မသိဘာသာ ၀န်းကျင်ထဲမှာပဲ ကျမ ရှောရှောရှူရှူ ကြီးပြင်းခဲ့တာပါ။

ဆယ်ကျော်သက်မှာ ကဗျာတွေ ကြိုက်တတ်လာတော့ မှတ်မှတ်ရရ အဖေကြိုက်လွန်းလို့ဆိုပြီး ပေးဖတ်တဲ့ 'ဖော်ဝေး' 'အောင်ခြိမ့်' 'မောင်ချောနွယ်'တို့ရဲ့ သစ်ရွက်သေများပေါ်မှ ရက်စက်သောဂီတမှာ ခေတ်ဆိုတာကို စသိလာတယ်။ အဲဒီတုန်းက ၈တန်း။ အဲဒီမှာ မလွတ်လပ်ဘူးဆိုတာကို စသိတယ်။ ဒါပေမဲ့ လွတ်လပ်တယ်ဆိုတာကိုတော့ သေချာ မသိသေး ဒါပေမဲ့ အကျပ်အတည်း ဆိုတာကို သိပီ။ ဖော်ဝေးပြောတဲ့ မီးလောင်ပြင် တို့ 'အလောင်းအမှတ် သုည သုည တစ်' တို့ဟာ ဘ၀တခုပဲလို့ သိပြီ။ နောက်၁၀နှစ်ဆို သမီးလေး မဟူရာကိုကို အပျိုဖြစ်ပြီဆိုတဲ့ မောင်ချောနွယ်ကို နားလည်ပြီ။ ပြီးတော့လည်း... အိပ်လိုက်တာပါပဲ.. အ၀င်းဆိုတဲ့ ဖာသည်မလေးကို အဲလိုစော်ကားလိုက်ပါတယ်...’ ဆိုတဲ့ အောင်ခြိမ့်ရဲ့ 'သိနားလည်သူတို့၏ ကစားနည်း' ကို မြင်တတ်ပြီ။ အဲဒီမှာ နိုင်ငံရေးဆိုတာကို သိလိုက်သလိုလို။ နိုင်ငံ့အခြေအနေဆိုတာကို သိသလိုလို။

နောက်တော့ စာတွေအစုံ၊ အများကြီး အများကြီး ဖတ်ခဲ့တာ။ သပိတ်မှောက် ကျောင်းသားမြိုင်အရှေ့ကနေ၀န်းထွက်သည့်ပမာ’ 'တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ' ကနေ အောင်သန်း၏ အောင်ဆန်းဘုံဘ၀မှာဖြင့်ရုပ်ပုံလွှာ’ ‘နိုင်ငံရေးသုခမိန်တို့အထိ။ ထမီကျွတ်၍ လွှတ်လိုက်မည်တို့တိုင်းဌာနီမုန်း၍မဟူ ကနေ နှလုံးသားမြို့ဟောင်း တူးဖော်ချက် နောက်ဆုံးအစီရင်ခံစာပြိုမှာလေလားမိုးရဲ့ပန်းတွေနဲ့ဝေအမှတ်တရ တို့ အထိပေါ့။ အဲဒီ စာအုပ်တွေထဲက ဘာတွေ ရခဲ့သလဲ... သေသေချာချာ တိတိပပ မပြောနိုင်။ ဘ၀တွေ အများကြီးကို သိခဲ့တာတော့ အသေအချာ။ အဲဒီအပြင် သေချာ မသိခဲ့တဲ့ အတုအယောင် လွတ်လပ်ရေးဆိုတာကိုတော့ သိတတ်ခဲ့ပြီ။

ကျမတို့ တသက် ဇန်န၀ါရီလ ၄ရက်နေ့ကို လွတ်လပ်ရေးနေ့လို့ သိခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အသက်နဲ့ လဲယူပေးခဲ့တဲ့ လွတ်လပ်ရေးပေါ့။ ခု ၂၀၀၈ခုနှစ် ဇန်န၀ါရီလ၄ရက်နေ့မှာ လွတ်လပ်ရေးအသက် နှစ်၆၀ ပြည့်ပြီ။ အစိုးရ၀န်ထမ်းသာ ဆိုရင် ပင်စင်ရတဲ့အရွယ် တိုင်ပြီ။ အင်းး ဒါဆို.. ကျမတို့ ဘာတွေ လွတ်လပ်ခဲ့သလဲ..၊ ဘယ်လောက် လွတ်လပ်ခဲ့သလဲ..၊ တကယ်ကော လွတ်လပ်ခဲ့သလား.. ဆိုတာပါပဲ။

လွတ်လပ်ရေး ရခဲ့တာ နှစ်၆၀ တဲ့။
ပြည်တွင်းစစ်လည်း နှစ်၆၀နီးပါးပဲ။ မြန်မာနိုင်ငံရဲ့ တောတွေ တောင်တွေထဲမှာ ဘ၀တလျှောက်လုံး အိမ်ဆိုတာ ဘာလဲလို့ မသိတဲ့ ရွာပုန်းရွာရှောင် (
IDP- Internal displaced persons) ပြည်သူတွေ ပြေးလွှားနေခဲ့ကြရ တာလည်း နှစ်၆၀နီးပါး တိုင်ခဲ့ပြီ။ တောင်တန်းဒေသတွေဆီက လူမျိုးစုတွေ မီးမှိတ်တုတ် မှိတ်တုတ်ထဲ... ရာသီဥတုကြမ်းကြမ်းထဲ... ကမ္ဘာဆိုတာ လုံးတယ်လို့ မှတ်။ နိုင်ငံတကာဆိုတာက ဟိုးးးး အဝေးတကာ့ အဝေးကြီးမှာ ရှိတယ်လို့ မှတ်..။ ကိုယ့်နိုင်ငံလေးအတွင်းမှာတောင်မှပဲ ချိုင့်ဝှမ်းတွေ လွင်ပြင်တွေ တောင်ကုန်း တောင်တန်းတွေ မြစ်ချောင်းအင်းအိုင်တွေကို ကျော်လွှားသွားရဖို့ ခဲယဉ်းလှတယ်လို့ မှတ်...။ အဲလို မှတ်ခဲ့ကြရတာလည်း နှစ်၆၀ပင် မကတော့ပြီ။ ခုထိလည်း အရာရာက မှိတ်တုတ် မှိတ်တုတ် မှုန်တိမှုန်ဝါးသာ...

ခုတော့ ကျမတို့ နိုင်ငံသားတွေမှာ မှုန်မှုန်မှိုင်းမှိုင်းထဲ အနေများခဲ့ရလို့ပဲ တောက်ပ စင်ကြယ်တဲ့ အလင်းကို မကြည့်တတ်တော့ပြီလား...။ ဒါမှမဟုတ်ဟို ခပ်ရိုးရိုး ပုံပြင်တခုထဲက.. ရေနွေးထဲကဖားတွေလို အပူဒဏ်ကို ခံနိုင်ရည်ရှိနေတာလား...။ ဒါမှမဟုတ် ခန္တီစ သည်းခံခြင်းသည် မြတ်၏ဆိုတဲ့ ဘာသာရေးအဆုံးအမကိုပဲ လိုက်နာကျင့်ကြံနေတာလား...။ ဒါမှမဟုတ် ဗုဒ္ဓဘာသာထဲက ကံအကြောင်းတရားကိုပဲ နှလုံးသွင်းနေတာ လား...။ ဒါမှမဟုတ်... ... ...

ဒါနဲ့ပဲ ခုချိန်မှာ ကျမကတော့ လွတ်လပ်ရေးနေ့ကို ဘယ်လို ခံစားချက်မျိုးနဲ့ ကျင်းပသင့်သလဲလို့ စဉ်းစားနေ ပါတယ်။

မေငြိမ်း
နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်။






~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Friday, January 4, 2008

နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး


မလွတ်လပ်တဲ့ မြန်မာပြည် ဇွတ်သတ်တဲ့ စံဌာနီ
ဖွတ်သဘင် ကျွတ်သဘင် ဆင်နွှဲခဲ့သည် လိမ်မြဲဟဲ့ နာဇီ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

၁၈၈၆ ခုနှစ်ကနေပြီးတော့ ၁၉၄၈ အထိ ကျုပ်တို့တိုင်းပြည်ဟာ အင်္ဂလိပ်လက်အောက် ဒီကြားထဲ ဂျပန်က (၂)နှစ်၊ ၁၉၄၂ ကနေ ၁၉၄၄ ထိ၊ တော်တော်များများလည်း ပါးရိုက်ခံလိုက်ရတယ်။ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တာ (၆၂)နှစ် အင်္ဂလိုဘားမီးစ် ဆိုတာလေးတွေလည်း ပြွတ်ကနဲ ပြွတ်ကနဲ ထွက်လာလိုက်ကြတာ … (၂)နှစ်ဝန်းကျင် အတွင်းလည်း ဂျပန်ကတော်တွေ မှိုလိုပေါက်ခဲ့လို့ … အဲဒါက ကျုပ်တို့ တချို့သော ဗမာအမျိုးသားရေးစိတ်ဓာတ်။

အဲဒီမတိုင်ခင် ၁၉၃၇မှာ ကုလားပြည်နဲ့ ခွဲရေးတွဲရေးတွေ ပြောကြဆိုကြ ငြင်းကြခုန်ကြ။ အဲဒီနယ်ချဲ့ လက်အောက်က လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဖာသည်မ ကအစ ပါခဲ့တယ်။ ကျောင်းသားတွေနဲ့ တိုးတက်တဲ့ လူငယ်တွေဖြစ်တဲ့ ကိုဘဟိန်းတို့ သခင်အောင်ဆန်းတို့ သခင်သန်းထွန်းတို့ သခင်နုတို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့နဲ့ အစရှိသဖြင့် အကုန်ထည့်ပြောရရင်တော့ ဒီနေ့ နာမည်ကုန်မယ် မဟုတ်ဘူး။ သခင်ရှုမောင် ခေါ် ဦးနေ၀င်း အပါအ၀င်ပေါ့။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ၁၉၄၇မှာ အခြေခံဥပဒေ ဆွဲကြတယ်။ ပင်လုံမှာ လက်မှတ်တွေထိုးကြနဲ့ ဇူလိုင်လလည်းရောက်ရော ဗိုလ်ချုပ်အောင်ဆန်းတို့ တဖွဲ့လုံး လုပ်ကြံခံလိုက်ရတယ်။

၁၉၄၈မှာ လွတ်လပ်ရေးရတော့ သမ္မတကြီး စ၀်ရွှေသိုက်လက်အောက် ၀န်ကြီးချုပ် ဦးနုတို့လက်အောက်မှာ ပထမဆုံး ကိုယ့်လူမျိုးစစ်စစ်တွေရဲ့ အစိုးရဖြစ်လာခဲ့တယ်။ အဲဒီတုန်းက ဒီမိုကရေစီခေတ်ပေါ့။ ကနဦး လွတ်လပ်ရေးနဲ့တကွ တိုင်းပြည်ရဲ့ ဦးတည်ချက်တွေဖြစ်တဲ့ ဒီမိုကရေစီရေး ဆိုရှယ်လစ်ရေး အမျိုးသား သွေးစည်းညီညွတ်ရေးတွေကို အာဏာရ အစိုးရက ရူးချင်ယောင်ဆောင်ခဲ့တာတွေနဲ့ … မြန်မာ့လွတ်လပ်ရေး အတွက် တတပ်တအား ပါဝင်ခဲ့သလို တပ်မတော် ဖွဲ့စည်းမှုမှာလည်း တပ်ဦးက ပါခဲ့တဲ့ ကွန်မြူနစ်ပါတီဝင်တွေလည်း တောခိုလိုက်ကြတယ်။

အဲဒီ ဒီမိုကရေစီခေတ်ပြီး အောက်တိုဘာလ ၁၉၅၈ ကနေ ဧပြီ ၄ ရက် ၁၉၆၀ အထိ အိမ်စောင့်အစိုးရဆိုပြီး ဦးနေ၀င်း တက်လာတယ်။ မတ်လ ၂ ရက် ၁၉၆၂ လည်းကျရော တော်လှန်ရေးကောင်စီအစိုးရဆိုပြီး သူ့ကိုယ်သူ ၀န်ကြီးချုပ်ခန့်ပြီး အာဏာသိမ်းယူခဲ့လိုက်တာ ဇူလိုင် ၇ ရက်နေ့မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲ စိန်ခေါ်ခဲ့တယ်။ အဲဒီလို တော်လှန်ရေးကောင်စီဆိုပြီး နေလိုက်တာ မတ်လ ၂ ရက် ၁၉၇၄ ထိရောပဲ။ ပြီးတာနဲ့ သူ့တပည့် သားမြေးတွေနဲ့ ဆိုရှယ်လစ်ဘီကီနီ ဖမ်းဝတ်ကြပြီး တိုင်ပွတ်တော့တာပါပဲ။ သနပ်ခါးလေး ပါးကွက်တော့ ကွက်ထားလိုက်သေးတယ်။ မြန်မာ့နည်း မြန်မာ့ဟန်လည်း ဖြစ်အောင်ပေါ့။ စင်ပေါ်တက်ပြီးတော့ သူ့အရပ်နဲ့ သူ့ဇာတ်ကို လုပ်ပစ်လိုက်တာ ခုထိ ငါနဲ့ကိုင်တုတ်လိုက်ရင် ဖင်ချွေးစို့အောင် ကြောက်တဲ့ ဦးခင်မောင်ကြီးတို့ မသေသေးဘူး။ တလောကပဲ ဥက္ကဌကြီးက ဥက္ကဌကြီးကနဲ့ နအဖ အလိုတော်ရိ မြတ်ခိုင်လုပ်နေတဲ့ လျှပ်တစ်ပြက်ဂျာနယ် အင်တာဗျူးမှာ ဖတ်လိုက်ရသေးတယ် ။

ဒီဇင်ဘာ ၅ ရက် ၁၉၇၄ မှာ ဦးသန့်ဈာပန ကိစ္စတွေအထိ အဲဒီခေတ်တွေ ပြန်ကြည့်လိုက်တော့ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး စအုပ်ချုပ်ပြီဆိုတဲ့ အချိန်နောက်ပိုင်း သာယာဝပြောမှုတွေ တိုးတက် ထွန်းကားမှုတွေနဲ့ နှိုင်းစာရင် နိုင်ငံရေးအရရော အသက်ကိုပါ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံရေးလောကထဲမှာ ဖြစ်ကြသလို ထောင်ချ သတ်ဖြတ် ညှင်းပန်းမှုတွေ လုပ်ခဲ့လိုက်တာ မရပ်ခဲ့ဘူး။ ၁၉၈၈ လူထုအုံကြွမှုကြီးနဲ့တကွ ၂၀၀၇ စက်တင်ဘာအထိ ရဟန်းရှင်လူပြည်သူနဲ့ ကျောင်းသားအရေးတော်ပုံတွေ လှုပ်ရှားမှုတွေ အကြိမ်ကြိမ်ြ ဖစ်ခဲ့တယ်။ ဖြစ်ခဲ့သမျှတိုင်းမှာလည်း အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းခဲ့ကြတာက တနင့်တပိုး။

လွတ်လပ်ရေးရဲ့ အနှစ်သာရကို ယူနီဖောင်းဝတ်တဲ့ လူတန်းစားပဲ စားပိုးနင့်အောင် သုံးစွဲခံစားခွင့်ရှိခဲ့တာဟာ ဦးနေ၀င်းဆိုတဲ့ပုဂ္ဂိုလ် အာဏာကို နှစ်ပေါက်တပေါက်ရိုက် သိမ်းခဲ့တဲ့ နောက်ပိုင်းကနေ အခု ကျုပ် နားယားလို့ နားဖာကလော် ရှာနေတဲ့ အထိပဲ။ လွတ်လပ်ရေးဆိုတာ တကယ်တော့ စစ်တပ်ကို လိုသလို အသုံးချနေတဲ့ ဗိုလ်ချုပ်ကြီးများဆိုတဲ့ လူတစုနဲ့ အဲဒီ လူတစုကို သင့်တင့်အောင် ဖင်ပေးပေါင်းနိုင်တဲ့ လူတန်းစားတွေ၊ ခေတ်ပျက်မှာ ကျိကျိတက် ချမ်းသာနေတဲ့ သူတွေနဲ့ သူတို့အရိုးအရင်းကိုက်တွေပဲ ခံစားနိုင်တဲ့ အခွင့်အရေး ဖြစ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့တွေ လုပ်ကြံခံလိုက်ရတာ နယ်ချဲ့အောက် လွတ်မြောက်ရေး တိုက်ပွဲတလျှောက် အသက်ပေးသွားခဲ့ကြတဲ့ လူတန်းစား အသီးသီးထဲက လူတွေ၊ ကျောင်းသားတွေ၊ ရဟန်းတွေ ဟာ ခုလို စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ကိုယ့်လူမျိုးချင်း ယုတ်မာရက်စက် သတ်ဖြတ်နိုင်အောင် သတ်ဖြတ်နိုင်ခွင့်တွေအတွက် သေပေးခဲ့ကြတာ မဟုတ်ပါဘူး။

ပြည်သူလူထုဟာလည်း နယ်ချဲ့အောက်က လွတ်မြောက်လာခဲ့နိုင်အောင် တိုက်ခဲ့တဲ့ လွတ်လပ်ရေးဆိုတာ အမျိုးသားစစ်အာဏာရှင်က ယုတ်မာ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံဖို့ မဟုတ်ဘူးဆိုတာကို ဘ၀ပေးပြီး နားလည်နေကြပြီဆိုတာလည်း ယုံမှားစရာ မရှိပါဘူး။ ဒီတော့ အမြင်ရှင်းကြဖို့ လိုပါတယ်။ ကျနော်တို့ မလွတ်လပ်ပါဘူး။ ပိုမိုစုတ်ချာ သိမ်ဖျင်းမာယာများတဲ့ ကျေးကျွန်ပြုမှုအောက်မှာ ကိုယ့်အိမ်ထဲ ကိုယ်နေရင်း တထိတ်ထိတ် တလန့်လန့်နဲ့ ကျီးလန့်စာစား နေရတဲ့ဘ၀တွေနဲ့ပါ။

ဒီနေ့ ကျနော်တို့ တိုက်ပွဲဟာ အင်မတန် ရှင်းပါတယ်။ ဖိနှိပ်သူ စစ်အာဏာရှင်နဲ့ ဖိနှိပ်ခံ လူတန်းစားပေါင်းစုံ ပြည်သူလူထုရဲ့တိုက်ပွဲ ဖြစ်ပါတယ်။ ဖိနှိပ်ခံရသူတွေထဲ သူဌေးလည်း ပါမယ်၊ ၀န်ထမ်းလည်း ပါမယ်၊ စစ်သားလည်း ပါမယ်၊ လယ်သမားလည်း ပါမယ်၊ သံဃာလည်း ပါမယ်၊ ကျောင်းသားလည်း ပါမယ်၊ အလွှာပေါင်းစုံ လူထုလူတန်းစား ပေါင်းစုံဟာ ဖိနှိပ်ခံရသူတွေ ဖြစ်ကြပါတယ်။ ဒီတော့ ဖိနှပ်ခံရသူအားလုံး လက်ဝဲအမြင် လက်ယာအမြင်တွေ ဘေးခနထား၊ တိုင်းရင်းသားစုဖွဲ့မှုတွေ ပြောဆိုရာ ဘာသာစကား ထွန်းကားရာ ဓလေ့တွေ အသာထားပြီး အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ အမျိုးသား စစ်အာဏာရှင် စနစ်အောက်က ရုန်းထွက် လွတ်မြောက်နိုင်ကြဖို့ ရှေးရှုကြရင်း ဆွေးနွေးပွဲတွေ စည်းဝေးပွဲကြီးတွေက လူသိရှင်ကြား ထုတ်ဖော်အော်ဟစ် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ အဆုံးသတ်လိုက်ကြသည် ဆိုတာကြီးများကို ဇွဲရှိရှိ သတိရှိရှိ ညီညီညွတ်ညွတ် အကောင်အထည် ဖော်ကြပါတော့ဟု လွတ်လပ်ရေး နှစ်(၆၀)ပြည့်နေ့တွင် မျှော်လင့်တကြီး မေတ္တာရပ်ခံလိုက်ရပါသည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ပြန်ခေါက်ထားပါ...






~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Wednesday, January 02, 2008

လွတ်လပ်ခြင်း အစစ်ဆီသို့…
ခရစ်နှစ် ၂၀၀၈ ခုနှစ်ကို ရောက်ရှိခဲ့ပါပြီ။
၂၀၀၇ ကို လက်ပြနှုတ်ဆက်လုနီး ခရစ်စမတ်ပွဲတော်နဲ့ ၂၀၀၈ ခုနှစ်ရဲ့ နှစ်သစ်ကူးရက်တို့ကို လွန်မြောက်ခဲ့ပြီ ဆိုရင်ပဲ မြန်မာလူမျိုးတို့အတွက် သမိုင်းဝင်နေ့တနေ့က ဆီးကြိုနေပါတယ်။ အဲဒါကတော့ ဇန်န၀ါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့ အခါသမယပဲ ဖြစ်ပါတယ်။ တိုင်းတပါးတို့ရဲ့ ကျွန်ပြုခြင်းမှ နှစ်ပေါင်း တရာကျော်ကြာအောင် နေထိုင်ခဲ့ရရာက လွတ်မြောက်ခဲ့တဲ့နေ့ တနည်းအားဖြင့်၊ မိမိတိုင်းပြည်ရဲ့ ကြမ္မာကို မိမိနိုင်ငံသားတို့ ကိုယ်တိုင် ဖန်တီးပုံဖော်ခွင့် အစပျိုးလိုက်တဲ့ နေ့ပါပဲ။
၁၉၄၈ ခုနှစ်ရဲ့ ဟိုမှာဘက်တုန်းကတော့ `လွတ်လပ်ရေးနေ့´ ဆိုတာ ပေါ်ပေါက်လာဖို့အတွက် ကျနော်တို့ရဲ့ ဘိုး၊ဘေး များဟာ အသက်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာကို ပေးဆပ်ရင်းနှီးခဲ့ကြရပါတယ်။ တပါးကျွန်ဘ၀မှ လွတ်မြောက်ရေး၊ တခြားတပါးသော တိုင်းပြည်ရဲ့ အသိမ်းသွင်းခံ နယ်မြေတခု အဖြစ် သတ်မှတ်ခံထားရမှုမှ လွတ်မြောက်ရေးအတွက် ပေးဆပ်မှုပေါင်းများစွာနဲ့ ရင်းပြီးမှ ရခဲ့တဲ့ လွတ်လပ်ရေးရဲ့ သက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၆၀ သက်တမ်း တိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အစိုးရပိုင် သတင်းမီဒီယာတွေမှာကတော့ နှစ် ၆၀ ပြည့်၊ လွတ်လပ်ရေးနေ့ အကြိုကာလတွေမှာ လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံနဲ့ လွတ်လပ်ခြင်းရဲ့ တကယ့်အနှစ်သာရထက် လွတ်လပ်ရေး ဆိုတဲ့ စကားရပ်ကို အာဏာပိုင်တွေ အကြိုက် ဖြစ်စေနိုင်လောက်တဲ့ ပုံဖော်ရေးသားမှုတွေနဲ့သာ မင်းမူရင်း ထူးမခြားနား ပတ်ပျိုးတပုဒ်ကို ပုံဖော်လို့ နေဆဲပါပဲ။
မြန်မာနိုင်ငံဟာ ဒို့ပြည်၊ ဒို့လူမျိုး၊ ဒို့မင်း၊ ဒို့အချုပ်အခြာ အာဏာနဲ့ ဘယ်လိုဘယ်ပုံနေလာခဲ့တဲ့ အကြောင်း၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား လက်ထက်တွေမှာ တိုင်းပြည်ကို ဘယ်လိုဘယ်ပုံ ထူထောင်နိုင်ခဲ့တဲ့ အကြောင်း၊ အခု အခါမှာဆိုရင် ကမ္ဘာပေါ်က ဟိုနိုင်ငံကြီးတွေကဖြင့် ဘယ်လိုဘယ်ပုံ ခေတ်သစ် နယ်ချဲ့နေတဲ့ အတွက် လွတ်လပ်ရေး မပျောက်ပျက်အောင် ဘယ့်နှယ် ဒီ့နှယ် ထိန်းသိမ်းကာကွယ်သင့်ကြောင်း ဆိုတာတွေအပြင် လက်ရှိ ချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒလမ်းစဉ် (၇)ရပ်ကို ဘယ်လိုဘယ်ပုံ အောင်မြင်အောင် ဆောင်ရွက်သင့်တယ် ဆိုတာကိုပါ ရေးသားထားချက်များကို ဖတ်ရှုလိုက်ရပါတယ်။
`လွတ်လပ်ရေး´
အနှောင်အတည်း ကင်းလိုသော၊ ပွင့်လင်းသော၊ ချုပ်နှောင်မှု မရှိသော၊ လွတ်လပ်သော အစရှိတဲ့ အနက်သဘောတွေကို ဆောင်တဲ့ အဲဒီသတ်မှတ်ချက်တွေနဲ့ ပြည့်ဝတဲ့ `လွတ်လပ်ရေး´ က ကျနော်တို့ တိုင်းပြည်မှာ တကယ်ရော ရနေခဲ့ပါရဲ့လား။
တကယ်တော့ တိုင်းတပါးလက်အောက်က လွတ်မြောက်ခဲ့ပေမယ့် ကျနော်တို့ ပြည်သူတွေဟာ ကိုယ့်တိုင်းပြည် ကောင်းကျိုးအတွက်၊ တနည်း ကိုယ့်တိုင်းပြည် အနာဂတ်ကို လွတ်လပ်စွာ ရွေးချယ် ဖန်တီးခွင့် မရခဲ့တာကတော့ သေချာခဲ့ပါတယ်။ တနည်းအားဖြင့် ကျနော်တို့တွေဟာ သူ့ကျွန်ဘ၀ကသာ လွတ်မြောက်ခဲ့ပြီးတော့ `ငါ့ကျွန်´ ဆိုတဲ့ အခြေအနေဆိုးကြီးကို ခါးသည်းစွာ ဖြတ်သန်းနေခဲ့ရတာကတော့ ၁၉၆၂ ခုနှစ်ကတည်းကပါပဲ။
တိုင်းတပါးက ကျနော်တို့နိုင်ငံရဲ့ သယံဇာတတွေကို မက်မောစိတ်၊ လောဘစိတ်တို့နဲ့ ကျွန်ပြုခဲ့ပါတယ်။ ထပ်တူကျစွာနဲ့ပဲ ကျနော်တို့နဲ့ လူမျိုးတူ လောဘသားကောင်ကြီးများကလည်း အာဏာမက်မောစိတ်၊ အတ္တစိတ်၊ ငါ့ဖို့ စိတ်တွေနဲ့ တတိုင်းပြည်တည်းသား အချင်းချင်း ကျွန်ပြုပြန်တာပါပဲ။
ရရှိပြီးသား လွတ်လပ်ရေးကို တိုင်းတပါးလက်ထဲကို ပြန်မရောက်ဖို့ ကာကွယ်စောင့်ရှောက်သင့်တယ် ဆိုတဲ့ အချက်ဟာ သာမန်အားဖြင့် နိုင်ငံသားတိုင်း လက်ခံနားလည်ပြီးသားအချက် ဖြစ်ပေမယ့် အဲဒီ အချက်ကို အကြောင်းပြရင်းနဲ့ပဲ `အဲဒီလို မဖြစ်ဖို့ ငါတို့ အစိုးရလုပ်နေမှဖြစ်မှာ´ `ငါတို့က အဲဒီလို မဖြစ်အောင် မလွှဲသာမရှောင်သာ အစိုးရ လုပ်နေရတာ´ ဆိုတဲ့ လေသံပစ်ပြီး မြန်မာအချင်းချင်း တဖက်လှည့် ကျွန်ပြုနေတော့ လွတ်လပ်ခြင်းရဲ့ အနှစ်သာရဟာလည်း ပျောက်ဆုံးခဲ့ရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒပြုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ဆိုတဲ့ အရာတွေ မရှိသရွေ့တော့ တိုင်းတပါးက ကျနော်တို့ကို မအုပ်ချုပ်တော့သည့်တိုင် ကျနော်တို့ တကယ်ပဲ လွတ်လပ်ရေး ရခဲ့ပြီလို့ ပြောလို့ မရသေးတာကတော့ အမှန်ပါ။
ကိုယ့်နိုင်ငံ လွတ်လပ်ရေးကို တပါးသော တိုင်းပြည်လက်ထဲ မကျရောက်အောင် ကာကွယ်ရင်းနဲ့ပဲ နိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုးအတွက် ဖန်တီးပုံဖော်ခွင့်ဆိုတာဟာ ပြည်သူအားလုံး ရသင့်တဲ့ လွတ်လပ်ရေးတမျိုးပါပဲ။ ဒါပေမယ့် မိမိတိုင်းပြည်နဲ့ ထိုက်သင့်တဲ့ ခေါင်းဆောင်ကို ရွေးချယ်ခွင့် ဆိုတဲ့ အဓိကကျတဲ့ လွတ်လပ်ရေးကို ဆုံးရှုံးပြီး နောက်ပိုင်းမှာတော့ အခြားသော အခြေခံလွတ်လပ်ခွင့် အခွင့်အရေးတွေအားလုံး ပိတ်ပင်ခံခဲ့ရတော့တာပါပဲ။
တကယ်တော့ ကျနော်တို့တွေက ဘာနဲ့ အလားသဏ္ဍာန်တူသလဲ ဆိုရင် မီးတွေထိန်ထိန်လင်းနေတဲ့ အိမ်တွေရဲ့ အလယ်က နီကျန့်ကျန့် မီးရောင် ၀ိုးဝါးဝါးလေးသာ ရှိတဲ့ အိမ်တဆောင်ထဲမှာ နေရတာနဲ့ တူပါတယ်။ ဟိုဘက်က အိမ်တွေမှာ လူတွေက လင်းထိန်နေတဲ့ မီးရောင်အောက်မှာ ပြုံးပျော်နေကြတဲ့ အချိန် ကျနော်တို့ကတော့ အဲဒီ မှိတ်တုတ်တုတ် မီးရောင်ကိုပဲ အားပြုနေရတဲ့ အထဲ `ဒီမီးရောင်လေး ရအောင် ငါ ကြိုးစားထားရတာ´ လို့ ပြောရင်း မူးရူးနေတဲ့ အိမ်ဦးစီးပြုသမျှ နုနေရတဲ့ အိမ်သားတွေလိုပါပဲ။
`သူ့ကျွန်ဘ၀ ပြန်မရောက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်´ ဆိုတဲ့ စကားဟာ လက်ရှိအာဏာပိုင်တွေ မကြာခဏ ပြောလေ့ရှိတဲ့ စကားပါ။ သေချာစဉ်းစားရင် ဒါဟာ မှန်နေတာပါပဲ။ ဒါပေမယ့် အဲဒီစကားနဲ့ အတူ ညီညွတ်ရေး၊ သွေးစည်းရေး အစရှိတာတွေကို လှိုင်လှိုင်ကြီးပြောရင်း တကယ်တမ်း အကောင်အထည်ဖော်နေတာကတော့ သူတို့ရဲ့ လက်ရှိအာဏာတည်မြဲရေးပါ။ သူတို့မှ မအုပ်ချုပ်ရင် နိုင်ငံက အခုပဲ ပျက်စီးတော့မယောင်ယောင် ပြောရင်း `ငါ့ကျွန်´ ခေတ်ကို ရှည်သထက် ရှည်အောင် ဆွဲဆန့်နေပါတော့တယ်။
ဒါကြောင့်လည်းပဲ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က..
`တိုင်းတပါးကျွန်၊
စစ်တပ်ကျွန်၊
ဘယ်ကျွန်မှ မခံ၊
ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်မယ်´ လို့ ဟစ်ကြွေးခဲ့ပါတယ်။
***
`ကျွန်´ ဖြစ်ပြီဆိုကတည်းကိုက တိုင်းတပါးကျွန်ဖြစ်ဖြစ်၊ တိုင်းသားအတူတူရဲ့ ကျွန် ဖြစ်ဖြစ်၊ ဘယ်ကျွန်ဖြစ်ရတာမှ မကောင်းပါဘူး။ ဒါကြောင့် စစ်တပ်ကျွန်၊ ငါ့ကျွန်ဘ၀ ရောက်နေဆဲ ကျနော်တို့တတွေ လွတ်လပ်ခြင်း အစစ်ကို ရဖို့အတွက် ဆက်ကြိုးစားရအုံးမှာပါပဲ။
ဟိုးဝေးဝေးက အိမ်တွေကတော့ ထိန်ထိန်လင်းလို့ သူတို့ဆီက အလင်းရောင်တွေက ကျနော်တို့ရဲ့ မှိတ်တုတ်တုတ် အိမ်လေးကို `မင်းတို့ရော တို့လို မလင်းချင်ဘူးလား´ လို့ ပြောနေသယောင်ယောင်ပါပဲ။ တကယ်တမ်းမှာလည်း ကျနော်တို့ အိမ်လေးက သူတို့ထက်တောင် ထိန်ဝါလင်းချင်းနေခဲ့သင့်တာ ကြာနေပါပြီ။ အဲဒီလို လင်းချင်းဖို့အတွက် ပိတ်ဖုံးနေတဲ့ အမှောင်ကို ဖယ်ရှားပစ်ဖို့တော့ လိုနေတာ အမှန်ပါပဲ။ အဲဒါမှလည်း တကယ့် လွတ်လပ်ခြင်း အစစ် ဆိုတာ ရလာမှာ မဟုတ်ပါလား ခင်ဗျာ။
ကလိုစေးထူး

posted by ကလိုစေးထူး at 9:56 PM




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Friday, January 04, 2008

လွတ်လပ်ရေးနေ့ အတွေး

လွတ်လပ်ရေးနေ့ အတွေး




ဒီနေ့ ဇန်န၀ါရီ ၄ ရက်.. ယောက်ယက်ခတ်တဲ့ သောကြာနေ့.. အလုပ်များတဲ့ သောကြာနေ့ဆိုလဲ မမှားဘူး။ နေ့လည်စာ စားပြီးမှ သတိရတယ်။ ဒီနေ့ နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ပဲ။ ဘလော့မှာ ပို့စ်တခု တင်ဦးမှလို့ သတိရတယ်။ ငါ ဘာပို့စ်တင်ရမလဲ။ ခေါင်းကနေ စဉ်းစားမထွက်ဘူး။ ငါ တကယ်ရေးချင်တာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပဲ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေး ဘယ်လိုပတ်သက်လဲဆိုတာ စဉ်းစားမိတယ်။ ပြည်ထောင်စုရဲ့ ဗိသုကာပညာရှင်တယောက်လို့ ပြောရင်မမှားဘူး။ ၁၉၄၇ အခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ရေးဆွဲခဲ့တာပဲ။ အင်္ဂလိပ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကို ၁၉၄၈ ဇန်န၀ါရီ ၄ရက်နေ့အဖြစ် သတ်မှတ်ပေးနိုင်ခဲ့တာ ဗိုလ်ချုပ်ဦးစီးတဲ့ အဖွဲ့ပဲ။ Union of Burma ဆိုပြီး အခြေခံဥပဒေမှာ ကင်ပွန်းတပ်ပေးခဲ့တာလဲ ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်တယ်။ အခုတော့ ငါတို့ နိုင်ငံကို အင်္ဂလိပ်လို ဘယ်လို အရှည်ကောက် ခေါ်ပါလိမ့်။ Union of Myanmar ပဲ ဖြစ်ပါလိမ့်မယ်။ အခုလို လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်ရဲ့ အသွေးအရောင်တွေ ငါ့နားမှာ ဘာလို့ မရှိတာပါလိမ့်။ အင်း.. တိုင်းတပါးကို ရောက်နေလို့ပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်းမှာကော ဗိုလ်ချုပ်ရဲ့ ရောင်ပြန်တွေ လွတ်လပ်ရေးနေ့မှာ ဟပ်နေပြီလား။ ဟင့်အင်း။ ငါမထင်ပါဘူး။ စင်္ကာပူမှာ လုပ်တဲ့ လွတ်လပ်ရေးနေ့ပွဲဆိုတာတောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တခြားတခြား လွတ်လပ်ရေး ဗိသုကာပညာရှင်တွေရဲ့ ပုံရိပ်တွေကို တွေ့မှ မတွေ့ရတာဘဲ။ အင်း ငါတို့ ဘာလို့ အတိတ်ရဲ့ အရိပ်အယောင်တွေကို ယူချင်နေရတာလဲ။ လက်ရှိမှာ သူတို့မှ မရှိတော့တာနော်။ အဲလိုလုပ်လို့ မရဘူးကွဲ့။ အတိတ်ဆိုတာ ပစ္စုပ္ပန်ရဲ့ အုတ်မြစ်၊ ဒီအုတ်မြစ်ကို မမေ့ရဘူး။ လွတ်လပ်ရေးနေ့တိုင်း ပြည်ထောင်စုနေ့တိုင်း အာဇာနည်နေ့တိုင်း ဗိုလ်ချုပ်တို့ရဲ့ ပုံရိပ်ဟာ အမြဲ တည်ရှိနေရမယ်။ ဒါဟာ ငါ့ခံယူချက်။ အင်း.. တတိုင်းပြည်လုံးရဲ့ စဉ်းစားထားမှုဆိုရင်လည်း မမှားဘူး။

တကယ်တော့ လွတ်လပ်ရေးနေ့မှာ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားတယ်။ ဒီဗွီဘီဆိုရင် ဒီနေ့ကစပြီး ရုပ်မြင်သံကြားအစီအစဉ်တွေကို နေ့တိုင်း လွှင့်တော့မယ်။ အဲနိုင်ငံတော် အစိုးရဆိုရင်လဲ ပြစ်မှုကျူးလွန်သူတွေကို အပြစ်က လွှတ်ပေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားမယ်။ ထားတော့။ ကိုယ့်ဘလော့ကို Hosting အသစ် ဒိုမိန်းအသစ်နဲ့ လုပ်ပြီး လွတ်လပ်ရေးနေ့မှာ လွှင့်တင်ဖို့ ကြိုးစားကြည့်တယ်။ အလုပ်များတာရယ်၊ ကိုယ်သိပ်မသိတဲ့ PHP programming ရယ်ကြောင့် တန်းလန်းကြီးဖြစ်ပြီး လွတ်လပ်ရေးနေ့မှာ ဘလော့အသစ်တခု မဖြစ်ခဲ့ဘူး။ နောက်ဆုံး ကြံရာမရတာနဲ့ myanmarbloggers.org ဒိုမိန်းကိုပဲ မြန်မာပြည်ထဲက သူငယ်ချင်းတွေ ကြည့်ဖို့ ပြောင်းလိုက်ရတယ်။ အင်း လွတ်လပ်ရေးနေ့မှာ ငါ ဘာမှ မလုပ်ဖြစ်ဘူး။

သူငယ်ချင်းတယောက်က မေးတယ်။ Meaning of Indepedence day ?? ဆိုပြီးတော့။ အဲ သူ့ကိုလဲ ဘယ်လို ပြောပြရမှန်းမသိဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အရသာကို မခံစားရသလိုကြီး။ အင်း။ သူများနိုင်ငံလက်အောက်မှာတော့ မနေရဘူး။ ခုဟာက ကိုယ့်လူမျိုးနဲ့ ကိုယ် ခံနေရတာကြီး။ အီလည်လည်မဟုတ်ဘူး။ ကျောကော့အောင် ခံနေရတာ။ အင်း လွတ်လပ်စွာနဲ့ အင်တာနက်ကြီးကို ပိတ်ပင်လိုက်တာကအစ လွတ်လပ်ရေးနေ့အကြို စလောင်းဖုန်း လစဉ်ကြေးကို ၁၆၆ ဆ တိုးလိုက်တာအဆုံး အင်း တော်ပါပြီ။ ဝေဖန်ရေးပဲ လုပ်နေတယ် အပြောခံရပါဦးမယ်။

အမှန်တကယ် လွတ်လပ်ရေး အရသာကို ခံစားချင်ရင် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ လွတ်လပ်ရေး ဗိသုကာပညာရှင်ကြီးများရဲ့ အကြံဥာဏ်၊ မျှော်မြင်ချက်များကို အကောင်အထည်ဖော်ရပါမယ်။ ဒါတွေကတော့ ကျွန်တော် သိသလောက် အကြမ်းဖျင်းပြောရရင်

၁)နိုင်ငံရေး လွတ်လပ်ခွင့် ရှိရမယ်။
၂)တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးရမယ်။
၃)စစ်တပ်ဟာ စစ်တပ်၊ အုပ်ချုပ်သူအစိုးရဟာ ပြည်သူ့ရွေးကောက်တဲ့အစိုးရ သက်သက်စီ ဖြစ်ရမယ်။
၎)စစ်တပ်လူတန်းစားအတွက်သာ ကောင်းတဲ့ ပညာရေးမျိုးမဟုတ်ဘဲ ပြည်သူအားလုံးအတွက် ဦးတည်ပြီး ကောင်းစားတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်ရမယ်။

ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အခြေခံမူ ၇ ရပ် ထဲက နံပါတ် ၄ အချက်ဟာ ဗိုလ်ချုပ်နဲ့တကွ အဲဒီအချိန်က နိုင်ငံ့ခေါင်းဆောင်အားလုံး၊ ပြည်သူအားလုံး တခဲနက် ထောက်ခံခဲ့တဲ့ မြင်ချင်ခဲ့တဲ့ ဦးတည်ချက်ဖြစ်ပါတယ်။ ကျွန်တော် ပြန်လည်ဖော်ပြပါရစေ။

“That the Constitution shall guarantee and secure to all the peoples of the Union justice, social, economic and political; equality of status, of opportunity, and before the law freedom of thought, expression, belief, worship, vocation, association and action, subject to law and public morality”

ဒီ vision ကို အကောင်အထည်ဖော်ဖို့ အဓိက သော့ချက်ဟာ ဘယ်သူ့ဆီမှာလဲ ဆိုရင် ဦးသန်းရွှေနဲ့ အပေါင်းပါ တစုကို လက်ညှိုးထိုးရမှာပါ။ သူတို့သာ နိုင်ငံတော် ကောင်းစားဖို့ လိုလိုလားလားရှိခဲ့ရင် အခုလို ထိုင်ခုံပေါ်က ခွါမရ ဖြစ်နေမှာ မဟုတ်ဘူး။ လတ်တလော ဖြစ်ပေါ်နေတဲ့ အဆိုးဆုံးက လောင်စာဆီဈေး တက်တာကို ဘယ်လို ကုစားမလဲ။ ကမ္ဘာမှာလဲ လောင်စာဆီက တက်သထက်တက်နေတာ။ အစိုးရ တစ်ရပ်အနေနဲ့ ဘယ်လို ကုစားမလဲ။ ကိုယ်တိုင် မတတ်နိုင်ရင် နိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေတာပဲ။ တွေ့ဆုံဆွေးနွေးရေးကတဆင့် အာဏာ ဝေမျှပြီး လူတော်လူကောင်းတွေကို ဆွဲဆောင်ပေါ့။ အခု ကမ္ဘာမှာ commodity price တွေ တရိပ်ရိပ် တက်နေတာ။ အစိုးရဟာ ပြည်သူတွေရဲ့ ၀င်ငွေကို မမြှင့်တင်နိုင်ရင် ကျွန်တော် ပြောမယ်။ ဒါဟာ နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ဘူးဆိုတာ။

နောက်ထပ် သော့ဟာ ဘယ်သူတွေဆီမှာ ရှိလဲဆိုရင် ပြည်သူ့ဆီမှာ ရှိတယ်။ ဒါကတော့ ကျွန်တော်တို့ဟာလည်း တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံက လူတွေလိုပဲ ကမ္ဘာတလွှားမှာ ပညာရှာ အတွေ့အကြုံရှာကြပြီး ကိုယ့်နိုင်ငံပြန်ပြီး အသုံးချကြဖို့ပဲ။ အဲလို အသုံးမချနိုင်ခင်မှာ ပြည်သူတွေအနေနဲ့ ကိုယ်ကိုင်ထားတဲ့ သော့နဲ့ ထွက်ပေါက်တွေကို ဖွင့်ဖို့ လိုပါတယ်။ ဖွင့်ပုံဖွင့်နည်းချင်းတော့ တူမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲလို သော့တွေနဲ့ ဖွင့်ကြမယ်ဆိုရင်တော့ ပိတ်ထားတဲ့ တံခါးတွေ ပွင့်လာလိမ့်မယ်လို့ မြင်မိပါတယ်။ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် အရေးကြီးတာက အုပ်ချုပ်သူတွေဟာ တတ်သိနားလည်တဲ့ ခေါင်းဆောင်ကောင်းတွေ၊ ပြည်သူက တင်မြှောက်တဲ့ ခေါင်းဆောင်ကောင်းတွေ ၊ နောက် ပြည်သူတွေရဲ့ ဘ၀ကို စာနာမြှင့်တင်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်ဖို့ လိုပါတယ်။

နောက်ဆုံးအနေနဲ့ ပြည်တွင်းက သူငယ်ချင်းတွေ ဖတ်ဖို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံမူ ၇ ရပ် ကို ဧရာဝတီ ၀က်ဆိုဒ်မှာ ဖော်ပြထားတာကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


It is resolved:
That the Constitution shall be that of an Independent Sovereign Republic to be known as ‘The Union of Burma’; and
That the Union shall comprise such units as shall be specified by the Constitution and the units so specified shall exercise such autonomy as shall be defined in the Constitution; and
That all powers and authority of the Sovereign Independent Republic of Burma, its Constituent Parts and Organs of Government shall be derived from the people; and
That the Constitution shall guarantee and secure to all the peoples of the Union justice, social, economic and political; equality of status, of opportunity, and before the law freedom of thought, expression, belief, worship, vocation, association and action, subject to law and public morality; and
That the Constitution shall provide adequate safeguards for minorities; and
That the integrity of the territory of the Independent Sovereign Republic of Burma and its Sovereign rights on land, sea and air shall be maintained according to justice and international law; and
That this Historic Land of Burma shall attain its rightful and honored place in the world, make its full and willing contribution to the advancement and welfare of mankind and affirm its devotion to the ideal of peace and friendly co-operation amongst nations founded on international justice and morality.”
Posted by Ka Daung Nyin Thar at 1/04/2008 04:35:00 PM 0 comments Links to this post

http://kadaung.myanmarbloggers.org/ -မှ ကူးယူ ဖော်ပြပါသည်။






~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Friday, January 4, 2008
နှစ် (၆၀) ပြည့်ခဲ့ပြီ
ဒီနေ့မနက် စောစောနိုးနေပြီး နာရီကြည့်လိုက်တော့ ဒီအချိန်ဆို ကျွန်တော့်ဇာတိမြေ ရန်ကုန်မှာ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား လုပ်နေလောက်ပြီဆိုတာ သတိရမိတယ်။ မနက်အာရုဏ်ဦးစအချိန်မှာ နိုင်ငံတော်အလံကို ဂုဏ်ပြုအခမ်းအနားနဲ့ လွှင့်တင်ပြီး သမိုင်းဝင်တဲ့ လွတ်လပ်ရေးနေ့ရဲ့ နှစ် ၆၀ ပြည့်အခမ်းအနားကို မော်ကွန်းထိုးနေလာက်ရောပေါ့။

အခမ်းအနားလေးဟာ သေးသေးလေးလည်းဖြစ်ချင်ဖြစ်မယ်။ ကြီးကျယ်ခမ်းနားချင်လည်း ခမ်းနားနေမယ်။ ဒါတွေ ကျွန်တော် မသိသေးပါဘူး။ ဒါပေမယ့် လွတ်လပ်ရေးရဲ့အရသာနဲ့ အဲဒီအရသာကိုဖေါ်ဆောင်ပေးခဲ့တဲ့ မြင့်မြတ်တဲ့ အာဇာနည်တွေကို သတိရသိတတ်နေကြမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီလိုအခမ်းအနားမျိုး လုပ်ခွင့်ရဖို့ နိုင်ငံကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ပေါင်းများစွာဟာ စစ်မြေပြင်မှာ၊ လမ်းမတွေပေါ်မှာ၊ နောက်ဆုံး အစည်းအဝေးခန်းမထဲမှာ အသက်စွန့်ခဲ့ကြရတယ်။ သူတို့တက်မက်ခဲ့တဲ့ လွတ်လပ်ရေးဆိုတာကို သူတို့ကိုယ်တိုင် စိုးစဉ်းမျှ မမြည်းစမ်းခဲ့ကြရဘူး။ သူတို့ သက်တမ်းတစ်လျှောက်လုံး ဗြိတိသျှအလံနဲ့ နေဝန်းနီ ဂျပန်အလံတို့ကိုပဲ နိုင်ငံတော်အလံလို့ သိသွားကြရတယ်။ လွတ်လပ်ရေးနေ့လို့ဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာ အာဇာနည်နေ့နဲ့ မခြားခံစားရတယ်။ အခုအလံတင်အခမ်းအနား လုပ်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရော ကျွန်တော့်လိုပဲ အောက်မေ့သင့်တဲ့လူတွေ၊ ကျေးဇူးတင်သင့်တဲ့လူတွေ ကို ဦးညွှတ်နေရဲ့လား။ ဦးညွှတ်နေတုန်းမှာရော စိတ်ပါရဲ့လား။ နောက်ဆုံးတစ်နေ့ လွတ်လပ်ရေးနေ့ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ဘယ်သူ့ကြောင့်ဖြစ်ပေါ်လာရပါတယ်ဆိုတာကို မျိုးဆက်သစ် ဗမာလေးတွေ၊ တချိန်မှာ နိုင်ငံအုပ်ချုပ်မယ့်လူတွေကို ပြန်ပြောင်းပြောပြနေသေးရဲ့လား။ ကျွန်တော့်မှာ မသေချာတဲ့ အဖြေတွေနဲ့ မေးခွန်းတွေမေးရင် ဇန်နဝါရီ ၄ ရက်နေ့ မနက်ခင်းကို နိုးထခဲ့ရပါတယ်။



ဒီလိုပဲဖြစ်နေဦးမှာပါပဲ။ လုပ်ကြံတာခံရတိုင်း ခေါင်းဆောင်ကြီး မဟုတ်ပေမယ့် တို့ဗိုလ်ချုပ်ကတော့ ခေါင်းဆောင်စစ်စစ်ဖြစ်တယ်။ အခုချိန်အထိလည်း “ဗိုလ်ချုပ်” ဆိုတဲ့ အများဆိုင်နာမ်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ကျေးဇူးရှင်အတွက် ကိုယ်ပိုင်နာမ်လို ဖြစ်နေဆဲပါ။ ကျွန်တော်တို့ စိတ်ကုန်တဲ့ စစ်တပ်မှာ ဗိုလ်ချုပ်မပါဘူး။ နိုင်ငံရေးကို တစ်ဦးတည်း၊ တစ်ပါတီတည်းလုပ်ခဲ့တာမဟုတ်ဘဲ တပြည်လုံးအတိုင်းအတာနဲ့ လွတ်လပ်ရေးကို ဦးတည်ပြီး ဦးဆောင်ခဲ့တယ်။ ဦးဆောင်လောက်တဲ့ အတတ်ပညာတွေကိုလည်း အစအဆုံးတတ်ကျွမ်းခဲ့ပါတယ်။ စစ်ပြိုင်တိုက်မလား၊ ယှဉ်ကျြွန်တော် ရန်ကုန်က သယ်လာတဲ့ ဗိုလ်ချုပ်ပုံသေးသေးတစ်ခုကို ထုတ်ကြည့်ရင်း ဗိုလ်ချုပ်နဲ့ သူ့လုပ်ဖေါ်ကိုင်ဖက်တွေ၊ နိုင်ငံရေး အတိုက်အခံတွေနဲ့ ရန်သူတွေအကြောင်း တွေးမိတယ်။ လှည့်ကွက်တွေများတဲ့ နိုင်ငံရေးကို ဗိုလ်ချုပ်က မာယာမပါပဲ ခပ်ဖြောင့်ဖြောင့်လုပ်ခဲ့တယ်။ သူ့အမြင်က ရိုးရှင်းလွန်းပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက်ပါပဲ။ နိုင်ငံနဲ့လူမျိုးအတွက် နေ့ည၊ နေပူမိုးရွာမရွေး အလုပ်တွေလုပ်ခဲ့တယ်။ ကိုယ်ရေးကိုယ်တာတွေ တတ်နိုင်သလောက်လျော့ချထားတယ်။ သူ့အတိုက်အခံတွေက သူ့ကိုထောက်ပြစရာ အပြစ်ရှာမရခဲ့ဘူး။ ရှာမရတော့ ပစ်သတ်လိုက်တယ်။ ဗိုလ်ချုပ်လုပ်ကြံခံရတာဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးမဟုတ်သလို မကြာမီက လုပ်ကြံခံလိုက်ရရှာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘူတို ဟာလည်း နောက်ဆုံးဖြစ်ဦးမှာ မဟုတ်ပါဘူး။ နိုင်ငံရေးဟာ ဒီလိုပဲ ခြေထိုးမှုတွေ၊ လုပ်ကြံမှုတွေ၊ အပြစ်ရှာမှုတွေနဲ့ ရှုပ်ထွေးနေဆဲပါပဲ။ အရင်ကလည်း ဒီလိုပဲ၊ နောက်လည်းပိုင်ဟောပြောမလား၊ နိုင်ငံရေးဆွေးနွေးမလား၊ အင်္ဂလိပ်စာပြိုင်ရေးမလား ... အဲဒီအချိန်က လေ့လာစရာစာအုပ်စာတမ်းနဲ့ source တွေရှားပါးနေချိန်မှာပဲ ဗိုလ်ချုပ်ဟာ ပြီးပြည့်စုံတဲ့ နိုင်ငံရေးဗိသုကာဖြစ်လာခဲ့တယ်။ သူတစ်ယောက်တည်းကြောင့် မဟုတ်ပေမယ့် သူဦးဆောင်ပြီး လွတ်လပ်ရေးဆိုတာကို အရယူပေးခဲ့တယ်။ သူကွယ်လွန်ချိန်မှာ လွတ်လပ်ရေးဆိုတာ အရမ်းနီးကပ်တဲ့ အခြေအနေတစ်ခုကိုရောက်နေပြီး “မကြာခင်” ဆိုတဲ့ စကားလုံးကို သုံးစွဲခွင့်ရနေပြီဖြစ်ပါတယ်။




တာဝန်ကျေလွန်းတဲ့ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်တွေကို ဒီလွတ်လပ်ရေးနေ့မှာ နာမည်ထုတ်ဖေါ် အလေးပြုကြရမယ်။ သူတို့ရဲ့ ကျေးဇူးတွေကို အောက်မေ့ကြရဦးမယ်။ သူတို့လိုလူမျိုးတွေ ပေါ်လာဖို့ ဆန္ဒပြုကြရဦးမယ်။ ဘယ်သူမှ မလုပ်ရင်နေပါဗျာ ... ကျွန်တော်တို့ တစ်ဦးချင်းစီပဲ ရောက်ရာအရပ်၊ ရှင်သန်ရာ နေရာကနေ သွားလေသူတွေနဲ့၊ လက်ရှိအသက်စွန့်လုပ်နေသူတွေ စိတ်ချမ်းသာဖို့၊ စိတ်ချစေဖို့ ဒီလွတ်လပ်ရေးနေ့မှာ ဦးညွှတ်အလေးပြုကြရအောင်နော် ...

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များ၊ သံဃာတော်များနှင့် ကျောင်းသားများကို အလေးပြုဦးညွှတ်ရင်း နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြုရေးသားပါသည်။

Posted by Mr.Pooh @ မောင်ပွတ် at 7:28 AM 1 comments

http://myanmaroa6.blogspot.com/ -မှ ကူးယူ ဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

သက္ကရာဇ် ၂၀၀၈ - အမျိုးသား ပြန်လည်သင့်မြတ်ရေး နှစ်




Burma Digest မှ လွင်အောင်စိုး ၏ Year 2008- The Year of Reconciliation for Burma ကို ပြန်လည် ကူးယူ ဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်