စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 5, 2008

မမွှေးနိုင်တော့တဲ့ ညမွှေးပန်းကလေးများ

အောင်သက်ဝိုင်း/ရန်ကုန် ဇူလိုင် ၄၊ ၂၀၀၈

ရန်ကုန် - ပြည်လမ်းမ ဘေးတနေရာ၊ အင်းလျားကန်ဘောင်ရှေ့ တံတားဖြူ မှတ်တိုင်နားက မှုန်ပျပျ လမ်းမီးတိုင် အောက်မှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦး တစုံတရာကို မျှော်လင့် စောင့်စားနေပါတယ်။ ည၈ နာရီ ကျော်ချိန်ဖြစ်လို့ လူအသွားအလာ နည်းပါး နေပေမယ့် မိန်းကလေးငယ်ကတော့ အကြောက်အလန့် ရှိပုံမရပါဘူး။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖွေးဆွတ်နေတဲ့အဖြူရောင် အင်္ကျီ၊ အနက်ရောင် စကတ်ကို ၀တ်ဆင်ထားတဲ့ ကောင်မလေးရဲ့ ပါးပြင်ထက်မှာသနပ်ခါး ပါးကွက်ကြီးနှစ်ခုကို ခပ်ထူထူ လိမ်းထားတယ်။ ညာဘက်လက်မှာ ချာလီထီး တချောင်းကိုင်ထားပြီး သူ့မျက်လုံးတွေ ကတော့ လမ်းမပေါ် ဖြတ်သန်း သွားလာနေတဲ့ မော်တော်ကားတိုင်းကို လှမ်းမျှော်ကြည့်နေပါတယ်။

လမ်းမပေါ်ကို မျှော်ငေးကြည့်နေတုန်း ရုတ်တရက် ဆိုသလို တက္ကစီအငှားယာဉ်တစီး ဟွန်းသံပေးရင်း သူ့နားမှာရပ်လိုက် တယ်။ ကားပေါ်က ခပ်၀၀ အမျိုးသားကြီးတဦး ဆင်းလာပြီး သူ့နားကို တိုးကပ်လာပေမယ့် ကောင်မလေးက စိုးရိမ် ထိတ်လန့်ဟန်မပြဘဲ ရဲတင်းစွာနဲ့ အမျိုးသားကြီးနားကို ချဉ်းကပ်သွားပါတယ်။

“တခါလျှော့ (လိင်ဆက်ဆံချိန်တနာရီနီးပါးခန့်ကို ဆိုလိုခြင်းဖြစ်သည်) ရင် ၄၅၀၀။ တညလုံးဆိုရင်တော့ ၁၅၀၀၀။ စိတ်တိုင်း ကျစေရမယ်။ စိတ်တိုင်းမကျရင် ငွေမပေးနဲ့။ လူနှစ်ယောက်ထိလက်ခံတယ်” လို့် ကောင်မလေးဆီက စကားသံ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာချိန်မှာ ခပ်၀၀ အမျိုးသားက ခန္ဓာကိုယ် သိမ့်သိမ့်တုန်အောင် ရယ်မောရင်း ရီဝေတဲ့ မျက်လုံး တွေနဲ့ ကောင်မလေးကို စိုက်ကြည့်နေပါတယ်။

ခဏအကြာမှာ ကောင်မလေးရဲ့ ပုခုံးကို သူ့ညာလက်နဲ့သိုင်းဖက်လို့ တက္ကစီ ဆီ ခေါ်သွား တယ်။ အဲဒီနောက်မှာ တက္ကစီ ကားဟာ အရှိန်ပြင်းပြင်းနဲ့ ရန်ကုန်မြို့တွင်းနေရာတခုဆီ ဦးတည် ထွက်ခွာသွားပါတော့တယ်။ အဌားယာဉ်ပေါ်မှာ လိုက်ပါ သွားတဲ့ ကောင်မလေးကတော့ ညမွှေးပန်းလို့ အများခေါ်ကြ တဲ့ ဆယ်ကျော်သက်အရွယ် ပြည့်တန်ဆာမလေး တဦးပါပဲ။

စားဝတ်နေရေး အဆင်မပြေမှု၊ စီးပွားရေးကြပ်တည်းမှုတွေနဲ့ အလုပ်အကိုင် ရှားပါးမှု တွေကြောင့် ရန်ကုန်မြို့ရဲ့ လမ်းမကြီး တွေ၊ အချက်အချာကျ လမ်းဆုံလမ်းခွတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံနဲ့ ကားဂိတ်တွေမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် အသက်မွေး ၀မ်းကြောင်းပြုလာတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေ တနေ့တခြား တိုးပွားများပြားလာတာကို တွေ့ရှိနေရပါတယ်။

လိင်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကတော့ နယ်မြို့ တွေနဲ့ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေက အများဆုံးဖြစ်ပြီး နာဂစ်မုန်တိုင်း မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ပြီးချိန် မှာတော့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဆယ်ကျော်သက် မိန်းကလေးငယ် တွေနဲ့ အခြားအသက် အရွယ်စုံ အမျိုးသမီးတွေ အရေအတွက်အားဖြင့် ပိုပြီးများလာတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

ညနေ ၄ နာရီအချိန် ရန်ကုန်မြို့တော်ရဲ့အချက်အချာကျ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး ဘေးမှာရှိတဲ့ သွင် ရုပ်ရှင်ရုံအနီး ကနေ ကျနော် လမ်းလျှောက်သွားနေတုန်း “အကို ဘာလိုချင်လဲ ပြောကြည့်လေ။ ဒီမှာ အရွယ်စုံ ဆိုက်မျိုးစုံရှိတယ်။ ကြိုက်တာရွေးလို့ရတယ်။ အပြုအစုကောင်းတယ်” ဆိုတဲ့ စကားသံနဲ့အတူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကြီးတဦး ချဉ်းကပ်လာတယ်။

အမျိုးသမီးကြီးရဲ့နောက်မှာအသက် ၁၅ နှစ်အရွယ်ကနေ အသက် ၃၀ ကျော်အရွယ်ထိ အမျိုးသမီး ၉ ဦးလောက် ကပ်လျက် လိုက်လာတယ်။ သူတို့တွေရဲ့မျက်လုံးတွေက ၀ါကျင်ကျင်အရောင်ပေါက်နေပြီး နှုတ်ခမ်းတွေမှာ အနီရောင်ရင့်ရင့် နှုတ်ခမ်းနီ တွေ ရဲပတောင်းခတ်လို့နေတယ်။

မျက်နှာ တွေက ချောင်ကျနေပြီး အသားအရေက မွဲခြောက်ခြောက် ရှိနေပေမယ့် သူတို့ အားလုံးက ကျနော့်ကို လျော့တိ လျော့ရဲ ဟန်ဆောင်အပြုံးတွေနဲ့ ကြိုဆိုနေလေရဲ့။ သူတို့ဆီက ဈေးခပ်ပေါပေါ ကုလားရေမွှေးနံ့က နှာခေါင်းထဲအရှိန်ပြင်ပြင်း တိုးဝှေ့ ၀င်လာတယ်။

အသားအရေ အဖြူရောင်သန်းပြီး အရပ် ၅ ပေကျော်နဲ့ ကြည့်ပျော်ရှုပျော်ရုပ်ရည်ရှိတဲ့ အသက် ၂၀ ကျော်အရွယ် မိန်းကလေး တဦးကို ရွေးချယ် ခေါ်ဆောင်ပြီး ရန်ကုန်မြို့ထဲ ဆိပ်ကမ်းသာ လမ်း အထက်ဘလောက် မှာရှိတဲ့ တည်းခိုခန်းတခုကို ရောက်ရှိချိန်မှာ ည ၈ နာရီ လောက်ဖြစ်နေပါပြီ်။ တည်းခိုခန်းက အထပ်မြင့် တိုက်တခုရဲ့ ဒုတိယထပ်မှာ ဖွင့်ထားပြီး အထဲဝင်လိုက်တာနဲ့ ကိုးပေပတ်လည် အခန်းကျဉ်း အခု ၃၀ လောက်တွေ့ရတယ်။

တချို့အခန်းတွေမှာ မှိန်ပျပျအနီရောင်မီးလုံးကလေးတွေ ထွန်းထားတာတွေ့ရပြီး တချို့အခန်းဝမှာတော့ အတွင်းခံပဲပါတဲ့ ကိုယ်လုံးတီးသာသာ ကောင်မလေးတွေ မတ်တပ်ရပ်ရင်း တစုံတဦးကို စောင့်ဆိုင်းနေဟန် မြင်တွေ့ရတယ်။ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားတွေမှာပဲ မြင်ခဲ့ဖူးတဲ့ မြင်ကွင်းမျိုးပါ။

တည်းခိုခ အနေနဲ့ အခန်းတခန်းကို နာရီနဲ့ ငှားရင် တနာရီ ကျပ် ၂ ထောင် ကျသင့်မှာဖြစ်ပြီး တညလုံးငှားမယ် ဆိုရင်တော့ ကျပ် ၅၀၀၀ ပေးရမယ်လို့ တည်းခိုခန်း မန်နေဂျာက ပြောတယ်။

ငှားလို့ရတဲ့ အခန်း နံပါတ်၂၁ ရှိရာသွားဖို့ တခြားအခန်းတွေကို ဖြတ်သန်းသွားတဲ့အချိန်မှာ အခန်းကျဉ်း လေးတွေထဲက ညည်းသံသဲ့သဲ့ကြားရတယ်။ ဆေးလိပ်မီးခိုးငွေ့တွေ၊ အရက်နံ့၊ ဘီယာနံ့တွေနဲ့ အပေါစားရေမွှေးနံ့တွေ ထောင်းထောင်း ထလို့နေတယ်။

အခန်းထဲရောက်ချိန်မှာတော့ “ကျမက မိသားစု ၃ ဦး၊ အမေ၊ မောင်လေးနဲ့ ကျမ စုစုပေါင်း ၃ ယောက်ပေါ့။ အဖေက ဆုံးသွားတာကြာပြီ။ မိသားစုဝမ်းရေးအတွက် ကျမ ဒီအလုပ်ကို လုပ်နေတာ” လို့ ကောင်မလေးက လိုရင်းတိုရှင်း မိတ်ဆက် တယ်။ သူ့နာမည် မြဝေတဲ့။

အဲဒီကောင်မလေးက ကြည့်မြင်တိုင် ညဈေးနားက ရပ်ကွက်တခု မှာနေပြီး သူ့အမေကတော့ အသက် ၆၀ကျော် အရွယ် နာတာရှည် ရောဂါခံစားနေရတယ်၊ သူ့ မောင်လေးကတော့ ခြေတဘက် ကျုံလှီနေတဲ့ ပိုလီယို ရောဂါဝေဒနာရှင်လေးဖြစ် တယ်လို့ ရှင်းပြတယ်။

“အမေနဲ့ မောင်လေးအတွက် ဒီအလုပ်မှ မလုပ်ရင် ကျမ ဘယ်လိုမှ လုံလောက်တဲ့ ငွေရှာနိုင်မှာ မဟုတ်ဘူး။ တညကို အိမ်ကိုပြန်တဲ့ တက္ကစီခ နုတ်ပြီး အနည်းဆုံး ၁၀၀၀၀ လောက်ရမှတနေ့ စားဖို့နဲ့ အမေ့ဆေးဖိုး ကာမိတယ်” လို့ မြဝေက ပြောတယ်။

မြဝေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အသက် ၁၇ နှစ်အရွယ်က စတင်ဝင်ရောက် လုပ်ကိုင်ခဲ့တာဖြစ်ပြီး အဲဒီအလုပ်မလုပ် ခင်က ကာရာအိုကေဆိုင်တွေနဲ့ အနှိပ်ခန်းတွေမှာ ၁ နှစ်ကျော် ကြာအောင် အလုပ်လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ကာရာအိုကေ ဆိုင်မှာ ၃ လလုပ်ဖူးတယ်။ အဓိကလုပ်ရတာက ဆိုင်မှာ သီချင်း လာဆိုရင် အရက်သောက်တဲ့ သူတွေဘေး မှာထိုင် အရက်ငှဲ့ပေး၊ သီချင်းကူဆိုပေးရတယ်။ ဧည့်သည်က သဘောကျရင် ဘောက်ဆူးပေးတယ်။ ဧည့်သည်သဘော ကျအောင် သူတို့ ဟိုကိုင် သည်ကိုင် လုပ်သမျှ ခံရတယ်” လို့ပြောပြတယ်။

ကာရာအိုကေဆိုင်မှာ အလုပ်လုပ်စဉ်က သူ တလ ကျပ် ၁၅၀၀၀ လစာရပြီး၊ ဧည့်သည်ကို ဖျော်ဖြေနေတဲ့ အချိန်မှာ တနာရီ ၄၀၀ ရတယ်လို့ သူကပြောပြတယ်။ ရတဲ့ ဘောက်ဆူးကို တော့ ဆိုင်နဲ့ သူ ငါးဆယ်ရာခိုင်နှုန်းဆီ ခွဲဝေယူရတယ်လို့ ဆိုပါတယ်။

“ဧည့်သည်တဦး ကာရာအိုကေဆိုင်မှာ အပန်းလာဖြေရင် ဆိုင်က တနာရီကို ကျပ် ၅၅၀၀ ကစပြီး ၁၅၀၀၀ ထိ ၀န်ဆောင်မှု အလိုက် ဈေးအမျိုးမျိုးယူတယ်။ ဧည့်သည်ကို ဖျော်ဖြေ ပေးရတဲ့ ကျမတို့ကတော့ ငွေနည်းနည်းပဲ ရတယ်။ တလ ကို ကျပ် ၆၀၀၀၀ လောက်ပဲရတော့ မိသားစုအတွက် ဘယ်လိုမှမလုံလောက်ဘူး။ အဲဒါနဲ့ ၀ါးတန်းလမ်းက အနှိပ်ခန်းတခုမှာ အလုပ် သွားလုပ်တယ်” လို့ မြဝေက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။

ရန်ကုန်မြို့တော်ရဲ့အချက်အချာကျ လမ်းမတော်မြို့နယ်၊ ၀ါးတန်းလမ်းမှာရှိတဲ့ အနှိပ်ခန်းတခုမှာ ၀င်အလုပ်လုပ်လိုက် တာဟာ သူ့ဘ၀ရဲ့အချိုးအကွေ့ကြီးတခု ဖြစ်ပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းကို ၀င်ရောက်မိစေတဲ့ ပထမဆုံး ခြေလှမ်း ဖြစ်တယ်လို့ မြဝေက ဆိုပါတယ်။

“အနှိပ်ခန်းမှာ အလုပ်ဝင်ပြီး ၂ ရက်လောက်ကြာတော့ အနှိပ်ခန်း ထောင်ထားတဲ့ မာမီက ညည်း အလုပ်တခု လုပ်ရမယ်၊ ငွေ ၃ သောင်းလောက်ရမယ် လို့ပြောပြီး ဟိုတယ်တခု ပို့ ပေးတယ်” လို့ သူ့ဘ၀ရဲ့ပထမဆုံး လိင်ဖျော်ဖြေမှုပေးခဲ့ရတဲ့ အဖြစ် အပျက်ကို ရှင်းပြတယ်။

မြဝေဟာ ဟိုတယ်မှာ အသက် ၄၀ ကျော်အရွယ် တရုတ်နိုင်ငံသားတဦးနဲ့ တညတာ လိင်ဆက်ဆံ ခဲ့ရပြီး အဲဒီညဟာ သူမ အတွက် ငရဲခန်းတခုကို ရောက်သွားသလို ခံစားရတယ်လို့ သူရဲ့ပထမဆုံး အတွေ့အကြုံကို မဲ့ပြုံးပြုံးရင်း ရှုင်းပြတယ်။

“ဟိုတယ်ရောက်တော့ တရုတ်တယောက်နဲ့ တွေ့ရတယ်။ သူပြောတာ ကျမနားမလည်၊ ကျမပြောတာ သူနားမလည်နဲ့ပေါ့။ ဆက်ဆံတဲ့ အချိန်ကျတော့ ပထမဆုံးဆိုတော့ အရမ်းနာတယ်။ ငိုပြီး တောင်းပန်တာ။ မရဘူး” လို့ မြဝေက ပြောတယ်။

သူမရဲ့ပထမဆုံးလိင်ဆက်ဆံဖက် တရုတ်အမျိုးသားဟာ သူ့ရဲ့လိင်အင်္ဂါကို ပုံမှန်မဟုတ်အောင် ပြုပြင်ထားတာကြောင့် အပျိုစင်တဦးဖြစ်တဲ့ မြဝေအဖို့ အသည်းခိုက်အောင် နာကျင်ခဲ့ရတယ် လို့ ဆိုပါတယ်။

“တိရစ္ဆာန်တကောင်လို ပုံစံမျိုးစုံနဲ့ ဆက်ဆံခံခဲ့ရတာ။ အဲဒီတရုတ်နဲ့ ဆက်ဆံပြီး ကျမ တပတ်လောက် ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး။ ဒါပေမယ့် အခုတော့လည်း ရိုးသွားပြီ” လို့ မြဝေက ရယ်ရယ်မောမောနဲ့ ကျနော့်ကိုပြောတယ်။

မြဝေနဲ့ကျနော် အခန်းကပြန်ထွက်လာချိန်မှာ ည ၁၁ နာရီတိတိရှိနေပြီ။ တည်းခိုခန်း ဧည့်ကြိုကောင်တာမှာ ငွေရှင်းနေတုန်း ရုတ်တရက် ၀တ်စုံပြည့် ၀တ်ဆင်ထားတဲ့ ရဲနှစ်ဦး တည်းခိုခန်းထဲ ၀င်လာတဲ့အတွက် ကျနော်ရော၊ မြဝေပါ ခေါင်းနပန်းကြီး စိုးရိမ်ထိတ်လန့် သွားတယ်။ ဒါပေမယ့် တည်းခိုခန်း မန်နေဂျာကတော့ ကြောက်ရွံ့ဟန် မပြတဲ့အပြင် ရဲတွေကို ဖော်ရွေတဲ့ အပြုံးနဲ့ ဆီးကြိုတာ တွေ့ရတယ်။

“ဆရာတို့ လာပါ။ ထိုင်ပါ” လို့ မန်နေဂျာကပြောပြီး တည်းခိုခန်း ဧည့်ကြို ကောင်တာဘေးက ပလတ်စတစ် ထိုင်ခုံတွေမှာ နေရာချထားပေးလိုက်တယ်။ ခဏအကြာမှာ မန်နေဂျာက ငွေစက္ကူတွေ ထည့်ထားဟန်ရှိတဲ့ ခပ်ထူထူ စာအိတ်ကြီးတလုံး ရဲတွေဆီကို လှမ်းပေး လိုက်တယ်။ အဲဒီနောက် ရဲနှစ်ဦးဟာ မန်နေဂျာကို နှုတ်ဆက်လို့ တည်းခိုခန်းထဲကနေ ထွက်ခွာ သွားပါတယ်။

“မစိုးရိမ်ပါနဲ့။ ကျနော့်အသိ ရဲတွေပါ” လို့ တည်းခိုခန်း မန်နေဂျာက ကျနော်နဲ့ မြဝေကို ပြောဆိုနှစ်သိမ့်တယ်။ တည်းခိုခန်းက အပြင်ကို ရောက်ရှိချိန်မှာတော့ ည ၁၁ နာရီ ၂၅ မိနစ်ရှိနေပါပြီ။

ရန်ကုန်မြို့တော်မှာ လိင်ဖျော်ဖြေရေးလုပ်ငန်း ဦးစားပေးလုပ်ကိုင်ကြတဲ့ တည်းခိုခန်း၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းနဲ့ အလှပြင်ဆိုင်တွေ တနေ့တခြား တိုးပွားများပြား လာတာကို တွေ့နေရပါတယ်။ အထူးသဖြင့် တည်းခိုခန်း ဖွင့်လှစ် လုပ်ကိုင်သူတွေ အလွန်များပြား လာပါတယ်။

မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ လမ်းမတော်အပါအ၀င် မြို့တွင်း လူဦးရေထူထပ်တဲ့ မြို့နယ်ကစလို့ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်လို မြို့ဆင်ခြေဖုံး နေရာတွေမှာ တည်းခိုခန်းတွေကို အရေအတွက် များများ တွေ့ရတယ်။

“အအေးခန်း တည်းခိုရိပ်သာ” ဆိုတဲ့ သဘောတရားက ရပ်ဝေးက လာတဲ့ ဧည့်သည်တွေ ခေတ္တ အဆင်ပြေတည်းခိုစေဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်လုပ်ကိုင်စေတာ ဆိုပေမယ့် ရန်ကုန်မြို့ရဲ့ တည်းခိုခန်းတွေက အဲဒီသဘောတရားကို ဖီလာ ဆန့်ကျင်လို့လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ အဓိကလုပ်ကိုင်ရာ ဌာနကြီးတွေ ဖြစ်လာပါတယ်။

“တည်းခိုခန်း လိုင်စင်ရဖို့ စည်ပင်၊ ရဲနဲ့ နယ်မြေ မယက တွေရဲ့ ထောက်ခံချက်တွေ အများကြီး ယူရတယ်။ လွယ်လွယ်နဲ့ မရဘူး” လို့ အင်းစိန်မြို့နယ်က တည်းခိုခန်း ပိုင်ရှင်တဦးက ပြောတယ်။

တည်းခိုခန်း လိုင်စင်လွယ်လွယ်မရနိုင်ဘူး ဆိုပေမယ့် ရန်ကုန်မြို့မှာ “အအေးခန်း တည်းခိုရိပ်သာ”၊ “တည်းခိုရိပ်မွန်”၊ “ဧည့်ရိပ်သာစခန်း” စတဲ့ နာမည်ဆိုင်းဘုတ်တွေတပ်ပြီး ဖွင့်လှစ်ထားတဲ့ တည်းခိုခန်း ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒီတည်းခိုတွေမှာ နေ့ရော၊ ညပါ လိင်ဖျော်ဖြေရေး လုပ်ကိုင်တဲ့ ဆယ်ကျော်သက်နဲ့ အရွယ်စုံ ပြည့်တန်ဆာတွေ အများအပြား ရနိုင်တယ်လို့ ရန်ကုန်မြို့ခံ လူငယ်တွေက ပြောပါတယ်။

“လိုင်းကြေးဆိုတာရှိတယ်။ တည်းခိုခန်းဖွင့်ထားတဲ့ မြို့နယ်ကိုလိုက်ပြီး လိုင်းကြေးက အနည်းဆုံး တလ ၃ သိန်းကနေ ၁၀ သိန်းထိရှိတယ်” လို့ တည်းခိုခန်းမှာ ၀င်ရောက် အလုပ်လုပ်ဖူးတဲ့ ရန်ကုန်မြို့သားလူငယ်တဦးက ပြောပြတယ်။

တည်းခိုခန်းတွေဟာ ဖွင့်လှစ်ထားတဲ့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိပြီး တကယ်လို့ တိုင်းရဲ တပ်ဖွဲ့ရဲ့ ရှောင်တခင်စစ်ဆေးမှုတွေ ရှိမယ်ဆိုရင် မြို့နယ်ရဲစခန်းတွေက အကြောင်းကြားပေးတာကြောင့် ပြည့်တန်ဆာတွေ ကြိုတင် ဖယ်ရှားကြတဲ့အတွက် ဖမ်းဆီးအရေးယူဖို့ ဆိုတာမဖြစ်နိုင်ဘူး လို့ အဲဒီလူငယ်ကဆိုတယ်။

“အောက်ခြေ မြို့နယ်ရဲနဲ့ အပိုင်ပေါင်းထားတော့ အထက်ကဘယ်လောက်ပဲ စစ်ဆေးရေးတွေ လုပ်လုပ် လွတ်ကြတာများ တယ်”လို့ လှိုင်သာယာ ဒဂုံဧရာအဝေးပြေး ၀န်းအနီးက ရွှေကောင်းကင် တည်းခိုခန်းမှာ အလုပ်လုပ်နေတဲ့ လူငယ်တဦးက ပြောပြတယ်။

တည်းခိုခန်းတွေဟာ အရွယ်စုံပြည့်တန်ဆာ အမျိုးသမီးတွေနဲ့ အဆက်အသွယ်ရှိပြီး တချို့တည်းခိုခန်း တွေကတော့ ကိုယ်ပိုင်ပြည့်တန်ဆာတွေ ထားကြတယ်လို့ တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးသမားတွေနဲ့ နီးစပ်သူတွေက ပြောပြတယ်။

“အများစုကတော့ ပစ္စည်းတွေ (ပြည့်တန်ဆာ) နဲ့ ချိတ်ဆက်ပြီး လုပ်ကြတာ။ အကောင်ကြီးကြီး (ရာထူးကြီးမားသည့် စစ်အရာရှိ၊ ရဲအရာရှိများ) တွေနဲ့ ပိုင်တဲ့ တည်းခိုခန်းတွေကတော့ ကိုယ်ပိုင် ပစ္စည်းတွေမွေးထားတယ်” လို့ လမ်းမတော်မြို့ နယ်အတွင်းမှာ တည်းခိုခန်း ဖွင့်လှစ်ထားတဲ့ စီးပွားရေးသမားတဦးနဲ့နီးစပ်သူ တဦးက ရှင်းပြတယ်။

လိင်ဖျော်ဖြေရေး အဓိကထားလုပ်ကိုင်နေကြတဲ့ တည်းခိုခန်းတွေဟာ တနေ့ကို ငွေ ကျပ် ၇ သိန်း ကျော်အမြတ်ရှိတယ်လို့ သိရပါတယ်။

“တည်းခိုခန်းရဲ့ဝန်ဆောင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မှာ မူတည်ပြီး အမြတ်က မတူဘူး။ သာမန် ပစ္စည်းတွေခေါ်ပေးပြီး အခန်းငှား တဲ့ တည်းခိုခန်းတခု ဆိုရင်တောင် အမြတ်ငွေ ၅ သိန်းနဲ့ ၇ သိန်းလောက် ၀င်ငွေရှိတယ်။ လုပ်ငန်းအကြီး (ကိုယ်ပိုင် ပြည့်တန်ဆာရှိပြီး အခန်း ၅၀ အထက်ရှိတဲ့ တည်းခိုခန်း)လုပ်နိုင်တဲ့ သူတွေရဲ့ အမြတ်ကတော့ ကျပ်သိန်း ဆယ်ဂဏန်း အထက်မှာရှိတယ်” လို့ ရန်ကုန်မြို့ခံ ကားပွဲစားတဦးက ဆိုပါတယ်။

တည်းခိုခန်းတွေလိုပဲ လိင်ဖျော်ဖြေရေးအဓိကထားလုပ်ကိုင်နေကြတဲ့ကာရာအိုကေ ဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင် တွေလည်း အမြတ်ငွေ တနေ့ သိန်းဆယ်ဂဏန်း အထက်မှာ ရှိတယ်လို့ အဲဒီကားပွဲစားက ရှင်းပြတယ်။

“နိုက်ကလပ်တွေ၊ ဘားတွေလည်း ပစ္စည်းတွေနဲ့ စီးပွားရှာရတာပဲ။ ဒါပေမယ့် ကလပ်နဲ့ ဘားကျတော့ လူကြီး သားသမီးတွေ နဲ့ ချမ်းသာတဲ့သူတွေပဲ အဓိကလာကြတယ်။ ရန်ကုန်မြို့မှာနိုက်ကလပ်နဲ့ ဘားတွေက လက်ချိုးရေလို့ရအောင် နည်းတယ်” လို့ ရန်ကုန်မြို့ရဲ့ နာမည်ကျော် ပိုင်အိုးနီးယားကလပ်က စားပွဲထိုး လူငယ်တဦးက ပြောပြတယ်။

ဆယ်ကျော်သက်အရွယ်အပါအဝင် အသက်အရွယ်မျိုး စုံပြည့်တန်ဆာတွေကို တည်းခိုခန်း၊ ကာရာအိုကေ၊ အလှပြင်ဆိုင်၊ နိုက်ကလပ်နဲ့ ဘားတွေမှာသာ မကရန်ကုန်မြို့တော်ရဲ့ လမ်းမကြီးတွေ၊ ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေ ကားဂိတ်တွေ၊ စားသောက်ဆိုင်တွေနဲ့ လူစည်ကားရာ ဈေးတွေမှာလည်း အလွယ်တကူ ရှာဖွေ တွေ့နိုင်တယ်လို့ ရန်ကုန်မြို့ခံ ကားပွဲစား တွေနဲ့ တက္ကစီအငှားယာဉ် ဒရိုင်ဘာတွေက ပြောပါတယ်။

“မြို့ထဲမှာဆိုရင် လမ်း၄၀၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးတ၀ိုက်။ ပြီးတော့ ဗိုလ်ချုပ်ဈေးနဲ့ သွင်၊ ၀ဇီရာ၊ ဆုထူးပန်၊ မြို့မနဲ့ တခြားရုပ်ရှင်ရုံအောက်တွေမှာ နေ့ရောညပါ ဇယားတွေ (ပြည့်တန်ဆာတွေ) ရှိတယ်” လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ တက္ကစီ ဒရိုင်ဘာတဦးက ပြောပါတယ်။

ရန်ကုန်မြို့လမ်းမတွေနဲ့ လူစည်ကားရာ နေရာတွေမှာ တွေ့ရတဲ့ ပြည့်တန်ဆာတွေ ကတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ အများဆုံးဖြစ်ပြီး သူတို့တွေရဲ့ အသွင်အပြင်က ပြည့်တန်ဆာမှန်း မြင်ရုံနဲ့ သိနိုင်တယ်လို့ ဟံသာဝတီ ကားပွဲစား တန်းက ပွဲစားတဦးက ရှင်းပြတယ်။

သောင်းဂဏန်းချီရှိနေတဲ့ ရန်ကုန်မြို့လမ်းမတွေပေါ်က ပြည့်တန်ဆာတွေရဲ့ ဘ၀ကလည်း လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဧည့်သည်ရဖို့ ကြိုးစားရင်း ရဲတွေရဲ့အဖမ်းအဆီးကို လွတ်အောင်ရှောင်ရတယ်လို့ ကမ္ဘာအေး ဘုရားလမ်း၊ မြကျွန်းသာပန်းခြံနားမှာ ပုံမှန် အလုပ်လုပ်လေ့ရှိတဲ့ အသက် ၂၀ ကျော်အမျိုးသမီးငယ်လေး တဦးက ပြောပြတယ်။

“ရဲကိုလည်း ရှောင်ရ၊ မူးရူးပြီးအုပ်စုလိုက် ငွေမပေးဘဲ ဆက်ဆံတဲ့ သူတွေလည်း ရှောင်ရတယ်။ အရှောင်မတတ်လို့ လွန်ခဲတဲ့ လက ကျမ ရဲဖမ်းခံရတယ်။ ငွေ ၇ သောင်း ပေးပြီးပြန်လွတ်လာတာ။ ငွေမပေးနိုင်တဲ့ ကျမ သူငယ်ချင်းတွေကတော့ ပုဒ်မ ၃ (ခ) ပြည့်တန်ဆာပုဒ်မနဲ့ ထောင်ဒဏ် တနှစ်ထိကျကုန်တယ်” လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

ပြည့်တန်ဆာတွေဟာ ခုခံအားကျဆင်းမှုရောဂါအကြောင်း သိရှိနားလည်ကြပြီး ဧည့်သည်နဲ့ လိင်ဆက်ဆံတဲ့ အခါမှာ ကွန်ဒုံး အသုံးပြုခိုင်းတယ်လို့ ကျနော်မေးမြန်းခဲ့တဲ့ ပြည့်တန်ဆာ ၂၀ ကျော်ကပြောတယ်။

“ကွိုင်(ကွန်ဒုံး) သုံးခိုင်းတယ်။ ကွိုင်မသုံးရင် ကျမကတော့ မဆက်ဆံဘူး။ ဒါပေမယ့် တခါတလေ အရမ်းမူးနေတဲ့သူတွေ ဆိုရင် ပြောမရ ဆိုမရနဲ့ ဆက်ဆံခံရတာမျိုးကတော့ ခြွင်းချက်ပေါ့” လို့ အသက် ၂၇ နှစ်အရွယ် လှိုင်သာယာ မြို့နယ်က အမျိုးသမီးတဦးက ဆိုပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ဆယ်ကျော်သက် ပြည့်တန်ဆာ အမျိုးသမီးတွေ ပိုမို များပြားလာ တာကို တွေ့ရပြီး ဈေးလည်း ကျလာတယ်လို့ သူက ဆက်ပြောပါတယ်။

“အပြိုင်အဆိုင် ဧည့်သည်ရှာရတယ်။ အရင်တုန်းက တခါဆက်ဆံရင် ကျပ် ၄၅၀၀၊ ၅၀၀၀ အခုတော့ ၃၀၀၀ ဆိုရင်လည်း လိုက်ရတာပဲ။ အဲလိုမှမလိုက်ရင် အလုပ်မဖြစ်ဘူး။ တချို့ဆိုရင် ထမင်းကျွေးရင် တော်ပြီဆိုပြီး လိုက်တဲ့သူတွေတောင် ရှိနေတော့ ဈေုး အရမ်းကိုင်လို့မရဘူး” လို့ အဲဒီ အမျိုးသမီးကပြောပြပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ခိုင်မြဲသော အချစ်များ

ကျော်စွာမိုး/မဲဆောက် ဇူလိုင် ၄၊ ၂၀၀၈

နှလုံးသားရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ခဲ့ကြသည့် ချစ်သူနှစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ် ဖြစ်ပါသည်။ နိုင်ငံ့အရေးကို ရှေ့တန်းတင်လှုပ်ရှားခဲ့သောကြောင့်လည်း တဦးကထောင်ထဲ၊ တဦးက စစ်အစိုးရ၏ ရန်မှ လွတ်ကင်းရာပြည်ပ တွင်…။ အဝေးကြီး ဝေးနေကြရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ ခိုင်မြဲစွာ ချစ်နေကြဆဲပင်။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အချင်းချင်း မေတ္တာမျှမိလျင် ဖြစ်တတ်သည့် ဇာတ်လမ်းများထဲမှ ဇာတ်လမ်းတပုဒ်ဟု ဆိုရပေလိမ့်မည်။ ချစ်သူများမှာ နိုင်ငံ၏ အကြောင်းမလှသော အခြေအနေ၌ ထောင်သွင်းအကျဉ်းချခံရ၍ ဖြစ်စေ၊ ပြည်ပသို့ ထွက်ပြေးကြရ၍ ဖြစ်စေ ၀မ်းနည်းကြေကွဲဖွယ် မဆုံဆည်းနိုင်ကြရပေ။

အံ့သြစရာမှာ သူတို့၏ အချစ်က အလွန်ခိုင်မြဲပြီး သူတို့၏ ဘ၀များအတွင်း နက်ရှိုင်းစွာ နေရာယူ ထားသည့် အချက်ပင် ဖြစ်၏။

၂၀၀၇ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က သူတို့၏ ချစ်သူ သက်တမ်း တနှစ်ပြည့်ခဲ့သည်။ အဲဒီနေ့ကပင် ကိုတင်အေးက မနိုဘယ်အေးကို “ကိုယ့်ကို တကယ်ချစ်ရဲ့လား ” ဟု မေးခဲ့ရာ “ချစ်တာပေါ့” ဟု ရှက်ရွံ့စွာ ပြုံး၍ ပြန်ဖြေခဲ့သေးသည်။

၎င်းအဖြေစကားလေးက သူ့ဘဝ အတွက် ယခုထိ စွဲထင်ကျန်ရစ်မည့် ချိုမြိန်ဖွယ် အမှတ်တရ တခု ဖြစ်လာလိမ့်မည်ဟု ထိုစဉ်ကတော့ သတိမပြုမိခဲ့သေး။ သို့သော်လည်း ထိုစကားလေးမှာ ကိုတင်အေး နောက်ဆုံး ကြားခဲ့ရသည့် ချစ်သူ၏ အသံလေး ဖြစ်သွားခဲ့သည်။

နောက်တနေ့တွင် မနိုဘယ်အေး၏ အိမ်ကို စစ်အာဏာပိုင်များ ၀င်ရောက်စီးနင်းရှာဖွေခဲ့ပြီး သူ့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တော့သည်။

ကိုတင်အေးမှာ ရန်ကုန်တွင် လအနည်းငယ်ကြာ ဆက်နေသေးသော်လည်း ပြည်တွင်းတွင် နိုင်ငံရေး ဆက်လက် လှုပ်ရှားရန် အန္တရာယ်အလွန်ကြီးကြောင်း သဘောပေါက်လာသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားတော့မည်ဟု ဆုံးဖြတ်ချက် ချခဲ့ရတော့သည်။

ကိုတင်အေးကော အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ချစ်သူ မနိုဘယ်အေး (ခေါ်) မနှင်းမေအောင် ပါ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ခိုင်ခိုင်မာမာ သံန္နိဌာန်ထားရှိသူများ ဖြစ်ကြပြီး သူတို့ နှစ်ဦး၏ အချစ်ရေးထက်ပင် ပို၍ လေးနက်စွာ ရှေ့တန်းတင် ထားသူများ ဖြစ်ကြသည်။

မနိုဘယ်အေးမှာ ၁၉၉၈ ခုနှစ်တွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ထောင်အတော်များများ သို့ ပြောင်းရွှေ့ ထိန်းသိမ်းထားခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် နိုင်ငံရေး လှုပ်ရှားမှုများ တက်ကြွစွာ လုပ်ဆောင်နေသောကြောင့် သူ့အမေပါ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

ကိုတင်အေးက ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ပေးခံရသည်။ အင်းစိန်ထောင်တွင် ထောင်ကျနေစဉ် ပထမနှစ်တွင်ပင် ယခင်သူ၏ ရည်းစားဟောင်းက အဆက်ဖြတ်သွားခဲ့ တော့သည်။ “ကျနော်တို့ ဘ၀တွေကတော့ ဒီလိုပါပဲဗျာ” ဟု ကိုတင်အေးက ပြောပြသည်။ ထောင်ထဲတွင်သူ ၁၆ နှစ်တာ နေခဲ့ရ၏။

မနိုဘယ်အေးကော ကိုတင်အေးပါ ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာကြသည်။ နောက်တနှစ်တွင် သူတို့ နှစ်ဦးစလုံး ရန်ကုန်ရှိ မဂ္ဂဇင်းတိုက်တခုတွင် အယ်ဒီတာအဖွဲ့ဝင်များအဖြစ် ဝင်ရောက် လုပ်ကိုင်ကြရင်း စတင် ဆုံတွေ့ခဲ့ကြသည်။ မနိုဘယ်အေးမှာ ထိုအချိန်က ဒဂုံတက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်ကို သင်ယူလေ့လာနေသည့် ကျောင်းသူဖြစ်သည်။

သူတို့နှစ်ဦး၏ နိုင်ငံရေးခံယူချက်၊ လှုပ်ရှားမှုအတွင်း အတွေ့အကြုံများနှင့် ထောင်တွင်းအတွေ့အကြုံများ ကြောင့် အချိန်အနည်းငယ်အတွင်း ပို၍ နီးစပ်လာခဲ့သည်။ တဦးနှင့် တဦး နှစ်နှစ်ကာကာ စုံမက်မိကြ ခြင်းမှာလည်း တဦး အပေါ်တဦး အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုတို့ကြောင့် ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။

သူတို့ချစ်ခြင်းကို ခွဲနိုင်သည့် တခုတည်းသောအရာမှာ စစ်အစိုးရသာ ဖြစ်ပြီး ဆက်လက်၍ စစ်အစိုးရကို သူတို့ နှစ်ဦးစလုံး ဆန့်ကျင်အတိုက်အခံပြုနေကြဆဲဖြစ်သည်။

ကိုတင်အေးက “သူ့ကိုချစ်မိတာကြောင့်တော့ သူ့ရဲ့ နိုင်ငံရေးကိစ္စကို အနှောင့် အယှက် မဖြစ်စေရဘူး။ ပြီးတော့ ကျနော့်အတွက်လည်း တိုင်းပြည်အရေးနဲ့ ယှဉ်လာရင် သူက ဒုတိယဖြစ်မှာပဲဆိုတာ တခါက သူ့ကိုပြောဖူးတယ်” ဟု ပြန်ပြောင်းပြောပြခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ တံခါးကို လာခေါက်နေပြီ။ ဖမ်းဆီးခံခဲ့ရပြီ။ နောက်တော့ မနိုဘယ်အေးကို စစ်အာဏာပိုင်များက အင်းစိန်ထောင်တွင် ချုပ်နှောင်ထားလိုက်ကြသည်။ သူတို့ချစ်သူ နှစ်ဦး မည်မျှကြာရှည် ခွဲခွာကြရမည်မသိ။ မနိုဘယ်အေးကို ယခုတိုင် ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးဘဲ ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ကိုတင်အေးက မနိုဘယ်အေးအတွက် ဂုဏ်ယူသည်ဟု ပြောသည်။ တိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းရင်း ယခုကဲ့သို့ ချုပ်နှောင်ခံခဲ့ရသည့်အတွက် သူဂုဏ်ယူသည်။ သူတို့ ရန်ကုန်တွင် ရှိနေကြစဉ် အတွင်း မနိုဘယ်အေးက ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အင်အားစုတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ယခုအခါ ကိုမင်းကိုနိုင်လည်း အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရဆဲ ဖြစ်၏။ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက လောင်စာဆီဈေးများ ရုတ်ချည်း မတန်တဆ မြှင့်တင်လိုက်ပြီး နောက်ပိုင်း ၈၈ ကျောင်းသားများအုပ်စုက လမ်းပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်း ဤလှုပ် ရှားမှုကြောင့်ပင် သံဃာများဦးဆောင်သည့် စက်တင်ဘာဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရသည်။

ဤကျောင်းသားအဖွဲ့ဝင်များမှာ ယခင်နှစ် သြဂုတ်လအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကျန်ရှိသူများ မှာလည်း ထိုအချိန်မှစ၍ လျှို့ဝှက်ပုန်းအောင်း နေထိုင်ရင်း မြေအောက်နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေကြသည်။

ကိုတင်အေးနှင့် မနိုဘယ်အေးတို့၏ ချစ်ဇာတ်လမ်းမျိုးကို စစ်အာဏာရှင် လက်အောက်တွင် နိုင်ငံရေးလှုပ်ရှား နေကြရသူတိုင်း ကြုံတွေ့နိုင်ကြသည်။ လက်ထပ်ထားသူ အိမ်ထောင်ရှင် တက်ကြွလှုပ်ရှားသူများ၊ ချစ်သူများ မှာ ချစ်လျှက်နှင့် ကွေကွင်းကြရသည်။ စစ်တပ်အာဏာသိမ်းချိန် ၁၉၈၈ ခုနှစ်မှ စ၍ ထိုဇာတ်လမ်းမျိုးပေါင်း များစွာ ရှိခဲ့ပါသည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်းက ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ထိုသူများ အားလုံးနီးပါးလိုလို ကွေကွင်းခဲ့ကြရသည့် ဇာတ်လမ်းများ ရှိနေနိုင်ပါသည်။ ချစ်သူချင်း၊ မိဘနှင့် သားသမီး၊ ဇနီး ခင်ပွန်း စသဖြင့် ချစ်သောသူများနှင့် ကွေကွင်းခဲ့ရမှုများ ကြုံတွေ့ခံစားခဲ့ကြရပေလိမ့်မည်။

ယခုဖြစ်ရပ်ကတော့ နိုင်ငံရေးလှုပ်ရှားသူဖခင်နှင့် ကွေကွင်းပြီး ကြီးပြင်းလာခဲ့ရသည့် သမီးတဦး၏ ဇာတ်လမ်း ဖြစ်သည်။ သမီးငယ်မှာ ဖခင်ဖြစ်သူ အင်းစိန်ထောင်အတွင်း နှစ်ရှည် အကျဉ်းချခံထားရစဉ် ဖခင်မဲ့ဘဝဖြင့် ကြီးပြင်းခဲ့ရသည်။

ကိုတင်အေး၏ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သည့် ကိုနေ၀င်းမှာ ကိုတင်အေးအပါအ၀င် တခြားသော နိုင်ငံရေးသမား ၂၀၀ ခန့်နှင့်အတူ ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ကိုနေ၀င်း ဖမ်းဆီးခံရစဉ်၌ အသက် ၈ လသာရှိသည့် သမီးငယ်ကလေးကို အပြင်တွင် ချန်ထားခဲ့ရသည်။ သူက ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံရသော်လည်း ၁၅ နှစ်ကြာ အကျဉ်းချခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

တိရစ္ဆာန်ဆေးကုဆရာဝန်တဦးဖြစ်သူ ကိုနေ၀င်းကို ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် တဖန်ထပ်မံ ဖမ်းဆီးခဲ့ပြန်သည်။ သူ့ကို ပထမအကြိမ် ဖမ်းဆီးစဉ်က အသက် ၈ လသာရှိသေးပြီး ယခုအခါ အသက် ၂၀ အရွယ်ရှိနေကာ ရန်ကုန် အစိုးရနည်းပညာကောလိပ်၌ ပညာသင်ကြားနေသည့် သမီး မနှင်းပွင့်ဝေလည်း သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

အဖေတူသမီးဟုဆိုရမည့် မနှင်းပွင့်ဝေသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဆက် စပ်၍ လှုပ်ရှားမှုများဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ လျှို့ဝှက် လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ သံဃာ များဦးဆောင်သည့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာဆန္ဒပြပွဲများ ကာလက မနှင်းပွင့်ဝေသည် ၎င်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်နေခဲ့သည်။

ယခုအချိန်တွင်တော့ ဖခင်ရော၊ သမီးပါ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည်။

ယခုဖော်ပြခဲ့သည်မှာ မြန်မာနိုင်ငံမှ ကြေကွဲဖွယ် ချစ်ခြင်းမေတ္တာနှင့် ကွေကွင်းဆုံးရှုံးရခြင်းဆိုင်ရာ ဖြစ်ရပ် ၂ ခုသာ ဖြစ်သည်။

နိုင်ငံကို ချစ်ကြသည်။ ဤနိုင်ငံကိုပင် ဆုံးရှုံးကြရသည်။ ယောက်ျားတဦး၊ သို့မဟုတ် မိန်းမတဦးကို ချစ်ကြ သည်။ ၎င်းယောက်ျား၊ ၎င်းမိန်းမကိုပင် ကွေကွင်းဆုံးရှုံးကြရပြန်သည်။

ဤဖြစ်ရပ်များကြောင့် ပျော်ရွှင်မှု၊ ၀မ်းနည်းပူဆွေးမှုတို့ ဖြစ်ပေါ်ခံစားကြရပြီး မျက်ရည်များလည်း ဝေခဲ့ ကြရသည်။

“ကျနော် နိုဘယ်နဲ့ နောက်တကြိမ် ဘယ်တော့ တွေ့နိုင်မယ်ဆိုတာ မပြောနိုင်ဘူးဗျာ” ဟု ကိုတင်အေးက ပြောသည်။ “ဒါပေမယ့် သေချာတာတခုက သူ ဘယ်လောက်ကြာအောင် ထောင်ထဲမှာနေရပါစေ။ ကျနော်စောင့်မယ်။ ဒါ ကျနော့်ရဲ့သံမဏိသစ္စာပဲ”

ကျော်စွာမိုးရေးသားသည့် A Love Story ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့ သဘာဝဓာတ်ငွေ့ ရောင်းချရေး သဘောတူလက်မှတ် ရေးထိုး

ဝီလီယံဘွတ် ဇူလိုင် ၄၊ ၂၀၀၈

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး မြန်မာနိုင်ငံမှ သိန်းနှင့်ချီသည့် ကပ်ဘေးဒုက္ခသည်များက အကူအညီ အနည်းအကျဉ်း မျှနှင့် ရပ်တည်မှုအတွက် ကြိုးပမ်းနေရစဉ် မြန်မာစစ်အစိုးရမှာမူ ၎င်းတို့၏ ပင်မငွေဝင် လမ်းဖြစ်နေသည့် သဘာဝ ဓာတ်ငွေ့ အရင်းအမြစ်များကို ထုတ်ရောင်းရန် ပြင်ဆင်လျှက် ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရက ဦးစီးလုပ်ကိုင်နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ယခုအပတ်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ပိုမိုရောင်းချပေးရေးအတွက် သဘောတူညီမှု စာချုပ်တရပ် လက်မှတ်ရေးထိုးခဲ့ကြပြီး မထုတ်လုပ်ရသေးသည့် အကွက်အသစ်ဖြစ်သော မုတ္တမကမ်းလွန်ပင်လယ်ပြင်ရှိ အမ် - ၉ လုပ်ကွက်မှနေ၍ တင်ပို့ ရောင်းချရလိမ့်မည် ဖြစ်သည်။

၎င်းသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံက တိုးချဲ့ထုတ်လုပ်မည့် လျှပ်စစ်စွမ်းအင်လုပ်ငန်းများတွင် အသုံးပြုမည့် အချိန်တွင် မြန်မာပြည်သူများမှာမူ လောင်စာလျှပ်စစ် မသုံးနိုင်ကြဘဲ အမှောင်ထဲရှိနေကြရဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံ၏ အဓိကစွမ်းအင် ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် PTTEP ကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်တဦး က ယခုအပတ်အတွင်း ထိုင်းအစိုးရ ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ သွားရောက်၍ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးကြလိမ့်မည်ဟု ပြောကြားသည်။ (PTTEP) ကုမ္ပဏီက စစ်အစိုးရသို့ မည်မျှငွေကြေးပေးဆောင်ရလိမ့်မည်ကို အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။

ဤသဘောတူစာချုပ်ကိုသာ ချုပ်ဆိုနိုင်ခဲ့ပါက တနေ့လျင် အနည်းဆုံး သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၃၀၀ ကို ၂၀၁၂ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံသို့ ထုတ်လုပ်တင်သွင်းနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ တောင်ပိုင်းကိုဖြတ်၍ အသစ် ဖောက်လုပ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်မှနေ၍ ၎င်းဓာတ်ငွေ့များ၏ ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်သွင်း နိုင်ပေလိမ့်မည်။

ထိုင်းနိုင်ငံသည် ယခုအချိန်တွင်ပင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ အများဆုံး ၀ယ်ယူနေသည့် နိုင်ငံ ဖြစ်သည်။ မြန်မာ့ အရေး လေ့လာစောင့်ကြည့်နေသူ၊ သြစတြေးလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ်မှ စီးပွားရေးပညာပါမောက္ခ ရှောင်တာနဲ ၏ ခန့်မှန်းချက်အရ မြန်မာစစ်ဗိုလ်ချုပ်များက သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှနေ၍ အနည်းဆုံးတလလျင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ၀င်ငွေရှိနေသည်ဟု ဆိုသည်။

သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှနေ၍ မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ်တွင် နိုင်ငံခြားဝင်ငွေအများဆုံးရရှိခဲ့ပြီး စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သော စာရင်းများအရ နိုင်ငံခြားတင်ပို့မှုမှ ၀င်ငွေစုစုပေါင်း သန်း ၈၇၀၀ ၏ တ၀က်ခန့်မှာ သဘာဝဓာတ် ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ငန်းတခုလုံးကို လျှို့ဝှက်ပြီး လူမသိ သူမသိ ကြိတ်ပုန်းလုပ်နေကြတယ်။ ဒီလုပ်ငန်း ကနေ စစ်ဗိုလ်ချုပ်တွေ ဘယ်လောက် အမြတ်ထုတ်နေကြတယ်ဆိုတာ သေချာမသိနိုင်ဘူး” ဟု ထိုင်းနိုင်ငံ ဘန်ကောက် မြို့နေ စွမ်းအင်လုပ်ငန်း အကြံပေး ကောလင်း ရေးနိုးလ်က ပြောသည်။

“ဒါပေမယ့် သေချာပြောလို့ရတာတခုကတော့ ဒီလုပ်ငန်းက အမြန်ကြီးထွား ချဲ့ထွင်လာနေတယ်။ အခုနောက်ထပ် တူးဖော်မှုတွေမှာလည်း ဓာတ်ငွေ့ရဖို့က သေချာသလောက်ရှိနေတော့ ဆက်ကြီးထွားဖို့ ရှိနေတယ်” ဟု သူက ဆိုသည်။

“ဒါပေမယ့် ကမောက်ကမ ဖြစ်ရပ်တွေလည်း ရှိသေးတယ်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းမှာ အကြီးအကျယ်ပျက်စီးခဲ့ပေမယ့် ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေက ဘာမှမထိခိုက်ဘဲ ကျန်ရစ်နေခဲ့တယ်” ဟု သူက ဆက်ပြောသည်။

ဓာတ်ငွေ့ရောင်းချရေးအတွက် PTTEP နှင့် သဘောတူလက်မှတ်ရေးထိုးတော့မည့် ကာလမှာပင် အာဆီယံအဖွဲ့၊ ကုလ သမဂ္ဂနှင့် မြန်မာ အာဏာပိုင်များ ပူးပေါင်းထားသည့် သုံးပွင့်ဆိုင်အုပ်စု မှနေ၍ ဆိုင်ကလုန်း နာဂစ်နှင့် ပတ်သက်၍ ပျက်စီးရမှုများအပေါ် အကဲဖြတ်စစ်ဆေးချက် ကြားဖြတ်အစီရင်ခံစာကို ရန်ကုန်တွင် တင်သွင်းလိမ့်မည် ဖြစ်သည်။

ဤအကဲဖြတ်စစ်ဆေးချက် အစီရင်ခံစာကို ဇူလိုင်လတွင် နောက်ဆုံးအချောသတ်မည်ဖြစ်ပြီး ပြောဆိုချက်များအရ ဤအစီ ရင်ခံစာက တွေ့ရှိခဲ့ရာတွင် မုန်တိုင်းဖျက်ဆီးခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ရွာပေါင်း ၃၈၀ ကျော်တွင် သိုလှောင် သိမ်းဆည်းထားသည့် စားနပ်ရိက္ခာ ၄၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရသည်ဟု ဆိုပါသည်။ ထို့ပြင် မုန်တိုင်းကပ်ဘေးဒဏ် သင့်ခဲ့ရသူ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာလည်း အကူအညီလိုအပ်နေသည်ဟု ဆိုပါသည်။

အချို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ တွက်ချက်မှုအရ လူပေါင်း ၂. ၄ သန်းမှာ ကူညီထောက်ပံ့မှုများ လိုအပ်နေပါသည်။

မြန်မာစစ်အစိုးရက အကူအညီတင်ပြတောင်းခံခဲ့ပြီးနောက် နိုင်ငံရပ်ခြားအစိုးရများက ကူညီပေးမည်ဟု ကတိက၀တ်ပြု ချက်အရ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထက်အနည်းမျှသာ ပို၍ ရရှိထားပါသေးသည်။ သို့သော်လည်း မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်ရေး (Burma Economic Watch) စာစောင် ထုတ်ဝေနေသူ ရှောင်တာနဲ၏ တွက်ချက်မှုအရ မြန်မာစစ် အစိုးရတွင် သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချငွေမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော် ရရှိထားသည်ဟု ခန့်မှန်းထားပါ သည်။

PTTEP ကုမ္ပဏီ၏ တွက်ချက်မှုအရ အမ် - ၉ လုပ်ကွက်တွင် အနည်းဆုံး သဘာဝဓာတ်ငွေ ၁. ၇၆ ထရီလီယံ ကုဗပေ ရှိနေ နိုင်ပြီး ထိုမျှထက်မက ပို၍လည်း ရှိနေနိုင်ပါသည်။ ထိုင်းနိုင်ငံက ဤဓာတ်ငွေ့ဝယ်ယူရေးသဘောတူညီချက်တွင် တရုတ်နိုင်ငံ ကမ်းလွန်ရေနံတူးဖော်ရေး ကော်ပိုရေးရှင်း ကိုလည်း ပါဝင်စေရန် သဘော တူညီခဲ့ပါသည်။

ဤအချိန်မှာပင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ပို၍ကြီးသော ရွှေသဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့ရရှိနိုင်သည့် အလား အလာကောင်းများဆိုင်ရာ အချက်အလက်အသေးစိတ်များလည်း ဆက်လက်ပေါ်ထွက်လာနေပါသည်။

တွေ့ရှိချက်များအရ ဤဓာတ်ငွေ့သိုက်တွင် ဓာတ်ငွေ့ ၆ ထရီလီယံကုဗပေ ရှိနေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ရည် ရွယ်ထားကြောင်း ပင်မတူးဖော်ရေးတာဝန်ယူထားသူ ဒေ၀ူးကုမ္ပဏီက ယခုအပတ်တွင် အတည်ပြုပြောကြားခဲ့ပါသည်။

တွေ့ရှိထားသည့်ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ရောင်းချရန် ဓာတ်ငွေ့တူးဖော်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံပိုင် ဤဒေ၀ူး ကုမ္ပဏီမှာ ဖိအားပေးခံခဲ့ရပြီး ယခုအခါ ဓာတ်ငွေ့ထုတ်လုပ်ရေး စင်များဆောက်ရန်၊ ကမ်းရိုးတန်းသို့ ပိုက်လိုင်းသွယ်တန်း ရန်အတွက် အပြိုင်အဆိုင် တင်ဒါများခေါ်ယူနေပြီ ဖြစ်သည်။ ဤဓာတ်ငွေ့ပိုက်လိုင်းက စစ်တွေဆိပ်ကမ်းကို ဖြတ်သန်းဖွယ် ရှိနေပြီး စစ်တွေဆိပ်ကမ်းတိုးတက်ဖွံ့ဖြိုးရေးအတွက်လည်း အိန္ဒိယကုမ္ပဏီများက တာဝန်ယူတည်ဆောက်နေကြပါသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းရောင်းချမည့် ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားသည့် ဤဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးတွင် တရုတ်နိုင်ငံမှ အမျိုးသားရေနံ ကော်ပိုရေးရှင်း နှင့် အတူ ဒေ၀ူးကုမ္ပဏီကလည်း ကြီးကြပ်သွားဖွယ် ရှိနေပါသည်။

ဒေ၀ူးနှင့် တောင်ကိုရီးယားအစိုးရကမူ ရွှေသဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များကို အရည်အဖြစ်အသွင်ပြောင်း၍ သင်္ဘော ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့လိုကြသည်။ ဒေ၀ူးကုမ္ပဏီက သဘောတူညီချက်များတွင် ပါဝင်ခွင့် မရသော်လည်း၊ သဘောတူညီချက် ပြင်ပမှနေ၍ အကောင်းဆုံး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံထုတ် သတင်းစာ ချွန်ဂန် အီဘိုက ယခုအပါတ်အတွက် ကုမ္ပဏီ အရာရှိများကို ကိုးကားဖော်ပြခဲ့ရာ၌ အကယ်၍ ၂၀၁၂ ခုနှစ်တွင် ဓာတ်ငွေ့စတင်ပို့လွှတ်နိုင်မည်ဆိုပါက လာမည့် ၂၅ နှစ်အတွင်း အမြတ်ငွေ သန်း ၁၀၀၀ ကျော် ရရှိရန် ခန့်မှန်းထားသည်ဟု ဆိုပါသည်။

ဤသဘာဝဓာတ်ငွေ့ရောင်းချရာမှ ရရှိလာမည့် အကျိုးအမြတ်ဘဏ္ဍာငွေများမှာ လူထု၏ အိပ်အတွင်းရောက်လာရန် မရှိဘဲ၊ စစ်ဗိုလ်ချုပ်များသာ ချယ်လှယ်နေဖွယ် ရှိပါသည်။ ထို့အတွက်ကြောင့်ပင် သူတို့က ထပ်မံတိုးချဲ့လာနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း စိုးရိမ်ပူပန်ဖွယ် ဖြစ်လာနေရပါသည်။ သဘာဝဓာတ်ငွေ့များ အမြောက်အများ ရှိနေနိုင် သည့် ရွှေသဘာဝဓာတ်ငွေ့သိုက်၏ အနောက်ဘက် ပင်လယ်ပြင်ဒေသများသည် ဘင်္ဂလားဒေ့ရှ်နှင့် အငြင်းပွားနေဆဲ ဖြစ်သော ရေပိုင်နက်ဖြစ်ပါသည်။

ဤသို့ အငြင်းပွားနေဆဲ ဇုန်အတွင်း၌ ဓာတ်ငွေ့ထုတ်ရန် လိုင်စင်ချပေးခဲ့သည့် ဒက္ကာအစိုးရကို မြန်မာနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက ကန့်ကွက်စာတစောင် ပေးပို့ထားခဲ့ပါသည်။ မေလတွင် တင်ဒါခေါ်ယူခဲ့ပြီးနောက် ၀င်ရောက်လုပ်ကိုင်လိုကြသည့် နိုင်ငံတကာကုမ္ပဏီကြီးများက တန်းစီ စောင့်ဆိုင်းနေကြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိုးရပိုင် ရေနံကုမ္ပဏီဖြစ်သည့် ပက်ထရိုဘင်္ဂလားက ယခုအခါ ဘင်္ဂလားပင်လယ်အော်အတွင်း အသစ်တူးဖော်တည်ဆောက်နေမှုများကို ဆိုင်းငံ့ထားစေပြီး အိန္ဒိယနိုင်ငံအပါအ၀င် ၃ နိုင်ငံ အစည်းအဝေးတရပ် ခေါ်ယူ ရန် တင်ပြအဆိုပြုထားခဲ့ပါသည်။

WILLIAM BOOT ရေးသားသည့် Junta Signs Gas Deal with Thailand ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

ရခိုင်ပြည်မြောက်ပိုင်း မိုးကြီး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ

ကိုစိုး ဇူလိုင် ၄၊ ၂၀၀၈

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်းတောသွားကားလမ်းသည် ၇ ရက်ခန့် မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက် လွန်ခဲ့သော ၃ ရက်ခန့်က စတင်၍ တောင်ပြိုပြီး လမ်းပိတ်နေသောကြောင့် ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယင်းသို့ တောင်ပြိုသောကြောင့် ဘူးသီးတောင်နှင့်မောင်းတောသွား ကားလမ်းတွင် ၃ နေရာခန့် လမ်းပိတ်နေပြီး တံတား တခုလည်း ပျက်စီးသွားသည်ဟု ဒေသခံ တဦးက ပြောသည်။

“မိုး ၇ ရက်လောက် ဆက်တိုက် တအားရွာတာ တောင်ပြိုပြီး ဘူးသီးတောင်နဲ့ မောင်တောမှာ လမ်းက သုံးပိုင်း ပိတ်သွား တယ်၊ ၇ မိုင်နားမှာ တခု ၊ တောင်ခေါင်းကြီးနားမှာ တခု ၊ ဘူးသီးတောင်နားမှာ တခု၊ တောင်ပြိုကျ ပြီး ပိတ်နေတာ၊ သုံး ရက်လောက် ရှိနေပြီ၊ လူတွေတော့ ဘာမှ မဖြစ်ဘူး၊ လူတွေက တဘက်ကနေ တဘက် ကို လမ်းလျှောက်သွားရတယ်၊ ကားလုံးဝ ဖြတ်လို့မရဘူး”ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်နှင့် မောင်းတောသွား ကားလမ်းသည် ၁၆ မိုင်ခန့်ရှိပြီး တံတား ကြီး ၇ စင်းခန့်ရှိရာ ၇ မိုင်အနီးရှိ တံတား တခုမှာ ပျက်စီးသွားသောကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ တပတ်အတွင်း ပြန်လည်ကောင်းမွန် နိုင်ရန် မလွယ်ကူကြောင်းလည်း သိရသည်။

“သက်ဆိုင်ရာကတော့ လမ်းပိတ်တာတွေကို နည်းနည်းပါးပါးလာရှင်းနေတာ ရှိပါတယ်၊ ဒါပေမယ့် တ ရက် နှစ် ရက်နဲ့ မပြီးနိုင်ဘူး၊ ၇ မိုင် မှာ ချောင်းဖြတ်ဆောက်ထားတဲ့ တံတားက ပိုကြာနိုင်တယ်၊ အင်္ဂလိပ်ခေတ်ကတည်း ဆောက်ခဲ့တဲ့ တံတား၊ အဲဒီ တံတားက မနှစ်ကလည်း တခါ ရေတိုက်စားပြီး ယိုင်ထားတာ၊ ကားတွေ သွားလို့လာ လို့ ရဖို့ ဆိုရင် တပတ် ဆယ့်ငါးရက်လောက် ကြာနိုင်တယ်” ဟု လည်း အထက်ပါ ဒေသခံက ပြောပြသည်။

ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တောတွင် လူ၏ ခါးလယ်ခန့် ရေများတက်ခဲ့ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသွားပြီး ကုန်ဈေးနှုန်း တချို့တက်သွားကြောင်း မောင်းတောမြို့မှ သံဃာတော်တပါးက ပြောသည်။

“ဘူးသီးတောင်က လာလို့ရှိရင် မြို့အဝင်နားကနေစ လမ်းလျှောက်ရတယ်၊ အဲဒီ ၇ မိုင်နားကျမှ ဘတ်စ်ကားက သွားလို့ရ တယ်၊ ဘူးသီးတောင်ကလာရင် ဒီဘက် ဆင်စခန်းမှာလည်း တောင်ပြိုကျပြီး လမ်းက ပိတ်နေတယ်၊ တောင်ခေါင်းကြီး ဆိုတာ ၉ မိုင်မှာ ရှိတယ်၊ အဲဒီမှာလည်း ပိတ်နေတယ်၊ အခုထိ လမ်းပိတ်နေတုန်းပဲ၊ တချို့ ကုန်သည်တွေက ကုန်ပစ္စည်း တွေကို လူတွေနဲ့ ဟိုဘက် ဒီဘက် ထမ်းသယ်ရတယ်၊ တနာရီခွဲ ၂ နာရီလောက် လမ်းလျှောက်ရမယ်၊ ကုန်ဈေးနှုန်းက လောလောဆယ် ဆန်တပြည်ကို ကျပ် ၂၀၀-၃၀၀လောက် တော့ တက် သွားတယ်”ဟု ယင်းသံဃာတော်က ပြောပြသည်။

ယမန်နှစ်ကလည်း ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပြီး တံတားပျက်စီးမှုကြောင့် ဘူးသီးတောင်-မောင်းတော လမ်းပန်း ဆက်သွယ်ရေးသည် တလ ခန့် ခက်ခဲကြန့်ကြမှုများ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

တာ့ခ်-မဲဆောက် မီးရထားလမ်းဖောက်မည်

ဧရာဝတီ ဇူလိုင် ၄၊ ၂၀၀၈

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့နှင့် တာ့ခ်မြို့တို့ကိုဆက်သွယ်သည့် မီးရထားလမ်းဖောက်လုပ်ရန် တာ့ခ်ခရိုင် အာဏာပိုင်တို့ စီစဉ်လျက်ရှိကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကြောင့် တာ့ခ်ခရိုင်ဒေသတခုလုံး၏ ကုန်သွယ်ရေးလုပ်ငန်းများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ထိုင်း-မြန်မာ ၂ နိုင်ငံတို့မှတဆင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့ အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်း (East-West Economic Corridor) အစီအစဉ်ကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌ က ပြောသည်။

“ရထားလမ်းဖောက်လုပ်ခြင်းက မဲဆောက်ဒေသရဲ့ စက်မှုလုပ်ငန်းနဲ့ စီပွားရေးဇုန် စီမံကိန်းတွေကို အနာဂတ်မှာ အထောက် အပံ့ ဖြစ်စေမှာပါ” ဟု ၎င်းကဆက်ပြောသည်။

လမ်းဖောက်ရေးစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်က အဓိကထားပံ့ပိုးကူညီမည်ဖြစ်ပြီး ရထားလမ်း ဖောက်လုပ်ပြီးစီးချိန်တွင် အရှေ့ အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်း သဘောတူညီချက်အရ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ထွက်ကုန်များ ကို မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ရှိ ကမ်းရိုးတမ်းဆိပ်ကမ်းများမှတဆင့် ရေလမ်းဖြင့် နေရာဒေသ အနှံ့အပြားသို့ ကုန်ပစ္စည်း များ ပို့ဆောင်နိုင်မည်ဖြစ်သည်။

ရထားလမ်းဖောက်လုပ်ပြီးစီးပါက အနာဂတ်တွင် ထိုင်းနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများကို အထောက်အပံ့ ဖြစ်စေမည့် နေရာသစ်တခုဖြစ်လာမည်ဟု တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

တာ့ခ်ခရိုင် ဒေသတခုလုံး၏ ကုန်သွယ်ရေးလုပ်ငန်းများမြှင့်တင်နိုင်ရန်အတွက် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုအကြံပေးကောင်စီအား တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးကလည်း အဆိုပြုခဲ့သည်။

ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၉၄၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရထားလမ်းဖောက်လုပ်ရာ၌ ၁၈ မိုင် ရှည်လျားသည့် ဥမင်လိုဏ်ခေါင်းတခုကို ဖောက်လုပ်မည်ဖြစ်ပြီး ကားလမ်းဖြင့် ၅၅ မိုင်အကွာအဝေး ခရီးသည် ရထားဖြင့် ၄၄ မိုင်သာ ရှိတော့မည် ဖြစ်သည်။

တာ့ခ်-မဲဆောက် မီးရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်အစိုးရကိုလည်း ဖိတ်ခေါ်ထားကြောင်း စုံစမ်းသိရှိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ကြံ့ဖွံ့များ ၂၄ နာရီ လုံခြုံရေးကင်း ချမည်

အောင်သက်ဝိုင်း ဇူလိုင် ၄ ၊၂၀၀၈

ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ရုံးများအားလုံး အပါအ၀င် ကြံ့ဖွံ့အသင်းနှင့် ဆက်စပ်သော အဆောက်အအုံများ အားလုံး တွင် လုံခြုံရေးများ ၂၄ နာရီချထားမည်ဖြစ်ပြီး ကြံ့ဖွံ့အဖွဲ့ဝင်များကိုလည်း လုံခြုံရေးတပ်အသွင်ဆောင်သည့် အဖွဲ့ များပြုလုပ်ဖွဲ့ စည်းရန်ရှိကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ၊ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောဆိုကြောင်း သိရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင်လ ၂ ရက်နေ့ ပြည်တွင်းသတင်းဂျာနယ်များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ပြောဆိုခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အရာရှိကြီး တဦးက ပြောသည်။

“အဘ(ဗိုလ်မှူးချူပ်အောင်သိန်းလင်း)က ပြည်ခိုင်ဖြိုးရုံးတွေအားလုံးမှာ အလှည့်ကျ ၂၄ နာရီ လုံခြုံရေးကင်းတွေ ကိုချဖို့်ရှိတယ်လို့ ပြည်တွင်းဂျာနယ်တွေ ကိုပြောတယ်။ ပြီးတော့ ပြည်ခိုင်ဖြိုးအသင်းဝင်တွေ လုံခြုံရေးတပ်ဖွဲ့ ပုံစံ မျိုးပြင်ဆင်ဖွဲ့စည်းမယ်ဆိုတာကိုပြောတယ်”ဟု ယင်းစည်ပင်အရာရှိကြီးက ပြောသည်။

ဇူလိုင် ၁ရက်နေ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ မြို့နယ်ကြံ့ဖွံ့ရုံးတွင် ပြင်းထန်သော ဗုံး ပေါက်ကွဲမှုတရပ်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းသို့သော လုံခြုံရေးအစီအမံများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိ ရသည်။

၂၄ နာရီလုံခြုံရေးချထားမည့်နေရာများတွင် ကြံ့ဖွံ့ရုံးများသာမက ကြံ့ဖွံ့အဖွဲ့က ဆောင်ရွက်နေသည့် အခမဲ့ ဆေးခန်းများ၊ တခြားသော ကြံ့ဖွံ့အဖွဲ့နှင့် သက်ဆိုင်သော နေရာရုံးအဆောက်အဦးများတွင်လည်း လုံခြုံရေးများ ချထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ကြံ့ဖွံ့အဖွဲ့ဝင်တဦးကပြောသည်။

လုံခြုံရေးများချထားမည့်အပြင် ကြံ့ဖွံ့အဖွဲ့ဝင်များကိုလည်း လုံခြုံရေးနှင့်ပတ်သက်သော သင်တန်းများ ပို့ချ ပေးမည်ဖြစ်ကြောင်း အထက်ပါ ကြံ့ဖွံ့အဖွဲ့ဝင်ကဆိုသည်။

“ရန်ကုန်တိုင်းအတွင်းက မြို့နယ်၊ ရပ်ကွက်အလိုက် လုံခြုံရေးတွေလုပ်ကြဖို့သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အလိုက် အစည်းအဝေး တွေခေါ်နေပါပြီ။ ဒီလိုလုံခြုံရေးတာဝန်နဲ့အစီအစဉ်တွေကို ကြံ့ဖွံ့အသင်း ၀င်တွေက ဦးဆောင်လုပ်ကြ ဖို့ရှိပါတယ်”ဟု ရန်ကုန် ကျောက်တံတား မြို့နယ် မယက အဖွဲ့ဝင်တဦးကပြောသည်။

ရန်ကုန်တိုင်းရှိ ရပ်ကွက်များအားလုံးတွင်လည်း ရပ်ကွက်လုံခြုံရေးကောင်စီများ မဖြစ်မနေဖွဲ့စည်းရန် ညွှန်ကြား ချက် များထွက်ရှိလာပြီး ရက်ပိုင်းအတွင်းဖွဲ့စည်းရန် တိုင်း၊ ခရိုင်နှင့်မြို့နယ် မယက အဖွဲ့များက ဖိအားပေးနေ ကြောင်း လှိုင်သာယာ၊ ရန်ကင်းနှင့် ပန်းဘဲတန်း မြို့နယ်များမှ ရပ်ကွက် ပြည်သူများ ကဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့က ရွှေပြည်သာ ကြံ့ဖွံ့ရုံးတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ကြံ့ဖွံ့ရုံးအောက်ထပ် အ၀င် တံခါးမကြီး၊ ပြတင်းပေါက်မှန်များ၊ စာရေးစားပွဲသုံးလုံး၊ ကုလားထိုင်ခြောက်လုံး၊ လက်နှိပ်စက်တလုံး၊ တယ်လီဖုန်း ကိုယ်ထည် တခုပျက်စီးပြီး အုတ်နံရံအကျယ် ခြောက်လက်မ၊ အမြင့် ကိုးလက်မခန့် ပေါက်ထွက် ပျက်စီးသွားကာ လူထိခိုက် ဒဏ်ရာရမှု မရှိကြောင်း စစ်အစိုးရသတင်းစာများ က သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့သော ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ တန်ဖိုးအားဖြင့် ငွေ ၁၅ သိန်းကျော်ရှိသည်ဟု သိရ ကြောင်း ရွှေပြည်သာ မြို့နယ်ရဲတပ်ဖွဲ့၏ လျှို့ဝှက်သတင်းပေးပို့ချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

အဆိုပါ ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးကွဲပြီး ၂ ရက်ခန့်အကြာတွင် ပြည်ပ အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များအဖွဲ့(VWSB) က ၎င်းတို့လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒဏ်ခံ မြန်မာလူထုအတွက် ကူညီကယ်ဆယ်ရေး ရန်ပုံငွေ ပြတ်လတ်မှုများရှိနေ

04 July 2008

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကျရောက်ခဲ့တာ အခုဆို နှစ်လပြည့်သွားပါပြီ။ ပြည်တွင်းရော ပြည်ပကပါ မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်
လုပ်ခဲ့ကြလို့ ကူညီရေးလုပ်ငန်းတွေ အချို့ အောင်အောင်မြင်မြင်ရှိခဲ့တယ်ဆိုပေမယ့် ပြန်လည်ထူထောင်ရေးအတွက်တော့ လအတန်ကြာ အချိန်ယူရဦးမှာဖြစ်ပြီး ဒီအတွက် ရန်ပုံငွေပြတ်လတ်မှုတွေ ရှိနေတယ်လို့ အဓိကအထောက်အပံ့တွေ ကူညီပေးနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိ
ပေးခဲ့ပါတယ်။ WFP ကနေ အခု နာဂစ်အလွန် နှစ်လအခြေအနေ ဘယ်လိုများ သုံးသပ်ထားပါသလဲဆိုတာ စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းကျရောက်ခဲ့တာ အခု နှစ်လကြာပြီဆိုပေမယ့် အပျက်အစီး အတော်များများကတော့ ရှိနေဆဲပဲလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက သုံးသပ်ထားပါတယ်။ မိုးရာသီရောက်လာတာနဲ့အမျှ လယ်မြေဧက အတော် များများ ရေလွှမ်းခံထားရတာမို့ သုံးမရဖြစ်နေတာကြောင့် စာနပ်ရိက္ခာ
အထောက်အပံ့တွေ လုပ်အပ်နေတုန်းပဲလို့လည်း တွက်ဆထားပါတယ်။
ဒါ့အပြင် မိုးတွင်းကျရောက်တာကြောင့် ကျန်းမာရေးအခြေအနေတွေလည်း
စိုးရိမ်စရာဖြစ်လာတယ်လို့ WFP နယူးယောက်ခ်ရုံး ပြောခွင့်ရသူ ဘက်တင်
လူရှာ (Bettin Luescher) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“နေရာအတော်များများကို ရဟတ်ယာဉ်တွေ ကုန်တင်တုန်ကင်းတွေနဲ့ပဲ
သွားလာလို့ရပါတယ်။ ဒီ တုန်ကင်းတွေ မော်တော်တွေနဲ့ စားစရာတွေ
အထောက်အပံ့တွေကို ပို့ပေးနေပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေကတော့
ကူးစက်ရောဂါတွေ ဖြစ်လာမယ့်ကိစ္စပါ။ အခု မိုးတွင်း မိုးရွာသွန်းတာက
အိုးအိမ်မဲ့ဖြစ်နေသူတွေ၊ နောက် သူတို့မှာကျန်ရှိတဲ့ အစားအစာတွေကို
ထိခိုက်တာတွေရှိတဲ့အပေါ် အခြားကူးစက်ရောဂါတွေဖြစ်လာမှာ စိုးရိမ်ရပါ
တယ်။”

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတော်အတန် ဆောင်ရွက်ပြီးစီး
ခဲ့ပြီဆိုပေမယ့် လာမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ပိုပြီး
ငွေကြေးကုန်ကျမယ်၊ ပိုပြီးတော့ အချိန်ယူရမယ်လို့လည်း WFP က တွက်ဆ
ထားပါတယ်။ မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ဒေသဟာ လယ်ယာလုပ်ငန်းတွေ
ကို အားထားရတာဖြစ်ပြီး အခုအခြေအနေမှာ လယ်သမားတွေကိုယ်တိုင်
စိုက်ပျိုးရေးအခက်အခဲတွေ ကြုံနေရဆဲရှိတယ်လို့ WFP ပြောခွင့်ရသူက
ပြောပါတယ်။

“ဒုက္ခသည်တွေ ပြန်ပြီး နလန်ထူနိုင်ဖို့ဆိုရင် လအတန်ကြာ အချိန်ယူရဦးမှာပါ။
အခု အခြေအနေကိုကြည့်မယ်ဆိုရင် စိုက်ပျိုးရာသီ ရောက်နေပါပြီ။
လယ်သမားတွေ အတော်များများမှာ မျိုးစပါးတွေ၊ သိုလှောင်ထားတဲ့ အစား
အစာတွေ မရှိတော့ပါဘူး။ ဒါကြောင့် လာမယ့်လတွေအတွင်းမှာ ကျမတို့ရဲ့
အကူအညီပေးရေးလုပ်ငန်းတွေက အတော်အရေးကြီးပါတယ်။”

လယ်သမားတွေအတွက် မျိုးစပါးထုတ်ပေးတာတွေ၊ လယ်ထွန်ဖို့ လက်ထွန်
စက်တွေ ထုတ်ပေးတာတွေကို ကူညီရေးအဖွဲ့ အာဏာပိုင်တွေက လုပ်ပေး
နေပေမယ့် တကယ်တမ်း မျိုးစပါး အလုံအလောက်မရတာ၊ လယ်ထွန်ဖို့လည်း
ဒီဇယ်ဆီ မလုံလောက်တာတွေရှိနေပြီး အချို့လယ်မြေတွေကတော့ သုံးမရ
အောင် ရေလွှမ်းခံနေရတယ်လို့ အဲဒီဒေသကို ရောက်ခဲ့သူတွေက ဗွီအိုအေကို
ပြောထားပါတယ်။ တဖက်မှာလည်း ကူညီရေးလုပ်ငန်းတွေအတွက် ကုလ
သမဂ္ဂကိုယ်တိုင်က ငွေကြေးအခက်အခဲတွေ ရှိနေပြီး ကုလသမဂ္ဂဘက်က
အရင် နိုင်ငံတကာကို မေတ္တာရပ်ခံထားတဲ့ ငွေကြေးတောင် အပြည့်အ၀ မရခဲ့
ပါဘူး။ ဒါကြောင့်လည်း အခု ဒီလအတွင်းမှာလုပ်မယ့် ဒုတိယအကြိမ် နိုင်ငံ
တကာညီလာခံ ကျင်းပစဉ်အတွင်းမှာ ကုလသမဂ္ဂရော နိုင်ငံတကာ အန်န်ဂျီ
အိုတွေကပါ လိုအပ်ချက်တွေကို နိုင်ငံတကာအစိုးရတွေကို ထပ်မံတောင်းခံဖို့
ပြင်ဆင်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ WFP ရဲ့ ပြောခွင့်ရအမျိုးသမီးက
အခုလိုပြောပါတယ်။

“အခုလာမယ့် ဇူလိုင်လုပ်မယ့် နိုင်ငံတကာညီလာခံမှာ ကုလသမဂ္ဂအနေနဲ့
ဒီအတွက် ရန်ပုံငွေတွေကို တောင်းခံဖို့ရှိပါတယ်။ အခြေအနေတွေ ပြန်လည်
ထူထောင်နိုင်ဖို့ လပေါင်းအတော်ကြာ လိုနေသေးတာမို့ ဒီအကူအညီလုပ်ငန်း
တွေအတွက် ရန်ပုံငွေတွေက တော်တော်အရေးကြီးပါတယ်။ ဒါကြောင့်
လာမယ့်ရက်အတွင်းမှာပဲ နိုင်ငံတကာ အန်န်ဂျီအိုတွေရော ဒီအစည်းအဝေး
မှာတက်ပြီး ရန်ပုံငွေကြေးရရှိရေးအတွက် ပြောဆိုဖို့ရှိပါတယ်။”

ဒီလို အခက်အခဲတွေကြားမှာပဲ WFP အနေနဲ့ကတော့ သူတို့တတ်နိုင်သ
လောက် ပြီးခဲ့တဲ့နှစ်လအတွင်း လုပ်ဆောင်နိုင်ခဲ့တာတွေ ရှိပါတယ်လို့တော့
ပြောခွင့်ရသူ ဘက်တင် လူရှာက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“အရေးသိပ်ကြီးတဲ့အချက်ကတော့ ကျမတို့အနေနဲ့ နိုင်ငံတကာဝန်ထမ်းတွေ
ကို မြန်မာနိုင်ငံကိုရောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ မုန်တိုင်းဒဏ် အဆိုး
ဆုံးခံလိုက်ရတဲ့ ဒေသတွေက လူဦးရေ ၇၃၀,၀၀၀ လောက်ကို အစားအစာ
တွေ ပို့ပေးနိုင်ခဲ့ပါတယ်။ လာမယ့်လတွေအတွင်းမှာ ဒီထက်ပိုပြီး လုပ်ဆောင်
နိုင်ဖို့လည်း ဆက်လုပ်နေပါတယ်။”

ဒါပေမယ့် အခု မုန်တိုင်းဒဏ်ခံထားရတဲ့ မြစ်ဝကျွန်းပေါ်ဒေသဟာ သွားရေး
လာရေး အခက်အခဲရှိနေပြီး ကုလသမဂ္ဂအနေနဲ့ မော်တော်တွေ၊ ရဟတ်
ယာဉ်တွေကိုတောင် ဆက်ငှားရမ်းဖို့ အခက်ကြုံနေရပြီလို့ ပြီးခဲ့တဲ့လအတွင်း
ကပဲ ပြောခဲ့ပါတယ်။ ဒါကြောင့် အခု သူတို့လုပ်နေရတဲ့ ကယ်ဆယ်ရေး
လုပ်ငန်းဟာ အခြား ကုန်တင်ထရတ်ကားတွေနဲ့ အကူအညီ အထောက်အပံ့
တွေ ပို့ပေးရတဲ့ လုပ်ငန်းတွေထက် ပိုပြီး ရှုပ်ထွေးမှုရှိတယ်လို့လည်း WFP
ပြောခွင့်ရသူက ပြောဆိုသွားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

စွမ်းအားမြှင့် ကို အပြတ်ထောက်ခံတယ် (ဒေါက်တာ ကျားခင်စိန်)

Read this document on Scribd: I support brave students pdf5-7-2008

အပြည့်အစုံဖတ်လိုလျှင်

ရက်ပေါင်း ၁၂၀ မြောက်၊ မိုင် ၃၀၀၀ကျော် ခရီးရှည်ချီတက်ပွဲကြီး

Read this document on Scribd: the walk -- 120

အပြည့်အစုံဖတ်လိုလျှင်

လူမျက်နှာပျောက်တဲ့လူသား




လူအချင်းချင်း…..မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့ အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့မေတ္တာမဲ့တဲ့နှလုံးသားတွေ ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။

ငါတို့ခေတ်မှာ..ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့လောကပါလ ဟာ..
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေပျောက်နေကြပြီ။ ။
ဇေယျာသော်
၂၇.၆.၀၈

အပြည့်အစုံဖတ်လိုလျှင်

၄၆နှစ်မြောက် 7 July အမှတ်တရ


အပြည့်အစုံဖတ်လိုလျှင်

7 July အခမ်းအနားဖိတ်ကြားလွှာ

အပြည့်အစုံဖတ်လိုလျှင်

ကလေးငယ်များ ကျန်းမာရေးဆိုးဝါးနေပြီး လယ်သမားများ အခက်ကြုံနေရ

ဖြိုးကြီး။ ဇူလိုင် ၄၊ ၂၀၀၈

မုန်တိုင်းသင့်ဒေသများတွင် ကလေးငယ်များ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေလျှက်ရှိပြီး လယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများနှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့ နေရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်နယ်တ၀ိုက်တွင် ကလေးငယ်များမှာ သွေးလွန်တုတ် ကွေးရောဂါ ဖြစ်ပွားနေပြီး လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးများညံ့ဖျင်းမှုကြောင့် စိုက်ပျိုး နိုင်ခြင်း တစုံတရာမရှိသည့်အပြင် အလှူရှင်များ လာရောက်မှုမရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်သည်။

ပြင်ခရိုင်နယ်တ၀ိုက်ရှိ ကလေးငယ်များ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ဒေသခံတဦးက “အခုကျနော်တို့ရွာမှာ သွေးလွန်တုတ်ကွေးဖြစ်တာ ကလေး အယောက် ၂၀ ကျော်လောက်ရှိ တယ်၊ ငှက်ဖျားတိုက်ဖျက်ရေး၊ သွေးလွန်တုတ်ကွေးတိုက်ဖျက်ရေးအဖွဲ့တွေကတော့ လာတယ်၊ ဆေးတွေဖျန်းတာလောက်ပဲ ရှိတယ်”ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များဘက်မှာ တစုံတရာဆေးဝါးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ယနေ့ထိ လုပ်ဆောင်ပေးခြင်းမရှိကြောင်းနှင့် ပုဂ္ဂလိကအဖွဲ့စည်းအချို့ကသာ ကုသပေးနေရကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

ထို့အပြင် ဒေသခံလယ်သမားများအတွက် မျိုးစပါး တတင်းနှုန်းသာပေးထားပြီး အဆိုပါ မျိုးစပါး များမှာ ရေငံစပါးစိုက်ပျိုးသော ပြင်ခရိုင်ဒေသတွင်း စိုက်ပျိုး၍မရသည့် ရေချိုစပါးများဖြစ်နေ သောကြောင့် အခက်အခဲကြုံနေရကာ လယ်ယာမြေများ ထွန်ယက်သည့်နေရာတွင်လည်း အခက်အခဲများစွာ ရှိသည်ဟု လယ်သမားတဦးက ပြောသည်။

“သူတို့ပေးတဲ့စပါးက မပေါက်ဘူး၊ တချို့ကိုယ့်မျိုးနဲ့ကိုယ် ပျိုးထောင်ထားတာက အနည်းကျဉ်း တော့ ရှိတယ်၊ မစိုက်ရသေးဘူး၊ ကြဲခင်းတွေကတော့ လုံးဝမလုပ်ရသေးဘူး၊ လယ်ထွန်နေရတာ ကလည်း သူတို့ပေးတဲ့စက်တွေက မောင်းရင်ပျက်တာတွေနဲ့၊ ကောင်းတာကြတော့လည်း မောင်းရင် ဆီမရှိတာနဲ့ ဒုက္ခက မျိုးစုံပဲ၊ အဲလိုကိုဖြစ်နေတာ”ဟု အဆိုပါဒေသခံလယ်သမားက ပြောသည်။

ပြင်ခရိုင်နယ်အပိုင်တွင် ကျေးရွာပေါင်း (၁၂) ရွာရှိပြီး စပါးစိုက်ပျိုးမြေဧက (၂,၀၀၀) ကျော်ရှိကာ စိုက်ပျိုးမြေစုစုပေါင်း၏ (၉၀) ရာခိုင်နှုန်းမှာ ထွန်ယက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

စိုက်ပျိုးရေးအခြေအနေများအပြင် ယခုလက်ရှိ စားဝတ်နေရေးနှင့်ပတ်သက်၍ “စားဝတ်နေ ရေးက တော်တော်ကို ဒုက္ခရောက်နေတာ၊ ပထမကတော့ နည်းနည်းရ နည်းနည်းစားနေရတယ်၊ အခုတော့ အခက်အခဲကြုံတွေ့နေတယ်၊ ပုဂ္ဂလိကအလှူရှင်တွေ အရင်ကတော့လာတယ်၊ အခု မလာတာတော်တော်ကြနေပြီ၊ အဲလိုမလာကြတော့တာကလည်း သူတို့တွေကို အာဏာပိုင်တွေ ဘက်က ဟန့်တားတာတွေလုပ်လို့”ဟု ပြောသည်။

ထို့အပြင် သက်ဆိုင်ရာဒေသအာဏာပိုင်များက လေဘေးဒုက္ခသည်များအတွက် လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ပေးပို့ထားသည့် ဆန်များကို ပေးဝေခြင်းမရှိသည့်အပြင် ဆန်များက မိုးရေများစိုနေသောကြောင့် တိရိစ္ဆာန်ပင် စားနိုင်ခြင်းမရှိကြောင်းနှင့် လာရောက်လှူဒါန်းသည့် အလှူရှင်များကိုလည်း တားမြစ်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

ကိုထင်ကျော်ကို တရားရုံး မထုတ်ဘဲ ရမန်ပေး

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 04 2008 16:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဦးဆောင် ဆန္ဒပြခဲ့သူ အဖမ်းဆီးခံ ကိုထင်ကျော်အား ယမန်နေ့က အင်းစိန်ထောင်အတွင်း ၅ ကြိမ်မြောက် ရုံးချိန်းရက် ဖြစ်သော်လည်း ရုံးမထုတ်ဘဲ ယမန်ပေးခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့ဝင် ကိုထင်ကျော်အား အကျဉ်းထောင်အတွင်း အနောက်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး ဦးဌေးဝင်း ပြောင်းရွှေ့သွားရာ တရားသူကြီးအသစ် ရောက်မလာသေးသဖြင့် လာမည့် ဇူလိုင်လ ၁၆ ရက်နေ့သို့ ထပ်မံ၍ ရုံးချိန်းရက် ပေးလိုက်ခြင်း ဖြစ်သည်။

“သူ့ကို စစ်နေတဲ့ အနောက်ပိုင်းခရိုင် တရားရုံးရှေ့နေက ပြောင်းသွားတယ်။ သူ့နေရာကို နောက်လာမယ့် တရားသူကြီးက မလာသေးဘူးဆိုပြီး မစစ်ဖြစ်တာပါ” ဟု ကိုထင်ကျော်၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ကိုထင်ကျော်အား ၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် အတွက် ဆန္ဒပြတောင်းဆိုမှု၊ ၂ဝဝ၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်း စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုထားသည်။

အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ယူ စစ်ဆေးနေကာ လက်ရှိတွင် ပန်းပဲတန်း မြို့နယ်၌ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး သက်သေများကို စစ်ဆေးနေသည်မှာ မပြီးစီးသေးကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာစစ်အစိုးရက လောင်စာဆီ ဈေးနှုန်းများ အဆမတန် တိုးမြှင့်ခဲ့သည့်အပေါ် ဈေးနှုန်း ပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်နေ့တွင် တောင်းဆို ဆန္ဒပြရေးအတွက် ကိုထင်ကျော်က ပြည်သူများအား တိုက်တွန်းနှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့ သိမ်ကြီးဈေး ဆန္ဒပြပွဲတွင် သူ့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရှေ့နေ ဦးခင်မောင်ရှိန်က “ပြည်သူတယောက်က မကျေနပ်မှုကို တောင်းဆိုတာဟာ တကယ်တော့ ၁၂၄ (က) နဲ့ မငြိစွန်းဘူး။ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ကိစ္စ မဟုတ်ဘူးပေါ့နော်။ ကိုထင်ကျော်တို့က ဆန္ဒဖော်ထုတ်တာ ဖြစ်တဲ့အတွက်၊ ဒါတွေကလည်း အဖြစ်မှန် ဖြစ်တဲ့အပေါ်မှာ တောင်းဆိုတာ ဖြစ်တဲ့အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ မဟုတ်ဘူးဆိုတာကို အန်ကယ်တို့ ရုံးတော်မှာ လျှောက်ထားပါတယ်” ဟု ပြောသည်။

နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) သည် တသက်တကျွန်းနှင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ကျခံရနိုင်ပြီး၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် ကျနိုင်ရာ ပြစ်မှုမြောက်ခဲ့လျှင် အမြင့်ဆုံး နှစ် ၆ဝ နှင့် အနိမ့်ဆုံး ၆ နှစ် ကျခံရနိုင်သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ကိုထင်ကျော်သည် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ ဆန္ဒပြခဲ့သလို၊ အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးလည်း တောင်းဆိုဆန္ဒပြဖူးကာ တတိယအကြိမ်တွင် “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” ဟု ကြွေးကြော် အော်ဟစ်သဖြင့် ၃ ကြိမ်မြောက် စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံရသူ ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်း ရေလုပ်ငန်း နာလန်မထူနိုင်သေး

ဒေးဒရဲအပိုင် ပင်လယ်ဝ ကျေးရွာတခုမှ လှေပျက်စီးနေသည့် တံငါတဲတခု

NEJ/ ၄ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံလိုက်ရသည့် ဧရာဝတီတိုင်း၏ ရေလုပ်ငန်းသည် အချိန်တိုအတွင်း နာလန်ထူ နိုင်ဦးမည်မဟုတ်ဟု နိုင်ငံခြားသို့ ငါး၊ ပုစွန်တင်ပို့နေသည့် အအေးခန်းလုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ပြီးခဲ့တဲ့နှစ် ဇွန်လကဆို ကျနော်တို့အအေးခန်းစက်ရုံကနေ ဧရာဝတီတိုင်းထွက် တိုင်းဂါး ပုစွန်တွေ ပုံးပေါင်းရာနဲ့ချီ ပို့ခဲ့ရတယ်။ ဒီနှစ် မုန်တိုင်းဒဏ်ခံလိုက်ရလို့ (၂) လရှိလာတဲ့ အခုအချိန် အထိ ပုစွန်တွေ တက်လာတာ လုံးဝမရှိသေးဘူး။ လက်ရှိ ရခိုင်ပြည်နယ်ဘက်က တက်လာတဲ့ ပုစွန်တွေကိုပဲ ပြည်ပတင်နေရတယ်၊ ဧရာဝတီတိုင်းက ရေထွက်ကုန်ဟာ ပြည်ပပို့ ရေထွက်ကုန် စုစုပေါင်းရဲ့ (၈၀) ရာနှုန်းလောက်ရှိတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၏ ရေလုပ်ငန်းမှာ အဓိကအားဖြင့် တပိုင်တနိုင် ငါး၊ ပုစွန်ဖမ်းသူများက အများစု ဖြစ်ကြပြီး ၎င်းတို့ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို နီးစပ်ရာ အ၀ယ်ဒိုင်များသို့ သွားရောက်ရောင်း ချ အသက်မွေးကျောင်းပြုကြသူများဖြစ်သည်။

အဆိုပါ ရေလုပ်သားများနှင့် မိသားစုများသည် ပြီးခဲ့သည့်မေ (၂) ရက်နှင့် (၃) ရက်တွင် တိုက်ခတ် ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကာလအတွင်း နေအိမ်၊ ပစ္စည်းဥစ္စာများသာမက လုပ်ငန်းသုံး ပစ္စည်းကိရိယာများပါ ဆုံးရှုံးသွားခဲ့ကြသောကြောင့် လက်ရှိအချိန်အထိ နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များ၏ လှူဒါန်းမှုများဖြင့်သာ နေထိုင်စားသောက်နေကြခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် ရေလုပ်သား (၁၇,၈၇၆) ဦးသေဆုံးပြီး (၉,၆၁၂) ဦး ပျောက်ဆုံးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ကြေညာထားသည်။ ထို့အပြင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ ကမ်းဝေး
ငါးဖမ်းစက်လှေ၊ ဒေသခံ ကမ်းဝေးငါးဖမ်းစက်လှေ၊ ကမ်းနီးငါးဖမ်းစက်လှေ (စက်တပ်/စက်မဲ့) စုစုပေါင်း (၂,၀၈၈) စီး နစ်မြုပ်ခဲ့ပြီး ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းကိရိယာ ကျပ်သိန်း (၂,၇၆၀) ဖိုး ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ငါး၊ ပုစွန်၊ ကဏာန်းမွေးမြူရေးကန် စုစုပေါင်း (၃၈၇၁၆.၃၉) ဧက ပျက်စီးဆုံးရှုံးခဲ့ပြီ အအေးခန်းစက်ရုံများအနေဖြင့် ရန်ကုန်တိုင်းတွင် စက်ရုံ (၅၀) နှင့် ဧရာဝတီတိုင်းတွင် စက်ရုံ (၅) ရုံ ပျက်စီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အစိုးရ မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်မှ မုန်တိုင်းဒဏ်သင့်သူများကို ငွေချေးပေးမည်ဟုဆိုသော် လည်း အများစုသည် စက်လှေနစ်မြုပ်သည့် ကုမ္ပဏီကြီးများသာ ရရှိကြောင်း အဆိုပါ အအေးခန်း လုပ်ငန်းပိုင်ရှင်က ပြောသည်။

တနိုင်တပိုင် ငါးပုစွန်ဖမ်းနေသည့် အသေးစား ရေလုပ်သားမိသားစုအတွက် အခြေခံ လိုအပ်ချက် များဖြစ်သည့် လှေ၊ အင်ဂျင်၊ ငါးဖမ်းပိုက်များကို အစိုးရက အကြွေးစနစ်ဖြင့် ရောင်းချပေးမည် ဆိုသော်လည်း ယခုတိုင် တစီးတလေမှ ၎င်းတို့လက်ဝယ်ရောက်ရှိခြင်း မရှိသေးကြောင်း ဧရာဝတီ တိုင်းမှ ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူ အများစုက ပြောသည်။

အစိုးရပိုင် သတင်းစာများတွင်မူ မုန်တိုင်းဒဏ်ခံရသည့် ရေလုပ်သားများအတွက် စက်မပါသည့် ငါးဖမ်းလှေတစီး ကျပ် (၂) သိန်း၊ စက်အပါ ကျပ် (၄) သိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာ ထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ယာဉ်ကြောမပိတ်ဆို့ရေး စီမံချက်ကြောင့် ယာဉ်ကြောများပိတ်ဆို့ခဲ့

NEJ/ ၄ ဇူလိုင် ၂၀၀၈

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး စီမံချက်သစ် စတင်ခဲ့မှုကြောင့် ယမန်နေ့၌ ခရီးသည်တင်ယာဉ်များ ယာဉ်ကြောပိတ်ဆို့ကုန်ကာ နေ့တွက်မကိုက်ဖြစ်ကြရသည်ဟု သိရသည်။

မော်တော်ယာဉ်လိုင်းကားများကို ယာဉ်ကြောတကြောတည်း အသုံးပြုစေရန် ယာဉ်ထိန်းရဲများက ကြီးကြပ်လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်ကြောင်း ခရီးသည်တင် ယာဉ်မောင်းများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မှတ်တိုင်မှာ ခရီးသည်စောင့်ပြီး တင်ရမှာ ရဲတွေရှိနေတော့ တင်လို့မရဘူးဖြစ်နေတယ်။ ခရီးသည် က (၁၀) ဦးတက်မယ်ဆိုရင် (၃) ယောက်လောက်ပဲ ပြေးလွှားတက်ရတယ်။ ရပ်၊ တင်၊ ချ လုပ်တာ အချိန်ပိုမြန်ပေမယ့် ယာဉ်လိုင်းတွေအတွက် ယာဉ်ကြောတကြောစာပဲ ပေးထားတော့ ရှေ့ကားကို ကျော်တက်လို့လည်းမရဘူး။ တစီးနောက်ကနေ တစီးလိုက်နေရလို့ တနေ့ကို (၆) ကြောင်း (သွား၊ ပြန်) ဆွဲနေတဲ့ကားတွေ (၃) ကြောင်းအနိုင်နိုင်၊ ပိုက်ဆံကျတော့ အဆင်မပြေဘူးပေါ့” ဟု (၁၀၅) ဒိုင်နာကား မောင်းနှင်သူတဦးက ပြောသည်။

ယခုချမှတ်ဆောင်ရွက်နေသော ယာဉ်ကြော မကျပ်တည်းရေး စီမံချက်မှာ ရန်ကုန်တိုင်း တိုင်းမှူး အသစ်ဖြစ်သော အမှတ် (၇၇) တပ်မဌာချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့် ရောက်ရှိပြီး နောက်ပိုင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ချမှတ်သော စီမံချက်အသစ်ဖြစ်သည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ယာဉ်ထိန်းရဲတဦးက ပြောသည်။

“အခု ဒီစီမံချက်ကို စမ်းသပ်ကာလအဖြစ် ထားရှိဆောင်ရွက်နေတာဖြစ်တယ်။ အောင်မြင်မှုရှိရင် ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောသည်။

မော်တော်ယာဉ်လိုင်းကားများကို ယာဉ်ကြောတကြောတည်းမှာ အသုံးပြုစေရန် ကြီးကြပ်နေသော ယာဉ်ထိန်းရဲများမှာ ပန်းဆိုးတန်းမှတ်တိုင်မှ ကုန်ဈေးတန်း (သိမ်ကြီးဈေးမှတ်တိုင်) ထိရှိပြီး ယာဉ် များမှာလည်း ပန်းဆိုးတန်းကားမှတ်တိုင်မှ သိမ်ကြီးဈေးမှတ်တိုင်ထိ စီတန်းစောင့်ဆိုင်းနေရ သည်ဟု ခရီးသည်တဦးက ပြောသည်။

အချို့ယာဉ်လိုင်းများက သည်းမခံနိုင်၍ ကျော်တက်ပါက ထိုယာဉ်ကို နံပါတ်မှတ် အရေးယူရန် မှတ်သားဖမ်းဆီးအဖွဲ့ကလည်း လမ်းမ၏ တဖက်တွင် ရှိနေသည်ဟုလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းတွင် နေထိုင်သူတဦးက ယခုတိုင်းမှူးအသစ် ချမှတ်သည့် စီမံချက် သစ်ကြောင့် လိုင်းကားများ ဒုက္ခရောက်ကုန်ကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် လိုင်းကားစီးသူများနှင့် ဈေးသည်များကို စည်းကမ်းတကျ ကြပ်မတ်ရန် လိုအပ်ကြောင်း ပြောသည်။

၎င်းက “ရန်ကုန်မြို့တွင်း အ၀င်လမ်းတွေထဲက အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းတွေမှာ လိုင်းကားစီးသူများတယ်။ အဓိက ပန်းဆိုးတန်း မှတ်တိုင်ပေါ့။ အဲဒီမှတ်တိုင် ပလက်ဖောင်းမှာ ဈေးသည်တွေရှိတယ်။ ဈေးသည်တွေကြောင့် ခရီးသည်တွေက လမ်းပေါ်ကို ဆင်းပြီး ကား ရပ်စောင့်တယ်။ ကားတွေက ခရီးသည်တွေကို ရှောင်ရတယ်၊ တစီးနဲ့တစီး ကျော်တက်တယ်၊ ခရီးသည်ခေါ်တင်တယ်၊ ဒါကြောင့် ယာဉ်ကြောကျပ်တယ်။ အမှန်ဆိုရင် ဘတ်စ်ကားမှတ်တိုင် ပလက်ဖောင်းပေါ်မှာ လူတွေ ကားစောင့်တဲ့အကျင့် လုပ်ပေးရမယ်။ ဈေးသည်တွေကိုလည်း အခြားနေရာ တခုခုမှာ စီစဉ်ပေးသင့်တယ်” ဟု ရှင်းပြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်မြို့များ၌ အိမ်ငှားခ သိန်းချီဈေးကောင်းရနေ

ပီတာအောင်/ ၄ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေးမြို့ပေါ်၌ အန်ဂျီအိုများက လေဘေးအကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ငှားရမ်းနေထိုင်သဖြင့် လုံးချင်းအိမ်ငှားခများ သိန်းနှင့်ချီ၍ ဈေးကောင်းရနေကြောင်း ဒေသခံတို့က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လပွတ္တာမြို့ခံတဦးက “မြို့ပေါ်မှာ အန်ဂျီအိုတွေ နင်းကန်လာတဲ့အခါကျတော့ အိမ်တွေ တော်တော် များများ ငှားလိုက်ကြရတယ်။ ဈေးကောင်းပေးတယ်။ (၇) သိန်း၊ (၈) သိန်း၊ (၉) သိန်း၊ (၁၂) သိန်း အဲလောက်ထိပေးကြတယ်။ အိမ်သေးကျတော့ (၂) သိန်းတန်၊ (၄) သိန်းတန်စသဖြင့် ၀န်ထမ်းတွေ စုနေကြဖို့ အန်ဂျီအိုက ငှားပေးထားတယ်။ နဂိုက ဒီဈေး ဘယ်ရမလဲ၊ အန်ဂျီအိုတွေလာမှ ဈေး ကောင်းသွားတာ။ အရင်တုန်းကဆိုရင် လေးငါးခြောက်သောင်းဆို ရပြီ။ အခုသိန်းကျော်ဖြစ်သွားပြီ” ဟု ပြောသည်။

အိမ်ငှားနေသည့် အဖွဲ့အစည်းများတွင် German Agro Action၊ Save the Children၊ World Vision, UNDP စသည့် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပြည်တွင်းကုမ္ပဏီအချို့ ပါဝင်သည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကာလရှည် ဆောင်ရွက်လုပ်ကိုင်ရမည် ဖြစ်၍ ရုံးခန်းများ ဖွင့်လှစ်ရန်နှင့် နေထိုင်ရန် (၆) လ၊ (၁) နှစ် စသဖြင့် ငှားရမ်းနေကြခြင်းဖြစ်သည်။

အိမ်ငှားခများနည်းတူ တည်းခိုခန်းခများလည်း မူလက တနေ့လျှင် ကျပ် (၁,၀၀၀)၊ (၁, ၅၀၀) ရှိရာမှ အမျိုးအစားပေါ်လိုက်၍ ကျပ် (၂,၀၀၀) မှ (၄,၀၀၀) ထိ ဈေးတက်ကုန်ပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်သည့် ကယ်ဆယ်ရေးအဖွဲ့များဖြင့် ပြည့်နှက်နေကြောင်း၊ အရက်ဆိုင်နှင့် စားသောက် ဆိုင်များလည်း အရောင်းအ၀ယ်ကောင်းကြောင်း သိရသည်။

အလားတူ ဘိုကလေးမြို့ရှိ တတိယလမ်းနှင့် ဒုတိယလမ်းကဲ့သို့ မြို့၏ အချက်အချာကျသော နေရာများ၌ လုံးချင်းအိမ်ငှားခများ ဈေးကောင်းနေပြီး အိမ်အမျိုးအစားကိုလိုက်၍ တလလျှင် ကျပ်ငွေ (၄) သိန်းမှ (၁၀) သိန်းကျော်ထိ ဈေးကောင်းရနေသည်ဟု မြို့ခံတို့က ပြောသည်။

မြို့ပေါ်၌ အန်ဂျီအိုအဖွဲ့များ မှိုလိုပေါက်နေသော်လည်း မြို့ခံလူထုအနေဖြင့် အိမ်ပြန်ပြင်ရန် သွပ်တချပ်ပင် အကူအညီမရ ဖြစ်နေပြီး နေအိမ်များ ပြန်ပြင်မဆောက်နိုင် ဖြစ်နေကြရကြောင်း အခြားဘိုကလေးမြို့ခံတဦးက ပြောသည်။

မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့ပေါ်ရှိ လူနေအိမ် (၉၀) ရာခိုင်နှုန်းခန့် အမိုးလန်ကုန်ပြီး (၅၀) ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးကာ (၂၀) ရာခိုင်နှုန်းခန့် ပြိုလဲသွားခဲ့သည်ဟု မြို့ခံအန်ဂျီအိုနှင့် နီးစပ်သူတဦးက ပြောသည်။

ဘိုကလေးမြို့သည် မြို့အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လယ်သမားများနှင့် အခြေခံလူ တန်းစားများကို အားပြု၍ ရောင်းဝယ်ဖောက်ကား စီးပွားဖြစ်နေသည့်မြို့ဖြစ်ပြီး မုန်တိုင်းကြောင့် လယ်သမားများ အတိဒုက္ခရောက်ကုန်ကြသဖြင့် မြို့ပေါ်၌ စီးပွားရေး လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ အရောင်းအ၀ယ် နည်းပါးလျက်ရှိသည်။

ဘိုကလေးမြို့ခံတဦးက “အရင်တုန်းက မြို့မှာ လုံးချင်းငှားနေတာ သိပ်မရှိကြပါဘူး။ အခန်း လောက်ပဲငှားနေကြတာ။ အိမ်ငှားခ အများဆုံး (၃) သောင်းလောက်ပဲရှိတာ။ အခု ငှားတယ်ဆိုတာ မုန်တိုင်းဒဏ်မထိတဲ့အိမ်တွေက အိမ်ပိုင်ရှင်တွေက လုပ်ငန်းပျက်၊ စီးပွားပျက်ဆိုတော့ သူတို့အိမ်ကို ပြန်ငှားစားတာပေါ့။ ဒါပေမယ့် ဘိုကလေးမြို့ပေါ်မှာ အိမ်ငှားရတဲ့လူကလည်း လက်ချိုးရေလို့ ရပါတယ်။ အလုံး (၂၀) လောက်ပဲရှိတယ်” ဟု ပြောသည်။

နေအိမ်များကို ငှားစားသူတို့အနက် အချို့ဆွေမျိုးများနှင့် သွားနေကြပြီး အချို့က နေအိမ် နောက် ဖေး၌ပင် အဖီထိုးကာနေကြ၍ အချို့က ဈေးသက်သာသည့် အိမ်ငှားနေကာ ပြောင်းရွှေ့နေထိုင်ကြ ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံအား ငွေချေးမှုနှင့် ပတ်သက်ပြီး တရားသူကြီးများ ခုံသမာဓိဖွဲ့

NEJ/ ၄ ဇူလိုင် ၂၀၀၈

ထိုင်း သွင်းကုန်ထုတ်ကုန်ဘဏ်မှ မြန်မာနိုင်ငံကို ဘတ် (၄) ဘီလီယံ ချေးသည့်ကိစ္စနှင့် ပတ်သက်ပြီး အမှုတင်သွင်းရေး၊ မတင်သွင်းရေးအတွက် ဆုံးဖြတ်ရန် တရားသူကြီး (၉) ဦးကို ယမန်နေ့က ရွေးချယ်လိုက်ကြောင်း ယနေ့ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတော်တရားရုံးချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ၀ီရတ် လင်ဝီချိုင်းက တရားသူကြီးများ ခုံသမာဓိအဖွဲ့ ဖွဲ့ရန်အတွက် ယမန်နေ့က တရားသူကြီး (၉) ဦးကို ရွေးချယ်ရန် တရားရုံးချုပ်အစည်းအဝေး
ခေါ်ယူခဲ့သည်။ ခုံသမာဓိအဖွဲ့တွင် ဒု-တရားရုံးချုပ် ဥက္ကဋ္ဌ (၂) ဦး၊ တရားရုံးချုပ် ဌာနခွဲ အကြီး
အကဲ (၅) ဦးနှင့် ၀ါရင့်တရားရုံးချုပ် တရားသူကြီး (၂) ဦးတို့ ပါဝင်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝါထရာအား ကိုယ်ကျိုးရှာမှု၊ အာဏာအလွဲသုံးစားလုပ်မှု တို့နှင့် ပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီမှ တရားစွဲဆိုထားချက်ကို လက်ခံသင့်၊ မခံသင့် ဇူလိုင် (၃၀) ရက်တွင် ထိုခုံသမာဓိအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း အခြေခံဆက်သွယ်ရေး တိုးတက်မှုအတွက် မြန်မာအစိုးရကို သွင်းကုန်ထုတ်ကုန် ဘဏ်မှ ထိုင်းဘတ်ငွေ (၄) ဘီလီယံချေးငှားရန် တပ်ဆင်က ထောက်ခံပေးခဲ့ပြီး နောက်ဆုံးတွင် အမှန်တကယ် အကျိုးအမြတ်ရသွားသူမှာ တပ်ဆင်ပိုင်သည့် တယ်လီကွမ်းလုပ်ငန်းပင် ဖြစ်သွား ကြောင်း ပိုင်ဆိုင်မှုစစ်ဆေးရေးအဖွဲ့က စွဲဆိုထားသည်။

အမျိုးသားဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေးအတွက် မြန်မာအစိုးရသည် ထိုင်းသွင်း ကုန် ထုတ်ကုန်ဘဏ်မှ ထိုငွေကို ချေးယူခဲ့ပြီး လိုအပ်သည့် ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင် မိသားစု အစုရှယ်ယာ အများဆုံးပိုင်သော ရှင်းဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ပိုင်ဆိုင်မှု စစ်ဆေးရေးကော်မတီက ဆိုထားသည်။

၂၀၀၄ ခုတွင် ထိုင်းအစိုးရပိုင် ထုတ်ကုန်သွင်းကုန်ဘဏ်မှ မြန်မာနိုင်ငံသို့ ငွေထုတ်ချေးခဲ့ခြင်းသည် ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ တပ်ဆင်မိသားစုပိုင် ရှင်းဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီအတွက် အကျိုးအမြတ် ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၂၀၀၆ ခု စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် ပိုင်ဆိုင်မှု စစ်ဆေးရေးကော်မတီက ဆုံးဖြတ် ခဲ့သည်။

(၁၂) နှစ်ကြာ ငွေထုတ်ချေးမှုတွင် ထိုင်းနိုင်ငံထွက် ပစ္စည်းများ သုံးသည့် အစိုးရဆောက်လုပ် ရေးနှင့် ကြေးနန်းဆက်သွယ်ရေး စီမံကိန်းများ ပါဝင်ပြီး (၅) နှစ်အထိ နှစ်ပတ်လည်အတိုးနှုန်း (၃) ရာခိုင်နှုန်းနှင့် ပေးဆပ်ရန်လည်း ခွင့်ပြုထားသည်။

ငွေထုတ်ချေးမှုသည် ထိုင်းစစ်အစိုးရ အာဏာသိမ်းချိန်တွင် ဆိုင်းငံ့သွားပြီး ယခု တပ်ဆင်၏ မဟာမိတ်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆန်ဒါရာဝပ်က မြန်မာစစ်အစိုးရအား ချေးရန် ကျန်ရှိသည့်ငွေများကို ဆက်လက်ထုတ်ချေးရန် ပြီးခဲ့သည့် မတ်လအတွင်း၌ ဆုံးဖြတ်ခဲ့သည်။
တပ်ဆင်သည် ချေးငွေကိစ္စကို မြန်မာစစ်ခေါင်းဆောင်များနှင့် တရားမ၀င် ဆွေးနွေးညှိနှိုင်း၍ ငွေချေးရန် ကတိပေးခဲ့ခြင်းဖြစ်ပြီး ချေးငွေပမာဏကိုလည်း တိုးပေးခဲ့ကာ အစိုးရ၏ ထောက်ခံ ချက်မပါဘဲ အတိုးနှုန်းကို လျှော့ချခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

စိန်ခေါ်မှုများကို အန်တုသူ

ဇင်လင်း
၂၀၀၈ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ဆိုလျှင် အင်းစိန် ထောင်၌ မတရားထောင်ချခံထားရသူ ဆရာဦးဝင်းတင်သည် ထောင်သက် (၁၉) နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ လူသတ်မှုဖြင့် ထောင်တသက် တကျွန်း ကျနေသူများပင် ထောင်တွင်း ဆုမှတ်ရက် လျှော့ရက်များ ခံစားခွင့်ရသဖြင့် (၇) နှစ်သာသာ လောက် ထောင်တွင်း၌ နေသားရလျှင် ထောင်မှ လွတ်မြောက်ကြသည်။ ဆရာသည် နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်ခဲ့သူတဦး မဟုတ်သလို အာဏာရှင်တို့အား လုပ်ကြံရန်လည်း အိပ်မက်မျှ မက်ခဲ့သူမဟုတ်။ ဆရာသည် သတင်းစာသမားပီပီ တိုင်းပြည် လူထု တွေ့ကြုံ ခံစားနေရသော ဒုက္ခဆင်းရဲတို့ကို နှလုံးရည်ဖြင့် ကယ်တင်ရန် ကြိုးစား အားထုတ်သူမျှသာဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းပြည်ပြဿနာများကို အကြမ်းမဖက်သည့်နည်း (နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာသည့်နည်း) ဖြင့် အဖြေရှာလိုသူ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲမိခြင်း ဖြစ်ပေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆရာဦးဝင်းတင်ကဲ့သို့သော နှလုံးရည်သမားတဦးကို ငြိုးသူရန်ဖက်သဖွယ် ဆယ်စုနှစ် (၂) စုနီးပါး ထောင်သွင်း အကျဉ်းချထားရက်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ “သူရသတ္တိ” ကား အံ့စရာကောင်းလှ ပေသည်။ အကယ်သာ စစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ် ချစ်သည်ဆိုလျှင် “ပြည့်မျက်စိ”၊ “ပြည့်နား”၊ ပြည့်ဦးနှောက်” သဖွယ်ဖြစ်သော သတင်းစာဆရာ စာရေးဆရာ ပညာရှင်များကို ဖမ်းဆီးထောင်ချမည့်အစား နေရာပေး စကားပြောဆို ဆွေးနွေးခွင့် ပေးရပေမည်။
ဆရာသည် စာရေးဆရာ သတင်းစာဆရာအဖြစ် နှစ်ပေါင်း (၃၀) ကျော် တိုင်းပြည်နှင့် လူမျိုးကို အလုပ်အကျွေးပြုခဲ့သည်။ သူ နေထိုင် ကျင်လည်ရာ လူမှုပတ်ဝန်းကျင်ရှိ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း လုပ်ဖော် ကိုင်ဖက်များကိုလည်း စိတ်စေတနာ ပြည့်ဝစွာ ကူညီထောက်ပံ့လေ့ ရှိသည်မှာ သူ၏ ထူးခြားထင်ရှားသည့် စရိုက်သဘာဝဖြစ်သည်။ ထို့ကြောင့် ဆရာသည် လူချစ် လူခင်များသူ ဖြစ်ပေသည်။ ဆရာသည် သူ့ လူမှုပတ်ဝန်းကျင်တွင် အကူအညီလိုနေသူ မည်သူ့ကို မဆို မျက်နှာစိမ်း မျက်နှာကျက် မရွေး ကူညီတတ်သူ ဖြစ်သည်။ အထူးသဖြင့် သူအလုပ်လုပ်သည့် သတင်းစာတိုက်မှ လုပ်ဖော်ကိုင်ဖက် အလုပ်သမား မိသားစုများ၏ စားဝတ်နေရေး အခက်အခဲ များကို သူ့အိတ်ထဲမှ စိုက်ထုတ်ကူညီလေ့ရှိသည်။ သူ ရရှိသည့်လစာ ၀င်ငွေကို သူ့အတွက် သုံးစွဲသည်က နည်း၍ အခြားလိုအပ်နေသူ မိတ်ဆွေများ လုပ်ဖော်ကိုင်ဖက်များအတွက် သုံးစွဲသည်က များပေသည်။ ထို့ကြောင့် ဆရာဦးဝင်းတင်၏ နေထိုင်စားသောက်မှု ဘ၀ပုံသဏ္ဌာန်ကို အာဏာရှင်ဘက်သားတို့က “ဘုံဝါဒ” သမားအဖြစ် ကင်ပွန်းတပ်ကြခြင်းဖြစ်သည်။ ဆရာ့ကို ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြခြင်းဖြစ်သည်။ ဗိုလ်အောင်ကြီးကပင်လျှင် ဆရာ့အား ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်ကို မှတ်မိကြမည် ထင်ပါသည်။
အမှန်တွင်မူ ဆရာ့စိတ်နေ စိတ်ထားမှာ “သူတော်စင်” တဦးကဲ့သို့ ဖြူစင်နေခြင်းဖြစ်သည်။ ဆရာသည် သူ့တကိုယ်ရေ တကာယအတွက် ခြိုးခြံစွာနေတတ်သူဖြစ်၍ အ၀တ်အစား၊ အသုံး အဆောင်မှအစ ငွေကြေးအဆုံး အခြားလိုအပ်နေသူများကို ဝေမျှစွန့်ကြဲတတ်သည်မှာ ၀ါသနာ တခုလိုပင် ဖြစ်သည်။ အလွန် ကျဉ်းကျပ်သည့် ထောင်ထဲမှာပင် ဆရာသည် သူ၏ ထောင်ဝင်စာတွင် ပါရှိလာသော အသုံးအဆောင် အစားအသောက်များကို အခြားလိုအပ်နေသူများအား မျှဝေ စွန့်ကြဲလေ့ ရှိပေသည်။ ရံဖန်ရံခါ သူ့အတွက် အမှန်တကယ် လိုအပ်သည့် အာဟာရဖြစ်မည့် အစားအသောက်နှင့် ဆေးဝါးများကိုပင် ဝေမျှတတ်သဖြင့် ဘေးမှ ရဲဘော်များက ၀င်ရောက် ဟန့်တားကြရသည်။ သို့တိုင်အောင် ဆရာက အပြုံးမပျက်ဘဲ “ဝေလိုက်ပါဗျာ၊ ကျနော်လည်း နေကောင်းနေတာပဲ၊ အသည်းအသန်ကြီး ဖျားနာနေတာမှမဟုတ်ဘဲ” ဟု ပြောတတ်သည်။ နောက်ဆုံး ဆရာ စိတ်ချမ်းသာအောင် သူပြောသည့်အတိုင်း ခွဲတမ်းချ ဝေမျှပေးရမြဲဖြစ်သည်။
အမှန်ဆိုလျှင် ဆရာ့ကျန်းမာရေးမှာ ဒေါင်ဒေါင်မည်မဟုတ်ပါ။ အရိုးကျည်းပေါင်းတက် ရောဂါကြောင့် လည်ပင်းတွင် အမြဲတစေ ဒေါက်ချာ စွပ်ထားရသည်။ နှလုံးရောဂါအတွက်လည်း အမြဲ ဆေးစား နေရသည်။ ဆီးရောဂါ ခံစားနေရရုံမက အူကျဝေဒနာကိုလည်း အာဏာပိုင်များက လျစ်လျူပြု ထား၍ လက်တဖက်နှင့် အမြဲဖေးမထားရပါသည်။ အကျဉ်းထောင်တိုက်ထဲတွင် နေရောင်၊ လေကောင်းလေသန့်၊ ရေကောင်းရေသန့် မရသဖြင့်လည်း အာဟာရချို့တဲ့မှု ရှိပါသည်။ အကျိုး ဆက်မှာ ဆရာ့မျက်စေ့များ မှုန်ဝါးနေပြီ။ အပေါ်သွားများ လုံးဝမရှိရှာတော့။ အောက်သွားလည်း သွားလေးငါးချောင်းသာ ကျန်တော့သည်။ သို့တိုင်အောင် ဆရာသည် စာရေးသောက်ရေးနှင့် ပတ်သက်လာလျှင် ဘ၀တူရဲဘော်များအတွက်သာ ကြည့်၍ သူ့အတွက် စဉ်းစားလေ့မရှိပါ။ စစ်အာဏာပိုင်များနှင့် ပတ်သက်လျှင်ကား သူ့ရပ်တည်ချက် ယုံကြည်ချက်တို့ကို မြူမှုံမျှပင် အပွန်းအပဲ့ ခံတတ်သူမဟုတ်ပါ။ ဤသည်ပင် နိုင်ငံရေးအကျဉ်းသားများက ဆရာ့အပေါ် အထူးလေးစား ချစ်ခင်ရသည့်အကြောင်းဖြစ်သည်။
ထောင်ထဲတွင် ထောင်ဝင်စာ လုံးဝမလာနိုင်သူများ၊ (၂) လ (၃) လမှ တကြိမ်လာတတ်သူများ၊ ထောင်ဝင်စာလာသော်လည်း ချို့တဲ့သူများ စသည်တို့ကို ဆရာက အသေအချာ မှတ်သားထား တတ်သည်။ သူ ထောင်ဝင်စာတွေ့ပြီး ပြန်လာသည်နှင့် အဆင်သင့်သူ ရဲဘော်တဦးကို အကူအညီ တောင်း၍ အစားအသောက်များကို ခွဲတမ်းချ အထုပ်ကလေးများ ထုပ်စေသည်။ လူပုဂ္ဂိုလ်တဦးချင်း အတွက် လိုအပ်ချက်နှင့် ဆီလျော်အောင် ဟင်းလျာ၊ မုန့်ပဲသွားရေစာ၊ သစ်သီး၊ ဆေးဝါး စသည် များကို အထုပ်ငယ်များ ထုပ်၍ မျှဝေပေးသည်။ သူ့အတွက် အနည်းငယ်သာ ချန်တတ်သည်။ စစ်အာဏာရှင်၏ အကျဉ်းတိုက်ထဲ၌ ထိုကဲ့သို့ ကိုယ့်အတ္တကို ချိုးနှိမ်ကာ ခြိုးခြိုးခြံခြံ ဝေမျှ စားသောက်နိုင်ရေး ကိစ္စသည် ပြောသလောက် လွယ်သည့်ကိစ္စမဟုတ်ပေ။ အခက်အခဲ အကျပ်အတည်းကြီးလေ “အတ္တစိတ်က တိုးထွက်လာတတ်လေလေ” ဖြစ်သည်။
တိုက်ခန်းတခန်းထဲတွင် နှစ်ယောက်အတူ ပိတ်ထားခြင်းခံနေရသော်လည်း မိမိ၏ ထောင်ဝင်စာ ရိက္ခာကို အခန်းဖော် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ချင်း ဝေမျှ မကျွေးနိုင်သူများ ရှိခဲ့သည်ဟုဆိုလျှင် တချို့က ယုံချင်မှ ယုံပါလိမ့်မည်။ ပို၍အံ့သြစရာကောင်းသည်မှာ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” ဝေမျှ မစားနိုင်သူများက နိုင်ငံရေး ဆွေးနွေးကြသောအခါ “ကိုယ်ကျိုးစွန့်ရေး” “အနစ်နာ ခံရေး” ဆိုသော ဝေါဟာရများကို ထပ်တလဲလဲ ပြောတတ်ကြသည်။ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” အတွက်နှင့် ကိုယ့်ရဲဘော်ကို သစ္စာဖောက်ကာ အာဏာပိုင်၏ သတင်းပေးဖြစ်သွားကြသူများ လည်းရှိသည်။ ထို့ကြောင့် ထောင်အတွင်း အခြေအနေ စရိုက်သဘာဝနှင့် အခက်အခဲများကို သိမှသာ ဆရာဦးဝင်းတင်၏ စိတ်နေစိတ်ထား မွန်မြတ်လှပုံကို သိနိုင်ပေမည်။ ဆရာနှင့် အကျဉ်း ထောင်တိုက် တခုတည်းတွင် အတူနေဖူးကြတော့မှ ဆရာ့ကို အာဏာပိုင်တို့က ဘာကြောင့် ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြသည်ကို နားလည်လာရသည်။ အမှန်တွင် ဆရာသည် “လူသား ဆန်လွန်းသူ” “လူပီသလွန်းသူ” ပုဂ္ဂိုလ်တဦးဖြစ်သဖြင့် သူနှင့် ဆက်ဆံဖူးသူများက သူ့ကို ချစ်ခင် လေးစားသွားခြင်းဖြစ်ပေသည်။ ထို့ကြောင့် လူအများ၏ စက်ဆုတ်ရွံရှာခြင်းခံရသူ အာဏာရှင်တို့က ဆရာ့ကို လူအများ အထင်အမြင်လွဲမှားအောင် ၀ါဒဖြန့်ခဲ့ကြပုံရပေသည်။
လူတဦးကို လူအများက လေးစားချစ်ခင်သည်ဆိုခြင်းမှာ အကြောင်းမဲ့ဖြစ်နိုင်သည် မဟုတ်ပေ။ ဆရာ ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်လူထုကပါ ချစ်ခင်လေးစားဖို့ဆိုသည်က ပို၍ပင်မလွယ်ပါ။ လူထု၏ချစ်ခင်လေးစားမှုကို ငွေပေးဝယ်၍ ရနိုင်သည်မဟုတ်သကဲ့သို့၊ သေနတ်နှင့်ချိန်၍ လေးစားခိုင်းသော်လည်း မရနိုင်ပါ။ ဤသည်မှာ လူတဦး၏ တသက်တာ နေထိုင်စားသောက်မှုနှင့် တကွ ကိုယ့်ကျင့်သီလတို့နှင့်ပါ သက်ဆိုင်သည့် ကိစ္စဟု ဆိုရပေမည်။
ဆရာ့ နောက်ကြောင်းကို တစေ့တစောင်းမျှ လေ့လာကြည့်လျှင် လူထုက ဘာကြောင့် ဆရာ့အား လေးစားကြသည်ကို နားလည်သဘောပေါက်နိုင်လိမ့်မည် ထင်ပါသည်။ ဆရာဦးဝင်းတင်၏ ဇာတိမှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ဖြစ်သည်။ အဖ ဦးပုနှင့် အမိ ဒေါ်အမာတို့မှ ၁၉၃၀ ပြည့် မတ်လ (၁၂) ရက်နေ့တွင် မွေးဖွားခဲ့၍ ယခုနှစ် မတ်လတွင် (၇၈) နှစ်ပြည်ပြီးခဲ့ပြီဖြစ်သည်။ ဆရာသည် ငယ်စဉ်ကပင် စာဖတ်ဝါသနာ ထုံခဲ့သူဖြစ်သည့်အလျောက် စာပေဗဟုသုတကြွယ်ဝသူဖြစ်သည်။ အသက် (၂၀) အရွယ် တက္ကသိုလ် တက်နေစဉ်မှာပင် တဘက်၌ သတင်းထောက်တပိုင်း ဖြစ်နေခဲ့ပြီ။ ဆရာသည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။
ဝိဇ္ဇာဘွဲ့ရသည့် ၁၉၅၃ ခုနှစ်တွင် Agence France-Presse (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ ဆရာသည် သူစိတ်အားထက်သန်သည့် သတင်းစာပညာနှင့် စာရေးခြင်းကိစ္စ၌သာ အာရုံစူးစိုက်၍ ကြိုးစား အလုပ်လုပ်ခဲ့သည်။ အသက် (၂၀) အရွယ်မျှနှင့် စာပေဗိမာန်တွင် လက်ထောက်အယ်ဒီတာဖြစ်နေပြီ။ (၂၃) နှစ်တွင် (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်း အယ်ဒီတာဖြစ်နေပြီဆိုသည်ကို ကြည့်လျှင် ဆရာ၏ ပညာထူးချွန်မှုကို သိနိုင်ပေသည်။
ထို့ကြောင့်ပင် ၁၉၅၄ မှ ၁၉၅၇ ခုနှစ်ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ဂျမ်ဘာတန်မှာပင် ပညာဆည်းပူးရင်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် “အကြံပေးအယ်ဒီတာ” အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ မအားလပ်သည့် ကြားမှပင် မြန်မာနိုင်ငံသတင်းများ စုဆောင်း၍ ကိုယ်တိုင်ဘာသာပြန် တည်းဖြတ် လက်နှိပ်စက်ရိုက်၍ “ဒို့ပြည်သတင်း” ဆိုသည့် သတင်းစာ စောင်ရေ (၅၀၀) ခန့်ကို ကိုယ့်အိတ်ထဲမှ ငွေကြေးစိုက်ထုတ်ကာ ထုတ်ဝေခဲ့သည်။ ထိုသတင်းစာကို ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေသည့်အလုပ်ကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့်အချိန်ထိ လုပ်ဆောင်ခဲ့သည်။ တော်ရုံတန်ရုံ ဇွဲလုံ့လနှင့် ပညာလည်းသင် အလုပ်လည်း လုပ် တဘက်တွင်လည်း စေတနာ့ဝန်ထမ်း သတင်းစာထုတ် စသည်တို့ကို တပြိုင်နက်လုပ်နိုင်မည် မဟုတ်ပေ။ ယနေ့ခေတ် လူငယ်များ အတုယူဖွယ်ဖြစ်သည်။
၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူ ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရပြီးနောက်၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပနှင့် အာရှနိုင်ငံများစွာသို့ သတင်းစာဆရာတယောက်အဖြစ် လေ့လာရေး ခရီးဆန့်ခဲ့သည်။
ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူစဉ် မြန်မာစာပေ လှုပ်ရှားမှုအတွက် အရေးပါသော “မန္တလေး စနေစာဖတ်ဝိုင်း” ကို ဦးဆောင် ကျင်းပခဲ့သူတဦးလည်း ဖြစ်ခဲ့သည်။ ထို စနေစာပေ၀ိုင်းတွင် လူထုဦးလှ၊ လူထုဒေါ်အမာ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) အစရှိသော ထင်ရှားသည့် စာပေကဗျာပညာရှင်များ တက်ရောက် စာတမ်းဖတ် ဆွေးနွေးခဲ့ကြသဖြင့် မဆလအာဏာရှင်တို့၏ မျက်မာန်ရှခြင်း ခံခဲ့ရပေသည်။ ၁၉၇၈ ခုနှစ်၌ မဆလအစိုးရက ဟံသာဝတီသတင်းစာကို ပိတ်ပင်ဖျက်သိမ်းလိုက်ပြီး၊ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။
သို့သော် ဆရာသည် ထိုအချိန်မှစ၍ စာပိုရေးနိုင်ခဲ့သည်။ “ပေါ်သစ်” ကလောင်အမည်ဖြင့် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို ရေးသားခဲ့သည်။ မဂ္ဂဇင်းဂျာနယ်များတွင် ကိုယ်တိုင်ရေးဆောင်းပါးများ၊ ဘာသာပြန် ဆောင်းပါးများ အဆက်မပြတ်ရေးခဲ့သည်။
ဆရာ ဦးဝင်တင်၏ ထင်ရှားသော ဘာသာပြန်စာအုပ်များမှာ “ကွိ” (Queed)၊ “ဥတ္တရအလင်း” (The Northern Star) တို့ဖြစ်သည်။ “ကမ္ဘာနီတွင် တဒင်္ဂ” ဆိုသည့် ခရီးသွားမှတ်တမ်းစာအုပ်ကိုလည်း ရေးသားခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပတိုက်သို့ မြန်မာ ယဉ်ကျေးမှုအက အဖွဲ့နှင့် လိုက်ပါခဲ့စဉ်က အတွေ့အကြုံများကို သတင်းစာများတွင် အခန်းဆက် ဆောင်းပါးများ ရေးခဲ့သည်။ ယင်းဆောင်းပါးများကို စုစည်း၍ “ခြေမှာစကား လက်ဖျားကဗျာ” ဟု စာအုပ်တအုပ် ထုတ်ဝေခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်း စာပေ အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန်သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ဆရာဦးဝင်းတင် ကမကထပြု၍ ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ “စာနယ်ဇင်းသမဂ္ဂ” ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားမသဂ္ဂမှ ထုတ်ဝေခဲ့သည့် “သမဂ္ဂသတင်းစာ” တွင်လည်း တက်ကြွစွာ ပါဝင်ရေးသား ခဲ့သည်။
“ဆန္ဒဖော်သံ သတင်းစာ” ကို ၁၉၈၈ ခုနှစ် သြဂုတ်လ (၃၀) တွင် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ (၂၄) ရက်နေ့တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” စတင်ဖွဲ့စည်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ အစုအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နုတ်ထွက်ခဲ့ ရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် “အတွင်းရေးမှူး” အဖြစ် ဆောင်ရွက်ခဲ့သည်။
စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာနမှ ၁၉၈၉ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန် ရည်ရွယ်၍ ကြေညာချက်အမှတ် (၃၈) ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေးပါတီ များအနေဖြင့် ထိုအမိန့်ကို ဆန့်ကျင်ရန် ဆော်သြခဲ့သည်။ ထိုသို့ဆော်သြရာ၌ သုံးစွဲခဲ့ရသည့် “အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ” ဟူသော ဆောင်ပုဒ်ကို ဆရာဦးဝင်းတင် ရေးသားခဲ့သည်။
၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ်လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ်စကားပြောဆို၍ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရသည်။ လွတ်ရက်စေ့ကာနီးတွင် ဆရာဦးဝင်းတင်အား နိုင်ငံရေးကို စွန့်၍ စစ်အုပ်စုနှင့် လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက “စစ်လွှမ်းမိုး ရေးဒဿန” ကို သူ အသက်ရှင်နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင် ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် (၁၁) နှစ် ထပ်မံ ချမှတ်ခံရသည်။
ဆရာ ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ (၄) ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူး တိုက်ဝင်းအတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာ ဦးဝင်းတင်အား အထူးတိုက်မှ (၃) တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲ ဆင်ရာတွင် ဦးဆောင်ခဲ့သည်။ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားအခွင့်အရေးအတွက် တိုက်ပွဲ ၀င်ရင်း သတင်းစဉ်တခုကို တိုက်ဝင်းအတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Suu-Slorc Dialogue “တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းစဉ်” ကို ရေးသားခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန်” “အမျိုးသားညီလာခံ ဖျက်သိမ်းပေးရန်” “စစ်မှန်သော တွေ့ဆုံဆွေးနွေး မှုများ စတင်ရန်” သဘောထားစာတမ်းကို ရေးသားဖြန့်ဝေခဲ့သည်။ ထို့နောက် “သုံးပွင့်ဆိုင် ဆွေးနွေးပွဲ” စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစုခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံ လက်ငင်းကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပေါ်လစီတရပ် ချမှတ် ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင်မတွေ့ရသဖြင့် “Appeal to the World” ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ရေးသား၍ ဘ၀တူထောင်ကျ နိုင်ငံရေး ရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှံ့အောင် လုပ်ဆောင်ခဲ့နိုင်သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ် များသည် ရိုးသားမှန်ကန်မှု မရှိသဖြင့် နိုင်ငံတကာမှ စစ်အာဏာရှင် နအဖအား ၀ိုင်းဝန်းအရေး ယူပေးပါရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်း “Appeal to the public” ကမ္ဘာ့ ပြည်သူများသို့ ပန်ကြားချက်ကို ရေးသားဖြန့်ဝေခဲ့သည်။ ယင်း “ပန်ကြားချက်” တွင် စစ်အာဏာ ရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အထပ်ထပ်အဖန်ဖန် လိမ်လည်လှည့်ဖြားနေသည်ကို ဒဏ်ခတ် သောအားဖြင့် နည်းမျိုးစုံ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ဇူလိုင်လအတွင်းမှာပင် “ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာ” ကို မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်သူ “မစ္စတာ ယိုဇိုယိုကိုတာ” မှတဆင့် ကုလသမဂ္ဂရွှေရတုညီလာခံသို့ ရောက်ရှိအောင် စုပေါင်းဆောင်ရွက်ကြ ရာတွင် ဆရာဦးဝင်းတင် ဦးဆောင်ခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အတုအယောင်အမျိုးသားညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ စုပေါင်းလက်မှတ်ရေးထိုး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင်ခဲ့ သည်။ ထို့ပြင် လက်ငင်းအရေးကြီးဆုံး လုပ်ငန်းစဉ် (၂) ခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။
ယင်းလုပ်ငန်းစဉ် (၂) ရပ်မှာ ပါတီပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင်ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။ ဆရာဦးဝင်းတင်သည် ထောင်တွင်း၌ “ထ” လေးလုံးပေါ်လစီကို ချမှတ်လမ်းညွှန်မှု ပေးခဲ့ပေသည်။ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်” ဆိုသည့် ပေါ်လစီဖြစ်သည်။ ယင်းပေါ်လစီက “ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ စိတ်ဓာတ် မကျရေး”၊ “စစ်ထောက်လှမ်းရေး၏ ဦးနှောက်ခ၀ါချမှု မခံရရေး”၊ “မိမိ၏ အတွေးအခေါ် ပိုမို အားကောင်း တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရေး”၊ “အကျဉ်းသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အာဏာပိုင်တို့၏ ဖိနှိပ်မှုများကို ငုံ့မခံရေး”၊ “မိမိတို့ ရပိုင်ခွင့်များအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ရေး” စသည်တို့ကို လမ်းညွှန်ပေးခဲ့သည်။
၁၉၉၅-ဇူလိုင်လလယ်တွင် ထောင်တွင်းနိုင်ငံရေးအဖွဲ့ အစည်း အင်အားစုအသီးသီး ပါဝင်စုစည်းသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်းဖိနှိပ်ညှဉ်းပမ်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေတို့ ပါဝင်သော (၈၃) မျက်နှာပါ စာတမ်း “ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ” ကို အပြင်သို့ ခိုးထုတ်နိုင်ခဲ့သည်။ တိုက်ဆိုင်စွာပင် ဒေါ်စုကလည်း ဇူလိုင် (၁၀) တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန် ဖြစ်သည်။
နောက်တိုက်ဆိုင်မှုတခုမှာ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူ ကုလသမဂ္ဂ သံတမန် မစ္စတာယိုဇိုယိုကိုတာလည်း မရှေးမနှောင်းမှပင် ရန်ကုန်သို့ ရောက်လာချိန်ဖြစ်သည်။ ဤသို့ဖြင့် အစီရင်ခံစာမှာ ချောမောစွာပင် မစ္စတာ ယိုဇိုယိုကိုတာ၏ လက်သို့ ရောက်သွားကြောင်း သတင်းကြားခဲ့ရသည်။
ထို့ ပြင် တဆက်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ကျင်းပဆဲအမျိုးသားညီလာခံမှ နှုတ်ထွက်သင့်ကြောင်း ထောင်တွင်းနိုင်ငံရေး အင်အားစုများက စုပေါင်းလက်မှတ်ရေးထိုးကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ နိုင်ခဲ့ကြသည်။ ဤကဲ့သို့ ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများ ညီညီညွတ်ညွတ် စိတ်ဓာတ်မကျဘဲ နိုင်ငံရေးတာဝန်များ ဆက်လက်ထမ်းဆောင်နိုင်ခြင်းမှာ ဦးဝင်းတင်ကဲ့သို့ သော ခေါင်းဆောင်ကောင်းတယောက်၏ ဦးဆောင်လမ်းညွှန်မှု ရှိနေသောကြောင့် ဆိုသည်မှာ အလွန်ထင်ရှားပါသည်။
၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ထို (၈၃) မျက်နှာပါစာတမ်း “ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” ကုလသမဂ္ဂသို့ ရောက်ရှိသွာခြင်းနှင့် စပ်လျဉ်း၍ အာဏာပိုင်များ အကြီးအကျယ် ဒေါသပေါက်ကွဲကာ (၄) တိုက်မှ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ တပ်ကြပ်ကြီးဟောင်း တင်ဝင်းအား စစ်ထောက်လှမ်းရေးမှ သွေးဆောင်စည်းရုံး၍ တိုက်ဝင်းအတွင်းရှိ လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းခဲ့သည်။
တင်ဝင်းက သူအားစစ်ထောက်လှမ်းရေးက ပြန်လွှတ်ပေးမည်ဟူသော မက်လုံးကြောင့် သစ္စာ ဖောက်ခဲ့သည်။ ဤသို့ ဖြင့် နိုင်ငံရေးအကျဉ်းသားများထားရာ တိုက်ဝင်းအတွင်းရှိ လျှို့ ဝှက်ချက်များ ပေါက်ကြားကာ ရေဒီယိုအပါအဝင် စာရွက်စာတမ်းများ သိမ်းဆည်းခံခဲ့ရသည်။ အမျိုးသားနေ့ စိန်ရတုသဘင်အထိမ်းအမှတ် လက်ရေးစာစောင်နဲ့ ဖုန်းမော်အထိမ်းအမှတ် သွေးသစ်လှိုင်းစာစောင် အပတ်စဉ် လက်ရေးသတင်းစာစောင်များလည်း သိမ်းဆည်းခံရပါသည်။ နိုင်ငံရေးအကျဉ်းသား (၆၃) ယောက်ကို ထောင်ထဲမှာပင် စစ်ထောက်လှမ်းရေးက ထပ်မံဖမ်းဆီး တိုက်ပိတ်လိုက်ပါသည်။
သို့ဖြင့် ဆရာဦးဝင်းတင်အပါအဝင် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား (၈) ယောက်ကို နာမည်ကျော်စစ်ခွေးတိုက်တွင် တိုက်ပိတ်လိုက်ပါသည်။ စစ်ခွေးတိုက် (၁) ခန်းတွင် ဒေါက်တာမြင့်နိုင် (ကန့်ဘလူလွှတ်တော်ကိုယ်စားလှယ်)၊ (၂) ခန်းတွင် စာရေးသူ၊ (၃) ခန်းတွင် ဒေါက်တာဇော်မြင့်မောင် (အမရပူရ လွှတ်တော်ကိုယ်စားလှယ်)၊ (၄) ခန်းတွင် မျိုးမြင့်ညိမ်း၊ (၅) ခန်းတွင် ဒေါက်တာ ခင်ဇော်ဝင်း၊ (၇) ခန်းတွင် ဦးနိုင်းနိုင်း (ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်)၊ အခန်း (၈) တွင် ဦးထွန်းဝင်း (မင်းဗျားစီးနင်းတိုက်ခိုက်မှု) နှင့် အခန်း (၁၀) တွင် ဆရာဦးဝင်းတင် ဖြစ်ပါသည်။ စစ်ခွေးတိုက်တခုလုံးတွင် ကျနော်တို့ (၈) ယောက်သာ ရှိပါသည်။
သံမံတလင်းပေါ်တွင် အိပ်ကြရပြီး သောက်ရေအိုးနှင့်တကွ မည်သည့်အသုံးအဆောင်မျှမပေးပါ။ အဆိုးဆုံးကိစ္စမှာ အိမ်သာသွားရန် ဘာမှစီစဉ်မပေးခြင်းဖြစ်သည်။ သီတင်းတပတ်မျှလည်း ရေချိုးခွင့်မပေးပဲ ထားခဲ့သည်။ ကျနော်တို့ က ကိုယ့်အတွက်ထက် ဆရာဦးဝင်းတင်အတွက် ပို၍စိုးရိမ်ခဲ့ကြသည်။ ဆရာသည် ထိုစဉ်က အူကျဝေဒနာ ခွဲစိပ်ကုသမှုခံယူထားရသည်မှာ မကြာ သေး။ ထို့ကြာင့် ဤမျှဆိုးရွားလှသော ညှဉ်းပမ်းနှိပ်စက်မှုဒဏ်ကြောင့် ဆရာ့ကျန်းမာရေး ပိုမို ဆိုးရွားသွားမည်ကို အားလုံးက စိုးရိမ်ခဲ့ကြသည်။ သို့သော် ဆရာကား အပြုံးမပျက်၊ အခြား သူများကိုပင် စိတ်ဓာတ်မကျရန် အားပေးနေခဲ့သည်။၁၉၉၆ မတ်လ (၁၂) ရက်နေ့ တွင် ဆရာ့ (၆၆) နှစ်မြောက် မွေးနေ့ ပွဲကို ထိုစစ်ခွေးတိုက်မှာပင် ကျနော်တို့ ဆင်နွှဲခဲ့ကြသည်။ ကျနော်တို့အားလုံးက သီချင်းဖြင့်လည်းကောင်း၊ ကဗျာဖြင့် လည်းကောင်း၊ ဆရာ့မွေးနေ့ကို ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်။ ဆရာကလည်း သူ့ဘဝဖြတ်သန်းမှု အတွေ့အကြုံ အချို့ကို ပြန်ပြောင်းပြောပြခဲ့သည်။
ဆရာက လူ့ ဘဝဆိုသည်မှာ “စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း” ဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ရင်မဆိုင် လို၍ ထွက်ပြေးပါက ဘဝအရှုံးသမားအဖြစ် နိဂုံးချုပ်ရရုံသာရှိကြောင်း၊ ထို့ကြောင့် စိန်ခေါ်မှု မှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းသည် အောင်မြင်ခြင်း၏ အကြောင်းဖြစ်သည်ဟု ကျနော်တို့ကို အားတက်ဖွယ်ရာစကားများ ပြောကြားခဲ့သည်။စစ်ခွေးတိုက်တွင် ဆရာနှင့်အတူနေရစဉ်က “မြန်မာပြည်မှာ နိုင်ငံရေးလုပ်တော့မယ်ဆို ကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတရေးအတွက် ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာ လောက်တော့ စံနမူနာပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်စွဲကိုင် ချီတက်ကြမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်လွှမ်းမိုးရေးဒဿနကို အမြစ်ကလှန်နိုင်ဖို့  ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်။” ဟု ဆရာပြောခဲ့သော စကားရပ်ကို ယခုပြန်လည်စဉ်းစားကြည့်သောအခါ ဆရာကိုယ်တိုင်က စိန်ခေါ်မှုများအတွက် အသင့်ပြင်ဆင် ထားပုံကို တွေ့ ရတယ်။ ဆရာဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေကို သိနေသူများက ဤမျှလောက်အထိ ဆရာ ကြံ့ကြံ့ ခံနိုင်ပါ့မလားဟု စိုးရိမ်နေကြသော်လည်း ဆရာက သူ့ တွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်း ရှိသေးကြောင်း၊ မျိုးဆက်သစ်တို့ကို လမ်းပြလျက်ရှိနေဆဲပင်ဖြစ်သည်။ လွန်ခဲ့သော မတ်လတွင် အသက် (၇၈) နှစ်ပြည့်၍ (၇၉) နှစ်တာခရီးကို စတင်နေသူ ဆရာဦးဝင်းတင်သည် အကျဉ်းထောင် အတွင်းရှိ တိုက်ခန်းကျဉ်းကျဉ်းကလေးထဲ၌ အထီးကျန်ဘဝကို ဖြတ်သန်းရင်း စစ်အာဏရှင်တို့  စိန်ခေါ်မှုကို ရင်ဆိုင်အံတုနိုင်ဆဲ ရှိပေသည်။မျိုးဆက်သစ်တို့ အနေဖြင့် “ဆရာဦးဝင်းတင်” ကို အားကျအတုယူရင်း “မြန်မာ့ဒုတိယ လွတ်လပ် ရေးတိုက်ပွဲ” အတွက် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်အံတုရန် ပြင်ဆင်ကြရ ပေဦးမည်။ စစ်အာဏာရှင်စနစ်၏ စိန်ခေါ်မှုအသစ်တို့ကို ရင်ဆိုင်အနိုင်ယူဖို့ ပြင်ဆင်ကြရပေဦးမည်။ “အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။” ဆိုသော ဆရာ့စကားမှာ “အမြင့်ဆုံးသော စိန်ခေါ် မှုကြီး” ကိုရင်ဆိုင်ရန် ဆရာ့အနေနှင့် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်ကို သိမြင်နိုင်သည်။
ထို့ ပြင်ဆရာ၏ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ ရမယ်” ဆိုသည့် အားပေး စကားမှာလည်း မျိုးဆက်သစ်တို့အတွက် ရည်ရွယ်ပုံရပေသည်။ “အောင်မြင်မှု” မည်သည် “စိန်ခေါ် မှုများကို ကျော်လွှားနိုင်သူ” တို့အတွက် ဖြစ်ပေသည်။ ။

အပြည့်အစုံဖတ်လိုလျှင်