စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

မြန်မာစစ်အစိုးရအပေါ် ကျောက်မျက်နှင့် ပတ်သက်၍ ထပ်မံပိတ်ဆို့ရန် ဘုရှ် ထုတ်ပြန်

ဧရာဝတီ ဇူလိုင် ၃၀၊ ၂၀၀၈

အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု သက်တမ်း ထပ်တိုး၍ အမေရိကန် ဈေးကွက်သို့ ကြားနိုင်ငံများမှ တဆင့် မြန်မာစစ်အစိုးရ၏ ကျောက်မျက်ရတနာ တင်သွင်းနေမှု များကိုပါ ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ယမန် နေ့က စည်းမျဉ်းအသစ် ထုတ်ပြန်ကာ လက်မှတ် ရေးထိုးလိုက်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ရေးသားဖော်ပြ ထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တပြိုင်နက်တည်းတွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း မြန်မာ စစ်အစိုးရပိုင် သို့မဟုတ် မြန်မာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းများနှင့် ပတ်သက်လျှက် ရှိသော ကျောက်မြက်ရတနာ ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၀ ခုကို စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်သည်။

အိမ်ဖြူတော်တွင် ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် မြန်မာစစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက် ကြောင်း အတည်ပြုလက်မှတ် ရေးထိုးရင်း သမ္မတ ဘုရှ် က “မြန်မာစစ်အစိုးရကို သတင်းစကား ပါးချင်တာကတော့ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနဲ့ လွတ်လပ် တရားမျှတမှုကို ယုံကြည်တယ် ဆိုတာပါပဲ” ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲရင်းအရေးကိစ္စတွင် မြန်မာစစ်အစိုးရက တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ၂၀၀၃ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းပိတ်ဆို့မှုများကို သက်တမ်းထပ်တိုးလိုက်ခြင်း ဖြစ်သည်။

ဘုရှ်က စီးပွားရေး ပိတ်ဆို့မှုအသစ်အနေဖြင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြား အပါအဝင် တခြားသော ကျောက်မျက်ရတနာများကို ထိုင်းနိုင်ငံ၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ စင်ကာပူ စသည့် ကြားနိုင်ငံများ မှတဆင့် အမေရိကန် ဈေးကွက်သို့ တင်ပို့ နေမှုကိုပါ ရပ်တန့်စေတော့မည်ဖြစ်သည်။

ကျောက်မျက်ရတနာမှာ မြန်မာစစ်အစိုးရအတွက် အဓိက ဝင်ငွေရရာ လမ်း ကြောင်း များထဲမှ တခုဖြစ်သည်။ အမေရိကန် နိုင်ငံသည် မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ရုံသာမကဘဲ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစု များကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာပါ ပိတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာစစ်တပ်ပိုင် လုပ်ငန်းများဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အဓိက ပစ်မှတ်ထား ပိတ်ဆို့လိုခြင်းဖြစ်သည်။ ၎င်း လုပ်ငန်းနှစ်ခုစလုံးမှာ ကျောက်မျက်ရတနာ ကုန်သွယ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်လျှက်ရှိသည်။

ထို့အပြင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက မြန်မာ့ကျောက်မျက် ရတနာ တူးဖော်ရေးလုပ်ငန်းများကိုပါ တပါတည်း ပစ်မှတ်ထား ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကျောက်မျက်တူးဖော်ရေး လုပ်ငန်းများမှာ မြန်မာ့ သတ္ထုတွင်း ဝန်ကြီးဌာန လက်အောက်တွင် ရှိသည်။

အမေရိကန်သမ္မတ ဘုရှ်သည် လာမည့် သြဂုတ်လထဲတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်၍ ပြည်ပရောက် မြန်မာ အတိုက်အခံအဖွဲ့အစည်းများ၊ မီဒီယာများနှင့် တွေ့ဆုံ စကားပြောမည်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ လော်ရာဘုရှ်က ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: