စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

ဝန်ကြီးချုပ်ဟောင်းတပ်ဆင် မြန်မာစစ်အစိုးရကို ဘာကြောင့် ဘတ်ငွေ သန်း (၄,၀၀၀) ချေး

(သတင်းသုံးသပ်ချက်)
သတင်းထောက် ဟန်တင်အောင်/ ၃၁ ဇူလိုင် ၂၀၀၈

ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် လက်ထက်တွင် ထိုင်း EXIM ဘဏ်မှ မြန်မာစစ်အစိုးရကို ချေးခဲ့သည့် ဘတ်ငွေ သန်း (၄,၀၀၀) ကိစ္စနှင့် ပတ်သက်သည့်အမှုကို မကြာခင် ဘန်ကောက် တရားရုံးချုပ်က စစ်ဆေးတော့မှာ ဖြစ်သည်။
ထိုင်းစစ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းကူညီသွားမည့်အကြောင်း ထိုင်း EXIM ဘဏ် ကလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဝန်ကြီးချုပ် လုပ်ပိုင်ခွင့် ကို အသုံးချပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိအောင် လုပ်သွားသည့် အဂတိလိုက်စားမှုများရှိသည်ဟု စွပ်စွဲခဲ့သည့် အမှုများစွာရှိသည်။ ထိုအမှုများထဲမှာ မြန်မာစစ်အစိုးရ စီမံကိန်းများအတွက် ထိုင်းအစိုးရက ဘတ်သန်း (၄,၀၀၀) ချေးသည့်ကိစ္စလည်း အပါအဝင်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင် (၅) လအလိုမှာ မြန်မာစစ်အစိုးရပိုင် MFTB ခေါ် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကို ထိုင်း EXIM ဘဏ်ကနေ ဘတ်ငွေ သန်း (၄,၀၀၀) ကို အတိုး (၃) ရာနှုန်းနှင့် (၁၂) နှစ်အတွင်း ပြန်ပေးရမည်ဆိုသည့် စာချုပ်ဖြင့် ချေးခဲ့ခြင်းဖြစ်သည်။
အဆိုပါငွေတွေကို မြန်မာနိုင်ငံမှာ လမ်းဖောက်လုပ်ရေးကိစ္စ၊ ဆက်သွယ်ရေးကိစ္စတွေအတွက် သုံးစွဲမှာဖြစ်ပြီး ၎င်းစီမံကိန်းတွေအတွက် ပစ္စည်းတင်ပို့ပေးမည့် ထိုင်းပို့ကုန်ကုမ္ပဏီ (၁၆) ခုမှာ အကျိုးရှိနိုင်သည်ဟု ထိုင်း EXIM ဘဏ် ဥက္ကဋ္ဌ က ပြောသည်။
အထူးသဖြင့် ယခုကဲ့သို့ မြန်မာစစ်အစိုးရအား ဘတ်ငွေ သန်း(၄,၀၀၀) ချေးလိုက်သည့် အတွက် ထိုင်းစက်မှုပစ္စည်း ပို့ကုန်လုပ်ငန်း ကုမ္ပဏီတွေ ထိုင်း ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာတွေ ထိုင်း ရေနံဓာတုထုတ်လုပ်သည့် ကုမ္ပဏီတွေအတွက် ဝင်ငွေရမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ရလာဖို့ အထောက်အကူဖြစ်သည်ဟု ထိုင်း EXIM ဘဏ်၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။
ထိုင်း EXIM ဘဏ်က ထိုင်းကုမ္ပဏီတွေအတွက် အကျိုးရှိပါသည်ဟု ပြောသော်လည်း မြန်မာ စစ်အစိုးရအနေဖြင့် ထိုအချိန်က စီးပွားဖက်နေသည့်ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင်ပိုင် Shin ကော်ပိုရေးရှင်းအတွက် အမေရိကန်ဒေါ်လာ (၉၇) သန်း အကျိုးရှိမည်ဆိုသည်ကိုတော့ မစ္စတာ တပ်ဆင် က ပြောဆိုမသွားဘူးဟု နိုင်ငံခြားသတင်းများက ရေးသည်။
မြန်မာစစ်အစိုးရကို ထိုင်းအစိုးရကချေးသည့် ဘတ် သန်း (၄,၀၀၀) ထဲကနေ ဘတ် သန်း (၆ဝဝ) ကို မြန်မာနိုင်ငံမှာ အင်တာနက်အမြန်စနစ် တပ်ဆင်ပေးဖို့ မစ္စတာတပ်ဆင်ပိုင် Shin ကော်ပိုရေး ရှင်းက ရခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင် ဗိုလ်ချုပ်ကြီးခင်ညွန့်သားပိုင်သည့် Bagan Cybertech ကုမ္ပဏီအတွက် ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်းတွေမှာ မစ္စတာတပ်ဆင်ပိုင် Shin ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံထားခဲ့သည်ဟု The Nation သတင်းစာက ရေးခဲ့သည်။
အထူးသဖြင့် မြန်မာစစ်အစိုးရရဲ့ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနကနေ မစ္စတာ တပ်ဆင် ပိုင် Shin ကော်ပိုရေးရှင်းကို ဂြိုဟ်တုစနစ်သုံး အင်တာနက်အမြန်စနစ် တပ်ဆင်ပေးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မစ္စတာ တပ်ဆင် လက်ထက်က မစ္စတာ တပ်ဆင် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေ တရှိန်ထိုး တက်လာသည့်အတွက် အမြတ်များများကျန်သည့် စတော့တွေကို တပ်ဆင် စတော့ ဆိုပြီး ရင်းနှီး မြှုပ်နှံရေး ကျွမ်းကျင်သူတွေက ဖောက်သည်တွေကို ပြောလေ့ရှိသည်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် သည် အာဏာရပြီး (၅) နှစ်အကြာတွင် နိုင်ငံခြားသား ပိုင် ဆိုင်ခွင့် ရှယ်ယာအချိုး ဥပဒေကို (၂၅) ရာနှုန်းကနေ (၄၉) ရာနှုန်းထိ ပြင်ဆင်သတ်မှတ်ခဲ့သည်။ ယင်းသို့ ပြင်ဆင်သတ်မှတ်ပြီး မကြာခင် မစ္စတာ တပ်ဆင်ပိုင် Shin ကော်ပိုရေးရှင်း၏ ရှယ်ယာ တန်ဖိုး ဒေါ်လာ သန်း (၂,၀၀၀) ထောင်နီးပါးကို စင်ကာပူအစိုးရပိုင် Temasak ကုမ္ပဏီသို့ ရောင်းလိုက်သည်။
မကြာခင် ထိုသို့ ရှယ်ယာတွေ ရောင်းခြင်းသည် အစိုးရကို မစ္စတာ တပ်ဆင် က အခွန်မဆောင်ဘူး ဆိုသည့် စွပ်စွဲချက်များ၊ နိုင်ငံခြားတိုင်းပြည်က ထိုင်းပြည်တွင်းရေးမှာ ဝင်စွက်ခွင့်ရသွားပြီဆိုသည့် စွပ်စွဲချက်များပေါ်ထွက်အပြီးမှာ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် ကို ဆန့်ကျင်သည့် လူထု ဆန္ဒပြပွဲကြီးတွေ ဆက်တိုက်ဖြစ်ခဲ့သည်။
နောက်ဆုံး ထိုင်းစစ်တပ်က အာဏာသိမ်းသည်ထိ ထိုင်းနိုင်ငံရေး ရှုတ်ထွေးခဲ့ရပြီး ဝန်ကြီးချုပ် ဟောင်း မစ္စတာ တပ်ဆင်လည်း ထိုင်းနိုင်ငံ ပြန်မလာနိုင်တော့ဘဲ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ သောင်တင်ရသည့် အဖြစ်ရောက်သွားခဲ့ရသည်။
ပိုင်ဆိုင်မှုစစ်ဆေးရေး ကော်မတီက စုံစမ်းစစ်ဆေးသွားမည့် ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင် လက်ထက် အဂတိလိုက်စားမှု ဦးစားပေးအမှုကြီး (၈) ခုထဲမှာ မြန်မာစစ်အစိုးရကို ဘတ်ငွေ သန်း (၄,၀၀၀) ချေးလိုက်တဲ့ကိစ္စလည်း တခု အပါအဝင်ဖြစ်သည်ဟု ပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီက ထုတ်ပြန်ထားသည်။ သို့သော် အဆိုပါကိစ္စ စစ်ဆေးရာကနေ မြန်မာအာဏာပိုင်တွေဘက်က အဂတိလိုက်စားမှုများ ပေါ်ထွက်လာမလာဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ။

No comments: