စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, May 24, 2008

စစ်အစိုးရ ကိုယ့်ဥပေဒေ ကိုယ်လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု လူ့အခွင့်အရေးအဖွဲ့မှ ပြောကြား

မုံပီး
စနေနေ့၊ မေလ 24 2008 14:28 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မြန်မာစစ်အစိုးရသည် ကိုယ်ထုတ်ထားသည့် ဥပဒေကို လေးစား လိုက်နာ၍ စနေနေ့တွင် ထိန်းသိမ်းမှု သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် အမေရိကန်အခြေစိုက် Freedom Now လူ့အခွင့်အရေး အဖွဲ့ကြီးက သောကြာနေ့တွင် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ သူ့ကို ထိန်းသိမ်းမှု သက်တမ်းသည် မေလ ၂၄ ရက်နေ့ သန်းခေါင်ယံတွင် တရားဝင် ကုန်ဆုံးမည် ဖြစ်သဖြင့် ထိုဥပဒေနှင့်အညီ သူ့ကို လွှတ်ပေးရမည်ဟု Freedom Now ၏ ဥက္ကဋ္ဌ Jared Genser က ပြောဆိုခြင်း ဖြစ်သည်။

“စစ်အစိုးရအနေနဲ့ သူ့ကို လွှတ်မပေးဘူးဆိုရင် ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ် ပြန်ပြီး ချိုးဖောက်တာ ဖြစ်နေမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် မိသားစုဝင်များ၏ ညွှန်ကြားချက်အရ သူ၏ ဥပဒေ အကျိုးဆောင်လည်း ဖြစ်သူ Genser က ပြောသည်။

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ရန်မှ ကာကွယ် တားဆီးသည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) အရ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုသူ၊ အများပြည်သူ၏ ငြိမ်းချမ်းမှုကို တားဆီး နှောင့်ယှက်သူဟု ယူဆရသူ မည်သူမဆို အများဆုံး ၅ နှစ်အထိ တားဆီး ကန့်သတ်မိန့် ထုတ်ပြန်နိုင်သည်။ ထိုအမိန့်ကို တနှစ်လျှင် တကြိမ် သက်တမ်း တိုးမြှင့်ရမည်’ ဟု ပြဋ္ဌာန်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် ၂ဝဝ၃ ခုနှစ် မေလတွင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး၊ ယခု မေလ ၂၄ ရက်နေ့တွင် အကျဉ်းစံသက်တမ်း ၅ နှစ်ပြည့်မြောက်မည်။ သူသည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရသည်။

“ထိန်းသိမ်းမှု သက်တမ်းကို ဆက်ထားဖို့ စစ်အစိုးရမှာ ဘာဥပဒေ အခွင့်အရေးမှ မရှိပါဘူး။ တကယ်လို့ ဆက်ဖမ်းထားမယ် ဆိုရင် ဒါဟာ ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ့်ဘာသာ ပြန်ချိုးဖောက်တာပဲ ဖြစ်လိမ့်မယ်” ဟု Genser က ပြောသည်။

သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြား ခေါင်းဆောင်များကလည်း သူတို့ပါတီ ခေါင်းဆောင်ကို ထိန်းသိမ်းထားခြင်းကို အစဉ်တစိုက် ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး ဖမ်းဆီးထားသည်မှာ တရားမဝင်ကြောင်းနှင့် လွှတ်ပေးရန်ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

“ဒါပေမဲ့ အစိုးရက ဥပဒေကို လေးစား လိုက်နာမှုမရှိဘဲ သူ့ကို ဆက်ထိန်းသိမ်းထားခဲ့ပါတယ်” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“တကယ်လို့သာ ဒီတကြိမ်လည်း ထိန်းသိမ်းမှု သက်တမ်းကို ထပ်တိုးခဲ့မယ်ဆိုရင်၊ အစိုးရဟာ ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု မရှိဘူးဆိုတာ ပြသရာ ရောက်ပါလိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ဤအတောအတွင်း Human Right Watch ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းဖြင့် စစ်အစိုးရသည် ဥပဒေကို ခြယ်လှယ် ချိုးဖောက်နေသည်ဟု ဆိုလိုက်သည်။

ဥပဒေကို ဤကဲ့သို့ လိုသလို ခြယ်လှယ် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုလျှင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ထိန်းသိမ်းမှု သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်ဟု (HRW) ၏ မြန်မာပြည်ရေးရာ အတိုင်ပင်ခံ David Scott Mathieson က ပြောသည်။

“စစ်အစိုးရ အနေနဲ့ လွှတ်ကို လွှတ်ရမယ်။ ဒီလိုပြောတာက ဥပဒေက ဒီအတိုင်း ဆိုထားလို့သာ မဟုတ်ဘူး၊ ဒါ လုပ်ကိုလုပ်ရမယ့် မှန်ကန်တဲ့ ကိစ္စလည်း ဖြစ်လို့ပဲ” ဟု Mathieson က ပြောသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ် အသိုင်းအဝိုင်းမှ ရရှိသော သတင်းအရ ဗိုလ်ချုပ်ကြီးများသည် နောက်ထပ် တနှစ် ဆက်လက် တိုးမြှင့်ရန် ပြင်ဆင် လုပ်ဆောင်နေကြပြီး၊ ယင်းကို စနေနေ့တွင် ကြေညာဖွယ် ရှိသည်။ ဤသည်မှာ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ကုလနှင့် အာဆီယံ ပူးတွဲကျင်းပမည့် အလှူရှင်များ ကွန်ဖရင့် မတိုင်ခင် ၁ ရက်အလို ဖြစ်သည်။

“ဒီ့ထက်ကောင်းတဲ့ အချိန် မရှိတော့ပါဘူး” ဟု Genser က သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားသွားခဲ့ပါသည်။

အကယ်၍ မြန်မာစစ်အစိုးရသာ သူတို့ ဥပဒေကို လေးစား လိုက်နာခဲ့မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့၌ ကျင်းပမည့် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

“သူ့ကို လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး သန်းရွှေက ငြင်းဆန်ခဲ့မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ အာဆီယံ သံတမန်တွေရဲ့ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရသလို ဖြစ်မှာပဲ။ ဒီသံတမန်တွေက စစ်အစိုးရက တောင်းခံမယ့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံဖိုး နိုင်ငံတကာ အကူအညီတွေကို နားထောင်ဖို့ ရောက်လာမှာမို့ပါ” ဟု သူက ဆက်ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

Annoucement of Burmese People to UN and international aid countries




အပြည့်အစုံဖတ်လိုလျှင်

မြန်မာပြည်သူပြည်သားများ၏ အထူးကြေငြာချက်







အပြည့်အစုံဖတ်လိုလျှင်

မြန်မာသံတမန်များ မြန်မာပြည်ပြန်ရန် ဂျာမန်များ ဆန္ဒပြ

NEJ/ ၂၃ မေ ၂၀၀၈

ဂျာမန်ကယ်ဆယ်ရေးအဖွဲ့များ ယမန်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးရှေ့ လာရောက်ပြီး မြန်မာသံတမန်များ မြန်မာပြည်ပြန်ကြရန် အော်ဟစ်ဆန္ဒပြခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမန်စစ်သား (၂၀) ကျော် လိုက်ပါလာသည့် ဂျာမန်စစ်လေယာဉ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်သို့ ဆင်းသက်ခွင့်ပြုသော်လည်း လေယာဉ်ပေါ်ပါ ကယ်ဆယ်ရေးပစ္စည်းများကိုမူ လေယာဉ်မှ ချခွင့်မပေးဘဲ ဆိုင်းထားသည်ဟု စုံစမ်းသိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဘိုကလေးမြို့နယ်တွင်း အငတ်ဘေးကြုံနေ

NEJ/ ၂၃ မေ ၂၀၀၈

ဘိုကလေးမြို့နယ်အတွင်းရှိ မုန်တိုင်းကြောင့် အသက်မသေ ကျန်ခဲ့သူ အများစုမှာ မုန်တိုင်းအပြီး တပတ်ကတည်းက အစာငတ်နေကြသူများဖြစ်ပြီး မကြာခင် အဟာရချို့တဲ့သည့်ရောဂါများ ဖြစ်လာနိုင်သည်ဟု အကူအညီပေးရေးအဖွဲ့တခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘိုကလေးမြို့နယ်တွင်းရှိ မုန်တိုင်းကြောင့် အသက်မသေကျန်ခဲ့သူ အများစုမှာ နေ့စဉ် အစာရှာဖွေ နေရသလို ရသည့်အစာကို မည်သို့ချက်ပြုတ်ရမည်ကိုပါ နည်းလမ်းရှာနေရသည်ဟု Action Against Hunger / Action Contre la Faim (ACF) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ACF အဖွဲ့ သုတေသနပြုမေးမြန်းခဲ့သည့် ဘိုကလေးမြို့နယ်ရှိ အသက်မသေ ကျန်ခဲ့သူများ၏ (၈၆) ရာနှုန်းမှာ မကောင်းသည့်ဆန်များကို နေ့စဉ်စားနေရပြီး စားပြန်တော့လည်း တနပ်ကို စားနေကျထက် ထက်ဝက်မျှ လျှော့စားနေကြရသည်။ (၇၂) ရာနှုန်းမှာ မုန်တိုင်းမတိုင်မီကကဲ့သို့ တနေ့ ထမင်းသုံးနပ် မစားနိုင်ဘဲ နှစ်နပ်သာစားနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ ထြို့ပင် မုန်တိုင်းကြောင့် ငါးဖမ်းကိရိယာများ ဆုံးရှုံးခဲ့သည့်အလျှောက် နေ့စဉ်အသက်ရှင်ရန်အတွက် ရှိတာ ရောင်းချပေါင်နှံ စားသောက်နေကြရသည်ဟုပါ ဖော်ပြထားသည်။

ACF အဖွဲ့မှ မေးမြန်းခဲ့သူများ၏ (၇၅) ရာနှုန်းမှာ ပင်လယ်ရေနှင့် တိရိစ္ဆာန်အသေကောင်များကြောင့် မသန့်သည့် ရေကန်များမှ ရေကိုသုံးနေသလို အိမ်သာ (၉၆) ရာနှုန်းမှာ ပျက်စီးကုန်သည်ဟု (ACF) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အသင့်အမှန်ခြစ်ပြီး မဲပေးရမည့်ကတ်ပြားများ စတင်ဝေနေ

NEJ/ ၂၃ မေ ၂၀၀၈



အမှန်အသင့်ခြစ်ထားသည့် မဲကတ်ပြားများကို ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်နှင့် ကြံ့ဖွံ့ရုံးများက ယနေ့ နံနက်မှစပြီး တအိမ်တက်ဆင်း လိုက်ပေးနေသည်။

မနက်ဖြန် မေ (၂၄) တွင် ရန်ကုန်အပါအ၀င်(၄၇) မြို့နယ်၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ် တော့မည်ဖြစ်သည့်အတွက် ဆန္ဒမဲပေးရန် ကတ်ပြားများကို လိုက်ပေးနေခြင်းဖြစ်သည်ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို အခုလာပြီး အမှန်ခြစ်ပြီးသား မဲလက်မှတ်လာပေးတယ်။ တခါတည်းကို ပုံနှိပ်ပြီးသားပါ” ဟု ပြောသည်။

တာမွေမြို့နယ်တွင်မူ ယနေ့ည နောက်ဆုံးထားပြီး ရက်ကွက်အလိုက် သက်ဆိုင်ရာ ဆယ်အိမ်မှူး များမှတဆင့် အဆိုပါကတ်ပြားများကို ပေးသွားမည်ဟု တာမွေမြို့နယ် တာမွေကြီး က/ဂ မှ ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

“ရန်ကုန်မှာ မဲပေးမယ့်သူတွေက အခုချိန်မှာ ဘယ်သူမှ စိတ်ဝင်စားမယ်မထင်ဘူး။ လူတွေကိုယ်စီ စိတ်ထဲမှာ လေဘေးသင့်သူတွေအတွက် ကြေကွဲနေရတာ၊ ပြီးတော့သူတို့က (၉၂.၄) ရာခိုင်နှုန်းနဲ့ မဲရလဒ်ကို ကြေညာထားတယ်။ ဒါလောက်လိမ်ထားပြီး မရမက ယူထားတာတောင် လေဘေးသင့် လို့ မေ (၁၀) ရက်မှာ မဲမပေးဘဲ ကျန်ခဲ့ရတဲ့ (၄၇) မြို့နယ်မှာ ဒီပုံစံအတိုင်းထပ်လိမ်ဖို့ လုပ်ပြန်ပြီ” ဟု မဟာဗန္ဓုလပန်းခြံလမ်းရှိ ရှေ့နေများရုံးခန်းတခုမှ တရားရုံးချုပ်ရှေ့နေတဦးက ပြောသည်။

ယခု မဲပေးမည့်သူများအား အိမ်တိုင်ရာရောက် လာပေးသည့် မဲကတ်ပြားများမှာ ရှေ့မျက်နှာစာ
တွင် အမှန်ခြစ်ထားပြီး နောက်ကြောတွင် မဲရုံဖွင့်မည့်အချိန်၊ မြို့နယ်မဲရုံ လမ်းညွှန်၊ မဲပေးမည့်သူ အမည်၊ နေရပ်လိပ်စာနှင့် မဲပေးရမည့် အမှတ်စဉ်တို့ ပါရှိသည်။

လေမုန်တိုင်းသင့်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့နယ် (၄၇) မြို့နယ်မှလွဲ၍ နအဖ စစ်အစိုးရက အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲကို ယခုလ (၁၀) ရက်တွင် ကျင်းပခဲ့ပြီး ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးသူ (၉၂. ၄) ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကော်မရှင်က ကြေညာခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များကို ပစ္စည်းများပြ၍ ထောက်ခံမဲထည့်ခိုင်း

ရိုးမ ၃။ မေ ၂၃၊ ၂၀၀၈

လေဘေးဒုက္ခသည်များအား နိုင်ငံတကာမှလှူဒါန်းသည့် ပစ္စည်းများပြ၍ ထောက်ခံမဲထည့်လျှင် ပေးမည်ဟုဆိုကာ ရန်ကုန်တွင် ကြိုတင်မဲများ ကောက်ယူနေလျှက်ရှိသည်။

ရန်ကုန်တိုင်းမှူးအမိန့်ဖြင့် ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် (ည)ရပ်ကွက်ရှိ လေဘေး ဒုက္ခသည်များထံမှ ယမန်နေ့ ညနေပိုင်းတွင် စတင်ကာ ကြိုတင်မဲကောက်ယူနေခြင်းဖြစ်သည်။

ထိုကဲ့သို့ ကြိုတင်မဲကောက်ယူနေမှုနှင့်ပတ်သက်၍ ထန်းခြောက်ပင် (ည)ရပ်ကွက်တွင် နေထိုင် သူတဦးက “သူတို့ပြောတာက မင်းတို့အမှန်ခြစ်ရင် ဒီပစ္စည်းတွေပေးမယ်ဆို ပြောတာ၊ အမှန် မခြစ်ရင်တော့ မပေးဘူးဆိုပြီး ပစ္စည်းတွေကို ပြပြီး ပြန်ယူသွားတာ၊ နောက် အစိုးရက ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ဝေပေးနေတဲ့အကြောင်းတွေ ပြောဆိုသွားတာ၊ မဲတွေက တော့ အကုန်လုံးပါသွားပြီ”ဟု ပြောသည်။

ယမန်နေ့ နေလည် (၂) နာရီခန့်တွင် ရန်ကုန်တိုင်း၊ တိုင်းမှူးက ရွှေပြည်သာမြို့နယ်သို့ ရောက်ရှိ လာပြီး သက်ဆိုင်ရာ အာဏာပိုင်များအား တွေ့ဆုံးပြီးနောက် ရာအိမ်မှူး ခင်မောင်သန်းက အိမ်ထောင်စုစာရင်းများအလိုက် တောင်းယူသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

“ရာအိမ်မှူးခင်မောင်သန်းက အမှန်ခြစ်၊ အမှန်ုခြစ်ဆိုပြီး အကုန်လုံးကို ခြစ်ခိုင်းတာ၊ ပြီးတော့ စာအိတ်ထဲထည့်ပြီး နောက် ပုံးထဲကိုထည့်ယူသွားတာ၊ နေ့လည် (၃) နာရီလောက်မှာ စာရင်း ကောက်သွားတာ၊ ဖွားသီလရှင်တွေကိုတောင် စာရင်းကောက်ပြီးတော့ မဲထည့်ခိုင်းနေတာတွေ လုပ်နေတယ်”ဟု မျက်မြင်တဦးက ပြောသည်။

ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် (ည)ရပ်ကွက်တွင် လေဘေးဒုက္ခသည် (၁၇၀၀) ကျော် ရှိပြီး အာဏာပိုင်များက အမှန်ခြစ်ထားသည့်ထောက်ခံမဲများတွင် လက်မှတ်များရေးထိုးစေကာ ဒုက္ခသည်များကို ငွေ ၅၀၀၊ ၁,၀၀၀ ပေးခဲ့ခြင်းများလည်းရှိသည်ဟု ဆိုသည်။

ထို့အပြင် ဒုက္ခသည်များကို ဆန်၊ ဆီများ လာရောက်လှူဒါန်းသူများနှင့် အာဏာပိုင်များ အချေအတင် စကားများပြီး စစ်တပ်၊ ရဲနှင့် ကြံ့ဖွံ့များက အလှူရှင် ၅၀ ဦးခန့်ကို ဖမ်းဆီးထား သည်ဟု မျက်မြင်တဦးက ဆိုသည်။

“အလှူရှင်တွေရောက်လာပြီး ဆန်ဝေမယ် ဆီဝေမယ်ဆိုတော့ အာဏာပိုင်တွေက သူတို့ကို အပ်လို့ ပြောတယ်၊ မအပ်တဲ့အခါကျတော့ ဒီပစ္စည်းတွေကို လက်မခံနိုင်ဘူးဆိုပြီး အလှူရှင်တွေ ကို ပြန်လွှတ်တယ်၊ အဲမှာ အလှူရှင်တွေက ခင်ဗျားတို့မယုတ်မာနဲ့ ဘာညာဆိုပြီးပြောတော့ သူတို့က ဖမ်းချုပ်ထားလိုက်တာ”ဟု အဆိုပါမျက်မြင်သက်သေက ဆက်လက်ပြောဆိုခဲ့သည်။

ရွှေပြည်သာ (၁၀) ရပ်ကွက်နေ ပြည်သူတဦးကလည်း ရယကနှင့် အီးပီစီများက မီးရရှိရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ထောက်ခံမဲပေးရန် ပြောဆိုပုံနှင့်ပတ်သက်၍ “မီးရဖို့က တော်တော်လုပ်ရမယ်၊ မဲထည့်မဲ့နေ့ အလုပ်မရှုတ်ရအောင် ခုကတည်းက ထည့်ဆိုပြီး အမှန်ခြစ် ပြီးသားမဲတွေကို ပြပြီးယူသွားကြတယ်၊ မုန်တိုင်းမလာခင်က မဲပေးမဲ့စာရင်းထဲ ကျနော်ပါတယ်၊ ခုမေးကြည့်တော့ မပါတော့ပြန်ဘူး”ဟု ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ဒုက္ခသည်များ ခေတ္တာနားခိုနေရာဖြစ်သည့် ကျောင်းများ၊ ဓမ္မာရုံများမှ လေဘေး သင့်သူများကို အာဏာပိုင်များက မောင်းထုတ်နေရာ ရွှေပြည်သာနှင့် အချို့မြို့နယ်များတွင် ထောက်ခံမဲရရေးအတွက် လုပ်ကိုင်ပုံနှင့်ပတ်သက်၍ ရွှေပြည်သာမှ ဒေသခံတဦးက “ပထမ တော့ မဲပေးမဲ့စာရင်းထဲ ပါတဲ့လူကလွဲပြီး နေလို့မရဘူးဆိုပြီး စာရင်းမပါတဲ့လူကို မောင်းထုတ် တယ်၊ ကျောင်းပြန်ဖွင့်တော့မှာလို့ အကြောင်းပြပြီးတော့လည်း မောင်းတယ်၊ ခုရက်ပိုင်း ကျတော့ ထောက်ခံမဲထည့်ရင် နေခွင့်ပြုမယ်ဆိုပြီး ပြောလာပြန်တယ်”ဟု ပြောဆိုသွားခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

ပြည်သူများကို ကယ်တင်ပါ၊ ဗိုလ်ချုပ်များကို ကာကွယ်နေရန် မလိုအပ်ပါ

ကျော်စွာမိုး မေ ၂၃၊ ၂၀၀၈

နာဂစ်ဆိုက်ကလုန်း မုန်တိုင်း တိုက်ခတ်ဖျက်ဆီးခံရပြီးနောက် ပထမဦးဆုံး ကြုံတွေ့ကြရသည့် စိတ်ပျက်ဒေါသထွက်ဖွယ် အခြေအနေမှာ အသက်ရှင်ကျန်ရစ်သူများအတွက် မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီများကို စစ်အစိုးရက ကန့်သတ်ချက်များ ပြုနေခြင်း ဖြစ်သည်။ စစ်အစိုးရက မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို အီလေးဆွဲ ဆောင်ရွက် နေပြီး၊ ကျိုးကြောင်းမလျော်ကန်သော ဆင်ခြေများဖြင့် နိုင်ငံတကာက အကူအညီပေးရန် ကြိုးပမ်းမှုများကို တင်းကျပ်စွာ ကန့်သတ် ချုပ်ချယ်ထားခဲ့သည်။ ဒုတိယအကြိမ် စိတ်ပျက်ဒေါသထွက်ကြရခြင်းမှာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တို့က ခေါင်းမာလှသည့် မြန်မာ စစ်ဗိုလ်ချုပ်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် တိုက်တွန်းနားချရန် မစွမ်းနိုင်ဘဲ တွေဝေဖင့်နှေးနေကြသည်။

ဤသို့ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည့် စွမ်းရည် စစ်အစိုးရတွင် ရှိမနေပါ။ စစ်အစိုးရ ကိုယ်၌က ညံ့ဖျင်း ဆိုးရွားလှသည့် အစိုးရတခုဖြစ်သည်။ စီးပွားရေး၊ လူမှုဖူလုံရေး၊ ပညာရေး စသဖြင့် မည်သည့်ခေါင်းစဉ်တပ်တပ် ကဏ္ဍ တိုင်းတွင် တိုင်းပြည်ကို ဆုတ်ယုတ်ကျဆင်းရလေအောင် စီမံဖန်တီးခဲ့သူဖြစ်သည်။ ဤသို့ညံ့ဖျင်းသော စစ်ဗိုလ်ချုပ်များကို ချီးမြှောက် ပြောဆိုနေသူများလည်း ရှိကောင်းရှိနိုင်ပါသည်။ ထိုသူတို့ကို အခွင့်အရေးမျှော်သမားများ၊ မျက်နှာလို မျက်နှာရ ခယနေကြသူများဟုသာ ခေါ်သင့်ကြပါသည်။

သို့သော်လည်း အာဆီယံအဖွဲ့ဝင်အားလုံး၊ ကုလသမဂ္ဂ အဖွဲ့ဝင်အားလုံးက အခွင့်အရေးသမားများ၊ အကျိုးစီးပွားမျှော်၍ ခယနေကြသူများ မဟုတ်ကြပါ။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်လှသည့်၊ ဒီမိုကရေစီ ကျင့်သုံးနေခြင်းမရှိသည့် စစ် အစိုးရကို ကာကွယ်ပေးနေကြမှုအတွက် သူတို့တွင် တာဝန်ရှိကြောင်း သမိုင်းတွင် မှတ်တမ်းကျန်ရစ်ခဲ့မည် ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် သွေးထွက်သံယို အာဏာသိမ်းပွဲဖြင့် လက်ရှိစစ်အစိုးရက စတင်အာဏာရယူလာခဲ့ချိန်မှစ၍ ကုလသမဂ္ဂ၏ အထူးသံကိုယ်စားလှယ်များက အမျိုးမျိုးသောခေါင်းစဉ်အောက်တွင် ခရီးစဉ် ၃ ဒါဇင်ကျော် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သော နိုင်ငံရေးပဋိပက္ခ၊ ပြဿနာများ ပြေလည်စေရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုခဲ့ကြသည်။

မကြာခဏ ဆိုသလိုပင် ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်များကလည်း "စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီ"၊ "ပြေလည်စေ ရေးအတွက် လမ်းစပွင့်ပြီ" စသဖြင့်... ဆိုခဲ့ကြသည်။ သို့သော်လည်း ဤစာသားများက လက်တွေ့အခြေအနေကို ထင်ဟပ် နိုင်ခြင်း မရှိပါ။ တနည်းဆိုရသော် စစ်ဗိုလ်ချုပ်များကို ကာကွယ်ပေးရာ ရောက်နေပါသည်။

ယခုတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အလှည့်သို့ရောက်လာခဲ့ပြီ ဖြစ်သည်။ မစ္စတာ ဘန်ကီ မွန်းက ကြာသပတေးနေ့တွင် နိုင်ငံတကာအကူအညီများနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ပြည်ဝင်ခွင့် ပိုမို ခွင့် ပြုပေးရေးအတွက် စစ်ဗိုလ်ချုပ်များကို တိုက်တွန်းနားချရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့် ၃ ပတ်အတွင်း စစ်အစိုးရက နိုင်ငံတကာ အကူအညီအနည်းငယ်ကိုသာ ခွင့်ပြုခဲ့ပြီး၊ အမှန်တကယ် လိုအပ်နေသူ ဒုက္ခသည်များထံသို့ လည်း အနည်းငယ်သာ ရောက်စေခဲ့သည်။ အာရှဒေသမှ ကျန်းမာရေး အကူအညီပေးရေးအဖွဲ့ အနည်းငယ်မှအပ၊ ကျန် ပြင်ပမှ နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားများကိုမူ လုံးဝတားမြစ်ပိတ်ပင် ထားခဲ့သည်။

စစ်အစိုးရ၏ ဤသို့တင်းကျပ်ကန့်သတ်ထားမှုကို မစ္စတာဘန်ကီမွန်းကိုယ်တိုင်က စိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ပြီး ဖြစ်သည်။ တဖက်တွင်လည်း မြန်မာပြည်သူများက လွန်ခဲ့သည့် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ လုပ်နိုင်စွမ်းကို စိတ်ပျက်နေကြပြီ ဖြစ်သည်။

ယခုတော့ မုန်တိုင်းပြီးခဲ့သည်မှာ ရက်သတ္တ ၃ ပတ်ကျော်ခဲ့ပြီ။ အခုအချိန်မှ ကုလသမဂ္ဂအကြီးအကဲက စစ်ဗိုလ်ချုပ်များကို နားချရန် ရောက်လာသည်။ လေဘေးဒဏ်သင့် ပြည်သူများက ထောက်ပံ့ရေးအကူအညီများ အသည်းအသန်လိုအပ်နေကြ ပါသည်။ ယခင်ကုလက တလျှောက်လုံးဖော်ပြပြောဆိုခဲ့သလို အပြုသဘော တိုးတက်သယောင် ပြောဆိုနေမှု၊ နားဝင်ချို စေမည့် နှစ်သိမ့်စကားများကို မြန်မာပြည်သူများက မကြားလိုကြတော့ပါ။ မိကျောင်းမျက်ရည်ကျသယောင် ဟန်ဆောင်နေ မှုမျိုး မလိုလားကြတော့ပါ။

အာဆီယံအဖွဲ့ကရော ၎င်း၏အဖွဲ့ဝင် မြန်မာနိုင်ငံအတွက် မည်သို့ ဆောင်ရွက်ပါမည်နည်း။ စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးက မုန်တိုင်းအပြီး ၂ ပတ်အကြာမှ ဖြစ်လာခဲ့သည်။ အာဆီယံအဖွဲ့က မြန်မာစစ်ဗိုလ်ချုပ်များကို တင်းတင်းမာမာ ရင်ဆိုင်လိုက်မည်ဟု မည်သည့်အခါမျှ သတ္တိမရှိခဲ့ကြပါ။ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်လာချိန် ၁၉၉၇ ခုနှစ်မှ စ၍ အာဆီယံအဖွဲ့က စစ်ဗိုလ်ချုပ်ကြီးများ စိတ်အနှောက်အယှက် ဖြစ်စေရလောက်အောင် ဖိအားပေးလိုက်မည်ဟု မ၀ံ့ရဲ ခဲ့ကြပါ။

တနင်္လာနေ့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အဖွဲ့၏ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ကိုယ်၌က ဦးဆောင်မည့် မြန်မာနိုင်ငံအတွက် အထူးလုပ်ငန်း အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။ ဤအဖွဲ့က ကုလသမဂ္ဂနှင့်ရော၊ စစ်အစိုးရနှင့်ပါ အနီးကပ်ပူးတွဲဆောင်ရွက်သွားမည်ဟု ဆိုပါ သည်။ ၎င်း၏ ထုတ်ပြန်ကြေညာချက်တွင် "အာဆီယံအဖွဲ့က ဦးဆောင်သည့် ချည်းကပ်မှုသည် အကောင်းဆုံးရှေ့တိုး ဆောင်ရွက် နိုင်မည့် နည်းလမ်းဖြစ်သည်" ဟု ဖော်ပြထားခဲ့သည်။ ယခုကပ်ဘေးပြဿနာကိုလည်း နိုင်ငံရေးပြဿနာအဖြစ် အသုံးမချ ကြရန် တိုက်တွန်းထားသေးသည်။

အာဆီယံအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံအနေဖြင့် "နိုင်ငံတကာကယ်ဆယ်ရေး လုပ်သားများ ကပ်ဘေး သင့်ဒေသများသို့ ပိုမိုဝင်ရောက်ခွင့်ပေးသင့်ကြောင်း၊ လိုအပ်ချက်များမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပြီး မတွက်ဆ နိုင်သည့် အတိုင်းအတာအထိ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးကျရောက်နိုင်ဖွယ် ရှိနေကြောင်း" တိုက်တွန်းထား သေးသည်။ အပြုသဘောဆောင်သည့် ကြားကောင်းသော စာသားများ ထွက်ပေါ်လာခဲ့ပြန်သည်။

သို့သော်လည်း အချက်က ရှင်းနေသည်။ ယခု "အကောင်းဆုံး ရှေ့ဆက်နိုင်မည့် နည်းလမ်း" ဆိုသည်မှာ အယုံအကြည် ကင်းမဲ့စရာကောင်းလှသော၊ အကြင်နာတရားမဲ့လှသော ဗိုလ်ချုပ်များအတွက် နားဝင်ခံသာစေမည့် အချိုသပ်လုပ်ရပ် နောက်တခုပင် ဖြစ်နေပြန်သည်။ အာဆီယံအဖွဲ့က အမှန်တကယ် ဦးဆောင်ဦးရွက်ပြုရန် အမှန်တကယ် ရည်ရွယ်ရင်း ရှိသည်ထားဦး၊ ၎င်းအဖွဲ့အနေဖြင့် ဤသို့ အတိုင်းအဆကြီးမားလှသည့် ကပ်ဘေးဒုက္ခကြီးကို ကိုင်တွယ်ဆောင်ရွက်ရန် စွမ်းရည် ရှိမနေပါ။

ဝမ်းနည်းစရာကောင်းသလို ပို၍ ရှက်ဖွယ်လိလိဖြစ်ရသည့် ကိစ္စမှာ အာဆီယံအဖွဲ့နှင့် ကုလသမဂ္ဂက ယခုတကြိမ်တွင်လည်း ဗိုလ်ချုပ်ကြီးများ စည်းမျဉ်းချမှတ်နေသည်ကို လိုက်နာသဘောတူနေကြခြင်း ဖြစ်သည်။ သူတို့သာ အမှန်တကယ် ကပ် ဘေးသင့် ဒုက္ခသည်များကို ကူညီလိုပါက နည်းလမ်းအသစ်ဖြင့် ဦးဆောင်ဦးရွက်ပြုရန် သတ္တိပြရပါလိမ့်မည်။

အကယ်၍ ယခု မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်တွင် အစစ်အမှန် လိုက်လျောလာမှု မရရှိခဲ့ပါက ကုလသမဂ္ဂတွင်ပြဌာန်းထား သည့် "ကာကွယ်စောင့်ရှောက်မှုပေးခွင့် တာဝန်ဝတ္တရား" (Responsibility to Protect) အရ ကျင့်သုံးရုံမှတပါး အခြားနည်း လမ်း မရှိတော့ပါ။ ဤပြဌာန်းချက်က သဘာဝကပ်ဘေးများကဲ့သို့သော အခြေအနေမျိုးအတွက် အတိအကျသတ်မှတ် ပြဌာန်းမှု မဟုတ်သော်လည်း မည်သို့ဆိုစေ ကျင့်သုံးဆောင်ရွက်ရန် ခိုင်လုံမှု ရှိနေပါသည်။ စစ်အစိုးရက လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုသင့်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော ပြဿနာမျိုးတွင် နိုင်ငံတကာမိသားစု က အရေးယူ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ပြဌာန်းထားခြင်းလည်း ဖြစ်ပါသည်။

အမှန်တွင် ကယ်ဆယ်ရေးအကူအညီများနှင့် ကယ်ဆယ်ရေးကိစ္စများတွင် ကျွမ်းကျင်သူလုပ်သားများက မြန်မာနိုင်ငံနှင့် အဝေးတွင် ရှိနေကြသည် မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုမှ ရေတပ်သင်္ဘော ၅ စီး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ ကယ် ဆယ်ရေး အကူအညီများကလည်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ဒုက္ခသည်များကို ကယ်ဆယ်ကူညီခွင့်ရရန် စောင့် ဆိုင်းနေကြပါသည်။ ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေသည့် စစ်အစိုးရ၏ "မြန်မာ့အလင်း" သတင်းစာက ဤနိုင်ငံများမှ အကူအညီ များကို မြန်မာပြည်သူများက လက်မခံနိုင်ကြောင်း ဖော်ပြထားခဲ့ပါသည်။

မိမိတို့တွင် နောက်ဆုံး စိတ်ပျက်ဒေါသထွက်စရာ အခြေအနေကို ကြုံတွေ့နေရပါသည်။ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံများက ကုလသမဂ္ဂနှင့် အာဆီယံတို့ မည်မျှ စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်နေကြပါသည်။ ယခုဆောင်ရွက်ချက် မှာ နောက်ဆုံးအကြိမ် ဆောင်ရွက်ချက်ပင် ဖြစ်သည်။

အကယ်၍ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့က ဒုက္ခသည်များကို ကူညီပေးရေးနှင့် ပတ်သက်၍ ထိရောက်သောနည်းလမ်း များ ရှာကြံ မဆောင်ရွက်နိုင်ခဲ့လျှင်၊ မုန်တိုင်းပြီး၍ အသက်ရှင်ကျန်ရစ်ခဲ့သူများ၏ အသည်းအသန် အခြေအနေကို အနောက်နိုင်ငံကြီးများက အကြီးအကျယ် ပြစ်တင်ဝေဖန်ရုံသာပြုပြီး လက်တွေ့မဆောင်ရွက်ပေးနိုင်ခဲ့လျှင် ပို၍ အကြီး အကျယ် စိတ်ပျက်ဒေါသထွက်ကြရလိမ့်မည် ဖြစ်သည်။

သက်ဆိုင်သူအားလုံးအနေဖြင့်လည်း အပြစ်သင့် အရှက်ရပြီး၊ ပြစ်တင်ဝေဖန်မှုများကိုလည်း နှစ်ပေါင်းများစွာ ခံကြရလိမ့် မည် ဖြစ်ပါသည်။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းအပြီး ၃ ပတ်အကြာ အနံ့အသက်များ ဆိုးရွား

မဇ္ဈိမသတင်းဌာန

သောကြာနေ့၊ မေလ 23 2008 23:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်ဒဏ်သင့် ကျေးရွာများနှင့် မြစ်ချောင်းတလျှောက် ၃ ပတ်ခန့် ကြာမြင့်သည်အထိ ရှင်းလင်းသူမဲ့ ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည်။

ဟိုင်းကြီးကျွန်း၊ ဧရာဝတီတိုင်း ဖျာပုံ၊ လပွတ္တာနှင့် ဘိုကလေးမြို့အနီးရှိ ကျေးရွာများတွင် ပြန့်နှံ့နေသည့် လေဘေးသင့် ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေကြောင်း ယင်းဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်လုပ်ကိုင်နေသူများက ပြောဆိုကြသည်။

“ဖျာပုံ တဖက်ကမ်း ဒေးဒရဲမြို့နယ်အတွင်းမှာ၊ ဖျာပုံ မြစ်ဝ ကမ်းရိုးတမ်းတလျှောက် ကျေးရွာ တော်တော်များများမှာ လူသေ အလောင်းတွေကို ရှင်းလင်းသူမရှိလို့ ပုပ်တဲ့ အနံ့အသက်တွေ ရှိနေတယ်” ဟု ဖျာပုံဒေသ လေဘေး ကယ်ဆယ်ရေး လုပ်နေသူ ရန်ကုန်သားတဦးက ပြောသည်။

ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်း၊ မှော်ဘီ၊ အချာကြီး၊ အချာလေး၊ လိပ်တလန်ချောင်း၊ စွယ်တော်ကုန်း၊ လေးအိမ်တန်း၊ ဆိတ်လေးကုန်၊ တံတားကြောင်း၊ မြစိမ်းငယ်နှင့် ကွမ်းမှုံကျေးရွာ တလျှောက်တွင်လည်း အလောင်းများ တွေ့ရဆဲ ဖြစ်သည်။

“ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်းမှာ ရေလုပ်ငန်း လုပ်ကိုင်စားသောက်နေတဲ့ သူတွေဆိုရင် စာရင်းတောင် မရှိတော့ဘူး။ အကုန်လုံး သေကုန်ကြတယ်။ အဲဒီဒေသမှာဆိုရင် အပုပ်နံ့တွေက အရမ်းကို နံနေတာ” ဟု သူက ဆက်ပြောသည်။

ဟိုင်းကြီးကျွန်း အနီးရှိ ပြင်ခရိုင် ချောင်းဝအုပ်စု၊ ကန်ဆိပ်၊ စက်ဆိပ်၊ ပြင်းဆိပ်နှင့် ဆားကုန်ကျေးရွာများတွင်လည်း အနံ့အသက်များ မကောင်းပုံကို ကယ်ဆယ်ရေး လုပ်ငန်း လုပ်နေသူ တဦးက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးအကူအညီမှန်သမျှနှင့် ကူညီရေး စစ်သင်္ဘောများ အမြန်ဆုံးဝင်ရန် နော်ဝေတွင် ထောက်ခံ တိုက်တွန်းတောင်းဆို

အောင်မျိုး ၊မေ ၂၃




Pic: ပြင်သစ်သံရုံးရှေ့ တွင် လေဘေးအကူအညီအတွက် ကြိုဆို ထောက်ခံ တိုက်တွန်း တောင်းဆိုနေသည့် မြန်မာများ

မြန်မာနိုင်ငံသို့  နိုင်ငံတကာမှ လေဘေးအကူအညီမှန်သမျှနှင့် ကူညီရေး စစ်သင်္ဘောများ အမြန်ဆုံး ၀င်ရောက် ပါရန် ကြိုဆို ထောက်ခံ တိုက်တွန်း တောင်းဆိုပွဲကို နော်ဝေနိုင်ငံတွင် ပြုလုပ်သည်။
နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်းကာ ပြင်သစ်။ အမေရိကန်။ အီးယူကော်မရှင်နာရုံး၊ အိန္ဒိယ သံရုံး၊ နော်ဝေနိုင်ငံခြားရေး ၀န်ကြီး ဌာန၊ကနေဒါသံရုံး နှင့် နော်ဝေ လွတ်တော်တို့သို့ သွားရောက်ကာ မေလ ၂၃ ရက်နေ့ တွင် နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီခွဲအထိ ကြိုဆို ထောက်ခံ တိုက်တွန်းတောင်းဆိုပွဲကို ပြုကြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသားတို့၏ ကြိုဆို ထောက်ခံ တိုက်တွန်းတောင်းဆိုသည့် စာကို သက်ဆိုင်ရာ သံရုံးအသီး သီးနှင့် ဌာနများမှ လက်ခံရယူကြပြီး နောက် ၊နော်ဝေ နိုင်ငံခြားရေးဌာနမှ တာဝန်ခံက῞ကျနော်တို့ အဖွဲ့  မြန် မာနိုင်ငံကိုရောက်ခဲ့ပြီးပါပြီ။ ရင်နင့်ဖွယ်အဖြစ်ဆိုးတွေကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရပြီး နောက်မှာ မြန်မာနိုင်ငံကို အကူအညီတွေ ဆက်လက်ပေးဖို့ အစိုးရ အဖွဲ့ ကို တင်ပြဆွေးနွေးထားပါတယ်၊ နော်ဝေက ပထမ အသုတ် ကူညီငွေ ခရိုနာ ၁၀ သန်း ပေးပြီးနောက် ထပ်မံပေးဖို့ ဆွေးနွေးနေပါတယ်῞ ဟု ဆန္ဒဖော်ထုတ်သူ မြန်မာ နိုင်ငံ သားများသို့ ပြောကြားသည်။
ပြင်သစ် သံရုံးနှင့် အီးယူကော်မရှင်နာရုံးသို့ တောင်းဆိုတိုက်တွန်းစာကို ပေးအပ်ရာတွင် ပါဝင်ခဲ့သည့် ဦးဝင်းဖေက῞ ကုလသမဂ္ဂ အမိန့်ကို နအဖ စစ် အစိုးရက လေးစားတာမဟုတ်ဖူး၊ နအဖက အခု ကတိပေးလိုက်၊ ခနနေ ပြန် ငြင်းလိုက် လုပ်ချင်လုပ်တာ၊ ကူညီဖို့ ပြင်နေတဲ့ ကူညီရေး စစ်သင်္ဘော တွေရော၊ ပြည်ပ အကူအညီမှန်သမျှ တကယ်လူသားချင်း စာနာတတ်ရင် ဘယ်အမိန့် မှ မစောင့်ဘဲ ၀င်ပြီးကူညီကြမှ မြန်မာဒုက္ခသည်တွေ အသက် ချမ်းသာရပြီး ဘ၀ ပြန်ထူထောင်နိုင်ကြမှာလို့ သံမှုးကိုပြောခဲ့တယ်῞ ဟု ဟစ်တိုင်သို့ ပြောကြားသည်။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သား ၀င်ခွင့်ပေးမယ် ဆိုတဲ့ကိစ္စ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတိနဲ့ကြိုဆို

မြန်မာစစ်အစိုးရက နိုင်ငံတကာကူညီကယ်ဆယ်ရေး လုပ်သားတွေကို မြန်မာပြည် အတွင်း ၀င်ခွင့် ပေးလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတိနဲ့ လက်ခံကြိုဆိုလိုက်ပါတယ်။ ၀ါရင့် နိုင်ငံရေးသမားကြီးတွေကတော့ အကူအညီတွေ ပိုမိုရစေဖို့ ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်း ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ နိုင်ငံတကာ ကူညီရေး လုပ်သားတွေကို မြန်မာပြည်အတွင်း ၀င်ခွင့်ပေးမယ်လို့ ဒီကနေ့ မြန်မာ စစ်အစိုးရက သဘောတူလိုက်တဲ့ အပေါ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံကြိုဆို လိုက်ပါတယ်။

“ကျနော်တို့ကလေ အဲဒီသတင်းက မှန်ကန်တယ်ဆိုရင် ကျနော်တို့ ခံစားနေရတဲ့ ဒုက္ခသည်များ အတွက် ၀မ်းသာပါတယ်။ အမြန်ဆုံးလည်း ဒီဟာကို အကောင်အထည် ဖော်စေချင်ပါတယ်။”

အဲန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောသွားတာပါ၊ မြန်မာစစ်အစိုးရက ဒီလိုလက်ခံလိုက်ပေမယ့် ဘယ်အတိုင်းအတာအထိ လက်ခံဆောင်ရွက်မလဲ ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်တယ်လို့
ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့လေ အဲဒီ လက်ခံမယ်ဆိုတဲ့ဟာကို သတင်းအပေါ်မှာပဲ သိနေရတာလေ။ ဘယ်လောက် ခိုင်မာတယ် ဘယ်လောက် လက်ခံမယ်ဆိုတာ ကျနော်တို့ ပြောဖို့ စောအုံးမယ်ဗျ။ ကျနော်တို့ သိပ်ပြီးတော့ အကောင်းမြင်ပြီး ပြောလို့လည်း မဖြစ်သေးဘူး။ တကယ် လက်တွေ့ လုပ်တာကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်ခင်ဗျ။”

မြန်မာအစိုးရဟာ နိုင်ငံတကာက လေကြောင်းနဲ့ ပို့ဆောင်နေတဲ့ ကယ်ဆယ်ရေး ပစည်းတွေကို လက်ခံနေသလို မြန်မာရေပိုင်နက် အနီးမှာ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပေးအပ်ဖို့ စောင့်ဆိုင်းနေတဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် စစ်သင်္ဘောတွေကိုလည်း ကမ်းကပ်ခွင့် ပေးမယ်ဆိုရင် လက်ခံမယ်ဆိုရင် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာ ပိုမိုမြန်ဆန် လာလိမ့်မယ်လို့ ပြောပါတယ်။

“ဒီဟာက လက်ခံပြီးတော့ သင်္ဘောကပ်ခွင့် ပေးမယ် ဒီပေါ်က အကူအညီတွေကို ရယူခွင့် ပေးရင်တော့ ဒုက္ခသည်တွေမှာ ခပ်မြန်မြန် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စနိုင်မှာပေါ့နော်။”

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အချိန်တိုအတွင်း ပြန်လည် တည်ဆောက် နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီတွေ လက်ခံဖို့ မြန်မာစစ်အစိုးရကို မနေ့ကပဲ မေတ္တာရပ်ခံခဲ့တဲ့ ၀ါရင့်နိုင်ငံရေး သမားကြီးတွေကလည်း မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းလွင်ကတော့ ဒီသင်္ဘောတွေ ကမ်းကပ်နိုင်ဖို့ကို ကုလသမဂ္ဂက ကြားဝင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“အဲဒါတော့ အစိုးရက သဘောတူရင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်နိုင်ရင် အကောင်ဆုံးပေါ့။ သူတို့လည်း ပစ္စည်းတွေ ပေးဖို့လာနေတာပဲ။ ဆိုကြပါဆို့။ ကမ်းတက်ရင်တော့ ဒီဖက်ကလည်း အချုပ်အခြာ အာဏာ ထိပါးတယ်လို့ ယူဆချင် ယူဆနိုင်တာပေါ့။ သူတို့ကလည်း အကူအညီပေးဖို့ လာတာ ဖြစ်တယ်လေ။ ဒီကလည်း အကူအညီ လိုနေတာပဲ။ အဲတော့ ဘယ်လိုနည်းနဲ့ လက်ခံ ဘယ်လိုနည်းနဲ့ ဖြန့်ဝေမလဲ။ အဲဒါပဲ ညှိနှိုင်းဖို့ လိုတော့တာပေါ့ အဲဒါမှာလည်း ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်းပေးရင် ရလိမ့်မယ်လို့ အဘတို့တော့ အဲဒီလို မျှော်လင့်တာပဲလေ။”

ဝါရင့်နိုင်ငံရေးသမားကြီးတွေက မနေ့က ထုတ်ပြန်တဲ့စာမှာ ၂၀၀၄ ခုနှစ်က ဆူနာမိလှိုင်း ရိုက်ခတ်ချိန်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အင်ဒိုနီးရှားက အာချေး ပြည်နယ်မှာ နိုင်ငံတကာ အကူအညီတွေကို လွတ်လွတ်လပ်လပ် ၀င်ခွင့်ပေး လက်ခံဖို့ မြန်မာစစ်အစိုးရကို မေတ္တာ ရပ်ခံထားပါတယ်။

အခုလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် အခုအခါမှာ မြန်မာပြည်သူ ၂သန်းခွဲ နီးပါး ဒုက္ခရောက်နေရပြီး သူတိုတွေရဲ့ ၂၅ % လောက်ပဲ ကယ်ဆယ် ကူညီမှုတွေကို လက်ခံရကြတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ကယ်ဆယ်ရေးလုပ်သားအားလုံး ပြည်ဝင်ခွင့်ရပြီ

မေ ၂၃။ အေပီ





Pic: အပြုံးနှင့်အမဲ့၊ နေပြည်တော် မြို့သစ်တွင် တွေ့ဆုံကြသည့် ဘန်ကီမွန်းနှင့် သန်းရွှေ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် နေပြည်တော် မြို့သစ်တွင် တံခါးပိတ် နေထိုင်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့မွန်းလွဲ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံခြားမှ ကယ်ဆယ်ရေးလုပ်သားများအားလုံးကို ပြည်ဝင်ခွင့်ပြုရန် စစ်အစိုးရထံမှ ခွင့်ပြုချက် ရရှိသွားသည်။

နှစ်နာရီကြာ အကြိတ်အနယ် ဆွေးနွေးပွဲ အပြီးတွင် ဘန်က သတင်းကောင်းကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားသား ကယ်ဆယ်ရေး ကျွမ်းကျင်သူများကို ဆိုက်ကလုံးဒဏ် အခံရဆုံးဒေသဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ခွင့်ပြုရန် ဟူသော အရေးအကြီးဆုံး တောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုက်လျောခြင်းရှိမရှိကိုမူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မပြောပေ။ သို့သော် ယခုသဘောတူညီချက်သည် ထိုးဖောက်အောင်မြင်မှု တခုလားဟု မေးမြန်းရာ “ကျနော် ဒီလိုပဲ ထင်ပါတယ်”ဟု ဘန်က ဖြေသည်။ နိုင်ငံခြား ကယ်ဆယ်ရေးတာဝန်ခံ တဦးကလည်း ယခုကိစ္စကို ”ထင်ရှားသိသာသည့် ရှေ့တိုးခြေလှမ်း”ဟု ခေါ်ဝေါ်လိုက်သည်။

ဆွေးနွေးပွဲတွင် ဘန်ကီမွန်းနှင့် အတူ ရှိနေသော ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တဦးက သန်းရွှေသည် နိုင်ငံခြားသားများကို ၎င်းတို့ သွားရောက်ခွင့် ပိတ်ပင်ထားသော အဆိုးဆုံးထိခိုက်ရာ ဒေသဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ရန် မီးစိမ်းပြလိုက်သည်ဟု ပြောကြားသည်။ ဘန်က “ဒါ ဘာကြောင့် မဖြစ်နိုင်ရဘူးလဲဆိုတာ အကြောင်းပြချက် မမြင်ဘူး။ သူတို့ဟာ လူသားချင်းစာနာမှု လုပ်သား စစ်စစ်တွေ ဖြစ်ပြီး သူတို့ ဘာလုပ်ဖို့ ဘယ်ကို သွားမယ်ဆိုတာ ထင်ရှားနေတာပဲ”ဟု ပြောကြားကြောင်း အမည်မဖော်လိုသူ ကုလသမဂ္ဂ အရာရှိက ဆိုသည်။ အစိုးရ တာဝန်ရှိသူများသည် ဤသွားရောက်ခွင့် အာမခံချက်ကို မပေးနိုင်ကြောင်း၊ အကြောင်းမှာ သူတို့အဖို့ “ထိပ်ပိုင်းမှ မီးစိမ်းပြရန်” လိုအပ်သောကြောင့် ဖြစ်ကြောင်းလည်း အဆိုပါ အရာရှိက ဆက်လက် ပြောကြားသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် သိန်းနှင့်ချီသော လူထုသည် အစားရေစာ မလောက်ငကြောင်း၊ ဆန်၊ ဆီနှင့် အခြား အခြေခံ စားကုန်ဈေးများမှာ တနိုင်ငံလုံးတွင် နှစ်ဆထိုးတက်သွားခဲ့ကြောင်း ပြောကြားသည်။

“ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အရမ်းကောင်းတဲ့ စည်းဝေးပွဲ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကယ်ဆယ်ရေးလုပ်သားတွေ ကိစ္စပါ။ သူက ကယ်ဆယ်ရေးလုပ်သား အားလုံးကို နိုင်ငံမခွဲခြားဘဲ အားလုံး ပြည်ဝင်ခွင့်ပြုလိုက်ပါပြီ”ဟု ဘန်က အစည်းအဝေး အပြီးတွင် ပြောကြားသည်။ စစ်အစိုးရသည် နိုင်ငံခြား ကယ်ဆယ်ရေးဝန်ထမ်းများကို ပြည်ဝင်ခွင့်ဗီဇာ တိုးမြှင့်ခွင့်ပြုခဲ့သော်လည်း လက်တဆုပ်စာမှတပါး အားလုံးမှာ ရန်ကုန်မြို့တွင် ပိတ်မိနေကြသည်။ သန်းရွှေသည် ရန်ကုန်မြို့ကို ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် ယုတ္တိရှိသော လမ်းဆုံလမ်းခွအဖြစ် အသံးပြုရန်လည်း သဘောတူလိုက်ကြောင်း ပြောပြရင်း ဘန်က ထိုသဘောတူညီမှုကို “အရေးကြီးတဲ့ တိုးတက်မှုတခုပါ”ဟု ခေါ်ဝေါ်လိုက်သည်။

ခေါင်းမာမှုကြောင့် “ခွေးဘီလူး”ဟု အမည်ရသော အသက် ၇၆ နှစ်အရွယ် သန်းရွှေသည် နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှနေ၍ ဘန်ကီမွန်းခေါ်သော ဖုန်းများကို ပြန်မဖြေကြားခဲ့သည့်အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပေးပို့သော စာနှစ်စောင်ကိုလည်း မပြန်ခဲ့ပေ။

“ကျနော် တွေ့ရတာတွေအတွက် အများကြီး စိတ်မချမ်းမမြေ့ ဖြစ်ရတယ်”ဟု ကျုံဒိုးမြို့ ဒုက္ခသည်စခန်းကို သွားရောက်လေ့လာပြီး ဘန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်