စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 23, 2008

စစ်တပ်တွင် ရာထူးအရွှေ့အပြောင်းများဇယား

Read this document on Scribd: Changes inside Military

အပြည့်အစုံဖတ်လိုလျှင်

စစ်တပ်တွင် ရာထူးအရွှေ့အပြောင်းလုပ် (ကာတွန်း)


အပြည့်အစုံဖတ်လိုလျှင်

Time to do the right thing (Cartoon)


အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့် လယ်ယာမြေအချို့ သစ်တောကြိုးဝိုင်းထဲ ရောက်သွားမည်

မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 23 2008 20:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက နှစ်သောင်းခွဲခန့်သည် တိုးချဲ့ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားတော့မည် ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလ ၁၅ ရက် နေ့စွဲဖြင့် ထွက်ပေါ်လာသည့် ဧရာဝတီတိုင်း သစ်တောဦးစီးဌာန လမ်းညွှန်ချက်ဖြင့် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကံထွန်းက ၁၇ ရက်နေ့တွင် ထပ်ဆင့်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါ စာရင်းအင်းအရ မုန်တိုင်းသင့် မြေဧက ၂ သောင်းခွဲ ကျော်သည် သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားမည်ဟု ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

“ကြေညာတဲ့ အတိုင်းဆိုရင် မြေဧက ၂ သောင်းခွဲကျော် ထိန်းသိမ်းလာနိုင်တယ်” ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

သစ်တောမြေဧရိယာ ၃၃၃၄ဝ ရှိပြီး မြေဧက တိုးချဲ့လိုက်ပါက ဧကပေါင်း ၅၈၄၄၃ အထိ ရောက်ရှိလာမည်။

သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သွားမည့် လယ်ယာများကို ပိုင်ဆိုင်သည့် လယ်သမားများ ပြောင်းရွှေ့ရမည်ကို တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး အစရှိသည့် မြို့များမှ ဌာနဆိုင်ရာများအပြင် ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ ကျင်ချောင်းနှင့် ကျွန်းသာယာကျေးရွာ ရယက ဥက္ကဋ္ဌ များထံ အမိန့်စာမိတ္တူ ပေးပို့ထားပြီး ဖြစ်သည်။

ဧရာဝတီတိုင်းရှိ မုန်တိုင်းထိ လယ်သမားများ အနေဖြင့် မကြာခင် မြေယာလက်မဲ့ဘဝ ကျရောက်မည့် အခြေအနေသို့ သက်ရောက်နေကြာင်း ဘိုကလေး မြို့ခံများက ပြောဆိုသော်လည်း လယ်သမား အရေအတွက် မည်ရွေ့မည်မျှ ပါရှိသွားမည်ကို အသေးစိတ် မသိရပေ။

ဘိုကလေး ဒေသခံတဦးက “တချို့ လယ်သမားတွေက ထွန်ယက် စိုက်ပျိုးနေတာ ရှိသလို၊ တချို့ကလည်း စက်ပစ္စည်းတွေ မစုံသေးတဲ့ အတွက် ကြောင့်လည်း မလုပ်နိုင်သေးတဲ့ လူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “သစ်တော အာဏာပိုင်တွေဘက်က အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် မူလတုန်းက ဒီမြေတွေကို ကုန်သွယ်လ ယ်ယာဆီက ဝယ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေ၊ ဒီလယ်ယာမြေတွေဟာ အရင်ကတည်းက စာရင်းပေါက်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ၊ သစ်တောနဲ့လည်း အပြန်အလှန် သဘောတူညီမှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို စုပြီးတော့ အသနားခံစာ တင်မယ်” ဟု ပြောသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဖားကန့်တွင် ရေကြီး

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 23 2008 19:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်။

ယခုလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုးများစွာ ရွာသွန်းသဖြင့် ဖားကန့်မြို့ပေါ်ရှိ ဖားကန့်၊ အေးမြသာယာ၊ ငှက်ပျောတော၊ ဆိုင်းတောင်၊ လုံးခင်း၊ မြို့မ ရေတက်လာခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

“ရေက တော်တော်ကို ကြီးတာ။ ဖားကန့်မှာ ပထမဦးဆုံး စ ရေကြီးတယ်ဆိုပေမယ့် မနှစ်တုန်းကထက် တအားလွန်သွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ မနှစ်တုန်းက စံချိန်ထက်ဆိုရင် ၇ ခေါက် ၈ ခေါက်လောက် ရေကြီးပြီးမှ ဒီအဆင့်ကို ရောက်တယ်လေ။ အခုဟာက ပထမဆုံး စကြီးတဲ့ ရေကိုက ဒီအဆင့် ရောက်တာ” ဟု ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။

ဥရုချောင်းသည် မြောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကျောကန် တောင်တန်းဒေသမှ အစပြုကာ အနောက်မြောက်မှ တောင်ဘက်သို့ စီးဆင်းကာ ချင်းတွင်းမြစ်ထဲသို့ စီးဝင်သွားသည်။

ယခုရက်ပိုင်းအတွင်း ဆိုင်းတောင်မြို့မှ ဖားကန့်မြို့သို့ စက်လှေနှင့် သွားရာ စက်လှေမှောက်သဖြင့် ကျောက်ကုန်သည်တဦး သေဆုံးကာ လူတဦး ပျောက်ဆုံးနေသည်။

နှစ်စဉ်လိုပင် ရေကြီးမှုသည် ဇူလိုင်တွင် စဖြစ်တတ်ပြီး လက်ရှိ ရေတက်နှုန်းသည် သြဂုတ်နှင့် စက်တင်ဘာ၌ ဖြစ်ပေါ်လေ့ ရှိသော်လည်း ယခုနှစ်တွင် စောစွာ ရေတက်လာခြင်း ဖြစ်သည်။

“နှစ်တိုင်းလုပ်နေတဲ့ ကျောက်တွင်း မြေဇာတွေကို ဥရုမြစ်ထဲ ပုံတော့ မြစ်က ကျဉ်းသွားတာပေါ့။ တရက်နှစ်ရက်ကြီးပြီး ပြန်ကျသွားတယ်လေ” ဟု ဖားကန့်မြို့ရှိ အေးမြသာယာ ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ဖားကန့်တွင် နှစ်စဉ် ရေလွှမ်းမိုးမှု ဖြစ်ခြင်းမှာ ၁၉၉၄ ခုနှစ်အတွင်းက ဝင်ရောက်လာသည့် ကျောက်တူး ကုမ္ပဏီများက မြေဇာများကို ဥရုချောင်းထဲ စွန့်ပစ်သဖြင့် ရေသွားလမ်း ပိတ်ဆို့ရာမှ ဘေးသို့ စီးဆင်းလာခြင်း ဖြစ်သည်ဟု ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ပြောသည်။

“ဥရုချောင်းရဲ့ အောက်မှာ ကျောက်တွေ ရှိတယ်။ မြေဇာတွေနဲ့ မူလရေကြောင်းကို ပိတ်လိုက်မယ်၊ ရေစီးကြောင်းက လွဲသွားတယ်။ ဒါကြောင့် ဆိုင်းတောင်မြို့ဘက် မိုးရာသီ ရေကြီးတာ ဖြစ်တယ်။ ကုမ္ပဏီတွေ များလာလို့လည်း ဟုတ်တာပေါ့နော်။ သူတို့က လွတ်တဲ့နေရာတွေ ချောက်တွေမှာ မြေဇာတွေ ပုံလိုက်တယ်၊ ရေသွားလမ်းက တဖြည်းဖြည်းနဲ့ လွဲပြီး မိုးရာသီဆိုရင် ရေလွှမ်းတာတို့ ဖြစ်လာတာပေါ့လေ” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လက်အောက်ခံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ခံ အမျိုးသမီး Ban Yong က မဇ္ဈိမကို ပြောသည်။

ယခုအခါ ဖားကန့်မြို့ပေါ် ဥရုချောင်း ပတ်ဝန်းကျင်တွင် အနည်းဆုံး ကုမ္ပဏီ ၆ဝ ခန့် ရှိသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု

ညလင်းဖြူ
တနင်္လာနေ့၊ ဇွန်လ 23 2008 16:46 - မြန်မာစံတော်ချိန်


ဇွန်လ ဆိုတာက ဒီနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီလေ။
ကျမကတော့ သားလေးအတွက် ရန်ကုန်က Orange Super Market ရှေ့က Back to School ဆိုတဲ့ ဧရိယာမှာ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်း တွေ ဝယ်ဖို့ ကြည့်နေမိတယ်။ အနီးအနားက ကျမလိုပဲ မိခင်နှစ်ယောက်ကလည်း သူတို့ ကလေးတွေအတွက် လိုအပ်တာတွေ ကြည့်နေရင်း တယောက်က သူ့သမီးလေးက ဒီနှစ်မှ ကျောင်းကြီးကို စပို့ရမှာဖြစ်ပြီး၊ ဒီမြို့ရဲ့ နာမည် အကြီးဆုံးကျောင်းကို ပို့ချင်ပေမယ့် ကျောင်းဝင်ကြေးနဲ့ အလှူငွေကို မတတ်နိုင်လို့ အိမ်နားက မူလတန်းကျောင်းကိုပဲ စိတ်လျှော့ပြီး အပ်ရတော့မယ့်အကြောင်း ပြောပြနေပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကျန်တဲ့ မိခင် တယောက်ရဲ့ ကလေးက သူတို့ပြောတဲ့ နာမည်ကြီးကျောင်းမှာ ထားလက်စထင်တယ်။ အဲဒီ မိခင်စကားကို ထောက်ခံပြီး အဲဒီ ကျောင်းမှာ လက်တွေ့ထားရင် နောက်ဆက်တွဲ ဘယ်လို ကုန်တဲ့အကြောင်း၊ အတန်းကောင်းရဖို့ အတန်းပိုင်ဆရာမ ကျေနပ်ဖို့ နည်းအမျိုးမျိုးနဲ့ အရမ်း ကြိုးစားရတဲ့ အကြောင်း၊ ကျောင်း တခါတခါ ပိတ်သွားရင်တော့ သူ့မှာ အသက်ရှူလေး ချောင်မလား စဉ်းစားပေမယ့် တခြားကလေး တွေလို Summer School ကို နေချင်လို့ သူ့ကလေး ပူဆာတော့ သနားလို့ ထားရပြန်ကြောင်း၊ အိမ်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတော့ တခြား ဘက်တွေကို ချွေတာသုံးရပြီး ကလေးပညာရေးကိုတော့ တတ်နိုင်သလောက် ပံ့ပိုးနေရကြောင်း ပြောပါတယ်။

သူတို့ ပြောသလိုပဲ စ မပို့ရသေးဘူး၊ အခု ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုက မတန်တဆ ဖြစ်နေတာ တွေ့ရတယ်။ နေ့လယ် ထမင်းဗူး ထည့်ဖို့အတွက် ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ခပ်သေးသေး ခြင်းတောင်းလေး တခုကိုက ထောင်ဂဏန်းတွေနဲ့ ချီပေးနေရတာ။ ကျမလည်း မတန်လို့ အဲဒီ ခြင်းတောင်းကို ပြန်ချထားပြီး ဒီ့ထက် အထည့်ဆန့်ပြီး ဈေးသက်သာတာ ထပ်ရှာကြည့်တယ်။ စိတ်တိုင်းကျ မတွေ့ရဘူး။ တခြား လိုအပ်တာတွေက ရှိသေးတော့ ခြင်းတောင်သေး တခုအတွက်နဲ့ ငွေ သိပ်မဖြုန်းချင်လို့ပါ။

ခဏနေတော့ နောက်ထပ် မိခင်နှစ်ယောက် Back to School နားကို ရောက်လာကြပြန်တယ်။ ဒီနှစ်ယောက်ကတော့ တမျိုး။ ကလေးသုံး ပစ္စည်းတွေက ကပ်ထားတဲ့ ဈေးနှုန်းတွေကို ကျမတို့လို စစ်စစ်ပေါက်ပေါက် ကြည့်မနေဘူး။ သူတို့ ကြိုက်တာတွေကို တခုပြီးတခု ယူပြီး လက်တွန်းလှည်း (trolley) ပေါ်ကို တင်နေကြတယ်။ လှည်းပေါ်မှာလည်း တခြားပစ္စည်းတွေက အပြည့်။ ပြီးတော့ မိခင်တယောက်က မနှစ်က သူ့သားကို ထားတဲ့ International School က ပိုဈေးသက်သာတဲ့ International School ကိုပဲ ပြောင်းထားမယ့်အကြောင်း၊ ကလေးက ၃ ယောက်ဆိုတော့ အဲဒီလောက်အထိ မတတ်နိုင်ဘူးလို့ စကားသံခပ်ဝဲဝဲနဲ့ တခြားတယောက်ကို ရှင်းပြနေတယ်။

အဖော်ပါလာတဲ့ မိခင်ကလည်း ထောက်ခံပြီး မန္တလေးမှာ International School က ရွေးချယ်စရာ နည်းတဲ့အကြောင်း၊ ရန်ကုန်က ပိုများကြောင်း၊ စီးပွားရေးက ထင်သလောက် အဆင်မပြေလို့သာ ဒီမှာ ထားနေရကြောင်း၊ ဖြစ်နိုင်ရင် စင်္ကာပူမှာပဲ တခါထဲ ထားချင်ကြောင်း သူ့ဆန္ဒကို ပြောနေပြန်တယ်။

ဘာပဲပြောပြော အလွှာချင်းမတူညီတဲ့ ကျမတို့ မိခင်တွေအားလုံးမှာ တူညီနေတာ တခုကတော့ ကျောင်းဖွင့်ရာသီ ရောက်ရင် ကိုယ့်ကလေး ပညာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုး ပေးချင်ကြတာရယ်၊ အိမ်ရဲ့ ဝင်ငွေထွက်ငွေကို သိထားလို့ ချိန်ဆနေရတဲ့အတွက် အားမရ စိတ်ညစ်နေကြ တာတွေရယ်ကတော့ အကုန် အတူတူပါပဲလို့ တွေးမိရတယ်။


ကျောင်းဖွင့်ရာသီအပေါ် ကလေးတွေရဲ့ ခံစားမှု
International School တွေမှာ ဖွင့်လေ့ရှိတဲ့ Summer School မှာ ခဏတွေ့ရတဲ့ သူငယ်ချင်း အသစ်တွေနဲ့ ခွဲခွာရတော့မှာ ဖြစ်ပေမယ့် တနှစ်ပတ်လုံး အတူနေ၊ အတူဆော့လာခဲ့တဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတော့မှာမို့ ကလေးတွေကတော့ အရမ်းကို ပျော်နေကြတယ်။ ကျမတို့ ငယ်ငယ်က ခံစားချက်လိုပဲ အတန်းသစ် တတန်းကို တက်ရတော့မယ့် ခံစားမှုကလည်း ရင်ခုန်စရာတမျိုးပေါ့။ အသက် တနှစ်ကြီးသွားပြီ၊ အတန်းတတန်း ကြီးသွားပြီဆိုတဲ့ သဘောလေ။

ဒီခေတ် ကလေးတွေကြားမှာ ပြောစရာတခု ရှိလာတာက နွေရာသီတုန်းက သူတို့ တက်ခဲ့တဲ့ Summer School က ကစားကွင်း ဘယ်လောက် ကျယ်တဲ့အကြောင်း၊ ဘယ်လို သားနားတဲ့ အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဆော့ခဲ့ကြကြောင်း၊ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာ ကျင်းပတဲ့ ကျောင်းဆင်းပွဲမှာ ဘယ်လို ပါဝင် လှုပ်ရှားခဲ့ကြောင်း၊ တယောက် အတွေ့အကြုံတွေကို တခြားတယောက်ကို ပြောပြဖလှယ်ကြ။ တချို့ကတော့ ကျောင်းကြီးကို ဖွင့်စေချင်လှပြီ။ အဲဒီ အတွေ့အကြုံတွေကိုလည်း ပြောပြချင်ကြလို့။ နောက်ပြီး တနှစ်တာလုံး ရင်းရင်းနှီးနှီး နေခဲ့တဲ့ ပတ်ဝန်းကျင် အဟောင်းမှာ ပြန်ကစားချင်လာကြလို့။

မိခင်တွေရဲ့ ငွေကြေး အခက်အခဲ၊ လူမှုကိစ္စ အခက်အခဲတွေကို ဘာမှ နားမလည်တဲ့ မသိကြရှာတဲ့ ကလေးတွေ အတွက်ကတော့ ကျောင်းဖွင့်ချိန် ဟာ မင်္ဂလာပါ။ တချို့ မလိုက်မသိတဲ့ ကလေးတွေဆိုရင် အရင်ကျောင်း အဟောင်းကို မနေချင်တော့ကြောင်း၊ Summer School မှာပဲ ဆက်နေချင်ကြောင်း နားပူနားဆာ လုပ်ကြတာတွေလည်း ရှိရဲ့။ ကျောင်းသုံးပစ္စည်း ဝယ်တဲ့အခါမှာလည်း တန်၏၊ မတန်၏ နားမလည်ရှာဘဲ လိုချင်တာတွေကိုပဲ အတင်း ပူဆာကြသူတွေလည်း ရှိရဲ့။

ဒီခေတ်မှာ ကျောင်းတွေက အပတ်စဉ် အစမ်းစာမေးပွဲ ပဲရှိပြီး အတန်းနှစ်ကျ (Repeater) ရယ်လို့လည်း မရှိတော့ ကျမတို့တုန်းကလို အဲဒီ ဘက်မှာ စိတ်ပူစရာ မလိုတော့ဘူးလေ။ အတန်းသစ်တတန်းကို လွယ်လွယ်ကူကူနဲ့ တက်ရတော့မယ် ဆိုတာကို သိနေကြတယ်။ ဒီတော့ ကျောင်းဖွင့်ချိန်ဟာ ဘာစိတ်ပူစရာမှ မရှိတဲ့ ကလေးတွေအတွက် အပျော်ကြီး ပျော်စရာ အချိန်ပေပဲပေါ့။


ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု
Sky Walk Shopping Mall နဲ့ Orange Super Market eJ‹ Back to School မှာ ကျောင်းသုံးပစ္စည်းတွေ ဝယ်လာပြီး စက်လှေကားက ဆင်းခဲ့တယ်။ တော်သေးတယ်၊ သားတော်မောင်ကို ခေါ်မလာခဲ့လို့။ သူ့ကိုသာ ခေါ်လာရင် ဈေး တန်တာ၊ မတန်တာ နားမလည်တော့ ဟိုဟာ လိုချင်တယ်၊ ဒီဟာ ယူချင်တယ်နဲ့ လုပ်တတ်လေ့ ရှိတယ်။ ဒါပေမဲ့ သူ့ကို ခေါ်မလာဘဲ အမေက စိတ်ကြိုက်ဝယ်လာတဲ့ ပစ္စည်းဆိုရင်တော့ ချေးမများတတ်ရှာဘူး။ တမြတ်တနိုးနဲ့ လက်ခံလေ့ ရှိတယ်လေ။ ဒါကိုသိတဲ့ ကျမက အခုလို ကျောင်းဖွင့်ရာသီအတွက် လိုအပ်တာတွေ ဝယ်ဖို့ ထွက်ရင် သားလေးကို ခေါ်လေ့ မရှိတော့ဘူး။ သူလိုချင်တာက ဈေးမတော်လို့ ဝယ်မပေးရင် စိတ်မကောင်း ဖြစ်မှာလည်း စိုးလို့ပါ။

စက်လှေကားအဆင်းမှာ သားလေးအရွယ် ကလေး ၃ ယောက်လောက် တယောက်က ရတနာပုံ ဈေးထဲက ဆိုင်တဆိုင်အတွက် အဝတ်ထုပ်ကြီးတွေ ထမ်းသယ်သွားတာကို တွေ့ရတယ်။ နောက်နှစ်ယောက်က ရေသန့်ပုံးတွေ တင်ထားတဲ့ လက်တွန်းလှည်းလေးကို အရှေ့က တယောက်၊ အနောက်ဘက်က တယောက် မျှပြီး တွန်းနေကြလေရဲ့။

ကျမ ဖြတ်အသွား အနားက အမျိုးသမီးနှစ်ယောက်က အပြန်အလှန် စကားပြောနေကြတယ်။ ဈေးဗန်းကို ဘေးချထားတဲ့ အမျိုးသမီးက ပါတိတ်ဝမ်းဆက်နဲ့ အမျိုးသမီးကို သူ့ကလေး သုံးယောက်ကို အခုလို အလုပ်ရအောင် သွင်းပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောနေတာပါ။ ဒီနှစ် ကျောင်းဖွင့်ရာသီမှာ အငယ်လေး နှစ်ယောက်ကိုပဲ ကျောင်းထားနိုင်တော့လို့ စိတ်မကောင်းပေမယ့် အကြီး သုံးယောက်ကို အခုလို အလုပ်ခွင်ကိုပဲ ပို့ရတော့တဲ့အကြောင်း ဆက်ပြောနေတယ်။

မိခင်တယောက်ဖြစ်တဲ့ ကျမ သူ့မျက်နှာကို ကြည့်လိုက်မိတော့ မျက်လုံးလေးတွေထဲမှာ အရည်ကြည်လေးတွေ လဲ့နေတာကို စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။ ခပ်လှမ်းလှမ်းမှာတော့ အဆော့မက်တဲ့ ကလေးတချို့ ကျောင်းစိမ်းအင်္ကျီရောင်းတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး အင်္ကျီလေးတွေကို ငေးကြည့်နေလေရဲ့။ သူတို့ အခြေအနေတွေကတော့ ကျမတို့နဲ့ ဆန့်ကျင်ဘက်။ အခုလို ကျောင်းဖွင့်ရာသီမှာ မိခင်ရော ကလေးဖြစ်သူတွေပါ ကျောင်းဆက်တက်ဖို့ အခက်အခဲ ရှိနေတော့ နှစ်ဦးနှစ်ဖက် စိတ်မကောင်းဖြစ်နေကြတဲ့ ခံစားမှုတွေက တူညီနေတာ တွေ့ရတယ်။ မိခင်လုပ်သူကလည်း မပျော်နိုင်သလို၊ ကလေးတွေကလည်း သူများပျော်လို့ မပျော်နိုင်တဲ့ အခြေအနေလေ။

ကျောင်းဖွင့်ရာသီတွေမှာ အခုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့တာက အခုမှလား၊ အရင်ကတည်းကလား ကျမ အတွေးတွေ ရှုပ်လာတယ်။ ရှုပ်နေတဲ့ အတွေးတွေကို ဖျောက်လိုက်ပြီး ဈေးတက်သွားတဲ့ ကားရပ်နားခ အခွန်ငွေ ၂ဝဝ ပေးပြီး ကားကို ဂရုတစိုက်မောင်း အိမ်ပြန်ခဲ့တော့ တယ်။ ကားမောင်းနေရင်း ဝယ်လာတဲ့ ကျောင်းသုံးပစ္စည်း အသစ်လေးတွေကို ကြည့်ပြီး ကျောင်းတက်ရတော့မယ် ဆိုတဲ့ အသိနဲ့ ဝမ်းသာ ပျော်ရွှင်နေမယ့် သားလေးရဲ့ ချစ်စရာ မျက်နှာလေးကို မြင်ယောင်မိပြီး ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ဈေးလမ်းကြားထဲမှာ အလုပ်လုပ်နေရာက ကျောင်းစိမ်းအင်္ကျီ ဆိုင်ရှေ့အရောက် အလုပ်ကိုရပ်ပြီး ငေးကြည့်နေရှာတဲ့ ကလေးရဲ့ မျက်နှာကို သွားသတိရမိလိုက်တော့ အပြုံးက ချက်ချင်း ရပ်သွားမိတော့တယ်။


ညလင်းဖြူ

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကျပ်သိန်း ၁ဝဝဝ တန် အောင်ဘာလေထီ ဆုအသစ် ဖွင့်လှစ်ရန် စစ်အစိုးရကြံ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 23 2008 14:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမြင့်ဆုံး ဆုငွေ ကျပ် သိန်း ၁ဝဝဝ အထိပေးမည့် အောင်ဘာလေထီ ပုံစံသစ်တခုကို သြဂုတ်လအတွင်း ဖွင့်လှစ်သွားရန် ရှိကြောင်း ထီရုံးအရာရှိတဦး အပြောအရ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေး နှစ်ကုန်ပိုင်းကတည်းက စီမံကိန်း ချထားပြီးသား။ ဒါပေမဲ့ လျှို့ဝှက်ချက် အနေနဲ့ပဲ ရှိနေသေးတယ်” ဟု နိုင်ငံပိုင် အောင်ဘာလေထီရုံးမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

ထီဆုသစ် သတင်းက ဆယ်စုနှစ်နှင့်ချီ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခဲ့သော ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေး ဖောင်းပွမှုကို ဆက်လက် တွန်းအားပေးနေဖွယ် ရှိနေသည်။

ဆုမဲ အစီအစဉ်သစ်သည် လက်ရှိ ရောင်းချနေသော ထီလက်မှတ် တစောင်လျှင် ကျပ် ၁ဝဝ ဈေးနှုန်းကိုမူ တိုးမြှင့်မသွားဘဲ လက်မှတ် အရေအတွက်သာ ပိုမိုလာမည်ဟု အရာရှိက ပြောသည်။

အစိုးရအနေဖြင့် အခွန်တော် များများလိုသဖြင့် ထီလက်မှတ် အရေအတွက် ပိုမို ထုတ်ရောင်းရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ထီစီမံကိန်းအသစ် ဖွင့်လှစ်ပြီးနောက် ထီပေါက်သူများကို အပိုဆုငွေပေးကာ ထီလက်မှတ် အရောင်းအဝယ် လုပ်နေသည့် ထီပွဲစားများကို အရေးယူ နှိမ်နင်းသွားဖွယ် ရှိသည်ဟု ရန်ကုန်အခြေစိုက် ထီပွဲစားတဦးက ပြောသည်။

တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ (ချဲထီ) လောင်းကစားခြင်းများ ရေပန်းစားလွန်းနေသော နိုင်ငံတွင် ထီဆု အစီအစဉ်သစ်က နောက်ထပ် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်သည်။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထွက်လိုသူများကို (၃) နှစ်စောင့်ခိုင်း

NEJ/ ၂၃ ဇွန် ၂၀၀၈

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နုတ်ထွက်လိုကြောင်း လျှောက်ထားသူများကို နုတ်ထွက်ခွင့်တောင်းပြီး (၃) နှစ်ကြာမှ ထွက်ခွင့်ပြုသည့်အတွက် အမှုထမ်း အရာထမ်းများ စိတ်ဓာတ်ကျနေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံခြားမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များ မကြာခဏ ထွက်ပြေးခြင်း အကြောင်းတရားများအနက် နေပြည်တော်မှာ မနေချင်သည့်အချက်က အဓိကအချက်ဖြစ်သည်ဟု နေပြည်တော်အရာရှိတဦးက ပြောသည်။

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်ရာမှ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ရောက်လျှင် နောက်တခေါက် နိုင်ငံခြားပြန်ထွက်ရန် အနည်းဆုံး (၃) နှစ်စောင့်ရလေ့ရှိသည်။ သို့သော် အထက်လူကြီးနှင့် ပြေလည်သူများကိုမူ နေပြည်တော်ရောက်ပြီး (၃) လနှင့် (၆) လကြား နိုင်ငံခြားမြန်မာသံရုံးတခုခုသို့ ပြန်လွှတ်လေ့ရှိသည်ဟုပါ ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီး (၄) ဦး အပါအ၀င် ဆွေမျိုးစုစုပေါင်း (၈) ဦးခန့်ရှိပြီး အထူးအခွင့်အရေးများ ရနေသည်ဟု စုံစမ်းသိရသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပုဂ္ဂလိကဘဏ် သွင်းငွေပမာဏ ကန့်သတ်


NEJ/ ၂၃ ဇွန် ၂၀၀၈

မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ဘဏ်အပ်နှံငွေ လက်ခံမှုပမာဏကို လျှော့ချ ကန့်သတ်လိုက်ကြောင်း ရန်ကုန်မြို့မှ ဘဏ်နှင့်ဆက်သွယ် လုပ်ကိုင်နေသူများက ပြောသည်။

ကမ္ဘောဇဘဏ် လမ်းမတော်ဘဏ်ခွဲ၌ ငွေစာရင်းဖွင့်လှစ်ထားသူ ရွှေဆိုင်ပိုင်ရှင်တဦးက “ပြီးခဲ့တဲ့ သောကြာနေ့က ငွေ သိန်း (၁၀၀) ဘဏ်မှာ သွင်းဖို့သွားတယ်။ အဲဒီမှာ ဘဏ်က သွင်းငွေကို ကျပ် (၁၀) သိန်းပဲ လက်ခံတယ်လို့ ပြောတယ်။ ဘာကြောင့်ဆိုတာတော့ မပြောဘူး။ ဒါနဲ့ (၁၀) သိန်းပဲ သွင်းရတယ်” ဟု ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကမ္ဘောဇဘဏ်က ပြီးခဲ့သည့် သီတင်းပတ်မှစပြီး တရက်လျှင် သွင်းငွေ အများဆုံး ကျပ် (၁၀) သိန်းသာ လက်ခံပြီး မိမိပိုင်ငွေစာရင်းမှ ပြန်လည်ထုတ်ယူမှုကိုမူ အကန့်အသတ်မထားဘဲ စာရင်း တွင် ရှိသမျှ ပြန်လည်ထုတ်ယူနိုင်ကြောင်း၊ သို့သော် (၁) ပတ်လျှင် တကြိမ်သာ ငွေထုတ်ရန် ကန့်သတ်ထား ကြောင်း၊ အလားတူ အခြားပုဂ္ဂလိကဘဏ်များကလည်း ငွေသွင်း၊ ငွေထုတ်ကိစ္စ စည်းကမ်းချက်အသစ်များ ထပ်မံချမှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ ဘဏ်တွင် (၁) ပတ်ကို အပ်ငွေ ကျပ် (၁၀) သိန်းအထိသာ လက်ခံပြီး ရိုးမ ဘဏ်တွင် အပ်နှံငွေလက်ခံမှု ယာယီပိတ်ထားကာ ငွေထုတ်ပေးမှုကိုသာ လုပ်ဆောင်နေကြောင်း၊ မြန်မာအရှေ့တိုင်းဘဏ်တွင် ငွေမည်မျှ အပ်နှံနိုင်သည်ကို တိတိကျကျ ဖြေကြားခြင်းမပြုဘဲ အခြေအနေကိုကြည့်ပြီး လက်ခံကြောင်း၊ လက်ခံငွေပမာဏ နေ့စဉ် အပြောင်းအလဲရှိကြောင်း သိရသည်။

သမ၀ါယမဘဏ်လီမိတက်တွင် အပ်နှံငွေ ပမာဏ များနေသူများကိုသာ ကန့်သတ်မှု လုပ်နေပြီး အပ်နှံငွေနည်းနေသူများနှင့် စာရင်းအသစ် ဖွင့်လှစ်သူများကိုမူ ကန့်သတ်မထားကြောင်း၊ သို့သော် ပမာဏ မည်မျှအထိ လက်ခံနိုင်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုကြောင်း၊ မြန်မာနိုင်ငံတွင်းက ပုဂ္ဂလိက ဘဏ်များသည် အခြားနိုင်ငံများက ဘဏ်များနှင့် မတူသည့် စည်းမျဉ်းများဖြင့် လည်ပတ် နေကြောင်း အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တဦးက ပြောသည်။

ပုဂ္ဂလိကဘဏ်များတွင် ငွေစာရင်းအသစ် ဖွင့်လှစ်လိုသူသည် စာရင်းဖွင့်ပြီးသား အခြားသူ (၂) ဦး၏ ထောက်ခံချက်ပါမှ ဖွင့်လှစ်ခွင့်ရှိပြီး ယခင်က ငွေသွင်းခြင်းကို ပမာဏ ကန့်သတ်မထား သော်လည်း ယခုအခါ ကန့်သတ်လာခြင်းဖြစ်သည်။

ထိုသို့ ကန့်သတ်လာရခြင်းမှာ ပုဂ္ဂလိက ဘဏ်တခုအနေဖြင့် ငွေလက်ခံခြင်း၊ ငွေထုတ်ချေးခြင်း ပမာဏကို ဗဟိုဘဏ်တွင် Deposit (အပေါင်သဘော) တင်ထားသည့် ငွေပမာဏ၏ (၇) ဆထက် ကျော်လွန်ပြီး မပြုလုပ်ရဆိုသည့် စည်းမျဉ်းကို အခြေခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အဆိုပါ စီးပွားရေးပညာရှင်က ရှင်းပြသည်။

၎င်းက “ကမ္ဘောဇဘဏ်လို ဘဏ်ခွဲနဲ့ ဖောက်သည်သိပ်များတဲ့ ဘဏ်အနေနဲ့ ဗဟိုဘဏ်မှာ Deposit ပမာဏ ထပ်တင်ပြီး လုပ်ငန်းကြီးမားအောင် ထပ်ချဲ့နိုင်ပေမယ့် အာရှဓနဘဏ်၊ မေဖလားဝါး
ဘဏ်၊ ယူနီဗာဆယ်ဘဏ်တွေရဲ့ နမူနာကိုကြည့်ပြီး အန္တရာယ်မရှိအောင် ပုံမှန်လောက်သာ လုပ်ကိုင်နေတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ဘဏ်စနစ်သည် ရှိရုံသာရှိပြီး ကောင်းမွန်စွာ အသက်မ၀င်သောကြောင့် အခြားသော စီးပွားရေးကဏ္ဍများအား အထောက်အကူမဖြစ်နိုင်ကြောင်း စီးပွားရေးသမားများက ဝေဖန် ကြသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များ ထပ်ဖွင့်ခွင့် ပိတ်ထားခြင်း၊ ဖွင့်ပြီးသား ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲများ ဆက်ဖွင့်ခွင့်မပြုခြင်း၊ ဘဏ်တိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်သည့်အတိုင်းသာ ပုံသေသုံးရခြင်း၊ အကြွေးဝယ်ကတ်များ အသုံးပြုနိုင်အောင် စီစဉ်မပေးနိုင်ခြင်း၊ တပတ်တကြိမ်သာ ဘဏ်မှ ငွေထုတ်ခွင့်ပြုထားခြင်း၊ ကျပ်ငွေတမျိုးတည်းသာ အသုံးပြုနိုင်ခြင်း စသည့်ဘဏ်လုပ်ငန်း အားနည်းချက်များ ရှိနေကြောင်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံရှိ မေဖလားဝါးနှင့်အာရှဓနဘဏ်နှစ်ခုကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိသည့်အတွက်ဟု အကြောင်းပြကာ စစ်အစိုးရက ၂၀၀၆ ခု မတ်လကုန်တွင် ဘဏ်လုပ်ငန်းများ ပိတ်သိမ်းခဲ့သည့်အတွက် ထိုစဉ်အခါက ငွေအပ်နှံသူများ၏ ငွေများကို ပြန်ထုတ်ပေးခဲ့ရသည်။
အဆိုပါဘဏ် (၂) ခုကို ငွေကြေးခ၀ါချမှု၊ အရှေ့တောင်အာရှ မူးယစ်ဆေးမှောင်ခိုကူးသူများနှင့် ဆက်စပ်မှုရှိသည်ဟု အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စတစ်ကာကပ်ကား မောင်းသည့်ယာဉ်မောင်းကို ဖမ်းဆီးထောင်ချမည်

NEJ/ ၂၃ ဇွန် ၂၀၀၈

စတစ်ကာကပ်ထားသော မော်တော်ယာဉ် မောင်းနှင်သည့် ယာဉ်မောင်းအား ပုဒ်မ (၁၈၈) ဖြင့် ဖမ်းဆီးအရေးယူမည်ဟု ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးက တရားဝင် သတင်းထုတ်ပြန်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အရေးယူမှု ပြုလုပ်ရခြင်းမှာ ဒုစရိုက်မှုများ၊ ရာဇ၀တ်မှုများ မကျူးလွန်ကြစေရန်ဖြစ်ကြောင်း၊ စတစ်ကာကပ်ထားသည်ကို အကာအကွယ်ယူ၍ မော်တော်ယာဉ်ပေါ်တွင် ပြစ်မှုကျူးလွန်ခြင်း မရှိစေရန်ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး အောင်နိုင်ကို ကိုးကားပြီး ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ကားများတွင် စတစ်ကာကပ်သည်ကို ထားမြစ်ထားသော်လည်း ယာဉ်ပိုင်ရှင်များက လိုက်နာမှု မရှိဘဲ ယခုအခါ စတစ်ကာကပ်သည့်ကားများ ပိုများလာသည့်အတွက် ပုဒ်မ (၁၈၈) အရ ပြင်းထန်စွာ အရေးယူရန် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် ဥပဒေအရ ထားမြစ်ထားသည်ကို ကျူးလွန်ပါက ဥပဒေပုဒ်မ (၂၄) ဖြင့် အရေး ယူခြင်း ခံရမည်ဖြစ်ပြီး ယင်းဥပဒေတွင် ဒဏ်ငွေသာ တပ်၍ရကြောင်း၊ ယခုပုဒ်မ (၁၈၈) မှာ (မြန်မာနိုင်ငံရဲတပ်ဖွဲ့) ဥပဒေဖြစ်ပြီး လူကိုပါ ဖမ်းဆီးထောင်ချမည့် ဥပဒေဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ရှင်းပြသည်။

ဥပဒေပုဒ်မ (၁၈၈) အရ ယာဉ်မောင်းကို ဖမ်းဆီးကာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် အမှုဖွင့် အရေးယူမည့်စီမံချက်ကို ဇူလိုင်လ (၁) ရက်နေ့၌ စတင်မည်ဟု သိရသည်။

ယခုလအတွင်း မြန်မာနိုင်ငံ အနုပညာလောက၌ မူးယစ်ဆေးဝါးသုံးစွဲသော အနုပညာရှင်များ ခေါ်ယူစစ်ဆေးခံရသည့်သတင်း ပျံ့နှံ့နေပြီး ထိုသတင်းနောက်ပိုင်းတွင် ယခုဥပဒေပုဒ်မ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်တွင်း မီဒီယာတခုမှ ၀ါရင့် သတင်းစာဆရာတဦးက “ကျနော်တို့သိလောက်ကတော့ မင်းသမီး၊ မင်းသားတွေက စတစ်ကာကပ်တဲ့ကားကို စီးတာများတယ်ဗျ၊ ပြီးတော့ အရာရှိကြီးတွေရဲ့ သား သမီးတွေကပဲ ဒီစတစ်ကာကပ်ထားတဲ့ကားကို စီးတာလေဗျာ။ ကားကောင်းတွေစီးတဲ့ လူတန်း စားက ရန်ကုန်မှာ လက်ချိုးရေလို့ရပါတယ်” ဟုပြောသည်။

ဆေးသုံးသည်ဟု သတင်းထွက်နေသည့် သရုပ်ဆောင်အချို့နှင့် သူဌေးအချို့တို့က ဒရိုင်ဘာရှိ သည့်အတွက် ဥပဒေအရဖမ်းမည်ဆိုပါက လခနှင့်မောင်းသည့် ယာဉ်မောင်းသာ ဒုက္ခရောက်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥပမာဗျာ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ မောင်ဝိတ်တို့ဆို သူတို့ကားတွေမှာ စတစ်ကာနဲ့။ ယာဉ်မောင်းက အငှား၊ ဒါကို ဘယ်လိုလုပ်မလဲ၊ ဘာပဲဖြစ်ဖြစ် ပုဒ်မ (၁၈၈) ထုတ်ပြန်တာတောင် မော်တော်ယာဉ် ပိုင်ရှင်ကို လွှတ်ထားပေးတဲ့သဘော သက်ရောက်နေတာပဲ” ဟု အဆိုပါ သတင်းစာဆရာက ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စတစ်ကာကပ် မော်တော်ယာဉ်များကို ဖမ်းဆီးသည်ဟု ဆိုသော်လည်း ယာဉ်ထိန်းရဲများကို ပိုက်ဆံပေးလျှင် ကင်းလွတ်သည်ဟု အဲယားကွန်းဘတ်စ် ဒရိုင်ဘာတဦးက ပြောသည်။

၎င်းက “လမ်းတွေမှာ ရဲတွေက အဖွဲ့လိုက်စောင့်နေတယ်။ ကားတစီးကို ဖမ်းမယ်ဆိုရင် (စည်းကမ်း ဖောက်ဖျက်မှုနဲ့) တားလိုက်တယ်။ ဒါပေမယ့် အဲဒီကားဟာ နအဖနဲ့ပတ်သက်တာဆိုရင် ဘာမှ မလုပ်ဘူး။ နောက်တနည်းက ပိုက်ဆံလျှံတဲ့ကားဆိုရင် ငွေကိုသာ ပစ်ပေးလိုက် ဒီကောင်တွေ ဘာမှမလုပ်ရဲဘူး။ အခုလို စတစ်ကာကပ်တဲ့ကိစ္စတွေကို ဖမ်းတယ်ဆိုတာ ရဲတွေအတွက် တွက်ခြေ ကိုက်မယ့် စီးပွားရေးလို့ပဲမြင်တယ်” ဟု ပြောသည်။

စတစ်ကာကပ်သည့် မော်တော်ယာဉ်များကို ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့က ၁၉၉၈ ခုနှစ်က ဒဏ်ငွေ (၅,၀၀၀) ကျပ် သတ်မှတ်ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ငွေ (၅၀,၀၀၀) ကျပ်ထိ တိုးမြှင့်သတ်မှတ် ဖမ်းဆီးခဲ့သော်လည်း စတေကာကပ်မှုများ လျော့မသွားသည့်အပြင်
ပို၍ တိုးလာကြောင်း သိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လူကုန်ကူးမှု၌ ပါဝင်သည်ဟု သံသယရှိသူများ ကော့သောင်းတွင် ဖမ်းဆီးခံရ

ကျော်ထင်/ ၂၃ ဇွန် ၂၀၀၈

ပြီးခဲ့သည့်ဧပြီလက ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်သို့အသွား အအေးခန်းကားပေါ်တွင် မြန်မာ နိုင်ငံသား (၅၄) ဦး လေမွန်းကျပ်ပြီး သေဆုံးပြီးနောက်ပိုင်း ကော့သောင်းမှ လူကုန်ကူးမှုနှင့် ပတ်သက်နေသူများကို ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဆက်တိုက်ဖမ်းဆီးလျက်ရှိသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လက်ရှိအချိန်ထိ တည်းခိုခန်းပိုင်ရှင်များ၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများနှင့် ဆိုင်ကယ်တက္ကစီ သမားများအပါအ၀င် လူကယ်ရီဟု ယူဆရသူ (၃၀) ကျော်ကို ကြပ်ပြေးနေပြည်တော်မှ တိုက်ရိုက် ဆင်းလာသည့် အထူးစုံစမ်းစစ်ဆေးရေး (အက်စ်ဘီ) မှ ခေါ်ယူစစ်ဆေးနေကြောင်း နယ်ခြား ကော်မတီနှင့်နီးစပ်သည့် ကော့သောင်းမှ မြန်မာကုန်သည်ကြီးတဦးက ပြောသည်။
၎င်းက “တချို့ကလည်း ငွေလွှဲနဲ့ပတ်သက်တယ်။ တချို့က ပက်ကေခ်ျ့နဲ့ပတ်သက်တယ်။ တချို့က တည်းခိုခန်းတို့၊ ဆိုင်ကယ်နဲ့ ပို့တာတို့ပေါ့။ အဲဒီလုပ်ငန်းကလည်း တမြို့လုံးလိုလို တခုမဟုတ်တခုနဲ့ပတ်သက်နေတော့ အဆွဲခံရမလားဆိုပြီး ရှောင်တဲ့သူလည်း တော်တော် များတယ်။ အရင် ကော့သောင်းက အက်စဘီဟောင်းဖြစ်တဲ့ ဦးသောင်းအေး၊ သူ့ကို ဘာသာ ပြန်ပေးနေတဲ့ ဦးအောင်တို့ဆိုတာ တိုက်ရိုက်ကိုပတ်သက်နေတယ်လေ။ အဲလို လူတွေက ပထမတော့ ဆန္ဒခံယူပွဲအမီ ကော့သောင်းပြန်လာပါမယ်ဆိုပြီးမှ လုံးဝမလာရဲတော့ဘူးလေ” ဟု ပြောသည်။

စောစောပိုင်းက နယ်မြေခံရဲ၊ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့ အစိုးရ၀န်ထမ်းများလည်း လူကုန်ကူးမှုများတွင် တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်သည်ဟု သတင်းများထွက် ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ၎င်းတို့အား ခေါ်ယူစစ်ဆေးခြင်းမရှိသေးပေ။

“အခုအရေးယူတဲ့အထဲ ၀န်ထမ်းတွေတယောက်မှမပါဘူး။ ၀န်ထမ်းက မေးစရာကိုမလိုဘူး၊ လုံးဝကို ပါဝင်ပတ်သက်နေတာ။ ဒါပေမယ့် ဒီလူတွေက နည်းနည်းလည်တယ်ဗျ၊ ထိုင်းကို ကယ်ရီတွေနဲ့ ၀င်မယ်ဆိုတာသိသိနဲ့ အိမ်ထောင်စု စာရင်းပါပြီး ဘောင်ဝင်နေတယ်ဆိုရင် နည်းနည်းပါးပါးယူပြီး လုပ်ပေးလိုက်တာပဲ” ဟု ပြောသည်။

ကော့သောင်းသို့ ရောက်လာသူများသည် ၎င်းတို့သွားရောက်မည့် ဒေသခံများထံမှ နေရပ် လိပ်စာအပြည့်အစုံ သန်းကောင်စာရင်း (ပုံစံ-၁၀) စသည်တို့ ပြသနိုင်မှသာ မြို့တွင်းသို့
ဝင်ရောက်ခွင့်ရကြသည်။

ကော့သောင်းမှ မြို့မျက်နှာဖုံးတဦးဖြစ်သူ ရွှေကမ္ဘာတည်းခိုခန်းပိုင်ရှင် ဦးဝင်းနိုင်သည် မြန်မာ နိုင်ငံသား (၅၄) ဦး သေမှုများဖြစ်ပွားပြီးနောက် ထိုင်းဘက်ကမ်းသို့ သွားရောက်တိမ်းရှောင် နေရာမှ ဇွန်လ (၃) နေ့က လာရောက်ဖမ်းဆီးခံခဲ့ပြီး ၎င်း၏ဇနီးမှာ အခင်းဖြစ်ပွားပြီး ရက်ပိုင်း အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လက်ရှိလည်း ရနောင်းတွင် တိမ်းရှောင်နေသူအချို့ကို မြန်မာဘက်မှ တောင်းဆိုမှုကြောင့် ထိုင်း အာဏာပိုင်များက ပြန်လည်ပို့ဆောင်ရန်စီစဉ်နေကြောင်း ကော့သောင်းမှ အဆိုပါကုန်သည်ကြီးက ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အိန္ဒိယက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၈၄သန်း ချေးငှားမည်


23 June 2008

အိန္ဒိယနိုင်ငံက ထိပ်တန်း အစိုးရအရာရှိတဦး မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် အခုအပတ်အတွင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက် တရပ်ကို လက်မှတ်ထိုးဖို့ရှိပြီး၊ မြန်မာစစ်အစိုးရအတွက်လည်း အကြွေး အမေရိကန်ဒေါ်လာ ၈၄သန်း ပေးဖို့ ကမ်းလှမ်းချက်လည်း ရှိနေပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့စွမ်းအင်ဝန်ကြီး ဂျရမ်း ရာမတ်ရှ်ဟာ မနေ့က ရန်ကုန်မြို့ကို ထွက်ခွာသွားပါတယ်။ မြန်မာနိုင်ငံမှာ ရှိစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုတွေ တိုးများလာစေဖို့ ရည်ရွယ်တဲ့ ၁၀နှစ်ကြာ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့လည်း ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၈၄သန်း အကြွေးပေးဖို့ အိန္ဒိယနိုင်ငံဖက်က ကမ်းလှမ်းချက်ကိုလည်း မစ္စတာ ရာမတ်ရှ်ရဲ့ ခရီးစဉ်အတွင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် နာဂစ်ဆိုက်ကလုံးမုန်တိုင်းလွန် ပြန်လည်ထူထောင်ရေးအစီအစဉ်အတွကလည်း အမေရိကန်ဒေါ်လာ နှစ်သန်း ပေးသွားဖို့ရှိပါတယ်။

ဒီနှစ်သန်းကိုတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လျပ်စစ်ဓါတ်အားပေးစက် ၁၆လုံး ကို ပြန်လည်ပြုပြင်ရေးအတွက် ပေးအပ်မှာဖြစ်ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာ မဲခွဲတော့မည်


22 June 2008

ဒီသီတင်းပတ်ထဲ ထိုင်းနိုင်ငံ ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ မနက်ဖြန် တနင်္လာနေ့ကစပြီး ၀န်ကြီးချုပ် စမတ် ဆွန်ဒရာဝေ နှုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးသွားကြမှာဖြစ်ပြီး ၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမဲခွဲ ဆုံးဖြတ်တဲ့အခါမှာ အဆိုက အနိုင်ရသွားခဲ့ရင် သူ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးမယ်လို့ ၀န်ကြီးချုပ် ဆွန်ဒရာဝေက ဒီနေ့ ထုတ်လွှင့်တဲ့ အပတ်စဉ်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားတဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ ကြေညာလိုက်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မနေ့က ဆန္ဒပြကြသူတွေက ဆွန်ဒရာဝေ ရာထူးကမထွက်မချင်း ၀န်ကြီးချုပ် ရုံးရှေ့က မခွာဘူးဆိုတဲ့ သန္နိဌာန်နဲ့ စောင့်ဆိုင်း နေကြမယ်လို့ ကြေညာလိုက်ပြီး လက်ရှိ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဟောပြောမှုတွေ အလံတွေ ဝှေ့ရမ်း သီချင်းဆိုမှုတွေ ပြုလုပ်ပြီး ဇွဲကောင်းကောင်းနဲ့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။


ဆွန်ဒရာဝေ ၀န်ကြီးချုပ်ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြတဲ့ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များ(PAD) အဖွဲ့ဝင်တွေ ဟာ ဘန်ကောက်မြို့တော်ရဲ့ လမ်းမပေါ်တွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်ကတည်းက စုရုံးဆန္ဒပြ နေခဲ့ကြတာ ဖြစ်ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အိန္ဒိယမြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဆို

AFP/ ၂၃ ဇွန် ၂၀၀၈

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု စာချုပ်တခု ချုပ်ဆိုမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ရင်းနှီးမှု တိုးချဲ့သည့်အနေဖြင့် နယ်စပ်ကုန်သွယ်မှု ကျယ်ပြန့်ရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု အိန္ဒိယအရာရှိများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အိန္ဒိယနိုင်ငံ အငယ်တန်း ကုန်သွယ်ရေးဝန်ကြီး ဂျိုင်ယန် ရာမက်ခ်ျ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် (၄) ရက်ကြာခရီးစဉ် ကာလအတွင်း မြန်မာအစိုးရသို့ အမေရိကန်ဒေါ်လာ (၈၄) သန်း ချေးငွေထုတ်ပေးမည်ဟုလည်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန အရာရှိများက ယမန်နေ့က ပြောသည်။

“၀န်ကြီးအနေနဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပါဝါ ထရန်စဖော်မာတွေအတွက် ဒေါ်လာ (၂) သန်း ပေးဦးမှာဖြစ်ပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ တန်ခိုးကြီးဘုရားကြီး ပြန်ပြုပြင်ဖို့အတွက်လည်း ဒေါ်လာ (၂) သိန်းပေးဦးမှာဖြစ်ပါတယ်” ဟု အိန္ဒိယအရာရှိတဦးက ပြောသည်။
နှစ်နိုင်ငံအကြား ငွေကြေးစီးဆင်းမှု ဖြစ်ထွန်းရေးအတွက် ရည်ရွယ်ကာ ဆယ်စုနှစ်ကြာ ရင်းနှီး မြှုပ်နှံခဲ့မှုကို တိုးမြှင့်ရန်နှင့် ကာကွယ်ရန် သဘောတူညီမှုများဖြစ်ထွန်းခဲ့သည်ဟု နယူးဒေလီရှိ အဆိုပါဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

မြန်မာအစိုးရ၏ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းမှ ဝေဖန်နေချိန်၊ စစ်အုပ်ချုပ်ရေးနိုင်ငံအား ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် နိုင်ငံတကာမှ အိန္ဒိယကို ဖိအားပေးနေချိန်တွင် ထိုသဘောတူညီမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၀ ခုဝန်းကျင်အထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံအားပေးခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြန်ဆန်သော စီးပွားရေး တိုးတက်မှုအတွက် စွမ်းအင် အရင်းအမြစ် သော့ချက်ဖြစ်သည်ဟု သဘောထားလာသည့်အတွက် စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိလာသည်။

အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၂၀၀၅-၂၀၀၆ ခုနှစ် စာရင်းအရ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် စုစုပေါင်း ဒေါ်လာ (၅၉၀) သန်းအထိ ရှိသည်ဟု သိရှိရသည်။

အိန္ဒိယမှ အရှေ့တောင်အာရှသို့ ကုန်သွယ်မှုလမ်းကြောင်းသစ် ပွင့်စေနိုင်မည့် ဘင်္ဂလားပင်လယ် အော်ရှိ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းတွင် အိန္ဒိယမှ ဒေါ်လာ (၁၃၀) သန်း ရင်းနှီးမြှုပ်နှံမည် ဆိုသည့် သဘောတူညီ ချက်ကိုလည်း ပြီးခဲ့သည့် ဧပြီလတွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ပြီးခဲ့သည့် နှစ်ပိုင်းကလည်း နယူးဒေလီသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ရေးအတွက် ဒေါ်လာ (၁၅၀) သန်း ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုထားခဲ့သည်။

မြန်မာနိုင်ငံတွင် မေလ (၂) ရက်နှင့် (၃) ရက်တို့တွင် လူပေါင်း (၁) သိန်း (၃) သောင်းကျော် အသေအပျောက် ဖြစ်စေခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီးပြီးချင်း မြန်မာနိုင်ငံကို ကူညီသည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်သည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းမည်

agencies / ၂၃ ဇွန် ၂၀၀၈
မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များကို တရုတ်အမျိုးသား Petrolem ကော်ပိုရေးရှင်း (CNPC) သို့ ရောင်းချမည်ဟု တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာ့ကမ်းလွန်လုပ်ကွက်များဖြစ်သည့် (A-1) နှင့် (A-3) လုပ်ကွက်တို့မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ၏ အကြီးမားဆုံး လောင်စာကုမ္ပဏီအား ထောက်ပံ့ရန် ပဏာမသဘောတူညီချက်ကို ဇွန်လ (၂၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီဟု ဆိုးလ်မြို့အခြေစိုက် ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်းက ယနေ့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အင်တာပရိုက်စ်မှလည်း လုပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ရန် သဘောတူညီခဲ့ပြီး ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်း၏ ရင်းနှီးမြှုပ်နှံငွေကို (၆၀) ရာခိုင် နှုန်းမှ (၅၁) ရာခိုင်နှုန်းသို့ လျှော့ချလိုက်သည်ဟုလည်း သဘောတူညီချက်အရ သိရှိရသည်။

မြန်မာ့ရေနံမှ ရင်းနှီးမြှုပ်နှံမှု (၁၅) ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းမှ (၁၇) ရာခိုင်နှုန်း၊ GAIL အိန္ဒိယ လီမိတက်မှ (၈.၅) ရာခိုင်နှုန်းနှင့် ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်းမှ (၈.၅) ရာခိုင်နှုန်းတို့ ပါဝင်မည်ဖြစ်သည်။

ဒေ၀ူးသည် မြန်မာနိုင်ငံတွင် နောက်ထပ် သဘာဝဓာတ်ငွေ့လုပ်ကွက် (၄) ခုကိုလည်း စူးစမ်း ရှာဖွေနေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဒီဇင်ဘာ (၅) ရက်နေ့မှ စတင်ပြီး ပိုက်လိုင်းများမှတဆင့် ပို့ဆောင်မည်ဟု ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်းက ပြောသည်။

သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မည်ဟု ယူဆရသည့် ၂၀၁၂ ခုမှ စတင်ပြီး (၂၅) နှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ အကျိုးအမြတ်ရနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေ၀ူး၏ အစီရင် ခံစာတ စောင်တွင် ဖော်ပြထားကြောင်း သိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒပြမှုများကို လက်ခံမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော


ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် ဆန္ဒပြနေသူများ

AFP/Bangkok Post ၂၃ ဇွန် ၂၀၀၈
ထိုင်းဝန်ကြီးချုပ် စမတ်စန်ဒါရာဝက်က ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) ကဦးဆောင်၍ ၎င်းအားနုတ်ထွက်ပေးရန် တောင်းဆိုနေမှုများကို အလျှော့ပေးမည်မဟုတ်ဘဲ ပါလီမန်အတွင်း အယုံအကြည်မရှိ အဆိုတင်မှုကိုသာ ရင်ဆိုင်မည်ဖြစ်ကြောင်းပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) က အစိုးရရုံးအနီးတ၀ိုက်၌ စခန်းချ၍ ယင်းသို့ နုတ်ထွက်ပေးရန် တောင်းဆိုနေသည့်ကြားမှ ယနေ့ ပုံမှန်အစီအစဉ်အတိုင်း ရုံးတက်မည် ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် တနင်္ဂနွေ အပတ်စဉ် ရုပ်သံမိန့်ခွန်းအစီအစဉ်၌
ဝန်ကြီးချုပ်က ပြောသည်။

“ကျနော် တနင်္လာနေ့မှာ အစိုးရရုံးမှာ ရုံးပြန်တက်မှာပါ။ ကျနော်ဟာ တရားဝင် ရွေးကောက်ပွဲ ကနေ ရွေးချယ်ခံထားရတဲ့သူဖြစ်ပါတယ်” ဟု အဆိုပါရုပ်သံအစီစဉ်မှတဆင့် ထိုင်းပြည်သူများသို့ ပြောကြားခဲ့သည်။

ယခုလ (၂၀) ရက်နေ့၌ ပီအေဒီကဦးဆောင်၍ မြို့နေလူလတ်တန်းစားအများစုပါဝင်သော ဆန္ဒပြ သူ (၂၅,၀၀၀) ကျော်က ရဲများ၏ ကာရံတားဆီးမှုများကို ကျော်ဖြတ်ပြီးနောက် အစိုးရရုံး အဆောက်အအုံပြင်ပ၌ စခန်းချနေကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မစ္စတာစမတ်အပါအ၀င် ဘဏ္ဍာရေးဝန်ကြီး (ဒု-၀န်ကြီးချုပ်)၊ ကုန်သွယ်ရေးဝန်ကြီး
(ဒု-၀န်ကြီးချုပ်)၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ ဒု-သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ တရားရေး
ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့အား အယုံအကြည်မရှိကြောင်း အဆိုတင် ထားခြင်းဖြစ်သည်။

မစ္စတာစမတ်အား စွပ်စွဲချက် (၉) ခုတင်ထားပြီး ၎င်းတို့အထဲတွင် ၀န်ကြီးချုပ်လုပ်ပိုင်ခွင့်အား အလွဲသုံး၍ ယခင်နိုင်ငံရေးသမားများ၏ အကျိုးစီးပွားများကို ဖန်တီးပေးခြင်း၊ နိုင်ငံ၏ ပြဿနာ များကို ဖြေရှင်းရာတွင် ညွန့်ပေါင်းအစိုးရကို လွဲမှားစွာဦးဆောင်ခြင်း၊ အရာရှိများ နေရာရွှေ့ပြောင်း ခြင်းနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများ၏လုပ်ငန်းများတွင် ၀င်ရောက်စွပ်ဖက်ခြင်း၊ ပုဂ္ဂိုလ်ရေး အကျိုး စီးပွားအတွက် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအား ပြင်ဆင်ရန် တွန်းအားပေးခြင်းနှင့် ခေါင်းဆောင်မှုအရည်အချင်း မရှိခြင်းတို့ ပါဝင်သည်။

ထိုသို့ ပီအေဒီ၏ လူစုလူဝေးနှင့် ဆန္ဒပြနေမှုကို ကြုံတွေ့နေရသော ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီး (၇) ဦးအား အတိုက်အခံ ဒီမိုကရက်ပါတီကလည်း အယုံအကြည်မရှိကြောင်း ယခုလ (၁၈) ရက် နေ့က ပါလီမန်သို့ အဆိုတင်သွင်းခဲ့သဖြင့် မနက်ဖြန်တွင် ယင်းအဆိုကို ဆွေးနွေးရန် ပါလီမန် ဥက္ကဋ္ဌ ချိုင်းချစ်ချွတ်က သတ်မှတ်ပေးခဲ့သည်။

ဆန္ဒပြနေမှုများကို ရဲနှင့် စစ်တပ်သုံး၍ ဖြိုခွင်းမည်ဟု အစောပိုင်းက သတိပေးခဲ့သော်လည်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားမည်ကို ရှောင်ရှားလိုသောကြောင့် ဖြိုခွဲမည့် အစီအစဉ်ကို နောက်ပိုင်းတွင် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။

၎င်းက “ဆူပူအကြမ်းဖက်မှုတွေ မလိုလားလို့ ကျနော် စိတ်ရှည်ရှည်ထားခဲ့ပါတယ်။ ပီအေဒီနဲ့ ထိပ်တိုက်မတွေ့ဖို့ ရှောင်ရှားမှာပါ။ တိုင်းပြည်အနေနဲ့လည်း ပုံမှန်အနေအထားပဲဖြစ်ပါလိမ့်မယ်။ အစွမ်းအစကိုပြချင်တဲ့ ဘယ်သူ့ကိုမဆို ပြခွင့်ပေးရတာဟာလည်း ခိုင်လုံတဲ့အကြောင်းနဲ့ အချိန် ရှိလို့ပါ” ဟု ပြောသည်။

မြို့တော်ဘန်ကောက်မြို့လယ်၌ ယခင်လနောက်ဆုံးအပတ်မှစတင်ခဲ့သည့် စုဝေးဆန္ဒပြနေမှု များအား ဦးဆောင်နေသော ပီအေဒီကမူ ဒီမိုကရက်ပါတီက တင်သွင်းသည့် အယုံအကြည် မရှိအဆိုသည် လုံလောက်မှုမရှိသဖြင့် ၎င်းတို့၏ ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွား မည်ဟု ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိပ်သီးစစ်ခေါင်းဆောင်နှစ်ဦး စစ်တပ်ရာထူးမှ အနားယူ



ဗထူး။ ဇွန် ၂၂၊ ၂၀၀၈
မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုးခန့်အပ်ခဲ့သည် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။

“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေသည်ဟု အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အာဏာပိုင်တွေက သိမ်းဖို့ညွှန်ကြား

၂၂ ဇွန် ၂၀၀၈

ဆိုင်ကလုန်း လေမုန်တိုင်း ဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ် ဒေသက ဒေသခံတွေ လေဘေးဒဏ်က ပြန်လည် နာလန်မထူ နိုင်သေးခင်မှာပဲ လယ်တွေ၊ ယာတွေ၊ လုပ်ငန်းတွေ ဆုံးရှုံးရမယ့် အဖြစ်နဲ့ ကြုံနေရပါတယ်။ အခုဆိုရင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲမှာ ဒေသခံတချို့ဟာဆိုရင် သူတို့လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နေရာတွေကနေ ဖယ်ရှားဖို့ အာဏာပိုင်တွေက အမိန့်ပေး စေခိုင်းနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြတာပါ။ ကိုအောင်လွင်ဦး က ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ ဘယ်လိုဖြစ်သလဲ အပြည့်အစုံကို ပြောပြပေးပါလိမ့်မယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေမုန်တိုင်းဒဏ်ခံရပြီးတဲ့နောက် နောက်နောင် ဒီလို သဘာဝဘေးအန္တာရာယ်တွေက ကာကွယ်နိုင်ဖို့ဆိုပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနနဲ့ ဒေသခံအာဏာပိုင်တွေက ဘိုကလေးမြို့နယ်ထဲမှာရှိတဲ့ လယ်ယာ၊ ကိုင်းကျွန်း လုပ်ကိုင်နေတဲ့ နေရာတွေကနေ ဖယ်ရှားပေးဖို့ အမိန့်ပေးစေခိုင်းနေတာမို့ လေဘေး ဒုက္ခသည်တွေအဖို့ တပူပေါ် နှစ်ပူဆင့် အခက်ကြုံ နေရတာပါ။ အခုလလယ်ပိုင်းကပဲ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကြောင့် အခက်ကြုံနေရတဲ့ အကြောင်းကို အမိန့်စာကို လက်ခံရရှိခဲ့တဲ့ ဒေသခံ လယ်သမား တဦး ပြောပြထားတာကတော့ -
"ဧရာဝတီတိုင်း ဘိုကလေးက မြေဧရိယာ ၃၃၃၄၀ကို သစ်တော ကာကွယ်မယ်၊ ဘာဖြစ်မယ်ဆိုပြီး ဖယ်ခိုင်းတယ်။ အမိန့်ပုံစံမျိုးနဲ့ ဖယ်ခိုင်းတယ်။ ကျွန်တော်တို့ကို ထိပ်ဆိုင်ပေးမယ့်သူမရှိတော့ ကျွန်တော်တို့က ဖယ်ပေးရတော့မလို ဖြစ်နေတယ်။ ၁၅ရက် ၆လ ၂၀၀၈ကတော့ သစ်တောဝန်ကြီးဌာနက အမိန့်စာကို ကြေညာတယ်။ ကျွန်တော်တို့ဆီကို ၂ရက်ခြားမှ ရောက်လာတယ်။ ကျွန်တော်တို့ကို အသိပေးခြင်းမရှိဘူး။ အခုမှ လာပြောတယ်။ ဖယ်ဆိုဖယ်။ မဖယ်လို့ရှိရင် ဘယ်လိုဖြစ်မယ်။ ဘာလိုဖြစ်မယ်ဆိုပြီး ပြောတယ်။"
အခုဖယ်ရှားပေးဖို့ ပြောထားတဲ့ ဒေသတွေဟာ လေဘေးဒဏ် မခံရမီ အချိန်အထိ ဒေသခံတွေ လယ်ယာ၊ ကိုင်းကျွန်း အဓိက စိုက်ပျိုးလုပ်ကိုင်နေတဲ့ နေရာတွေ ဖြစ်ပြီးတော့၊ မုန်တိုင်းဒဏ်ခံရပြီး ပြန်လည်နာလန်ထူဖို့ ကျိုးစားနေတုန်း အခုလို အခက်ကြုံ နေကြရတာလည်း ဖြစ်ပါတယ်။
"အဲဒီနေရာတွေမှာ လယ်လုပ်တဲ့ သူတွေလည်းရှိတယ်။ ပိုက်လုပ်တဲ့သူတွေလည်းရှိတယ်။ ဒေါက်လုပ်တဲ့သူတွေလည်း ရှိတယ်။ လယ်လုပ်တဲ့သူကတော့ များတယ်။ ပိုက်လုပ်တဲ့သူဆိုတာက ကျားပိုက်တွေ ထောင်တယ်။ ငါးသလောက် ပိုက်တွေ ထောင်ကြတယ်။ ကျွန်တော်တို့က ကြောက်လန့်သွားကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဒါတွေနဲ့ပဲ လုပ်ကိုင်စားနေရတယ်။ ကျွန်တော်တို့မှာ မုန်တိုင်းကလည်း မိထားတဲ့ ဒဏ်တွေကလည်း ရှိသေးတယ်။ ကျွန်တော်တို့ ဘ၀သစ်တခုကို ထူထောင်ဖို့ ပြန်ပြီး ကြိုးစားနေတာလေ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို အခုလိုလုပ်တော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြရမှာလဲ။ ကျွန်တော်တို့မှာလည်း ဘာမှ မရှိတော့ဘူး။ ဒီအချိန်မှာ ကျွန်တော်တို့ မျိုးစပါးရဖို့ကို ကျွန်တော်တို့မှာရှိတဲ့ အသိမိတ်ဆွေတွေဆီက ချေးဌားပြီးတော့ လုပ်နေရတဲ့ အခြေအနေလေ။ စက်တွေဆိုရင်လည်း ကျွန်တော်တို့ ထုတ်လို့မရဘူး။ ထုတ်လို့မရလို့ လူကြီးတွေကို လက်ပေးလက်ယူ လုပ်ရတဲ့ ပုံစံမျိုးနဲ့ လိုက်ပြီး ထုတ်ယူရတယ်။"
ဒီလို အာဏာပိုင်တွေက ဖယ်ရှားဖို့ အမိန့်ပေးထားပေမဲ့ လေဘေးဒဏ်ခံထားရတဲ့ ဒေသခံတွေအတွက် မြေနေရာ ပြန်လည်အစားထိုး စီစဉ်ပေးတာ၊ နစ်နာကြေး အထောက်အပံ့ စတာမျိုးတွေ ကမ်းလှမ်းတာတွေ မရှိဘူးလို့လည်း ဆိုပါတယ်။ ကူရာကယ်ရာမဲ့ ဖြစ်နေတဲ့ လေဘေးဒုက္ခသည်တွေ အနေနဲ့ လတ်တလောမှာ အာဏာပိုင်တွေဖက်က အမြန်ဆုံး ဖယ်ရှားပေးဖို့ကိုသာ ပြောဆိုနေတာမို့ မြေမဲ့ယာမဲ့ ဖြစ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။
"ကျွန်တော်တို့ကို ဖယ်ဆိုပြီး အမိန့်လာပေးတယ်။ မဖယ်ရင် ဘာဖြစ်မယ်ဆိုပြီး ပြောတာပဲရှိတယ်ခင်ဗျ။ ကျွန်တော်တို့ကို ဘာပေးမယ်ဆိုပြီး ကမ်းလှမ်းတာတွေ ဘာတခုမှ မရှိဘူး။ အမြန်ဆုံးဖယ်ပေးရမယ်လို့ပဲ ကျွန်တော်တို့ကို ပြောတယ်ခင်ဗျ။ မဖယ်ရင် ကျွန်တော်တို့ကို အရေးယူမှုတွေလုပ်မယ်လို့ ကြားနေရတယ်။ လယ်ယာပစ္စည်းသွားထုတ်တဲ့အချိန်မှာ မဖယ်တဲ့သူတွေကို ရှိတဲ့ လယ်မြေတွေပါ ထပ်သိမ်းမယ်။ ဘာဆက်လုပ်မလဲဆိုတာ ဘယ်သူမှ မပြောတတ်ဘူး။ သူတို့က လာပြီးတော့ အတင်းအဓမ္မလာလုပ်တော့ ကျွန်တော်တို့က လယ်သမားတွေ။ ဘာမှနားမလည်တော့ ဖယ်ပေးရမလိုပဲ။"
ဧရာဝတီတိုင်း ဘိုကလေးမြို့က ဒေသခံ လယ်သမားတဦး ဖြစ်ပါတယ်။ လေဘေးဒဏ်ခံခဲ့ရတာ တလခွဲနီးပါး ရှိလာတဲ့ အချိန်ထိ လေဘေး အကူအညီတွေကလည်း လုံလုံလောက်လောက်မရ၊ မိုးရာသီ ဆန်စပါးစိုက်ပျိုးတဲ့ ကာလထဲကို ရောက်နေပြီ ဖြစ်ပေမဲ့လည်း စိုက်ပျိုးရေး ပစ္စည်းတွေ မပြည့်စုံလို့ ထွန်ယက်စိုက်ပျိုးတာတွေ မလုပ်နိုင် ဖြစ်နေရတဲ့ အချိန်မှာပဲ အခုလို လက်ငုပ်လက်ရင်း လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို လက်လွတ်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့လည်း ဒီဒေသခံ လယ်သမားကပဲ ပြောပြခဲ့ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် ကူးတို့သင်္ဘောနစ်မြှပ်၊ ခရီးသည် ၇၀၀ ကျော် ပျောက်ဆုံးနေဆဲ


ဖိလစ်ပိုင်နိုင်ငံက ရေလွှမ်းမိုးမှု မြင်ကွင်းတခုဇူလိုင်လ ၂၂၊ ၂၀၀၈

22 June 2008
ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းလေမုန်တိုင်း တိုက်ခတ်မှုကြောင့် ခရီးသည်တင် သင်္ဘောတစင်း နစ်မြှပ်ခဲ့ရာမှာ လူပေါင်း (၇၀၀) ကျော် ပျောက်ဆုံးနေသလို၊ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတ၀န်း အသက်ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေလည်း အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ အခုအချိန်အထိတော့ သင်္ဘော နစ်မြှပ်ရာက အသက်မသေပဲ လွတ်မြောက်လာသူ ၄ ဦး ကိုပဲ ရှာဖွေတွေ့ရှိထားတာ ဖြစ်ပြီးတော့ သေဆုံးသူ ၄ ဦးရဲ့ အလောင်းတွေကိုလည်း ဆယ်ယူနိုင်ခဲ့ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ရွမ်ဘလွန် (Romblon) ခရိုင်က၊ ဆီဘူရန်ကျွန်း (Sibuyan Island) မှာ သင်္ဘော တိမ်းမှောက်မှု မဖြစ်ခင် ခရီးသည်အများအပြားဟာ သင်္ဘောပေါ်ကနေ လွတ်မြောက်အောင် မကျိုးပမ်းနိုင်ခဲ့ဘူးလို့ အသက်မသေ လွတ်မြောက်လာသူတွေ ပြောပါတယ်။ တိုင်ဖွန်း ဖန်းဂ်ရှန်း (Fengshen) ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုတွေကြောင့် နစ်မြှပ်ခဲ့ရတဲ့ ခရီးသည်တင် သင်္ဘောဆီကို ကယ်ဆယ်ရေး အတွက် ကမ်းခြေစောင့် သင်္ဘောတွေ သွားရောက်ဖို့ အခက်အခဲတွေလည်း ရှိနေတာပါ။ တိုင်ဖွန်း လေမုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ဟာ (၁၅၅) ယောက်အထိ ရှိနေပြီလို့လည်း ဖိလစ်ပိုင်နိုင်ငံက ကြက်ခြေနီအဖွဲ့ အကြီးအကဲက ပြောပါတယ်။ တိုင်ဖွန်း ဖန်းဂ်ရှန်း ၂ ရက်ကြာ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ တ၀န်း ရေအောက်မှာ နစ်မြှပ်ခဲ့တာပါ။ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၃၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းက ရေလွှမ်းမိုးမှုတွေ၊ မြေပြိုကျမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်