စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 24, 2008

လေဘေးဒုက္ခသည်သတင်းယူသည့် Ecovision ဂျာနယ်သတင်းထောက် အချုပ်ကျခံနေရ

ပီတာအောင်/ ၂၄ ဇွန် ၂၀၀၈

ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို အာဏာပိုင်များက တာမွေရဲစခန်းတွင် ရဲအချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သူမနှင့်ရင်းနှီးသည့် မိတ်ဆွေ အသိုင်းအ၀န်းမှ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မအိမ့်ခိုင်ဦးသည် ယခုလ (၁၀) ရက်နေ့ နံနက်ပိုင်း၌ ဒဂုံမြို့သစ် (မြောက်ပိုင်း) မှ လေဘေးဒုက္ခ သည်အချို့တို့က နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီရုံး) တို့သို့ လေဘေးကယ်ဆယ်ရေး အကူရရှိရေး သွားရောက် ဆန္ဒပြတောင်းဆိုကြ သည်ကို သတင်းယူစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

သူမ၏ မိတ်ဆွေတဦးက “အိုင်စီအာစီရုံးနဲ့ ယူအန်ဒီပီရုံးတွေကို အသွားမှာ ရုတ်တရက် အဖမ်းခံ လိုက်ရတယ်။ နိုင်ငံခြားသတင်းဌာနတွေကို သတင်းဓာတ်ပုံရောင်းတယ်ဆိုပြီး သူ့ကို စွပ်စွဲထား တယ်။ ခု သူ့ကို တာမွေရဲစခန်းမှာ ရဲအချုပ်နဲ့ ထားထားတာ။ မိသားစုဝင်တွေတော့ သွားတွေ့လို့ ရပါတယ်” ဟု ပြောသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) ၌ နေထိုင်သည့် အသက် (၂၃) နှစ်ခန့်အရွယ် မအိမ့်ခိုင်ဦးသည် ဥပဒေ ဘွဲ့ရပြီးနောက် Ecovision ဂျာနယ်တွင် သတင်းထောက်တဦးအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ နာဂစ်မုန်တိုင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများတွင်လည်း တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်နေသူတဦးဖြစ်သည်။

သူမ၏အမှုကို ဇွန် (၂၅) ရက် မနက်ဖြန်တွင် အာဏာပိုင်များက တရားရုံးသို့ထုတ်၍ အမှုစစ်ဆေး မည်ဟု သိရသည်။

နအဖစစ်အစိုးရက လေဘေးဒုက္ခသည်များအတွက် စေတနာ့ဝန်ထမ်းကူညီဆောင်ရွက်ပေး နေသည့် စာနယ်ဇင်းသမားများအား ဆက်တိုက်ဆိုသလို ဖမ်းဆီးလျက်ရှိရာ First Eleven အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးကို ယခုလ (၁၃) ရက်တွင်လည်း ကောင်း၊ စာရေးဆရာနှင့်လူရွှင်တော် ကိုဇာဂနာကို ယခုလ (၄) ရက်၌လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ။

Rest of your post

No comments: