စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 3, 2008

Invitation for 46th Anniversary of the Unforgettable 7th July,1962 from ONSOB

အပြည့်အစုံဖတ်လိုလျှင်

A month-in-review of events in Burma

Read this document on Scribd: June 2008 Burma Bulletin

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု ၏ E-Bulletin, 30 June 08

Read this document on Scribd: E-bulletin 6-2008 pdf 2-6-2008

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တင်းကျပ်စစ်ဆေး

NEJ/ ၃ ဇူလိုင် ၂၀၀၈

ဇူလိုင် (၁) ရက် နံနက် ရန်ကုန် ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်း တတိုင်းလုံးရှိ ကြံ့ဖွံ့ရုံးများတွင် လုံခြုံရေးအစီအစဉ်များ လုပ်ဆောင်နေပြီး ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထား စစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ရွှေပြည်သာမှာ ကြံ့ဖွံ့ရုံး ဗုံးပေါက်တဲ့အတွက် အခုလို လုံခြုံရေးတွေ စတင်ဆောင်ရွက်တာ ဖြစ်ပါ တယ်။ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းက အခုလို စီစဉ်တာပါ။ ကြံ့ဖွံ့အဖွဲ့ဝင်တွေက မိမိနဲ့သက်ဆိုင်တဲ့ မြို့နယ်တွေမှာ အလှည့်ကျစီ စောင့်ပေးရမှာ ဖြစ်ပါတယ်” ဟု ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့အဖွဲ့ ၀င်တဦးက ပြောသည်။

ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးရှိ ကြံ့ဖွံ့ရုံးတွင် ယခုလ (၁) ရက် နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်သည်။

ထိုသို့ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစ၍ ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထားကာ ကားများ ကို စစ်ဆေးနေကြောင်းလည်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “မင်္ဂလာဒုံကနေ မရမ်းကုန်းလမ်းဆုံထိ ပြည်လမ်းပေါ်မှာ (၃) ဂိတ်၊ အင်းစိန် ကနေ လှည်းတန်းလမ်းဆုံ (၂) ဂိတ်၊ လှည်းတန်းကနေ မြေနီကုန်းအထိ (၃) ဂိတ်၊ မြေနီကုန်း ကနေ စံပြရုပ်ရှင်ရုံအထိ (၃) ဂိတ်၊ မြို့ထဲမှာလည်း ဂိတ်တွေ အများကြီးချထားပြီး ကားအသွား အလာကို စစ်နေတယ်။ အထူးသဖြင့် ဆာ့ဖ်လို၊ ပါဂျဲရိုးလို ကားအကောင်းစားတွေကို အသေအချာ စစ်ဆေးနေတာ တွေ့တယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် ပေါက်ကွဲမှုများ ဖြစ်ပေါ်တိုင်း ပြည်ပရောက် အတိုက်အခံများကို စွပ်စွဲလေ့ ရှိပြီး ယခုကဲ့သို့ စစ်ဆေးရေးလုပ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူမြင်ကွင်း၌ ချထားခြင်းတို့ လုပ်လေ့ရှိသည်။

သို့သော် ယခုတကြိမ်၌ စစ်ဆေးရေးဂိတ် အထူးများပြားခြင်း၊ ပြည်လမ်းမပေါ်ကဲ့သို့ နေရာမျိုးတွင် သံဆူးကြိုးခုံများ ချပြီး အသေအချာ စစ်ဆေးခြင်း၊ လိုင်းကားများ၊ ကြားကားများထက် အိမ်စီး ကားငယ်များ၊ ဇိမ်ခံကားအကြီးများကို ပိုမို စစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်များ၌ ယူနီဖောင်းဝတ် ရဲ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ် လူများ ပူးပေါင်းပါဝင်ကြပြီး စစ်သားများကိုမူ ဂိတ်များ၏ မနီးမဝေးများတွင်သာ နေရာချထားကြောင်း၊ ညဘက်၌လည်း စစ်ဆေးရေးဂိတ်များ ချ စစ်ဆေးနေကြောင်း သိရသည်။

နအဖ စစ်အစိုးရ၏ ဇူလိုင် (၂) ရက် သတင်းစာများတွင် ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးခန်း၏ အုတ်နံရံအကျယ် (၆) လက်မ၊ အမြင့် (၉) လက်မခန့် ပေါက်ထွက်ပျက်စီးကာ ရုံးအောက် ထပ်အ၀င် တံခါးကြီး၊ ပြူတင်းပေါက်မှန်များ၊ စာရေးစားပွဲ (၃) လုံး၊ ကုလားထိုင် (၆) လုံး၊ လက်နှိပ် စက် (၁) လုံး၊ တယ်လီဖုန်းကိုယ်ထည် (၁) ခု ပျက်စီးကြောင်း၊ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဖော်ပြပါရှိသည်။

ရွှေပြည်သာမြို့နယ်၌ တာဝန်ကျ ရဲတဦးကမူ ဗုံးအမျိုးအစားမှာ ယခင် ဧပြီ (၂၀) ရက်က ပေါက်ကွဲ သော ဗုံးများထက် ပေါက်အား ပြင်းထန်ကာ လူကိုသေစေနိုင်သည်အထိ အန္တရာယ်ရှိသော လက် လုပ်ဗုံးအမျိုးအစား ဖြစ်သည်ဟု ပြောသည်။

ယခုအခါ တရားခံဖမ်းဆီးရရှိရေးအတွက် စုံစမ်းနေပြီး အများပြည်သူများကလည်း မသင်္ကာဖွယ်ရာ လူများ တွေ့ရှိပါက အချိန်မီသတင်းပေးရန် အစိုးရသတင်းစာတွင် ရေးသားထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံရေးအကျဉ်းသားများကို ပုဒ်မပြောင်း

ကျော်ထင် / ၃ ဇူလိုင် ၂၀၀၈

အင်းစိန်ထောင်အပါဝင် နယ်ထောင်များတွင် စီရင်ချက် မချရသေးသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ပုဒ်မပြောင်း လဲခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်နေကြောင်း မကြာသေးခင်က ထောင်ဝင်စာ သွားတွေ့ခဲ့ သည့် ဖျာပုံမြို့နယ်လွှတ်တော်အမတ် ဦးမင်းဆွေက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အင်းစိန်ထောင်တွင် နိုင်ငံရေးပုဒ်မနှင့် ဖမ်းဆီးခံထားရသည့် သားဖြစ်သူကို ပြီးခဲ့သည့် တနင်္လာ နေ့က သွားရောက်တွေ့ဆုံခဲ့သော ဦးမင်းဆွေက ယခင်ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခြင်း ခံထား ရသူများကို ပုဒ်မ ၅၀၅ (ခ) သို့ ပြောင်းလဲလိုက်ကြောင်း ပြောသည်။

၁၂၄ (က) နှင့် ၅၀၅ (ခ) နှစ်ခုလုံးသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မများဖြစ်ကြပြီး ၁၂၄ (က) သည် အများဆုံး ထောင်ဒဏ်အနှစ် (၂၀) အထိ ချမှတ်နိုင်ပြီး ၅၀၅ (ခ) သည် (၂)နှစ် အထိသာ ထောင်ချနိုင်သည်။

ဦးမင်းဆွေက “၁၂၄ (က) နဲ့ စွဲချက်တင်ခံထားရတဲ့ ကျောင်းသားလေးတွေပါတာပေါ့၊ တက္ကသိုလ် တက်နေတဲ့ ကလေးတွေပေါ့၊ သူတို့ကိုလည်း ပုဒ်မပြောင်းတယ်လေ၊ ထူးခြားတာက ဒီအကျဉ်း သားတွေကို ဓာတ်ပုံတွေ လိုက်ရိုက်နေတယ်၊ အင်းစိန်တခုတင်မဟုတ်ဘူး၊ နယ်က ထောင်တွေမှာ လည်း ရိုက်တယ်“ ဟု ပြောသည်။

မည်သည့်အကြောင်းကြောင့် ဓာတ်ပုံရိုက်ယူနေသည်ကိုမူ မသိရှိရဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဒီချုပ်အဖွဲ့ဝင်များအပါဝင် စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ဖမ်းဆီးထားသူများကို ပုဒ်မ ၁၂၄ (က) မှ ၅၀၅ (ခ) သို့ လျှော့ပေါ့ ပြောင်းလဲလိုက်ကြောင်း အတည်ပြုပြောကြားသည်။

သို့သော် စစ်အစိုးရသည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြစ်သည့် ပုဒ်မ ၁၀ (ခ) အရ ဒေါ်အောင်ဆန်းစုကြည်အား အများဆုံး (၅) နှစ်သာ ချုပ်နှောင်ထားခွင့်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြကာ သက်တမ်း
တိုး ချုပ်နှောင်ထားဆဲဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

လပွတ္တာမြို့သစ် တည်ဆောက်ရေး နအဖနှင့်နီးစပ်သည့် ကုမ္ပဏီများအိမ်အလုံး (၁) ထောင်စီ ခွဲတမ်းရ

ပီတာအောင်/ ၃ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရန် လပွတ္တာမြို့သစ် စီမံကိန်း စတင် လျက်ရှိပြီး စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက နေအိမ်ဆောက်လုပ်ခွင့် ကန်ထရိုက်များ ရရှိထားကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လပွတ္တာမြို့နယ် (၃) မိုင်၊ (၅) မိုင်နှင့် (၇ ) မိုင်စခန်းဝန်းကျင်၌ မက်စ်(မြန်မာ)၊ ကမ္ဘောဇနှင့် ၀ါဝါ၀င်း
ကုမ္ပဏီတို့က လေဘေးသင့်သူများအတွက် နေအိမ်အလုံး (၁,၀၀၀) စီ စုစုပေါင်းအလုံး (၃,၀၀၀) တည်ဆောက်သွားမည်ဟု ယမန်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌ သတင်းထုတ်ပြန်သည်။

မြို့သစ်နေရာသည် လပွတ္တာမြို့၏ အရှေ့မြောက်ဘက် လပွတ္တာ- မြောင်းမြ ကားလမ်းနံဘေး၌ရှိပြီး မြောင်းမြသစ်တောကြိုးဝိုင်းအနီး ရေမရှိသည့် ဖုန်းဆိုးကုန်းမြေများပေါ်တွင် အကွက်များ ရိုက်၍ နေအိမ်များ ဆောက်လုပ်ပေးခြင်းဖြစ်သည်ဟု လပွတ္တာမြို့ခံတဦးက ပြောသည်။

၎င်းက “ပင်လယ်ဘက်၊ တောဘက်ကို မပြန်နိုင်တော့တဲ့သူတွေ၊ အရပ်အခေါ် လယ်ယာကပ်ပါးလို့ ခေါ်တဲ့၊ လုပ်ငန်းရှင်ကို မှီခိုရတဲ့ အလုပ်သမားတွေ အများစုကို နေရာပေးတာပါ။ သူတို့မှာ မြေလည်း မရှိဘူး။ လုပ်ငန်းခွင်လည်းမရှိတော့ သူတို့ပြန်လို့လည်း မရတော့ဘူး။ အဲဒီလူတွေကို ချပေးလိုက် တာ။ မြို့ထဲကလူတွေကလည်း မိမိတို့သဘောနဲ့ မိမိ သွားနေလို့ရတယ်။ မရွှေ့ဘဲနေချင်လည်း ရပါတယ်” ဟု ပြောသည်။

လပွတ္တာမြို့ရှိ လေဘေးကယ်ဆယ်ရေးစခန်းများ၌ မူလက လေဘေးသင့်လူထု သောင်းနှင့်ချီ နေထိုင်ခဲ့ကြသော်လည်း အချို့နေရပ်ပြန်သွားကြပြီဖြစ်သဖြင့် လတ်တလော (၃) မိုင်စခန်း၌ ဒုက္ခသည် (၃) ထောင်ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ဒုက္ခသည်များအတွက် ဆောက်ပေးမည့် တန်ဖိုးနည်း အိမ်ရာများသည် သွပ်မိုး၊ ၀ါးထရံ (သို့မဟုတ်) သစ်သားကာရံထားသည့် ပျဉ်ထောင်အိမ်များဖြစ်ပြီး ဒီဇိုင်းပုံစံ (၄) မျိုးခန့်ရှိကာ အမျိုးအစားပေါ် လိုက်၍ ကျပ်ငွေ (၃) သိန်းမှ (၇) သိန်းထိ ရှိနိုင်သည်ဟု ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် နီးစပ်သူ တဦးက ပြောသည်။

ကုမ္ပဏီများအား အိမ်ဆောက်ခွဲတမ်းချပေးချိန်တွင် နအဖစစ်အစိုးရ၏ နာဂစ်မုန်တိုင်း အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကလည်း မုန်တိုင်းကြောင့် အိုးအိမ်ဆုံးရှုံးသွားရသူတို့ အတွက် လူနေအိမ် တလုံးလျှင် ကျပ် (၆) သိန်းဖြင့် လှူဒါန်းနိုင်ကြောင်း စစ်အစိုးရပိုင်မီဒီယာများမှ အလှူခံလျက်ရှိသည်။

စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် ကုမ္ပဏီများကို နေအိမ်ဆောက်လုပ်ခွင့်များ ချပေးခြင်းဖြစ် ကြောင်း၊ ထိုစီမံကိန်းများကို အကြောင်းပြု၍ ကုမ္ပဏီများအနေဖြင့် သစ်ဝယ်ယူခွင့်ပါမစ်နှင့် အိမ် ဆောက်ပစ္စည်း ပြည်ပမှ တင်သွင်းခွင့်ပါမစ်များ ရနိုင်ပြီး နေအိမ်လှူဒါန်းသည့် အလှူရှင်များရှိပါ ကလည်း နေအိမ်ရောင်းရသလိုဖြစ်ပြီး အကျိုးအမြတ်ရရှိနိုင်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမား တဦးက ပြောသည်။

နေအိမ်များဆောက်လုပ်ရန် စစ်အစိုးရက ကုမ္ပဏီများကို အတင်းအကျပ် လုပ်ခိုင်းခြင်းသာဖြစ်ပြီး ကုမ္ပဏ်ီများအနေဖြင့် လတ်တလော အကျိုးအမြတ် မရယုံမက အိတ်စိုက်နေရသည်ဟု ဆောက်လုပ် ရေးကုမ္ပဏီတခုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဒီကိစ္စဟာ ပိုက်ဆံရဖို့ထက် မလုပ်မနေရ ၀င်လုပ်ကြရတာ။ လောလောဆယ် ပိုက်ဆံစိုက် ထားရတာချည်းပဲ။ ငွေက ဘယ်အချိန်မှာ ပြန်ပေါ်မယ်မသိဘူး။ ဒါပေမယ့် ရှောင်လွှဲလို့ မရဘူး။ မရလည်း လှူတယ်လို့ သဘောထားရမှာပဲ။ လောလောဆယ်တော့ ဆောက်ဖို့ပဲ ပြောထားတယ်။ ဆောက်တဲ့အထဲမှာ လှူတဲ့ အလှူရှင်ရှိရင်လည်း အလှူရှင်ရဲ့ငွေနဲ့ ဆောက်တာပေါ့နော်။ သစ်တွေ ဘာတွေ အစိုးရက ၀ယ်ယူခွင့်ပေးတယ်။ အစိုးရကတော့ ငွေတပြားမှ မပေးသေးဘူး။ ခွဲတမ်း ချပေးတာပဲရှိတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီ (၃၀) ခန့်ကိုလည်း ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်းရှိ မုန်တိုင်းသင့်ဒေသ (၁၇) ခု၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွဲတမ်းများ အသီးသီး ချပေးထားကြောင်း သိရသည်။

ထိုကုမ္ပဏီများအနက် ထူး၊ ဧဒင်၊ ငွေဆင်၊ တော်ဝင်၊ FMI၊ ရွှေသံလွင်၊ အရုဏ်ဦး၊ တက်လမ်း၊ မက်စ်(မြန်မာ)၊ အေရှားဝေါလ်၊ ကမ္ဘောဇ၊ ဇေကမ္ဘာ၊ ယုဇန၊ ၀ါဝါ၀င်း စသည့် ကုမ္ပဏီများ ပါဝင်ပြီး မက်စ်(မြန်မာ)က လပွတ္တာနှင့် ပြင်စလူမြို့၊ ဇေကမ္ဘာက ပြင်စလူမြို့၊ အေရှားဝေါလ်က ကွန်းခြံကုန်း နှင့်ဒေးဒရဲ၊ ထူးကုမ္ပဏီက ဘိုကလေးမြို့နယ် စသဖြင့် ခွဲတမ်းများအသီးသီးရရှိထားကြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြို.ပေါ်မှာ ဗုံအသံကျယ်မလား? လူထုအသံကျယ်မလား?

တိုင်းရင်းသားအသံ
Thursday, July 3, 2008

၈၈၈၈ လေးလုံး နှစ်ပတ်လည်နေ. နီးကပ်လာတာနှင့် အမျှ ပြည်တွင်းမှာရှိသည့် ဘုန်းဘုန်းများ၊ကျောင်းသားများ၊နိုင်ငံရေးပါတီများ နှင့်အမြင်ကွဲ စစ်တပ်ခေါင်းဆောင်များ၏လှုပ်ရှားမှုများ၊ ပြည်ပမှာရှိသည့် အတိုက်အခံများ၏လုပ်ရှားမှုများတို.ကို စစ်အစိုးရတို.ကြောက်ရွ.ံနေပြန်ပြီ၊ (၈) ရက်နေ.၊(၈) လပိုင်းကျရင် စစ်အစိုးရ ကိုးကွယ်တဲ့ စိတ်ပုပ် တရုတ်ကွန်မြူနစ်တို.၏ အိုလံပစ်ဖွင့်ပွဲနဲ. လဲရက်ကြုံ၏။ မနေ.က ကြံ့ဖွတ်ရုံးတွင် ဗုံပေါက်ကွဲသွားသဖြင့် လူထုတွေရဲ.သာဓုခေါ်သံများသည် ယခု အချိန်အထိ ရန်ကုန်မှာ ကြားနေဆဲပါ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လာမည့် ဂျူလိုင်လ (၇) ရက်နေ.ကျရင် (၄၆)ကြိမ်မြောက်မည့် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်နမိုက် ဗုံတွေနဲ.
ဖြိုချခဲ့သည့်နေ.ဖြစ်ပါသည်။ နောက်တဆက်တည်မှာပင်၊ ဩဂုတ်လ (၈)ရက်နေ.၊ စက်တင်ဘာ အရေးအခင်း၊ စက်တင်ဘာ စစ်တပ်အာဏာသိမ်မှု၊စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေး စသည့် နေ.ထူးနေ.မြတ်များ ရှိသောလပိုင်းများသည် စစ်အစိုးရအတွက် အိပ်မက်ဆိုးသော လများဖြစ်ပြီး ပြည်သူလူထုတွေအတွက်တော့ တိုက်ပွဲဝင်ရာသီ၊အပြီးအောင်ပွဲခံသော လများဖြစ်ပါသည်။

အနှစ်နှဆယ်ပြည့်မည့် (၈၈၈၈) လုံးအရေးတော်ပုံကြီးသည် ဒို. ဆက်လျှောက်သွားမည့် တော်လှန်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားသား သန္နိဌာန်းချ ပြီး တက်ညီလက်ညီဆက်လျှောက်သွားကြဖို. အရေးကြီးပါသည်၊ ဒီအချိန်ဟာ မြို.ပေါ်မှာ ဗုံအသံကျယ်မလား? လူအထုသံကျယ်မလား?` ဆိုသည့် မေးခွန်းကို အဖြေမှန်ပေးဖို.အချိန်တန်ပြီ။

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုမှာ သူတို့လက်ချက် ဖြစ်ကြောင်း စစ်သည်တော်များအဖွဲ့က ပြောကြား



ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်စာမျက်နှာ http://drlunswe.blogspot.com/ မှ ကူးယူဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

DKBA တစ်ဦးနှင့် နအဖတပ်သား ၂ ဦး ကျဆုံးပြီး KNUမြေမှ ပြန်ဆုတ်ခွာ



အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်ဗုံးကွဲမှု စွမ်းအားမြှင့်လက်ချက်ဟု ကြေညာ

သီတာထွန်း။
ဇူလိုင်လ ၂ ရက်၊ ၂၀၀၈ ခုနှစ်။

ရန်ကုန်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး တရုံးတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုသည် စွမ်းအား မြှင့်ကျောင်းသား စစ်သည်တော်များ အဖွဲ့၏ လက်ချက် ဖြစ်သည်ဟု အဆိုပါအဖွဲ့က ဟုဆိုကာ ကြေညာချက် တစောင် ထွက်ပေါ်လာသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင် (၂) ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သော အဆိုပါ ကြေငြာချက်တွင် “ ဇူလိုင် (၁)ရက်နေ့က ရန်ကုန် တိုင်း၊ရွှေပြည်နယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးအား တိုက်ခိုက်ခဲ့ခြင်းသည် မိမိတို့ စွမ်းအားမြှင့်စစ်သည် တော်အဖွဲ့မှ စစ်သည်တော်အမှတ် (၁၈) ၏ တိုက်ပွဲဝင်မှု ဖြစ်သည်။ ဟု ဖော်ပြထားသည်၊

ဗုံးပေါက်ကွဲမှုမှာ ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအတွင်း ဖြစ်ပွားခဲ့ပြီး ထိ ခိုက်ဒဏ်ရာရမှု တစုံတရာ မရှိခဲ့ပေ။

အဆိုပါ အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဆက်လက်ပြီး “ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့က ရန် ကုန်တိုင်း အတွင်း (၃၆) လမ်း အလယ်ဘလောက် အေဘီစီ စားသောက်ဆိုင် ရှေ့မှာ ရပ်ထားသည့် ကြံ့ဖွတ်ပိုင်ကားကို တိုက်ခိုက်ခဲ့မှု၊ ထရိတ်ဒါးဟိုတယ် အနီးမှာ ရပ်ထားသည့် စစ်တပ်က အရာရှိကြီး တဦးရဲ့ကားကို တိုက်ခိုက်ခဲ့မှုများကို လုပ်ဆောင်ခဲ့တဲ့ ပြည်တွင်းက မိမိတို့စစ်သည်တော် အမှတ် (၂၅) နှင့် (၂၇) ရဲဘော်များကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။” ဟု ပါရှိသည်။

သို့သော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများသည် နိုင်ငံရေး ပြဿနာများကို ပြေလည်စေနိုင် မည်မဟုတ်ဟု မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

“တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးပြဿနာတွေကို အကြမ်းနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစား တာပေါ့ ဗျာ၊ စစ်တပ်ဖက်ကလည်း အကြမ်းဖက်တယ်၊ ဒီဖက်ကလည်း အကြမ်းဖက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဆိုတော့ လက်တွေ့မှာကျတော့ ဘယ်သူမှ အကျိုးရှိတဲ့ ဟာမျိုး မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူတို့ တဖွဲ့ ကပဲ သူတို့ လုပ်ရင် လုပ်တာပြောတယ် ရှိပြီးတော့ တခြားဟာတွေက ၉၅% ရာခိုင်နှုန်း၊ ၉၈% ရာခိုင် နှုန်းက ဘယ်သူခွဲမှန်း မသိဘူး၊ စစ်အစိုးရ ကလည်း အတိုက်အခံတွေ၊ ကေအဲန်ယူတွေကို စွပ်စွဲတယ်၊ ကေအဲန်ယူကလည်း စစ်အစိုးရ လုပ်တာပါဆိုပြီး ပြန်ပြောတယ်၊ ရှင်းရှင်းပြောရလို့ရှိရင် ဒီဥစ္စာက မြန် မာပြည်မှာ ရှိနေတဲ့ ပြဿနာဟာ ဘယ်လိုမှ ပြေပြေလည်လည်နဲ့ ဖြစ်မယ့် ပုံစံမျိုး မဟုတ်ဘူးလို့ ပြောရမှာပဲ ”

စွမ်းအားမြှင့်စစ်သည်တော်များအဖွဲ့က ဟု ထုတ်ပြန်သော ကြေညာချက်တွင် ပြည်သူကို ဖိနှိပ်သော စစ်အာဏာ ပိုင်များနှင့် ၎င်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများသည် ပြည်သူလူထု အပေါ် မတရားအနိုင်ကျင့် စော်ကားနေ ခြင်းများကို လုံးဝ လက်သင့်ခံမည်မဟုတ်ပဲ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိအောင် ပိုမိုပြင်းထန်သည့် လက် တုန့်ပြန် တိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သတိပေးထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒပြလေဘေးဒုက္ခသည်သတင်းယူခဲ့သည့် မအိမ့်ခိုင်ဦးကို ရုံးထုတ်စစ်ဆေး

ဗထူး။ ဇူလိုင် ၂၊ ၂၀၀၈

ထောက်ပံ့ကူညီပစ္စည်းများမရ၍ ဆန္ဒပြတောင်းဆိုရာနေရာသို့ သတင်းသွားရောက်ယူခဲ့သည့် အပတ်စဉ်စီးပွားရေးဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦးအား စစ်အစိုးရက ယနေ့ ဒုတိယ အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့်လ (၁၀) ရက်နေ့တွင် တောင်ဒဂုံမြို့နယ် လေဘေးဒုက္ခသည်များက ထောက်ပံ့ပစ္စည်း များမရသဖြင့် ရန်ကုန်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) ရုံးတို့တွင် ဆန္ဒပြခဲ့ရာ သတင်းသွားရောက်ယူခဲ့သူ (Ecovision) သတင်းဂျာနယ်မှ မအိမ့်ခိုင်ဦးအား စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ ရုံးထုတ်ရာတွင် သူမနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် (Weekly) ဂျာနယ် အယ်ဒီတာဟောင်း ကိုကျော်ကျော်သန်းနှင့် ဇွန်လ (၁၆) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသူ မြန်မာထရီဗြူးဂျာနယ် ဦးအောင်ကျော်ဆန်းတို့ကို အင်းစိန်အကျဉ်းထောင်မှ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

“သူက အဲနေ့က သတင်းယူဖို့သွားရင်းနဲ့ အဲဒီရုံးရှေ့မှာ လေဘေးဒုက္ခသည်တွေ ဆန္ဒပြတာကို တွေ့တာ၊ အမှန်တကယ်ကတော့ သူ့အလုပ်သူ့လုပ်တာပါ၊ သတင်းထောက်တယောက်က သတင်းသွားယူတယ်၊ သတင်းသွားယူတဲ့အခါမှာ သူတို့ကန့်သတ်ထားတဲ့ဟာတွေကိုလည်း သူ့အနေနဲ့ မသိနိုင်ဘူးလေ”ဟု ယနေ့ တရားရုံးသို့သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ မိတ်ဆွေ တဦးက ပြောသည်။

လေဘေးသင့်ဒုက္ခသည်များ ဆန္ဒပြသည်ကို သွားရောက်သတင်းရယူသည့် သတင်းထောက် တဦးအား ဖမ်းဆီးခြင်းမှာ မတရားသဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ကို အားလုံးသိရှိကြပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အဆင့်အတန်းကို ပြသလိုက် ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့သည့် ကိုသူရ (ခေါ်) ကိုဇာဂနာအား ဖမ်းဆီးထားပြီး ယခုလက်ရှိတွင်လည်း ဒုက္ခသည်များအရေး တက်ကြွစွာ ကူညီ နေသူများအားလည်း ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်။

လေဘေးအတွက်ပေးပို့သည့် နိုင်ငံတကာမှ အကူအညီများအား စစ်အစိုးရလက်အောက်ခံ တပ်ဖွဲ့များနှင့် အသင်းအပင်းများမှ ကိုယ်ကျိုးအတွက် အသုံးချနေမှုများ ဆက်လက်ရှိနေပြီး ဒုက္ခသည်များမှာ အဆိုပါ နိုင်ငံတကာအကူအညီများကို လုံလောက်စွာ မရရှိသေးပေ။

Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးနှင့် Weekly ဂျာနယ် အယ်ဒီတာဟောင်း ကိုကျော်ကျော်သန်းတို့နှစ်ဦးအမှုကို ယနေ့သက်သေများဖြင့် စစ်ဆေးခဲ့ပြီး ယခုလ (၁၀) ရက်နေ့ သို့ ထပ်မံချိန်းဆိုထားသည်။

၎င်းတို့နှစ်ဦးအား စစ်အစိုးရက အင်းစိန်ထောင်အတွင်းတွင် ရာဇဝတ်အကျဉ်းသားများနှင့်အတူ ချုပ်နှောင်ထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မိသားစုများက စိတ်အနှောင့်အယှက်ဖြစ်နေပြီး ယနေ့ရုံးထုတ်ရက်တွင် မိသားစုဝင်များ သွားရောက်ခဲ့ကြသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်ရံပုံငွေဘောလုံးပွဲ မြန်မာနိုင်ငံတွင် ပြုလုပ်မည်

ဉာဏ်မောင်။ ဇူလိုင် ၂၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒုက္ခသည်များအားကူညီရန် ရံပုံငွေဘောလုံး ပွဲတရပ်ကို မြန်မာ-အာစီယံပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့တွင်ကျင်းပခဲ့သည့် အာစီယံ ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးတွင် နာဂစ်မုန်တိုင်းဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေရန် အဆိုပြုချက်ကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အာစီယံဘောလုံးအဖွဲ့ချုပ်နှင့် အာစီယံမဟာမိတ်များအစည်းအဝေးတွင် နာဂစ်မုန်တိုင်းကြောင့် ဘောလုံးကွင်း၊ အားကစားကွင်းများ ပျက်စီးသွားမှုအခြေအနေများကို ဦးဇော်ဇော်က တင်ပြရာ အာစီယံဘောလုံးအဖွဲ့ချုပ်က ၎င်းလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ စီစဉ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ အမေရိကန်ဒေါ်လာ ငါးသောင်း လှူဒါန်းမည်ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာ ဘောလုံးအသင်းများအဖွဲ့ချုပ်(FIFA)ကလည်း ဒေါ်လာတသိန်းနှင့် ကိုးရီးယား ဘောလုံးအဖွဲ့ချုပ်က ဒေါ်လာသုံးသောင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ နာဂစ်မုန်တိုင်း ကြောင့် ပျက်စီးသွားသော ဘောလုံးကွင်းများပြင်ဆင်ရန်နှင့် အဆောက်အဦးများ ပြန်လည် တည်ဆောက်ရန်အတွက် လှူဒါန်းသည်ဟု ဖော်ပြထားသည်။

စစ်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၈၄,၅၃၇) သေဆုံး၍ ယခုထိ (၅၃,၈၃၆) ဦး ပျောက်ဆုံးနေပြီး (၁၉,၃၅၉) ဦး ဒဏ်ရာရရှိခဲ့ကာ များစွာသော အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည်။


အပြည့်အစုံဖတ်လိုလျှင်

လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးရန် ဗြိတိသျှနှင့်အမေရိကန် အဆိုပြု

02 July 2008

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာပေါ်က ဘယ်အကြောင်းရပ်တွေ ဘယ်နိုင်ငံတွေအကြောင်း ဆွေးနွေးမလဲ ဆိုတာ လစဉ် အစောပိုင်း ဆွေးနွေးပြီး အချိန်ဇယားသတ်မှတ်လေ့ရှိပါတယ်။ အခု လာမယ့် ဇူလှိုင်လအတွက် မနေ့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအကြားမှာ ဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါပေမယ့် ရက်သတ်မှတ်နိုင်ခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။ ဦးသားညွန့်ဦးက အကြောင်းစုံ ပြောပြပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လာမယ့် ဇူလှိုင်လ ဘာတွေ ဆွေးနွေးမယ် ဘယ်အကြောင်းအရာတွေကို ကိုင်တွယ် ဖြေရှင်းမယ် ဆိုတာတွေကို ကြိုတင် အချိန်ဇယား သတ်မှတ်ဖို့ ကောင်စီအဖွဲ့ဝင်တွေ အကြား ဆွေးနွေးတဲ့ နေရာမှာ မြန်မာနိုင်ငံ အကြောင်းရပ်ကို ထည့်သွင်းထားဖို့ အမေရိကန်နဲ့ ဗြိတိသျှ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တွေက ကြိုးပမ်း ခဲ့ကြတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇာမေလ်း ခါလီဇတ်က အခုလို ပြောပါတယ်။

“ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်ဖို့ ကျနော်တို့ ပြောဆို တိုင်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ စိုးရိမ်ချက်တွေ ရှိပါတယ်။ ဒါ့အပြင် ကပ်ဘေးကျရောက်မှုနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု အခြေအနေတွေ အပေါ်လည်း စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေ နှစ်ခုစလုံးအပေါ်မှာ ကျနော်တို့ အလေးပေး စဉ်းစားနေပါတယ်။ ဒါပေမယ့် ဘယ်ရက် ဆွေးနွေးဖြစ်မလဲဆိုတဲ့ အချိန် သတ်မှတ်ချက်တော့ မရသေးပါဘူး။ လုံခြုံရေးကောင်စီ သဘာပတိအနေနဲ့ အခြားကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်ပင်ပြီးတော့ ရက်သတ်မှတ် ပါလိ့မ်မယ်။”

မြန်မာနိုင်ငံ ကိစ္စ လာမယ့်ဇူလှိုင် လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ဆိုတဲ့ အဆိုကိုတော့ ဗြိတိသျှ ကိုယ်စားလှယ်က တင်သွင်းတာလို့ သိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဆာဂျွန် ဆောဝါးက အခုလို ပြောပါတယ်။

“မြန်မာ့အရေး ကိစ္စဆွေးနွေးဖို့ ကျနော် အဆိုပြုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ ပြီးကတည်းက ဘာတွေ ထူးခြား တိုးတက်မှု ရှိသလဲဆိုတာကို အတွင်းရေးမှုးချုပ်ရုံးကနေ ဘာမှ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ ဆိုက်ကလုံး မုန်တိုင်း ကပ်ဆိုးကြောင့် အာရုံ စိုက်လုပ်နေရာကနေ အခု နိုင်ငံရေး အခြေအနေဖက်ကို ပြန်စဉ်းစားဆောင်ရွက်ရမှာပါ။”
ဒါပေမယ့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲ မြန်မာ့အရေးဆွေးနွေးသင့် မသင့်ဆိုတဲ့အပေါ် ကောင်စီ အဖွဲ့ဝင်တွေအကြား သဘောကွဲလွဲမှု ရှိပုံရပါတယ်။ လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိကတော့ ဗီယက်နမ် နိုင်ငံပါ။ ဗီယက်နမ် သံအမတ်ကြီးက မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖိုဆိုတဲ့ အဆိုပြုချက်ရှိပါတယ်။ ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အခုအချိန်မျိုးမှာ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖို့ဆိုတာ ဆွေးနွေးသင့် မသင့် ဆိုတာတွေ တိုင်ပင်ဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေ အကြားမှာ သဘောတူညီချက်တော့ မရသေးပါဘူး။ အခုလို ဆွေးနွေးတိုင်ပင်တာနဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မလားဆိုတာ သဘောတူညီချက်မရပါဘူး။”

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီကတော့ အခု ဇူလှိုင်လထဲမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဖက်ကတော့ မစ္စတာ ဂမ်ဘာရီ လာရောက်နိုင်ဖို့ မီးစိမ်းပြသေးတဲ့ပုံ မရပါဘူး။ အကယ်၍ သူသွားဖြစ်ခဲ့လို့ ပြန်လာရင်တော့ ထုံးစံအတိုင်း လုံခြုံရေးကောင်စီကို မစ္စတာ ဂန်ဘာရီ ပြန်အစီရင်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဆက်တည်းပါ - မနေ့က တရုတ်နိုင်ငံကို ရောက်ရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ တရုတ်သမ္မတနဲ့ တွေ့စဉ်မှာ မြန်မာနိုင်ငံကိစ္စကိုလည်း ထည့်သွင်းပြောသွားတယ်လို့သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ကုလသမဂ္ဂဖက်က ထုတ်ပြန်တာမရှိသေးပါဘူး။

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းသူတွေ ပျောက်ဆုံးနေဆဲ

02 July 2008

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခမ်းအနားမှာ ပါဝင်ခဲ့ကြတဲ့ သူမကို ထောက်ခံသူတွေကို အာဏာပိုင်တွေက ဖမ်းတာဆီးတာတွေ လုပ်ခဲ့တဲ့နေရာမှာ အခုဆိုရင် ဖမ်းဆီးခံရသူ အရည်အတွက်ဟာ အရင်က သိထားတာထက် ပိုများဖွယ်ရာ ရှိတယ်လို့လည်း ပါတီဝင်တွေက ပြောပါတယ်။ မွေးနေ့ အခမ်းအနား နေ့ကတည်းက ပျောက်ဆုံးနေသူစာရင်းတွေ ထပ်ပြီးထွက်လာတာနဲ့အမျှ မိသားစုတွေဖက်က စိုးရိမ် ပူပန်မှုတွေကလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က ပြောပြပေးပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲကို ပြီးခဲ့တဲ့လ (၁၉) ရက်နေ့ ကျင်းပခဲ့တုန်းက သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အဖွဲ့ဝင်တွေကို ဖမ်းတာဆီးတာတွေ ရှိခဲ့သလို အခုလည်း အဲဒီအချိန်ကတည်းက အိမ်ပြန် ရောက်မလာတဲ့ ပါတီဝင်တွေ တိုးလာလို့ မိသားစုဝင်တွေ လုပ်ဖော်ကိုင်ဖက်တွေက စိုးရိမ်မကင်း ဖြစ်နေ ကြရတာပါ။ အစောပိုင်းမှာတုန်းက ဖမ်းဆီးခံရသူ အနည်းဆုံး (၁၄) ယောက် ရှိတယ်ဆိုပြီး အန်အယ်လ်ဒီ က ပြောဆို ခဲ့သလို ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့လည်း ကန့်ကွက် ပြောဆိုခဲ့တာပါ။ အခုတော့ ဒီလူတွေ အပြင် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိပဲ ထိန်းသိမ်းခံထားရဖွယ်ရှိသူ စာရင်းတွေလည်း ထပ်ပြီး ထွက်လာနေတယ်လို့ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တွေက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ၁၉ရက်နေ့မှာ ပျောက်သွားတဲ့သူက အခု နောက်ဆုံး စာရင်းအရ ၂၅ယောက်လောက် ရှိနေပြီ။ အခု ပျောက်တဲ့သူတွေထဲမှာ တောင်ဥက္ကလာပ မြို့နယ် ၁၂ရက်ကွက် ဒုဥက္ကဌ ဦးသိန်းအေး၊ တောင် ဥက္ကလာပ မြို့နယ် လူငယ်အဖွဲ့က ကိုမိုးဇော်တို့လည်း ပျောက်နေတယ်လို့ သိရတယ်။ ဦးသိန်းအေးဟာ အိမ်မှာ အိမ်ထောင်ဦးစီး ဖြစ်တဲ့အတွက်ကြောင့် သူ မရှိတဲ့အတွက် သူ့မိသားစုက အရမ်းကို စားဝတ်နေရေး ဒုက္ခရောက်နေပါတယ်။ ရဲ စခန်း ကျတော့လည်း သွားမတိုင်ရဲဘူးရှင့်။ အဖွဲ့ဝင်တွေကနေပဲ တဆင့်စကားနဲ့ပဲ စုံစမ်းရေး လုပ်နေရတယ်။ ရဲ စခန်းသွားနေရင် တခုခုဖြစ်မှာလည်း သူတို့ စိုးရိမ်ရတယ်။ တဆင့်စကား တဆင့်နားနဲ့ပဲ အခုမှ သိရတာပေါ့။ ၁၉ရက်နေ့ကတည်းက ပျောက်နေတာပဲ။ အဖမ်းခံရတဲ့ အခြေအနေအကြောင်းကိုတော့ ဘယ်သူမှ အကြောင်းကြားတာတွေ မရှိဘူး။ အရမ်းတော့ စိုးရိမ်နေကြတယ်။"

မွေးနေ့ ကျင်းပခဲ့တဲ့နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့က အန်အယ်လ်ဒီ ဌာနချုပ်ရုံးမှာ မေတ္တာပို့ ဆုတောင်းကြသူတွေကို မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ စွမ်းအားရှင် အဖွဲ့ဝင်တွေက ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အခုလို အန်အယ်လ်ဒီ ပါတီဝင်တွေ အဖမ်းခံအဆီးခံ ထိန်းသိမ်းခံ ဖြစ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ -

"ကျွန်တော် ပြောချင်တာကတော့ စဖမ်းတဲ့အချိန်ကတည်းကိုက ဥပဒေနဲ့ မညီဘူး။ ဥပဒေအရ တာဝန်မရှိတဲ့သူတွေက ဖမ်းတဲ့အတွက် ဒါဟာ မတရား ဖမ်းဆီးမှုပဲ။ အခု ဆက်လက်ပြီးတော့လည်း ဒီလောက် အချိန်ကြအောင် ခေါ်ယူထားတာဟာ ဒါဟာ မေးမြန်ရန် သက်သက်လို့ ပြောလို့မရပါဘူး။ လူတယောက်ရဲ့ သွားခွင့်၊ လာခွင့်တွေကို ပိတ်ဆို့ထားတဲ့အတွက် ဒါဟာ ဖမ်းဆီးခြင်းပဲလို့ ပြောချင်တယ်။ ဥပဒေကြောင်းအရ လုံးဝတရားမျှတခြင်း မရှိဘူး။ ဥပဒေနဲ့လည်း မညီဘူး။ ဒီလို လုပ်ရပ်ဟာ အာဏာရှင် နိုင်ငံများမှာတော့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေတယ်လို့ ကျွန်တော်တို့ အဲဒီလို တွေးမိပါတယ်။"

ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ စာတစောင်ကိုလည်း ဒီတပတ်ထဲတုန်းကပဲ အန်အယ်လ်ဒီက မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံကို စာတစောင်လည်း ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောတာဆိုတာမျိုးတော့ မကြားရပါဘူး။ လတ်တလော အခြေအနေမှာလည်း ထိန်းသိမ်းခံနေရသူတွေဟာ ဘယ်ရောက်လို့ ရောက်နေမှန်း မသိလို့ မိသားစုတွေဖက်က စိတ်ပူပမ်နေကြရသလို အန်အယ်လ်ဒီ ပါတီဖက်ကလည်း လိုအပ်သလို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ အခြေအနေမရှိဖြစ်နေရတာပါ။

"ကျွန်တော်တို့ တစုံတခု ဆောင်ရွက်ပေးဖို့ အမြဲတမ်း စဉ်းစားနေတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဘယ်လို အရေးယူသလဲဆိုတာ မသိဘဲနဲ့ ကျွန်တော်တို့မှာ လုပ်ငန်းစဖို့ကို အဲဒါကိုပဲ ကျွန်တော်တို့ ကြည့်နေရတယ်။ ကျွန်တော်တို့ အခု ယမန်ယူသလား၊ ပုဒ်မတွေ တပ်သလား မသိသေးဘူးဗျ။ မသိသေးဘဲနဲ့ ကျွန်တော်တို့ ဘာမှ ဆောင်ရွက်လို့ မရသေးတဲ့ အခြေအနေပေါ့။"

ပြီးခဲ့တဲ့လ (၁၉) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကာလ ပါတီဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေ လုပ်ခဲ့တဲ့အပေါ် ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က မှတ်ချက်ပေး ပြောဆိုသွားခဲ့တာပါခင်ဗျာ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းအလွန် ဧရာဝတီဆားလုပ်ငန်း နာလန်မထူနိုင်သေး


ပီတာအောင်/ ၂ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းရှိ ဆားကွင်းများ ပျက်စီးသွားသဖြင့် မုန်တိုင်းတိုက်ခတ်အပြီး (၂) လအကြာတွင် ဆားဈေးနှုန်း (၃) ဆခန့် မြင့်တက်နေပြီး ဆားလုပ်ငန်းများ နာလန်ပြန်ထူ နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဆားလုပ်ငန်းရှင်တို့က ပြောကြားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းမတိုင်ခင်က ရန်ကုန်တွင် ဆားအချော (၁) ပိဿာ လက်လီရောင်းဈေး ကျပ် (၂၀၀) ခန့် ရှိရာမှ မုန်တိုင်းပြီးစ၌ (၁) ပိဿာ ကျပ် (၁,၀၀၀ ) ကျော်အထိ ခုန်တက်သွားပြီး ယနေ့ ရန်ကုန် ဈေးကွက် ပေါက်ဈေး (၁) ပိဿာ ကျပ် (၅၀၀) ၀န်းကျင်ရှိသည်ဟု လသာမြို့နယ်မှ ဆား အရောင်းအ၀ယ်လုပ်သူတဦးက ပြောသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့၌လည်း မုန်တိုင်းဒဏ်မခံရခင်က စက်ရုံထုတ်ဈေး ဆားအကြမ်း
(၁) ပိဿာ ကျပ် (၈၀)၊ ဆားအချော တပိဿာ ကျပ် (၁၁၀) ခန့်သာရှိပြီး လက်ရှိပေါက်ဈေး
ဆားအကြမ်း (၁) ပိဿာ ကျပ် (၂၄၀) ဆားချော (၁) ပိဿာ ကျပ် (၃၇၀) ထိ ရှိသည်ဟု မြို့ခံ ဆားစက်ပိုင်ရှင်တဦးက ပြောသည်။

မေ (၂) ရက်နှင့် (၃) ရက်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံရှိ အဓိက ဆားထုတ်လုပ်ရာ ဧရာဝတီတိုင်း လပွတ္တာနှင့် ငပုတောမြို့နယ်တို့ရှိ နေလှန်းဆားကွင်းများ ရွှံ့သဲများဖုန်းကာ ပျက်စီးဆုံးရှုံးခဲ့သည်။ ဆားဖိုသူကြီးများနှင့် ဆားလုပ်သားများလည်း သေဆုံး ကုန်ပြီး ယခုအချိန်အထိ ပြန်လည်နာလန်မထူနိုင်ဘဲရှိသည်ဟု ဆားလုပ်ငန်းရှင်များထံမှ
သိရသည်။

ပုသိမ်မြို့မှ ဆားစက်ပိုင်ရှင်တဦးက “နဂိုဈေးကိုတော့ ပြန်ရောက်နိုင်ဖို့ အကြောင်းမရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းက အရမ်းအ၀င်နည်းသွားပြီ။ ပျက်စီးသွားတဲ့ ဆားကွင်းတွေကို ပြန်လည်ထူထောင်ဖို့ နဂိုအနေအထားကို ပြန်ရောက်ဖို့က တော်တော်ခဲယဉ်းသွားပြီ။ တချို့နေရာ တွေက ကွင်းတွေ ပျက်စီးသွားပြီး လူကကျန်တယ်။ တချို့နေရာတွေက ကွင်းလဲပျက်တယ်၊ အလုပ်သမားရော၊ ပိုင်ရှင်ရော သေဆုံးသွားတယ်။ ပြန်လုပ်ဖို့ဆိုတာက လူအားရော၊ ငွေအားရော လိုသွားပြီ။ နောက်တခါ အလုပ်သမားအင်အားလည်း အဲဒီဒေသတွေမှာ တော်တော်နည်းသွားပြီ” ဟုပြောသည်။

လပွတ္တာမြို့နယ်တွင် ယခင်က ဒေသခံသူဌေးများက ဆားဖိုသူကြီးများကို ငွေကြိုတင်ထုတ်ချေး၍ လုပ်ငန်းလုပ်ကိုင်ခဲ့ကြသော်လည်း ၎င်းတို့ ကိုယ်တိုင် မုန်တိုင်းဒဏ်ခံရသဖြင့် ငွေကြို မပေးနိုင်ကြ တော့ကြောင်း၊ စစ်အစိုးရက လယ်ယာလုပ်ငန်းအတွက် ချေးငွေထုတ်ပေးခြင်းနှင့် မျိုးစပါးပေးခြင်း စသည့်အကူအညီအချို့ ပေးနေသော်လည်း ဆားလုပ်ငန်းရှင်များအတွက် အကူအညီမပေးရုံမက ဆားဖိုများပါ အသိမ်းခံရမည့်ကိန်းဆိုက်နေသည်ဟု ဒေသခံတို့က ပြောသည်။

လပွတ္တာမြို့ခံတဦးက“ရေလွှမ်းတဲ့ဆားကွင်းတွေက အကုန်ပျက်တယ်။ အစကနေပြန်လုပ်ရမှာ။ သူတို့ကတော့ သူတို့ဆားဖို သူတို့ပြန်လိုချင်တာပေါ့။ ခုဟာက ဆားလုပ်ငန်း မလုပ်နိုင်တော့တဲ့သူကို မလုပ်နိုင်ရင် ဆားကွင်းသိမ်းမယ့် ပုံစံဖြစ်နေတယ်။ တချို့ကတော့ ပြန်လုပ်ပါလိမ့်မယ်။ ဒါပေမယ့် မလုပ်နိုင်တဲ့လူကများတယ်။ ဒီအချိန်မှာ ဆားက တော်တော်အရင်းအနှီးများတယ်။ ပိုက်ဆံ မတည်ငွေ မရှိတော့ မလုပ်နိုင်ဘူး။ ဆားဖိုသူကြီးတွေ သေတဲ့လူတွေလည်း သေကုန်ကြပြီ၊
(၁၀) ယောက်ရှိရင် (၈) ယောက်လောက် သေကုန်တာ” ဟု ပြောသည်။

မုန်တိုင်းကြောင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် ဆားကွင်း ဧက (၂၅,၄၃၀) ပျက်စီးပြီး ဆားတန်ချိန်
(၂၉,၅၄၅) တန်ဆုံးရှုံးကာ ကျပ်ငွေသန်းပေါင်း ( ၅၄၂၇.၆၁) သန်းဖိုး ဆုံးရှုံးခဲ့သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာက မေ (၂၅) ရက် ရန်ကုန်တွင် ကျင်းပ သည့် လေဘေးကူညီရေး ကတိက၀တ်ပြုသည့် နိုင်ငံတကာညီလာခံ၌ ပြောသည်။

ယင်းအနက် သတ္တုတွင်းဝန်ကြီးဌာနမှ နိုင်ငံပိုင်ဆားကွင်း ဧက (၁,၀၀၀) ကျော်၊ ဆားတန်ချိန် (၅,၃၃၁) တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်း (၉၇၉.၄၀) ဖိုးသာ ဆုံးရှုံးပြီး ကျန်ပမာဏမှာ ပုဂ္ဂလိက လုပ်ငန်းများမှဖြစ်သည်။

ဆားသည် အိမ်တိုင်းအတွက် မရှိမဖြစ် အစားအစာဖြစ်ပြီး မြန်မာနိုင်ငံ၌ ငါးပိ၊ ငါးခြောက်၊ ဆား ရေစိမ်၊ သရက်သီးခြောက်နှင့် အခြားစားသောက်ကုန်လုပ်ငန်းအမျိုးမျိုးတွင်သာမက သားရေနယ် လုပ်ငန်းကဲ့သို့ စက်မှုလုပ်ငန်းများအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုသည်။ ယခု ဆားဈေး မြင့်တက်လာသဖြင့် အဆိုပါလုပ်ငန်းများလည်း ထိခိုက်ကုန်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန်မြို့၏ ဆားစားသုံးမှုပမာဏသည် (၁) လ ပိဿာချိန် (၁၀) သိန်းခန့်ရှိပြီး ဆားစက်ပိုင်ရှင် များ လက်ဝယ်၌ ပိဿာချိန် (၇၈) သိန်းကျော် ကျန်ရှိနေသေးသည်ဟု စစ်အစိုးရက သတင်း ထုတ်ပြန်ထားသော်လည်း ဆားလုပ်ငန်းများ အချိန်မီ ပြန်လည်မထူထောင်နိုင်ပါက လာမည့် နှစ်များတွင် ဆားဈေး ဆက်လက်တက်လာပြီး စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် ရင်ဆိုင်ရမည်ဟု စီးပွားရေးလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။

မုန်တိုင်းကြောင့် ဆားကွင်းများ ပျက်စီးခဲ့ရသကဲ့သို့ ဆားကြိတ်စက်အများစုတည်ရှိရာ မြောင်းမြ၊ ပုသိမ်နှင့် ရန်ကုန်ရှိ ဆားစက်များနှင့် ဆားဂိုဒေါင်များလည်း အမိုးများလန်ကာ ဆားများ ရေစို ပျက်စီးဆုံးရှုံးခဲ့ရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်စီးပါက ဆိုင်ကယ်သိမ်းရုံမက လူပါအဖမ်းခံရမည်

NEJ/ ၂ ဇူလိုင် ၂၀၀၈

ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို စီးနင်းခြင်းတွေ့ရှိပါက ယခု ဇူလိုင် (၁) ရက်မှစ၍ ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းကာ လူကို ပုဒ်မ (၁၈၈) အရ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခင်က လိုင်စင်မဲ့စီးခြင်းတွေ့ပါက ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းကာ ဒဏ်ငွေ (၅) သောင်း ဒဏ်ရိုက် ခဲ့သော်လည်း ယခု ဆိုင်ကယ်ကိုသိမ်းရုံသာမက လူကိုပါ ဖမ်းဆီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိမ်းတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးကြီး အောင်နိုင်က ပြောသည်။

၎င်းက “အခု ဌာနဆိုင်ရာဝန်ထမ်းတွေ ဆိုင်ကယ်စီးမယ်ဆိုရင် စီးနင်းသူဝန်ထမ်းရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်ပါ ကတ်ပြားကို လည်မှာဆွဲပြီး စီးဖို့ အကြောင်းကြားထားတယ်။ အဲလို လုပ်ရတာ စီးလာတဲ့ဆိုင်ကယ်သမားတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၀န်ထမ်းနဲ့ အရပ်သား ကွဲကွဲပြားပြားသိနိုင်ပြီး ၀န်ထမ်းတွေအနေနဲ့ ကိုယ်ရေးကတ်ပြားမပါရင် အရေးယူဒဏ်ရိုက်ခံရမှာ ဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် လိုင်စင်ခွင့်ပြုထားသော ဒေသများမှ မော်တော်ဆိုင်ကယ်များသည်လည်း ရန်ကုန် မြူနီစပယ် ဧရိယာသို့ ၀င်မရကြောင်း၊ တွေ့ရှိပါက ဆိုင်ကယ်သိမ်း၊ လူဖမ်းခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တွင် ဆိုင်ကယ်စီးသော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသော ဆိုင်ကယ် စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်ဆင် ဆောင်းရန်၊ (၂) ဦး စီးနင်းမှုမပြုရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်းသိရသည်။

သို့သော် ထိုသို့အမိန့် ဥပဒေထုတ်ထားသော်လည်း ညီတူညီမျှလုပ်သင့်ကြောင်း ပြီးခဲ့သည့် (၃) လ ခန့်က ဆိုင်ကယ် (၂) ယောက်စီး၍ အဖမ်းခံခဲ့ရသူတဦးက ပြောသည်။

၎င်းက “သူတို့က အမိန့်ပဲထုတ်နေတာ။ ကျနော် ဆိုင်ကယ်ကို (၂) ယောက်စီးတုန်းက ဖမ်းခံထိ တယ်။ ဒါနဲ့ အသိဗိုလ်ကြီးတယောက်ကတဆင့် ကိုယ်ဆိုင်ရာပိုင်ရာနဲ့ဆိုတော့ တပြားမှကို ပေးစရာ မလိုဘူး။ ယာဉ်ထိန်းနဲ့ ဗိုလ်ကြီးနဲ့က ရင်းနှီးတယ်လေ၊ ကိစ္စက ပြတ်သွားရော။ ကျနော်ပြောချင် တာက ဥပဒေထုတ်ရင် ညီတူညီမျှလုပ်ပေါ့။ ဒီလူက ဘယ်သူနဲ့သိလို့၊ ဘယ်သူ့ရဲ့မိတ်ဆွေ၊ ကြည့်ပြီး လုပ်ပေးရမှာပေါ့ ဆိုတာမျိုး မဖြစ်သင့်ဘူးပေါ့ဗျာ။ ယာဉ်ထိန်းမှာ အသိမရှိတဲ့သူကျတော့ သူတို့ ဥပဒေအတိုင်း ခံရတယ်။ အဓိပ္ပာယ်မရှိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် မေ (၃) ရက်မှ ဇွန် (၂၀) ရက်အထိ လိုင်စင်မဲ့ဆိုင်ကယ်နှင့် နယ်ကျော်ဆိုင်ကယ် အပါ
အ၀င် (၂) ဦးစီးခြင်း၊ ဦးထုပ်မပါဘဲ စီးခြင်းတို့အား ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်စီးရေ (၁၄၀) ကျော် ခန့်ရှိသည်ဟု ပြည်တွင်သတင်းဂျာနယ်များတွင် ဖော်ပြရေးသားခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီကေဘီအေနှင့်နအဖ ပူးပေါင်းတပ်များ ကေအန်ယူနယ်မြေမှ ပြန်လည်ဆုတ်ခွာ

NEJ/ ၂ ဇူလိုင် ၂၀၀၈

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) တည်ရှိရာ ဝေါ်လေခီး
ဒေသအား တနင်္လာနေ့ နံနက် (၄) နာရီက ဒီကေဘီအေနှင့် နအဖ ပူးပေါင်းအဖွဲ့မှ နယ်မြေသိမ်း ပိုက်နိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ည (၉) နာရီခန့်က ပြန်လည်ဆုတ်ခွာသွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီကေဘီအေ တပ်ရင်း (၉၀၇) မှ တပ်ဖွဲ့ဝင် (၃၀) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) မှ တပ်ဖွဲ့ဝင် (၈၀) တို့က ဝေါ်လေခီးဒေသအား လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း နအဖစစ်သည် (၂) ဦးနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးသည်။ ကေအန်ယူဘက်မှ
(၁) ဦးကျဆုံးကာ (၂) ဦး လက်ရဖမ်းဆီးခံရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက ပြောသည်။

၎င်းက “မနေ့ည (၉) နာရီမှာ သူတို့ ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ကိုယ့်နယ်မြေကို ပြန်ထိန်း ချုပ်လို့ရသွားပြီ။ အခု နေရာရှင်းလင်းနေတယ်။ နအဖစစ်သားအလောင်း (၂) လောင်းနဲ့ ဒီကေ ဘီအေ (၁) လောင်း ကျန်ခဲ့တယ်။ သူတို့ဆုတ်သွားပေမယ့် မိုင်းတွေ အများကြီးထောင်သွားတယ်။ အဲဒါတွေကို လိုက်ရှင်းလင်းနေတုန်းပဲ။ အဖမ်းခံရတဲ့ ရဲဘော် (၂) ယောက်ကိုလည်း ရန်သူ့လက် ကနေ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၇) အဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ တပ်ရင်းတာဝန်ရှိသူတဦးက ယခု ဖြစ်ပွားသည့်တိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အခြေအနေ
ကို ပြောကြားရန် ငြင်းဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာပြည် ဒီမိုကရေစီရရှိရေး ကုလအတွင်းရေးမှူးချုပ် ဖိအားပေးမည်


တိုကျို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။ ဇူလိုင် ၁၊ ၂၀၀၈။

02 July 2008

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) က မြန်မာနိုင်ငံ ဒီမိုကရေစီ
ရေး တိုးတက်ကောင်းမွန်လာအောင်လုပ်ဆောင်မယ်လို့ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့က
ကတိပေး ပြောကြားလိုက်ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်း
အစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခဒေါက်တာသောင်းထွန်းကတော့ မြန်မာနိုင်ငံ
ဒီမိုကရေစီရေး တိုးတက်စေဖို့ လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂဘက်က လုပ်ဆောင်နိုင်
တဲ့ အတိုင်းအတာ အပြည့်အ၀ ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေ
မယ့် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံအရေးဆောင်ရွက်မှုတွေကိုတော့ သူက ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံကိုဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဂျပန်နိုင်ငံမှာရောက်နေတုန်း အင်္ဂါနေ့က သတင်းစာ
ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။ သူက မြန်မာနိုင်ငံ
ဒီမိုကရေစီရေး တိုးတက်လာအောင် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်
တွေကို တိုက်တွန်းပါတယ်။ နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက
ကူညီသူတွေ လက်လှမ်းမမီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်
ပြီး အကူအညီတွေလက်ခံဖို့ စစ်ခေါင်းဆောင်တွေကို နားချခဲ့တဲ့ မစ္စတာဘန်ကီမွန်းက
မြန်မာနိုင်ငံသားတွေအတွက် စစ်မှန်တဲ့ လွတ်လပ်ရေးရစေဖို့ မြန်မာနိုင်ငံကို ဖိအား
ပေးမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တဲ့အကြောင်း ဂျပန်ကလာတဲ့ အေအက်ဖ်ပီ
သတင်းမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့ ကုလသမဂ္ဂရုံး သတင်းစာရှင်းလင်းပွဲမှာတော့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ
မစ်ရှဲလ် မွန်းတပ်စ် (Michelle Montas) က အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံ ဒီမို
ကရေစီရေးကို အခုထက်ပိုပြီးလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲလာအောင် အခုထက်ပိုပြီး
ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် နာဂစ်ဆိုင်ကလုံးဒဏ် ခံရသူတွေထဲ
က အကူအညီ တကယ်တမ်းလိုအပ်နေသူတွေအတွက် ကယ်ဆယ်ကူညီရေးပစ္စည်းတွေ
ပေးပို့တဲ့နေရာမှာတော့ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ သူအသိအမှတ်ပြုပါ
တယ်” လို့ မစ္စမွန်းတပ်စ်က ပြောသွားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြင်ပကမ္ဘာကို ကြည့်တဲ့အခါ သံသယမျက်လုံးတွေနဲ့
ကြည့်တတ်တာမို့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ပြီး လူပေါင်း သိန်းနဲ့ချီ
သေဆုံး၊ ပျောက်ဆုံးနေတာတောင် နိုင်ငံတကာကပေးအပ်တဲ့ အကူအညီတွေကို
လက်မခံရဲဘဲ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အဖြစ်မျိုးကို ရောက်ခဲ့ရ
တာပါ။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက လိုအပ်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူ
စကားပြောဆိုတဲ့ကိစ္စတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင်
ဆောင်ရွက်မယ်လို့ ဂျပန်နိုင်ငံ တိုကျိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာစစ်အစိုးရဘက်က မုန်တိုင်းဒဏ် ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေကို
နှောင့်နှေးအောင် လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်း
ဆောင်ရွက်ခဲ့တာမို့ ဒါဟာ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်နေတဲ့ တိုးတက်မှုတခုပဲ
လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရသာကို ပျော်ပျော်ရွှင်ရွှင်
ကြီး ခံစားရအောင် ကူညီဖို့အတွက် သူ အပြင်းအထန် ဆောင်ရွက်မယ်လို့လည်း ကတိ
ပေးခဲ့ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
အဖွဲ့က ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ ကုလသမဂ္ဂဟာ သူ
လုပ်နိုင်တဲ့အတိုင်းအတာကို အပြည့်အ၀ မလုပ်သေးဘူးလို့ ထောက်ပြပါတယ်။

“နအဖရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ယူအန်ရဲ့သဘောထား
ကို မစ္စတာဘန်ကီမွန်းအနေနဲ့ ပြတ်ပြတ်သားသားပြောတာ မရှိသေးဘူး။ ပြီးခဲ့တဲ့
ရက်ပိုင်းတွေမှာ ကျနော်တို့တွေ့ရတာက ဇင်ဘာဘွေကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ
ဟာ နိုင်ငံတကာထုံးစံတွေနဲ့ မညီဘူး၊ အတိုက်အခံတွေကို ဖမ်းတာဆီးတာ၊ သတ်တာ
ဖြတ်တာတွေရှိတယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲရလဒ်က တရားမ၀င်ဘူးဆိုတဲ့ သဘော
မျိုးတွေ ဘန်ကီမွန်းပြောတာ တွေ့ရတယ်။

“ဇင်ဘာဘွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီလို တရားမ၀င်ဘူးဆိုပြီးပြောရင် မြန်မာ
ပြည်ရဲ့ ဆန္ဒခံယူပွဲဟာလည်း နအဖဘက်က ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လိမ်ညာ
မှုတွေ၊ ဥပဒေကြောင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီတာတွေရှိတယ်။ ဒါကြောင့် နအဖ
ရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံကို ဒါဟာ တရားမ၀င်ဘူးဆိုတဲ့အပိုင်းပြောဖို့
ကျနော်တို့ ချဉ်းကပ်ပြီး တိုက်တွန်းနေတာတွေ ရှိပါတယ်။

“ဆန္ဒခံယူပွဲလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့တော့ ယူအန်ရဲ့သဘောထား ပြတ်ပြတ်
သားသားပေးဖို့ လိုလိမ့်မယ်။ နအဖရဲ့ လမ်းပြမြေပုံဆိုတာ ဆန္ဒခံယူပွဲမှာ အခုလို
မတရားမှုတွေ လုပ်သွားပြီးနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘာမှမျှော်လင့်
စရာ မရှိတော့ဘူး။ ဆိုလိုတာက နအဖရဲ့ လမ်းပြမြေပုံဟာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့
လုပ်ငန်းစဉ်တရပ် မဟုတ်တော့ဘူး။ ဒါကိုတော့ ယူအန်ဘက်က ပြတ်ပြတ်သားသား
ပြောဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂ တာဝန်ခံ
ဒေါက်တာသောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဒီကေဘီအေသိမ်းပိုက် လိုက်တဲ့ ဝေါ်လေခီး စခန်းကို ကေအန်န်ယူ ပြန်တိုက်နေ

01 July 2008

ဒီကေဘီအေခေါ် တိုးတက်တဲ့ ကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ်တပ်ဖွဲ့တွေ မနေ့က
သိမ်းယူခဲ့တဲ့ စခန်းကုန်းတခုကို ပြန်လည်ရရှိဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး
(ကေအန်န်ယူ) ရဲ့လက်အောက်ခံတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ကစတင်ပြီး ပြည်လည်
ထိုးစစ်ဆင် တိုက်ခိုက်နေတာ အခုညနေပိုင်းထိ တိုက်ပွဲတွေမပြီးဆုံးသေးဘူးလို့
ကေအန်န်ယူ ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြ၀တီမြို့
တောင်ဘက် မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကေအန်န်ယူ ရှေ့တန်းစခန်းတခုဖြစ်တဲ့
ဝေါ်လေခီးစခန်းကို ပြန်လည်ရယူဖို့အတွက် ကေအန်န်ယူက ပြန်လည်ထိုးစစ်ဆင်
နေတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က
တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီကေဘီအေနဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် အစောပိုင်းက ကေအန်န်ယူ
အထူးတပ်ရင်း ၂၀၁ ရဲ့ဌာနချုပ်စခန်းကုန်းတခုကို လျှပ်တပြက် ၀င်ရောက်သိမ်းပိုက်
ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကေအန်န်ယူတပ်ဖွဲ့တွေက ဒီစခန်းကုန်းကို ရရှိဖို့
အတွက် ပြန်လှန်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်န်ယူ ပြန်ကြားရေးဌာနက တာဝန်ခံတဦး
ဖြစ်တဲ့ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“ဒီကနေ့မနက်မှာပဲ ပြန်တိုက်တယ်။ တောက်လျှောက်ပစ်နေတာပဲ။ တိုက်ပြီး အခုတော့
ခေတ္တရပ်နေတယ်။ သူတို့ အဲဒီမှာ ရိက္ခာတို့၊ လက်နက်ကျည်တို့ ပြန်ဖြည့်တာ လုပ်မယ်
ထင်တယ်။ တမနက်လုံးပစ်နေတော့ အများကြီး လျော့သွားမှာပေါ့။ လောလောဆယ်
တော့ ရပ်နေတယ်လို့ သူတို့ပြောတယ်။ နောက်ဆုံးအခြေအနေကတော့ စခန်း
ပြန်သိမ်းပြီး ၀င်ထားနိုင်တယ်။ အဲဒီမှာတော့ လောလောဆယ်က ကြိုးကြားကြိုးကြား
ပစ်နေတယ်။ စခန်းတခုလုံးရှင်းနိုင်ဖို့ အခြေအနေကတော့ ပြောလို့မရသေးဘူး။”

ဒီညနေပိုင်းအထိတော့ တိုက်ပွဲမှာ နှစ်ဖက် အသေအပျောက် အထိအခိုက်စာရင်းကို
ဘာမှမသိရသေးကြောင်း ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

မနေ့က ဒီကေဘီအေတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ ဝေါ်လေခီးစခန်းဟာ မြ၀တီမြို့ကနေ
မိုင် ၃၀ ခန့်ကွာဝေးပြီး ထိုင်း-မြန်မာနယ်စပ်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။

ဒီစခန်းဟာ ကေအန်န်ယူအတွက် အရေးကြီးစခန်းတခု မဟုတ်ပေမယ့် ဒီစခန်းကို
ခြေကုပ်ရသွားရင် ကေအန်န်ယူဘက်က သွားလာလှုပ်ရှားဖို့ ခက်ခဲသွားနိုင်တယ်၊
ဒါကြောင့် ဒီစခန်းကို ကေအန်န်ယူက ရအောင်ပြန်တိုက်သိမ်းတာဖြစ်တယ်လို့
ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပါတယ်။

အခုအခါမှာတော့ ထိုင်း-မြန်မာနယ်စပ်မှာ မတည်မငြိမ်ဖြစ်နေတာကြောင့် ထိုင်း
ရွာသားတချို့ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသ
တလျှောက်ကို စစ်တပ်တွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စိတ်ခြောက်ခြားနေဆဲ အသက်ရှင်ကျန်ရစ်သူများ


အစားအစာ လက်ခံယူနေသော ဒုက္ခသည်များ (တေဇ/ဟစ်တိုင်)

ဇူလိုင် ၁။ ထူးအောင်

နာဂစ် မုန်တိုင်း ဒုက္ခသည်များထဲတွင် စိတ်ထိခိုက်သောကရောက်ကျန် သူများ၊ စိတ်အားငယ်တုန်လှုပ်နေသူများမှာ အစီအစဉ်တကျ ပြုစု စောင့်ရှောက်မှုများ ယခုထိ မရရှိသေးဘဲ ဖြစ်လျက်ရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကလေးတယောက်ဆို သူ့အဖေအမေရော တမိသားစုလုံး သေပြီး သူတယောက်ပဲ ကျန်ခဲ့တာ။ သူ့မိသားစုတွေက ရေထဲအကုန် မျော သွားပြီ။ အခု အဲဒီကလေးက သူ့ကို ကယ်လိုက်တဲ့လူနားက မခွာ တော့ဘူး။ အရမ်းအားကိုးပြီး ဒီလူ့နားမှာပဲ ဘယ်သွားသွား တောက် လျှောက်လိုက်နေတယ်။ တခြားလူတွေလဲ ဒီလိုပဲ။ ကိုယ့်မိသားစုဝင်တွေ မျက်စိရှေ့မှာတင် ရေထဲ မျောသွားတာတို့၊ ရေထဲမှာ လူချင်းကွဲသွားတာ ခုထိ ပြန်မတွေ့တာတို့ အများကြီးပဲ”ဟု ကယ်ဆယ်ရေး အလှူ ရှင်တဦးက ပြောပြသည်။


“တချို့လဲ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတဲ့လူလို ခံစားမကျန်အောင် သေချာရှင်းပြ အားပေးနိုင်ရင် ကောင်းမယ်။ ရေတက်နေတုန်း ကိုယ့်မိဘတွေ၊ သားသမီးတွေကို ဆွဲတော့ ဆွဲကြတာပဲ။ ဆွဲတဲ့ကြားက မျောပါသွားတာ ရှိတယ်။ လက်အံသေပြီး လွတ်ထွက်သွားတာတို့၊ အချိန်မီ မဆွဲလိုက်နိုင်တာတို့၊ ကလေးတွေဆိုလဲ ပုခုံးပေါ် ထမ်းထားသားနဲ့ လူပေါ်ကနေ ပြုတ်ကျသွားတာတို့က ပြန်ပြောပြရင်း ကျန်တဲ့လူတွေ စိတ်ထိခိုက်ကျန်ခဲ့တယ်။ သူတို့အပြစ် မဟုတ်တဲ့အကြောင်း ရှင်းပြပြီး အားပေးဖို့ လိုတယ်”ဟု ဆက်လက် ပြောကြားသည်။

အချို့ ဒုက္ခသည်များမှာ ဖြစ်ပုံကို ပြန်ပြောပြရင်း ငိုကြွေးကြသည်။ ရေထဲ ရွှံ့နှင့် လတာပြင်ထဲတွင် ပုံပန်းပျက်နေသော အလောင်းများထဲတွင် ပျောက်ဆုံးနေသော မိမိတို့ မိသားစုဝင်များ ပါရှိမည်ကို သိရှိသော်လည်း အချို့ဒုက္ခသည်များမှာ မိမိတို့၏ ဇနီး၊ လင်သား၊ သားသမီးများ သေဆုံး၊ သို့မဟုတ် ပျောက်ဆုံး မသဲကွဲဘဲ ဖြစ်လျက် ရှိသည်။ “ရေကျသွားလို့မှ ပြန်မတွေ့ရင် သေပြီဆိုတာ သိသာပါပြီ။ ခုထိ ပြန်မလာရင် ပိုတောင် သေချာတာပေါ့။ ကျန်ခဲ့တဲ့ လူတွေက သေပြီဆိုတာ ယုံရမလို၊ မယုံရမလို ဖြစ်ကုန်တာပေါ့။ တချို့ စိတ်ကယောက်ဂယက် ဖြစ်တာတွေ၊ အရမ်းကြောက်ပြီး ဘာဖြစ်ဖြစ် အားငယ်နေတာတွေ ဖြစ်ကုန်တယ်။ မိသားစုဆုံးပြီး တယောက်တည်း ကျန်ခဲ့တဲ့လူတွေ ပိုဆိုးတယ်။ သေတုန်းက ငါပါ ပါသွားရင် ကောင်းမှာဆိုတာ အဲဒါမျိုးတွေ ဖြစ်ကုန်တာ”ဟု ဒုက္ခသည်များကို ဆန်များ ပေးလှူသည့် လူငယ်အုပ်စုမှ မအေးချမ်းက ပြောကြားသည်။

“တချို့လဲ ဖြစ်ပြီးပြီးချင်း စိတ်တွေ တော်တော် ထိခိုက်ကျန်ခဲ့တယ်။ လူတယောက်နဲ့တယောက် ဖြစ်တာ မတူဘူး။ တချို့က ချက်ချင်း သိသာတယ်။ အရမ်းငိုတယ်၊ ရယ်တယ်။ တချို့က ငိုင်ငိုင်ကြီးတွေ။ တချို့လဲ စ,ဖြစ်တုန်းက ခံနိုင်ရည် ရှိပြီး အချိန်ကြာလာတော့ သူတို့ပါ လိုက်ဖြစ်တာ”ဟု ဆက်လက် ပြောပြသည်။ လယ်သမားများမှာ လယ်ထဲ ပြန်ဆင်းနေကြပြီ ဖြစ်သော်လည်း မုန်တိုင်းဘေးသင့်သူ အားလုံးအတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ထိထိရောက်ရောက် မရှိသေးကြောင်း သိရသည်။

သီတဂူ ဆရာတော်အဖွဲ့၊ အရှင်ဆန္ဒာဓိက၊ ဓမ္မဓူတအရှင်ဆေကိန္ဒ စသည့် ရဟန်းတော်များသည် မုန်တိုင်းဒဏ် ခံရသော ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်တော်မူနေကြသည်။

အပြည့်အစုံဖတ်လိုလျှင်

လွတ်ရက်စေ့ မြန်မာထောင်သား ၁၃၃-ဦး ဘင်္ဂလာဒေ့ခ်ျ ထောင်များထဲတွင် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရ


7/1/2008

မောင်ရမ္မာ(နိရဉ္စရာ)

မြန်မာနိုင်ငံမှ လွတ်ရက်စေ့ ထောင်သား ၁၃၃-ဦးမှာ ယခုအခါ မြန်မာစစ်အစိုးရက လက်မခံ သဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ထောင်တချို့တွင် ပြည်တော်မပြန်နိုင်ဘဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင် နေကြရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံသား ထောင်သားများကို ပြန်လည် ပေးပို့ရန်အတွက် ဘင်္ဂလာ အာဏာပိုင်များ ဘက်က မြန်မာအာဏာပိုင်များအား အစဉ်တစိုက် တောင်းဆိုကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော် လည်း မြန်မာအာဏာပိုင်များဘက်က စိတ်ဝင်စားမှု မရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရေးတွင် အခက်အခဲ ကြုံတွေ့နေကြရသည်။

ကော့(စ်)ဘာဇာ ထောင်မှူး မိုဟာမတ် ဟီလာအူဒင်က “ကျနော်တို့ ကော့စ်ဘာဇာ ထောင်ထဲမှာတော့ ပြစ်ဒက်ကျေပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား ၉၇-ယောက် ရှိပါတယ်။ သူတို့ကို ပြန်လည် ပို့ဆောင်နိုင်ဖို့အတွက် ကျနော်တို့နိုင်ငံက နိုင်ငံခြားရေးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနကို ကျနော်တို့အကြောင်း ကြားထားပါတယ်။ ဒီလိုမျိုး တခြားထောင် တွေမှာရှိနေကြတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ထောင်သားတွေကို သူတို့ရဲ့နိုင်ငံကို ပြန်ပို့ဖို့ တခြားထောင်အာဏာပိုင်တွေက အကြောင်းကြားထားတယ်လို့ သိရှိရပါတယ်။”ဟု ပြောသည်။

ပြစ်ဒဏ်ကျေပြီး လွတ်ရက်စေ့နေသော အကျဉ်းသားများမှာ ကော့စ်ဘာဇာ အကျဉ်းထောင် ထဲတွင် ၉၇-ဦး၊ ဒက္ကား ဗဟိုထောင်တွင် ၂၁-ဦး၊ စစ်တကောင်း ထောင်တွင် ၃-ဦး၊ ရွာတော်ခေါ် ဘင်ဒရိုဘင် ထောင်တွင် ၉-ဦးနှင့် ရန်ဂါမတီထောင်တွင် ၃-ဦး စုစုပေါင်း ၁၃၃-ဦး ဖြစ်သည်။

ပြည်တော် မပြန်နိုင်ဘဲ ဘင်္ဂလာဒေခ်ျ့ အကျဉ်းထောင်းများထဲတွင် ရှိနေကြသော ထောင်သား များမှာ မူဆလင်ဘာသာဝင်များ ဖြစ်ကြပြီး ကျန်ထောင်သားများမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး များ ဖြစ်ကြသည်။

အလားတူ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ဒုတိယ အတွင်းဝန် မိုဟာမတ် အေလန်ဂါက “ထောင်ထဲမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြဿနာကို ဖြေရှင်းဖို့ အတွက် နိုင်ငံခြားရေးဝန်ကြီးထံကို စာတစောင် ပေးပို့ခဲ့ပါတယ်၊ ကျနော်တို့ ၀န်ကြီးက မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနကို ဒီဇွန်လ ၁၂ ရက်နေ့က နောက်ထပ် အကြောင်းကြားခဲ့တယ်။ ဒါပေမယ့် အခုအချိန်ထိ မြန်မာ အာဏာပိုင်တွေက ဘာမှ ပြန်လည် တုံ့ပြန်တာ မရှိသေးပါဘူး။”ဟု သတင်းထောက်များသို့ ပြောသည်။

ယခု လွတ်ရက်စေ့နေသော မြန်မာနိုင်ငံသားမျာမှာ ဘင်္ဂလာဒေ့ခ်ျထောင်ထဲတွင် ၁၉၉၆-နှင့် ၁၉၉၈-ခုနှစ်ကပင် ပြစ်ဒဏ်ကျေပြီး လွတ်မြောက် နေသူများဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခံနေရသော မြန်မာနိုင်ငံသား အများစုမှာ မြန်မာနိုင်ငံ အတွင်း စားဝတ်နေရေး အဆင်မပြေ မှုများကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ လုပ်ကိုင်စား သောက်ရန် နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် ၀င်ရောက်လာစဉ် ဘင်္ဂလာဒေ့ခ်ျ ရိုင်ဖယ် တပ်ဖွဲ့၏ ဖမ်းဆီး ခြင်းကို ခံခဲ့ကြရသူများ ဖြစ်သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရခိုင်ပြည်တွင် အကြီးဆုံး ထိုင်တော်မူဆင်းထုတော် တည်ဆောက်ပြီးစီး


7/1/2008

အများပြည်သူများ ဖူးမျှော်နိုင်ရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားဆင်းထုတော်မှာ များမကြာမီက တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပေါက်တောမြို့မှ ကျောင်းဆရာတဦးက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ ဆင်းထုတော်ကို ပေါက်တောမြို့ မြို့ဦးစေတီအနီးတွင် အဓိဌာန် ဆရာတော် ကုလရက္ခိတမှ ကြီးမှူး တည်ထားခြင်းဖြစ်ပြီး ကျပ်ငွေ သိန်း ၅၀၀-နီးပါး ကုန်ကျကြောင်း သိရှိရသည်။

ဆင်းထုတော်မှာ တင်ပလ္လင်ခွေ ထိုင်နေသော ဘုရားဆင်းထုတော်ဖြစ်ပြီး ဆင်းထုတော် ဥာဏ်တော် အမြင့်ပေမှာ ၄၉-ပေရှိပြီး ပလ္လင်ခုံမှာ ၁၀- ပေအမြင့်ရှိသည်။

ဆင်းထုတော်အား ရခိုင်ပန်းပုဆရာများက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တနှစ်ကျော်ကြာ အောင် အချိန်ယူ တည်ဆောက်ခဲ့ရသည်။

ဘုရားပေါ်သို့တက်သည့် လှေကားကို ရန်ကုန်မြို့တွင် နေထိုင်သူ ပေါက်တောမြို့ဇာတိ ဦးငန်းကျားမှ သိန်း ၂၀၀-အကုန်အကျခံ တည်ဆောက်နေကြောင်း သတင်းရရှိသည်။

ယခုအခါ အဆိုပါဘုရားတွင် ဘုရားဖူးလာသူများဖြင့် အထူးစည်ကားနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်