စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 10, 2008

ထိန်းသိမ်းခံ လူရွှင်တော် ဇာဂနာအတွက် ကုလ စိုးရိမ်မကင်းဖြစ်

10 June 2008

မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရေးတွေလုပ်နေတဲ့ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာစစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် သူ့ အနေနဲ့ အလွန့်အလွန် စိုးရိမ်ပူပန်နေရတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အသစ် ထောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုဇာဂနာရဲ့သတင်းကိုရဖို့ သူ့အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်သွယ်ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူး၊ အခုအခါ ကိုဇာဂနာ ဘယ်ကိုရောက်နေတယ်ဆိုတာ မသိရှိရဘူးလို့ လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေကို စေတနာ့ဝန်ထမ်း ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာကို ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးပြီး ကိုဇာဂနာရဲ့အိမ်ကို အာဏာပိုင်တွေက ရှာဖွေရာမှာ ဒုက္ခသည်တွေကို ကူညီဖို့ အလှူငွေ အမေရိကန်ဒေါ်လာ ၁,၀၀၀ နဲ့ ဆိုင်ကလုံးဒဏ်သင့်ဒေသတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ စီဒီခွေတွေ ကိုလည်း သိမ်းယူသွားခဲ့ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံခြားမြန်မာသံတမန်များ၏ နိုင်ငံကူးလက်မှတ်များ အသိမ်းခံရ

NEJ/ ၁၀ ဇွန် ၂၀၀၈

လန်ဒန်မြန်မာသံရုံး သံတမန်တဦး ထွက်ပြေးပြီးနောက်ပိုင်း နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊
ဝန်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သံအမတ်ကြီးများက သိမ်းထားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သိမ်းထားရန် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင်စာဖြင့် ညွှန်ကြားချက် မရှိသော်လည်း နှုတ်မိန့်အရ ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်များကို သိမ်းထားခြင်းဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။

မြန်မာသံရုံးဝန်ထမ်းများ ထွက်ပြေးမှုများလာပြီးနောက်ပိုင်း အလားတူ ထွက်ပြေးမှုများကို ကာကွယ်သည့်အနေဖြင့် နိုင်ငံကူးလက်မှတ်များကို ယာယီ သိမ်းထားခြင်းဖြစ်သည်ဟု လန်ဒန် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ မြန်မာသံတမန်များအပေါ် သံအမတ်ကြီးများ ပြုမူပုံမှာ မလေးရှားတွင် လာအလုပ်လုပ်သည့် မြန်မာအလုပ်ကြမ်းသမား
များ၏ နိုင်ငံကူးလက်မှတ်ကို အလုပ်ရှင်က သိမ်းထားသည့် ပုံစံမျိုးဖြစ်နေ၍ သံရုံးဝန်ထမ်း
အများစုက မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

လန်ဒန်မြန်မာသံရုံးမှ ရုံးအုပ်ကြီး ဒေါ်နွယ်နီ ထွက်မပြေးခင် လပိုင်းအတွင်း ဒုတိယအတွင်းဝန် ဦးရဲမင်းထွန်း လန်ဒန်မြန်မာသံရုံးမှ ထွက်ပြေးခဲ့သည်။ ဒုတိယ အတွင်းဝန် ဦးရဲမင်းထွန်းနှင့် မရှေးမနှောင်းမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးရဲထွဋ်လည်း မြန်မာသံရုံးမှ ထွက်ပြေးခဲ့သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။

၁၉၉၀ ခုနှစ်များ နှောင်းပိုင်းတွင် ဂျာမနီ မြန်မာသံရုံးမှ ဦးဇင်မောင်မောင် ထွက်ပြေးပြီးနောက်ပိုင်း ဂျာမနီ မြန်မာသံအမတ်ကို အရေးယူ ရာထူးမှ ဖြုတ်ပစ်သကဲ့သို့ သံရုံးဝန်ထမ်း အတော်များများ ကိုလည်း အပြောင်းအရွှေ့ လုပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် လက်ထက်ထိ သံရုံးထွက်ပြေးမှုများနှင့် ပတ်သက်၍ သံအမတ်ကြီးများကို အရေးယူခဲ့သည်။ သို့သော် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း
လက်ထက် သံရုံးပြေးကိစ္စများအတွက် သက်ဆိုင်ရာ သံအမတ်များကို သီးခြား အရေးမယူဘဲ နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သံအမတ်ကြီး များက ယခုကဲ့သို့ သိမ်းထားခြင်းဖြစ်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်မြို့တော်တွင် ငွေပေးမှ လျှပ်စစ်မီးမြန်မြန်ရ၊ ငွေကောက်ခံသူ ရယက အဖွဲ့ဝင်တဦး အရိုက်ခံရ

NEJ/ ၁၀ ဇွန် ၂၀၀၈

ရန်ကုန်တွင် နာဂစ်မုန်တိုင်းအပြီး (၁) လကျော်ကြာသည်အထိ မြို့နယ်လျှပ်စစ်ရုံး (EPC) သို့ ပိုက်ဆံပေးနိုင်သည့်မြို့နယ်များတွင် မီးမြန်မြန်ရရှိပြီး ပိုက်ဆံမပေးနိုင်သည့် မြို့နယ်များတွင် ယခုတိုင်လျှပ်စစ်မီး မရသေးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သာကေတမြို့နယ် ထူပါရုံရပ်ကွက်တွင် ကြံ့ဖွံ့က တအိမ်ကို ကျပ် (၅၀၀) မီးရရှိရန် ကောက်ခံပြီး ရပ်ကွက်စေတနာရှင်တဦးက EPC သို့ ငွေကျပ် (၂) သိန်း ပေးလိုက်ပြီးသည့်နောက် ရပ်ကွက်တွင် မီးရရှိခဲ့သော်လည်း တာမွေမြို့နယ် ကျိုက္ကဆံအိမ်ယာအတွင်း နေထိုင်သူများက ပိုက်ဆံမပေးဘဲ နေသဖြင့် ယခုထိ လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာမြို့နယ် EPC ရုံးများကို ဆက်သွယ်
၍ ငွေပေးပါက မီးမြန်ဆန်စွာ ရရှိကြောင်း တောင်ဥက္ကလာ (၄) ရပ်ကွက်သားတဦးက ပြောသည်။

၎င်းက “ကျနော်တို့ နာဂစ်ဖြစ်ပြီး (၃) ရက်အကြာမှာ EPC ကို (၂) သိန်းခွဲ ပေးလိုက်ကြတယ်။ မီးလာတာပဲ” ဟု ပြောသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးဘုတ်အဖွဲ့ဝင်က တရားဝင်ထုတ်ပြန်ထားသည့် ကြေညာချက်တွင် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ငွေကြေးကောက်ခံမှု ပြုလုပ်ပါက ၎င်းတို့ လျှပ်စစ်ရုံးကို ဆက်သွယ်တိုင်ကြားနိုင်သည်ဟု ဖော်ပြထားသည်။

လျှပ်စစ်လိုင်း ပြန်လည်ပြုပြင်သူများမှာ ရန်ကုန်မှ ၀န်ထမ်းများအပြင် အခြား နာဂစ်ဒဏ်မခံရ
သော ဒေသတို့မှ ၀န်ထမ်းများလည်း ပါဝင်ကြောင်း၊ အဆိုပါ အခြားဒေသမှ ၀န်ထမ်းများကို ကျွေးမွေးဧည့်ခံရန်အတွက် EPC နှင့် ကြံ့ဖွံ့က ယခုကဲ့သို့ ငွေကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်မီးရရန်အတွက် ပြည်သူများထံမှ ငွေကောက်ခံသည့် သုဝဏ္ဏမြို့နယ် (၂၉) ရပ် ကွက်မှ ရယက အဖွဲ့ဝင် ဦးသိန်းဟန်မှာမူ အရိုက်ခံရပြီး ဦးခေါင်းတွင် (၆) ချက် ချုပ်လိုက်ရ ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

“ပြီးခဲ့တဲ့ ဇွန် (၂) ရက်က ဖြစ်တာ။ ရိုက်တာကောင်းတယ်။ ဘာလို့လဲဆိုတော့ အခု နာဂစ်မုန်တိုင်း ပြီးတာ (၁) လကျော်နေပြီ။ ပထမတုန်းက ဒီရပ်ကွက်မှာ ဓာတ်တိုင်တွေ ထူတယ်ဆိုပြီး ကျပ် (၂,၀၀၀) လာကောက်တယ်၊ အားလုံးက ထည့်လိုက်တယ်။ နောက်တခါ မီးလာဖို့ဆိုပြီး ကျပ် (၂,၀၀၀) လာကောက်တယ်၊ မီးလာမယ်ဆိုလို့ ထည့်ကြတယ်။ နောက်တခါ မီးကြိုးဝယ်ဖို့ဆိုပြီး ကျပ် (၂,၀၀၀) လာကောက်တော့ ရိုက်တော့တာပေါ့။ ဒီပိုက်ဆံက ကျမတို့အိမ်တွေ အားလုံး ထည့်ရတာ၊ အခုထိ မီးမရသေးဘူး” ဟု သုဝဏ္ဏမြို့နယ် (၂၉) ရပ်ကွက်တွင်နေသူ့ မနိုင်နိုင်အေး က ပြောသည်။

နာဂစ်အပြီး ပျက်စီးသွားသော လျှပ်စစ်ဆက်စပ်ပစ္စည်းများ ပြန်လည်ပြုပြင်ရန်အတွက် အမှတ်
(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တမြို့နယ်ကို ငွေကျပ် သိန်း (၄၀) နှုန်းဖြင့် မြို့နယ်တိုင်းသို့ ချပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်ရုံး ခိုင်လုံသော သတင်းရပ်ကွက်မှ သိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသူ (၁၅) ဦး ပြန်လည်လွတ်မြောက်

ပီတာအောင်/ ၁၀ ဇွန် ၂၀၀၈


ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ပါတီဝင် (၁၅) ဦးတို့သည် အင်းစိန်ဂျီတီစီတွင် ထိန်းသိမ်းခံ ထားရရာမှ ယမန်နေ့ည၌ ပြန်လွတ်လာကြသည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့ချုပ်ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သည့် ပြီးခဲ့ သည့် မေ (၂၇) ရက်တွင် ဓာတ်ပုံနှင့် ပိုစတာတို့ ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းဘက်သို့ လမ်းလျှောက်ဆန္ဒပြစဉ် အာဏာပိုင်များ၏ ဒိုင်နာကားပေါ် အဓမ္မဆွဲတင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပြန်လွတ်လာသူတဦးဖြစ်သူ အန်အယ်လ်ဒီ ရွှေပြည်သာမြို့နယ်မှ ဒေါ်ထက်ထက်ဦးဝေက
“(၁၄) ရက် နေခဲ့ရပြီးတော့ မနေ့က ည (၉) နာရီကမှ ပြန်လွှတ်ပေးလိုက်တယ်။ ဆန္ဒပြမှုတခုကို ဖြစ်ပေါ်စေတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတယ်။ နောက်တခါ ထပ်လုပ်မယ်
ဆိုရင် နိုင်ငံတော်ရဲ့တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်ဆိုတာကို သိရှိကြောင်း ခံဝန်ချက်
လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။

ဖမ်းထားချိန်၌ အာဏာပိုင်များက ကောင်းမွန်စွာ ဆက်ဆံသော်လည်း အေးချမ်းစွာ ဆန္ဒပြသူ များအား အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းတိုးချဲ့၍ ဆက်ဖမ်းဆီးထားခြင်း သည် တည်ဆဲဥပဒေနှင့် ဆန့်ကျင်နေသည့်အပြင် တရားမျှတမှုလည်းမရှိသဖြင့် အယူခံဝင်ခွင့် ပေးရန် အန်အယ်လ်ဒီက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။

ဦးဉာဏ်ဝင်းက “ဒီဥစ္စာဟာ ဥပဒေအရ လုံးဝမှားနေတယ်။ ဥပဒေနဲ့အညီ အယူခံခွင့်ပေးပါ။ အယူခံမှာ ဥပဒေအရ ကျနော်တို့ဘက်က ခိုင်ခိုင်လုံလုံတင်ပြဖို့ အပြည့်အစုံရှိတယ်ဆိုတာ ကျနော်တို့ ကြေညာချက်ထုတ်တာပါ။ ဘယ်အချိန်ကပဲ စတွက်တွက် ဒေါ်အောင်ဆန်းစုကြည်ကို စဖမ်းတာ မေ (၃၀) ၂၀၀၃ ခုကပါ။ ခုဆို (၅) နှစ်ကျော်ပါပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပေဒေ ပုဒ်မ ၁၀(ခ) ဖြင့် ဖမ်းထားခြင်းဖြစ်ပြီး လက်ရှိ တည်ဆဲ ဥပဒေအရ အများဆုံး သက်တမ်း (၅) နှစ်ထိသာ နေအိမ်အကျယ်ချုပ် ချခွင့်ရှိသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းကို (၂၈) ရက် မေလ ၂၀၀၈ ခုမှ (၂၇) ရက် မေလ ၂၀၀၉ ခု အထိထပ်တိုးလိုက်ကြောင်း၊ ထိုသို့ ထပ်တိုးခြင်းသည် (၄) နှစ်နှင့် (၆) လ တားဆီးကန့် သတ်လိုက်ခြင်းဖြစ်ပြီး ဥပဒေသတ်မှတ်ချက်ထက် မပိုဟု ဇွန် (၆) ရက် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ ဆွေးနွေးပွဲ၌ ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန်ဝါများ ၀င်ရောက်၊ ဆန်ဈေး အနည်းငယ်ကျ

NEJ/ ၁၀ ဇွန် ၂၀၀၈

ရန်ကုန်မြို့ ဆန်စပါးဈေးကွက်သို့ မိုးစိုစပါးများကို ကြိတ်ခွဲထားသည့် ဆန်ဝါများ အဆက်မပြတ်
ဝင်ရောက်လာမှုကြောင့် အခြားအမျိုးအစား ဆန်များလည်း ဈေးနှုန်း အထိုက်အလျောက် ကျဆင်းလာကြောင်း ဆန်ကုန်သည်များက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်တဦးက “ဒီ (၁၀) ရက်လောက်အတွင်း ဧရာဝတီတိုင်း လေဘေး
ထိ မြို့တွေက ဆန်စက်တချို့ ပြန်လည်လာ နိုင်တယ်။ ဒီအခါ မုန်တိုင်းမိပြီး ရေစိုထားတဲ့ စပါး တွေကို နေလှမ်း ကြိတ်ခွဲပြီး စားတာစား၊ တချို့ကို ဈေးပေါပေါနဲ့ ရောင်းဖို့ ရန်ကုန်ကို တင်လာ ကြတယ်” ဟု ပြောသည်။

မြောင်းမြ၊ ဒေးဒရဲ၊ မော်ကျွန်းဘက်မှ အဓိက ၀င်ရောက်ပြီး ဘိုကလေးနှင့် လပွတ္တာဘက်တို့မှ
အ၀င်နည်းကြောင်း၊ ဆန်ကောင်းမကောင်းပေါ် မူတည်ပြီး တအိတ် ကျပ် (၁) သောင်း၊ (၁) သောင်းကျော်ခန့် ရှိကြောင်း၊ အဆိုပါဆန်များသည် ရေစိုထားသည့်အတွက် ကြာကြာထားမခံဘဲ အနံ့ထွက်ကာ ပျက်စီးသည့်အတွက် မြန်မြန်အရောင်းဝယ် လုပ်ကြကြောင်း အဆိုပါ ဆန်ကုန် သည်က ပြောသည်။

ယခုကဲ့သို့ အထားမခံသည့် ရေစိုဆန်ဝါများ ဈေးကွက်အတွင်း အလုံးအရင်းဖြင့် ၀င်ရောက်လာမှု ကြောင့် အခြားဆန်အမျိုးအစားများလည်း တအိတ် ကျပ် (၂,၀၀၀) ကျော်မှ ကျပ် (၅,၀၀၀) ခန့် အထိ ကျဆင်းသွားကြောင်း သိရသည်။

ဇီယာ အမျိုးအစား ဧည့်မထဆန် တအိတ်ကို ယခင်က ကျပ် (၂၂,၀၀၀) မှ ကျပ် (၂၀,၃၀၀) ခန့်၊ မော်ကျွန်းပေါ်ဆန်းမွှေးတအိတ်ကို ယခင်က ကျပ် (၃၅,၀၀၀) မှ ကျပ် (၃၀,၀၀၀) ခန့်၊ ပေါ်ဆန်း ရှယ်စ ယခင်က ကျပ် (၄၀,၀၀၀) ၀န်းကျင်မှ ကျပ် (၃၄,၀၀၀) ခန့်အထိ ယခုရက်ပိုင်းအတွင်း ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

ဆန်ဈေးနှုန်းများ ကြီးမြင့်ပြီး ဆင်းရဲသား လူတန်းစားများ ၀ယ်မစားနိုင်ပါက ဆူပူမှုများ ဖြစ်လာ မည်ကို စိုးရိမ်သည့်အတွက် နအဖစစ်အစိုးရက အထူးဆန်ဆိုင်များဖွင့်ပြီး ဆန်တပြည် (၇၀၀) ကျပ်နှင့် တအိတ် ကျပ် (၁၆,၈၀၀) နှုန်းဖြင့် ရောင်းချပေးနေသော် လည်း ပြည်သူအများစုမှာ ဆင်းရဲသည့်အတွက် စားသုံးရန်မသင့်သည့် တပြည်ကျပ် (၅၀၀) ဖြင့် ရရှိသည့် ရေဆိုဆန်ဝါ
များကို ယခုကဲ့သို့ ၀ယ်ယူစားသုံးနေကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းမှာ မိုးစပါးမစိုက်နိုင်တော့ နောက်တနှစ်ထိ ရိက္ခာထောက်ပံ့ရန်လို

NEJ/ ၁၀ ဇွန် ၂၀၀၈

ဧရာဝတီတိုင်းတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်များ၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့ သည့်အတွက် နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးလိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Fig: ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ပြောခွင့်ရပုဂ္ဂိုလ် Mr Paul Risley

ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော်အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွားပျက်စီးသည့် စပါးစိုက်ဧက (၅) သိန်းကျော်ရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသည်။

ဧရာဝတီတိုင်းတွင် အနည်းဆုံး နောက်နှစ် နွေစပါးပေါ်သည်အထိ စားနပ်ရိက္ခာ အကူအညီ လိုမည် ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ပြောခွင့်ရပုဂ္ဂိုလ် Paul Risley ကလည်း ပြောသည်။
ဧရာဝတီတိုင်းတွင် ယခုနှစ် မိုးစပါးရာသီ လွတ်မသွားအောင် စပါးအတန်အသင့် စိုက်နိုင်ရန် FAO အဖွဲ့က ကြိုးပမ်းကူညီပေးနေသည်။ သို့သော် လယ်သမားအများစုအတွက် ဆုံးရှုံးသွားသည့် ရိက္ခာပြန်လည် ဖြည့်တင်းနိုင်ရန် နောက်ထပ် အနည်းဆုံး (၆) လခန့် လိုဦးမည်ဟု Mr Risley က ပြောသည်။

ဇူလိုင်လကုန်အထိ စပါးပျိုးထောင်မှု ပြီးပြတ်အောင် မလုပ်နိုင်ပါက ဆန်အထွက် အကြီးအကျယ် ထိခိုက်ပြီး နောက်ဆုံး မြန်မာနိုင်ငံ၏ ဆန်ဖူလုံမှုပြဿနာကိုပါ တဖြည်းဖြည်း ထိခိုက်စေမှာ ဖြစ်သည် ဟု ဘန်ကောက်အခြေစိုက် FAO ဒေသဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Hiroyuki Konuma က သတိပေးထားသည်။ မုန်တိုင်းကြောင့် လယ်ယာမြေ အထိအခိုက်နည်းသည့် လယ်သမားများမှာ လည်း လယ်လုပ်ကိရိယာများ ဆုံးရှုံးသွားသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု Mr Konuma က ဆက်ပြောသည်။

ယခုနှစ် မိုးစပါးစိုက်နိုင်သည့် လယ်သမားများမှာ ထိုစပါးပေါ်မည့် နောက် (၆) လလုံးလုံး စားစရာ မရှိဖြစ်နေကဲ့သို့ ယခုနှစ် မိုးစပါး မစိုက်လိုက်ရသည့် လယ်သမားများမှာလည်း နောက်နှစ်ထိ စပါး မရှိဖြစ်နေမည်ဟု WFP ပြောခွင့်ရပုဂ္ဂိုလ် Paul Risley က ထောက်ပြသည်။ ။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းအရေး မကြာခင် တပြည်လုံးအရေး ဖြစ်တော့မည်

ဧရာဝတီတိုင်း လယ်ယာတွေ မုန်တိုင်းထိထားသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ဖို့ မဖြစ်နိုင်တော့ဟု ကုလသမဂ္ဂမှ သတိပေးလိုက်သဖြင့် မကြာခင် မြန်မာတပြည်လုံး ဆန်ပြဿနာကြုံပြီး သရောကြီး ခိုင်းတော့မည်ဟု မှန်းလို့ရသည်။ လူမှုရေး အုံကြွမှုတွေ ပြည်လုံးကျွတ် ဖြစ်တော့မည်။
မိုးစပါးသည် မြန်မာနိုင်ငံ၏ ရိက္ခာဖြစ်၏။ မိုးစပါး မစိုက်နိုင်ခြင်းသည် နိုင်ငံ၏ ထမင်းအိုးကွဲသည်နှင့် တူ၏။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရ၏ ၂၀၀၃-၂၀၀၄ စာရင်းအရ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက (၃.၅) သန်းရှိပြီး နွေစပါးစိုက်ဧက (၁.၇) သန်းရှိ၏။ တပြည်လုံး စပါးစိုက်ဧက (၁၆) သန်းရှိသည့်အတွက် ဧရာဝတီ တိုင်း စပါးစိုက်ဧကသည် တပြည်လုံး စပါးစိုက်ဧက စုစုပေါင်း၏ (၃၃) ရာနှုန်းရှိ၏။ ထို့ကြောင့်
ဧရာဝတီတိုင်း စပါးအပျက်နှုန်းသည် မြန်မာပြည် ဆန်ပြဿနာ၏ သော့ချက်ဖြစ်လာနိုင်၏။

ဧရာဝတီတိုင်း စပါးအပျက်အစီးကို တန်ချိန် (၇) သိန်းကျော်ရှိပြီး ဆန်အပျက်အစီးမှာ ၂၀၀၇-၂၀၀၈ ခုနှစ်အထွက်နှုန်း၏ (၂.၃) ရာနှုန်းသာရှိသည်ဟုသာ စစ်အစိုးရဘက်က ဖော်ပြသည်။ သို့သော် မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းမှာ ပြည်နယ်နှင့် တိုင်း (၅) ခုတွင် စုစုပေါင်း ထုတ်လုပ်မှု၏ (၆၆) ရာနှုန်းရှိပြီး မိုးစပါး အပျက်နှုန်းမှာ စုစုပေါင်း ထုတ်လုပ်မှု၏ (၆၂) ရာနှုန်းရှိနိုင်သည်ဟု မြန်မာ စီးပွားရေးပညာရှင်များက တွက်ချက်ခန့်မှန်း၏။

ဧရာဝတီတိုင်း လယ်ယာမြေကဏ္ဍ နာလန်ထူရေးအတွက် ဒေါ်လာ သန်း (၂၀၀) ကျော် လိုသည်ဟု စစ်အစိုးရက လောဘတကြီးဖြင့် နိုင်ငံတကာကို တွက်ပြ၏။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်။ မည်သည့် နိုင်ငံကမျှ စစ်အစိုးရ တောင်းသည့်ငွေကို အာမမခံ။

အတိတ်ကို ပြန်ကြည့်လျှင် ဆန်ပြဿနာစဖြစ်တိုင်း ရန်ကုန်သည် လူမှုရေးအုံကြွမှု၏ အခရာဖြစ်၏။ ထို့ကြောင့် စစ်အစိုးရသည် ရန်ကုန်ကိုသာ ဦးစားပေးပြီး တပွဲတိုးနည်းများဖြင့် ဖြေရှင်းလေ့ရှိ၏။ တနည်းဆိုရလျင် ရန်ကုန်လူထုသည် အုံကြွမှုတိုင်းအတွက် အခရာဖြစ်၏။ ထို့ကြောင့် ရန်ကုန်မှာ ဆန်လုံလောက်ပါ့မလားဆိုသည်ကို တွက်ကြည့်ရန်လို၏။

ဆန်စပါး လက်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ အပြောအရ ရန်ကုန်ကို
နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက ၀င်နေမှ ရန်ကုန်ဆန်ဈေး ငြိမ်သည်ဆို၏။
သို့သော် မြန်မာနိုင်ငံ၌ လူတဦး တလကို ဆန် (၈) ပြည်နှုန်းစားသုံးသည်ဟု ကျွမ်းကျင်သည့်
ပုဂ္ဂလိက ဆန်ကုန်သည်ကြီးတွေက ပြော၏။ ထိုအချက်ကို အခြေခံ၍ ရန်ကုန်လူဦးရေ (၆) သန်းနှင့်
တွက်လျှင် ရန်ကုန်မြို့ တနေ့ စားသုံးဖို့အတွက်ပင် နေ့စဉ် ဆန်အိတ် (၆၀,၀၀၀) ကျော် လို၏။

လက်ရှိအနေအထားကိုကြည့်လျှင် မြန်မာစစ်အစိုးရဘက်က စပါးပျက်ဒေသများ ပြန်လည်ထူထောင် ရေးအတွက် ထိထိရောက်ရောက် အကူအညီမပေးနိုင်ချိန်တွင် ဆန်ဈေးက တနေ့တခြား ခုန်တက် နေ၏။ ထိုအချက်သည် ရန်ကုန်ကို နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက မ၀င်နိုင်
ဖြစ်နေသည့် သဘောဖြစ်၏။ ဧရာဝတီတိုင်းမှာပင် သိုလှောင်ဆန် စပါးမရှိတော့သည့်အတွက်
ရန်ကုန် ဆန်ကုန်သည်တွေ ဆန်လှောင်၍ ဈေးတက်သည်ဟု စစ်အစိုးရဘက်က ခါတိုင်းလို စွပ်စွဲ လာလျှင် ယုတ္တိရှိမည်မဟုတ်။

မုန်တိုင်းမဖြစ်ခင် မြန်မာနိုင်ငံ အခြေအနေကို ကြည့်လျှင် သြဂုတ် စက်တင်ဘာသည် ဈေးကွက်မှာ နွေစပါးပြတ်ပြီး မိုးစပါးပေါ်ဖို့ သုံးလေးလ လိုသေးသည့်ကာလဖြစ်၏။ ထို့ကြောင့် သြဂုတ်၊ စက်တင်ဘာသည် ပုံမှန်အားဖြင့်ပင် တပြည်လုံးမှာ နှစ်စဉ်လို ဆန်ပြဿနာ အနည်းနှင့်အများ ဖြစ်လေ့ရှိသည့် လတွေဖြစ်၏။ ဆန်ဈေး အဆမတန် မြောက်လေ့ရှိသည့် လတွေဖြစ်၏။ ထိုကာလ များတွင် စစ်အစိုးရ ဆန်ပြဿနာ အကျပ်အတည်းနှင့် ကြုံခဲ့သည့် သာဓကတွေ ရှိ၏။

လက်ရှိ ဧရာဝတီတိုင်း စပါးနှင့် ဆန်အပျက်အစီး၊ တိုင်းနှင့် ပြည်နယ် (၅) ခုမှ စပါးနှင့် ဆန်အပျက် အစီးနှုန်းတွေအရ မြန်မာနိုင်ငံတ၀ှမ်း ဆန်ပြဿနာသည် ၂၀၀၈ ခု သြဂုတ် စက်တင်ဘာမှာ မုချကြုံနိုင်သည်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတွေက မှန်း၏။ ထိုအချက်ကို မြန်မာစီးပွားရေး ပညာရှင်အချို့ကလည်း လက်ခံ၏။ မိုးစပါးပေါ်မည့် ဒီဇင်ဘာမှာလည်း စိုက်ဧက ဟုတ်တိ ပတ်တိ မရှိသည့်အတွက် ရိတ်သိမ်းစရာပင် စပါးရှိမည်မဟုတ်။

ထို့ကြောင့်လည်း ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်တွေ ယခုနှစ် မိုးစပါး စိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အတွက် ဧရာဝတီတိုင်းမှာ နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးခြင်းဖြစ်၏။

မြန်မာနိုင်ငံမှာ ဖြစ်လာမည့် ဆန်ပြဿနာသည် ၂၀၀၈ ကုန်အထိသာမက နောင်နှစ် နွေစပါး ပေါ်သည်ထိ ပြဿနာကြီးမားနိုင်၏။ တတိုင်းပြည်လုံး ရုန်းရင်းဆန်ခတ်မှုတွေနှင့်ကြုံရနိုင်၏။ စားစရာမရှိလျင် မြန်မာလူထုသည် ဘာကိုမျှ မကြောက်။ နီးရာ ဓားဆွဲပြီး တော်လှန်တော့မည်။ ထိုအခြေအနေမျိုး ရောက်လျှင် စစ်အစိုးရ မည်သို့နှိမ်နင်းမည်နည်း။ တပြည်လုံးကို စစ်တပ်က ပစ်သတ်နိုင်မလားဆိုသည်မှာ မေးခွန်းထုတ်ဖို့လို၏။

တိုင်းပြည်တွင် အမှန်တကယ် ဆန်သိုလှောင်ထားနိုင်သူမှာ မြန်မာစစ်တပ်အပြင် မြန်မာနိုင်ငံတွင်
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသား၊ ဗိုလ်ချုပ်ကြီးရွှေမန်းသား စသည့် ဗိုလ်ချုပ်သားတွေ ပိုင်သည့် ကုမ္ပဏီတွေဖြစ်၏။ အဆိုပါ သိုလှောင်ဆန်တွေကို ဧရာဝတီတိုင်း ဒုက္ခသည်တွေအတွက် စစ်အစိုးရက ယခုထိ ဖြန့်ဝေခြင်းမရှိ။ မသိသလိုလုပ်နေ၏။

တပြည်လုံး ဆန်ပြဿနာဖြစ်လာချိန်တွင် ထိုသိုလှောင်ဆန်ကို ပြည်သူလက် ဖြန့်ဝေ ပေး မပေး စောင့်ကြည့်ဖို့ လို၏။ ဖြန့်ဝေပေးလျှင် စစ်တပ်မှာ ရိက္ခာပြတ်ပြီး သေနတ်ပြောင်းက စစ်ခေါင်းဆောင် တွေဘက် လှည့်တော့မည်။ မဖြန့်ဝေဘဲထားလျှင်လည်း လူထုတရပ်လုံး ဆူပူအုံကြွမည်။ နိုင်ငံခြားက ဆန်သွင်း ရအောင်လည်း ကမ္ဘာ့ဆန်ဈေးက ခေါင်ခိုက်နေ၏။ စစ်အစိုးရသာမက နိုင်ငံတကာ အဖွဲ့တွေပါ တတ်နိုင်မည်မဟုတ်။

ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့တော့မည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်ရှိ အန်ဂျီအိုများထံ အထောက်အပံ့ရရန် ကြိုးစားသူများ ဖမ်းဆီးခံရ



မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 10 2008 18:35 - မြန်မာစံတော်ချိန်


ရန်ကုန်။ ။ နာဂစ်မုန်တိုင်းဒဏ် ခံရ၍ အရေးပေါ် အကူအညီ လိုနေသူ လူတစုက ရန်ကုန်ရှိ နိုင်ငံတကာ အဖွဲ့အစည်းများထံ အကူအညီ တောင်းခံရန် ကြိုးစားရာ ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်မှု ယနေ့ နံနက်က ဖြစ်ပွားခဲ့သည်။
ပုံ။ ။ နိုင်ငံတကာ အဖွဲ့အစည်းများထံ အကူအညီရရေး ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသည့် ဒုက္ခသည်များကို တွေ့ရစဉ်။ ဒုက္ခသည် များမှာ လမ်းခုလတ်တွင်ပင် ရဲက ဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဓါတ်ပုံ - မဇ္ဈိမ

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တောင်ဒဂုံမြို့နယ်မှ အနည်းဆုံး လူ ၃ဝ ကျော် ပါဝင်သော လူတစုက ဒိုင်နာကားတစီးဖြင့် အင်္ဂါနေ့နံနက် ၁ဝးဝဝ နာရီ အချိန်မှစ၍ ကုလသမဂ္ဂ ရုံးများသို့ သွားရောက် အကူအညီ တောင်းရန် ကြိုးစားစဉ် ရဲက ထိန်းသိမ်းလိုက်ခြင်းဖြစ်သည် ဟု မျက်မြင် သက်သေများက ပြောသည်။

အဖမ်းခံရသူများတွင် ကလေးများလည်း ပါဝင်သည် သိရသည်။

တောင်ဒဂုံ ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၇ ရပ်ကွက် နှင့် ၈ ရပ်ကွက်များတွင် စုစုပေါင်း လူ ၅ဝဝ ခန့်သည် လယ်ကွင်းများတွင် တဲထိုးနေကြရသည်။ ထိုသူများအနက်မှ အစိုးရ၏ ကူညီ ထောက်ပံ့မှု နည်းပါး လွန်းသည်ဟု မခံမရပ်နိုင် ဖြစ်ကာ တိုက်ရိုက် တောင်းခံရန် ကြိုးစားကြခြင်း ဖြစ်သည်ဟု အဖမ်းမခံရမီ ဒုက္ခသည် များက ပြောကြသည်ဟု ဓာတ်ပုံ မှတ်တမ်း တင်လိုက်နိုင် သူ မျက်မြင်သက်သေ တဦးက ပြောသည်။

“သူတို့အိမ်ရာ ထူထောင်ဖို့ရာ အတွက်က ကယ်ဆယ်ရေး ပစ္စည်းတွေဟာ ပြန်လည် တည်ဆောက်ဖို့ရာ မရောက်လာတဲ့အတွက် မိုးထဲ ရေထဲမှာ သူတို့ ဖြစ်သလို နေထိုင်နေကြရတဲ့ အခက်အခဲတွေ သူတို့မှာ ရှိတယ်လို့ ပြောတယ်” ဟု သူက မဇ္ဈိမသို့ ပြန်လည် ပြောပြသည်။

ဒုက္ခသည်များသည် မိမိတို့ နေရပ်များမှ ဘတ်စ်ကားများဖြင့် အသီးသီးဖြင့် စုရပ်တခုသို့ ရောက်ရှိလာပြီးမှ ဒိုင်နာကားတစီးတွင် အတူစီးကာ မြို့လယ်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

သွားရောက်တောင်းခံသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အမည်နာမပင် ဆန္ဒပြသူများ ကိုယ်တိုင် ရှင်းလင်းကွဲပြားဟန် မရှိသော်လည်း အကူအညီ ပေးနိုင်လိမ့်မည်ဟု ယုံကြည် နေကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ အထောက်တော် တဦးက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကိုဇာဂနာ မလွတ်သေး၊ အိမ်ပြင်တွင် ရဲများ စောင့်ကြည့်နေသေး (အင်တာဗျူး)


ဝိုင်းပီး
အင်္ဂါနေ့၊ ဇွန်လ 10 2008 15:44 - မြန်မာစံတော်ချိန်
မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ တက်ကြွစွာ လုပ်ဆောင်နေသူ ဟာသသရုပ်ဆောင် ကိုဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးသွားပြီးနောက် တနင်္လာနေ့က ပြန်လွှတ်ပေးခဲ့ပြီး နေအိမ် အကျယ်ချုပ် ချထားသည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ ယမန်နေ့ညက မဇ္ဈိမက ကိုဇာဂနာ၏ မိသားစုသို့ ဆက်သွယ်၍ မရခဲ့ဘဲ ယနေ့တွင် ကိုဇာဂနာ၏ ယောက္ခမဖြစ်သူ ဒေါ်ကြည်ကြည်စိုးကို မေးမြန်းခွင့် ရခဲ့သည်။ ကိုဇာဂနာ လွတ်မြောက်လာသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် မည်သည့် နေရာတွင် ထားရှိသည် ဆိုခြင်းကိုပင် မိသားစုအနေနှင့် မသိရသေးပေ။ ဝိုင်းပီးက ဆက်သွယ် မေးမြန်းထားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မေး။ ကိုဇာဂနာ ပြန်လွတ်ပြီလို့ ကြားပါတယ်၊ ဟုတ်ပါသလားရှင်။

ဖြေ။ အဲဒါ လုပ်ကြံသတင်းတွေပါ။ ဘယ်မှာထားလို့ ဘာဖြစ်နေတယ် ဆိုတာတောင် မသိရဘူး။ ခေါ်သွားကတည်းက မသိရသေးတာ။ အမေရိကားက ဇာဂနာ့ မိန်းမက ည ၂ နာရီမှာတုန်းက ဖုန်းဆက်မေးတယ် အမေ့ကို။ ဝဘ်ဆိုဒ်တွေမှာ ဇာဂနာ ပြန်လွတ်တယ်၊ နေအိမ် အကျယ်ချုပ် ထားတယ် ပြောလို့တဲ့။ မလွတ်ရပါဘူး သမီးရယ်လို့ အမေက ပြန်ပြောလိုက်တယ်။ အခုတောင် အမေ မောင်သူရ အခန်းထဲမှာ မြေးမလေးရဲ့ ခွေးကလေးနဲ့ နေနေတာ။ မလွတ်ရပါဘူး။ ဘာသတင်းမှကို မကြားရတာပါ။ အမေ လိမ်မပြောဘူး။ မုဿဝါဒ မသုံးပါဘူး သမီးရယ်။

မေး။ ဘာကြောင့် ကိုဇာဂနာကို အခုလို ဖမ်းသွားတယ်လို့ ထင်ပါသလဲရှင့်။

ဖြေ။ အောက်တိုဘာလ ၂၈ ရက်နေ့ကတော့ ဇာဂနာကို အာဏာပိုင်တွေက မီဒီယာတွေနဲ့ စကားမပြောရဘူးလို့ ဝန်ခံဂတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လေ။ အဲဒီနောက်ပိုင်း နာဂစ်မုန်တိုင်း ဖြစ်တော့ သူက ဒုက္ခသည်တွေကို လိုက်ကူညီနေတော့ မီဒီယာတွေနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ အဲဒါကြောင့် အခုလို ဖမ်းသွားတယ်လို့ ထင်တယ်။

မေး။ အိမ်အပြင်မှာ အခု အစောင့်တွေ ရှိလားရှင့်။

ဖြေ။ ရှိပါ့။ အများကြီးပဲ။ ဘယ်နှစ်ယောက်လည်းတော့ မသိဘူး။ ဘယ်ကတွေလည်း မသိပါဘူး။ မနေ့ကလည်း အရာရှိ နှစ်ယောက် လာသွားတယ်။ အနောက်ဘက် ခရိုင်ရဲစခန်းက ၃ ပွင့်တယောက်၊ နောက်တယောက် ကတော့ မောင်သူရကို အမြဲတမ်း စောင့်ကြည့်နေရတဲ့ ၂ ပွင့်နဲ့ အရာရှိလေး။

မေး။ သူတို့တွေကို မေးကြည့်သေးလားရှင့်၊ ဦးသူရ အကြောင်းကို။

ဖြေ။ မေးပါ့ သမီးရယ်။ သူတို့ မသိပါဘူး။ ကျနော်တို့က ဦးသူရကို စောင့်ကြည့်နေရ ပြီးတော့ သူတို့အရာရှိတွေ လက်ထဲကို ထည့်ပေးလိုက်ရတာပါ၊ ဘာမှ မသိပါဘူးလို့ ပြောတယ်။

သမီးအလတ် မငြိမ်းဆီကို အလုပ် မရှိတော့လို့၊ ဒုက္ခရောက်နေလို့ ကလေးလေးတယောက်ကို ခေါ်ထားပေးပါ ဆိုပြီး၊ လင်မယား ၂ ယောက်က ကောင်လေးက အလုပ်ပြုတ်တော့ လုပ်စရာ မရှိတော့လို့ပေါ့၊ ခေါ်လာပေးလို့ ရပါတယ်ဆိုပြီး လက်ခံထားလိုက်တာ။ ထမင်းလေး ကျွေးထားရတာ ကုသိုလ်တောင် ရတယ်ဆိုပြီး ခေါ်ထားတာ။ ၂၃ နှစ် အရွယ်ပေါ့။ မြေးနှစ်ယောက်နဲ့အတူ အောက်မှာ အိပ်တာ။ ရောက်တာတော့ သိပ်မကြာသေးဘူး။ မောင်သူရကို မဖမ်းခင် ၃ ရက်လောက်က ရောက်တာ။ မောင်သူရနဲ့အတူ လေဘေး ကယ်ဆယ်ရေးတွေ လိုက်ကူညီ တာပေါ့။

မောင်သူရကို လာခေါ်တဲ့နေ့က သူ အပြင်သွားတယ်။ ပြန်လာတော့ အိမ်နီးနားချင်းတွေက သူ့ကို ပြောတာပေါ့။ ဦးသူရကို လာဖမ်းတယ် ပြောကြတော့ သူက ပြန်ထွက်သွားတယ်လို့ အိမ်နီးချင်းတွေက ပြောတယ်။ သူ့ဘာသာ သူပြန်သွားတာ အမေတို့လည်း မသိဘူးလေ။ ကလေးက ကတုံးဆံပင်နဲ့မို့ အမေတို့က ကတုံးလို့ ခေါ်တာ။ သူ့နာမည်လည်း မသိပါဘူး။

မေး။ ဒီကြားထဲမှာ ရဲတွေ လာသေးလားရှင့်။

ဖြေ။ ၆ ရက်နေ့က ဒီကလေး ဘယ်မှာရှိလဲ လာမေးကြတယ်။ အမေက မသိဘူး၊ အဲဒီနေ့ ကတည်းက ပြန်မလာဘူး၊ သူဘယ်သူလဲ ဆိုတာလည်း မသိဘူး၊ သူ့မိဘတွေလည်း မသိဘူးလို့ ပြောလိုက်တယ်။ အမေက ပြောလိုက်ရင် သူတို့ အဲဒီ လင်မယားကို သွားမေးကြမှာ စိုးတာ။ သူတို့က လူရိုးလေးတွေပါ၊ မောင်သူရ လိုပါပဲ။ ရဲတွေက မနက် ၁၂ နာရီလောက်ကတည်းက တခန်းဝင်တခန်းထွက် ရှာတယ်။ အိပ်ခန်း ၃ ခန်းကို ရှာကြတာ။

အဲဒီကတုံးကို မတွေ့လို့ရှိရင် အလတ်မ မငြိမ်းကို ခေါ်သွားမယ်၊ ဒါမှမဟုတ်ရင် အငယ်မကို ခေါ်သွားမယ်တဲ့လေ။ အဲဒီတော့ အငယ်မက ကြောက်တတ်တယ်။ နှလုံးရောဂါလည်း ရှိတော့ ရှော့ရိုက်သွားတယ်။ အဲဒီတော့မှ ဒုရဲအုပ်မတယောက်၊ ဆာဂျင်မ တယောက်ရယ်နဲ့ ကျန်တာတွေကတော့ မောင်သူရကို ခေါ်တုန်းက သူတွေပါပဲ။ ည ၁ဝ နာရီလောက်မှ ပြန်ကြတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြစ်ဝကျွန်းပေါ် ဒေသသို့ ကုလရဟတ်ယာဉ်များ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ပို့ပေးနေ


ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 10 2008 14:20 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကုလ ရဟတ်ယာဉ်များက ကူသယ် ခေါက်သယ် သယ်ပို့ပေးနေသဖြင့် နောက်ဆုံးတွင် အကူအညီများ တဖြေးဖြေးချင်း ရောက်ရှိနေပုံ ရပါသည်။ သို့သော် ဤသို့ နောက်ကျခြင်း သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများအတွက် ကြီးမားစွာထိ ခိုက်နစ်နာစေခဲ့မည်ကို စိုးရိမ်ရကြောင်း ဝေဖန်သူများက ပြောကြားကြပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လွန်ခဲ့သော အပတ်ကမှ လေကြောင်းဖြင့် ပထမဆုံး ရောက်ရှိခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများကို မြစ်ဝကျွန်းပေါ် ဒေသသို့ သယ်ပို့ပေးရန် ယခု ရက်သတ္တပတ် ကုန်ပိုင်းက နောက်ထပ် ရဟတ်ယဉ် ၅ စင်းကို မြန်မာ စစ်အစိုးရက ခွင့်ပြုခဲ့သည်။ “မနေ့က ရဟတ်ယဉ် ၂ စင်းသွားတယ်။ ၄ စင်းက ဒီနေ့ အစားအစာတွေ သွားပို့တယ်” ဟု ဘန်ကောက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ (Paul Risley) က ပြောကြားလိုက်ပါသည်။ “ဘယ်တော့မှတော့ အရမ်း နောက်ကျသွားပြီရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ ပြဿနာက ခုအချိန်ဆိုရင် လူအတော်များများက သေပြီး ဖြစ်နေတော့ မှာ” ဟု ကင်ပိန်းအုပ်စု တခုဖြစ်သည့် ယှဉ်ပြိုင် အာဆီယံ ကွန်ရက် (Altsean) ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟတ် (Debbie Stothard) က ပြောဆိုသွားပါသည်။ “ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသက ပြည်သူတွေ အတွက်ကတော့ တကယ့်ကို ဝမ်းနည်းစရာ ဖြစ်ရပ်ကြီးပါဘဲ၊ ဘာအကူအညီမှ မရဘဲ နေခဲ့ရတာ တလကျော်နေပြီ” ဟု စတော့ဟတ် (Stothard) က ဆက်လက် ပြောဆိုသွားပါသည်။ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုနှင့် လုပ်ကိုင်နေသော မြန်မာ အကူအညီပေးရေး လုပ်သားတဦးကလည်း မည်သို့ပင် ဖြစ်စေ အကူအညီပေးရေး ပစ္စည်းများ ဖြန့်ဖြူးရေး လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးမှုသည် အလွန် နည်းနေဆဲ ဖြစ်ပြီး နေရာ အများအပြားကို ယခုတိုင် ရောက်ရှိခြင်း မရှိသေးဟု ပြောဆိုသွားပါသည်။ “လူအတော်များများက ဘာအကူအညီမှ မရဘဲ သူတို့ဖာသာ သူတို့ အသက်ရှင်နေရတာ။ ရောဂါမျိုးစုံ ဖြစ်နေတာ ခံနေရတာ ခုဆို တလကျော်ပြီ” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့မှ မကြာသေးခင်ကမှ ပြန်လည် ရောက်ရှိလာသူ အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောကြားသွားခဲ့ပါသည်။ အစိုးရ၏ ကန့်သတ်မှုများကလည်း အကူအညီ အပူတပြင်း လိုအပ်နေသော ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး ကြန့်ကြာစေသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။ “လူတွေ အများကြီးဆီ အရောက်သွားပြီး ကူညီကယ်ဆယ်နိုင်ဘို့ ဆိုတာ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ရဘို့ လိုပါတယ်” သူကပင် ထပ်မံ ပြောဆိုသွားပါသည်။ဤအတောအတွင်း သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၃၆ ဦး မြန်မာအစိုးရထံမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီး ဖြစ်သည် ဟု (WFP) က ပြောဆိုပါသည်။ သို့သော် ဘန်ကောက်တွင် စောင့်ဆိုင်းနေသော သူတို့၏ ရဟတ်ယဉ် ၄ စင်း ယခုထိ ဝင်ခွင့် မရသေး၍ စောင့်ဆိုင်း နေရကြောင်းကိုလည်း ဆက်လက် ပြောဆိုသွားပါသည်။ မြန်မာနိုင်ငံကို မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သွားခဲသော့ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် စုစုပေါင်း မုန်တိုင်း ဒုက္ခသည် ၂ သန်းခွဲအနက် ယခုအခါ ဒုက္ခသည် ၁.၃ သန်းခန့်မှာ အကူအညီများ ရရှိခဲ့ပြီ ဖြစ်ကြောင်းဖြင့် ကုလသမဂ္ဂက ပြောကြားပါသည်။ သို့သော် မြန်မာ စစ်အစိုးရကမူ အစိုးရ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခဲ့မှုနှင့် မြန်မာပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုအခါ မုန်တိုင်း ဒုက္ခသည်များအား ‘အရေးပေါ် ကယ်ဆယ်ရေးအဆင့်’ ပြီးဆုံးသွားပြီ ဖြစ်ပြီး၊ ယခုအခါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အာရုံပြု လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ (Altsean) မှ ဒက်ဘီစတော့ဟတ် ကမူ အကူအညီ လုံးလုံးမရခဲ့ခြင်း၊ သို့မဟုတ် အနည်းအကျဉ်းသာ ရရှိခဲ့ခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့ပြီးမှ အများအပြား သေဆုံးခဲ့ရသည်ဟု ပြောဆိုလိုက်ပါသည်။ မုန်တိုင်း ဒုက္ခသည်များအား ကူညီကယ်ရေး ကိစ္စ ချဉ်းကပ်ပုံကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပြန်လည် စဉ်းစားသင့်သည်ဟု သူမက ဆက်လက် ပြောဆိုသွားပါသည်။ “ဒီလိုသာ နောက်ထပ် ကြန့်ကြာနေဦးမယ် ဆိုရင် သူတို့ (နိုင်ငံတကာ အသိုင်းအဝိုင်း) အနေနဲ့ နအဖ (SPDC) ဆီက ခွင့်ပြုချက် မတောင်းဘဲ လူသားချင်း စာနာတဲ့ ဝင်ရောက် စွက်ဖက်မှုမျိုးကို ထောက်ခံသင့်တယ်” ဟု (Stothard) က ဆိုလိုက်ပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြစ်ဝကျွန်းပေါ် ဒေသသို့ ကုလရဟတ်ယာဉ်များ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ပို့ပေးနေ


ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 10 2008 14:20 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကုလ ရဟတ်ယာဉ်များက ကူသယ် ခေါက်သယ် သယ်ပို့ပေးနေသဖြင့် နောက်ဆုံးတွင် အကူအညီများ တဖြေးဖြေးချင်း ရောက်ရှိနေပုံ ရပါသည်။ သို့သော် ဤသို့ နောက်ကျခြင်း သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများအတွက် ကြီးမားစွာထိ ခိုက်နစ်နာစေခဲ့မည်ကို စိုးရိမ်ရကြောင်း ဝေဖန်သူများက ပြောကြားကြပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လွန်ခဲ့သော အပတ်ကမှ လေကြောင်းဖြင့် ပထမဆုံး ရောက်ရှိခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများကို မြစ်ဝကျွန်းပေါ် ဒေသသို့ သယ်ပို့ပေးရန် ယခု ရက်သတ္တပတ် ကုန်ပိုင်းက နောက်ထပ် ရဟတ်ယဉ် ၅ စင်းကို မြန်မာ စစ်အစိုးရက ခွင့်ပြုခဲ့သည်။ “မနေ့က ရဟတ်ယဉ် ၂ စင်းသွားတယ်။ ၄ စင်းက ဒီနေ့ အစားအစာတွေ သွားပို့တယ်” ဟု ဘန်ကောက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ (Paul Risley) က ပြောကြားလိုက်ပါသည်။ “ဘယ်တော့မှတော့ အရမ်း နောက်ကျသွားပြီရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ ပြဿနာက ခုအချိန်ဆိုရင် လူအတော်များများက သေပြီး ဖြစ်နေတော့ မှာ” ဟု ကင်ပိန်းအုပ်စု တခုဖြစ်သည့် ယှဉ်ပြိုင် အာဆီယံ ကွန်ရက် (Altsean) ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟတ် (Debbie Stothard) က ပြောဆိုသွားပါသည်။ “ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသက ပြည်သူတွေ အတွက်ကတော့ တကယ့်ကို ဝမ်းနည်းစရာ ဖြစ်ရပ်ကြီးပါဘဲ၊ ဘာအကူအညီမှ မရဘဲ နေခဲ့ရတာ တလကျော်နေပြီ” ဟု စတော့ဟတ် (Stothard) က ဆက်လက် ပြောဆိုသွားပါသည်။ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုနှင့် လုပ်ကိုင်နေသော မြန်မာ အကူအညီပေးရေး လုပ်သားတဦးကလည်း မည်သို့ပင် ဖြစ်စေ အကူအညီပေးရေး ပစ္စည်းများ ဖြန့်ဖြူးရေး လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးမှုသည် အလွန် နည်းနေဆဲ ဖြစ်ပြီး နေရာ အများအပြားကို ယခုတိုင် ရောက်ရှိခြင်း မရှိသေးဟု ပြောဆိုသွားပါသည်။ “လူအတော်များများက ဘာအကူအညီမှ မရဘဲ သူတို့ဖာသာ သူတို့ အသက်ရှင်နေရတာ။ ရောဂါမျိုးစုံ ဖြစ်နေတာ ခံနေရတာ ခုဆို တလကျော်ပြီ” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့မှ မကြာသေးခင်ကမှ ပြန်လည် ရောက်ရှိလာသူ အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောကြားသွားခဲ့ပါသည်။ အစိုးရ၏ ကန့်သတ်မှုများကလည်း အကူအညီ အပူတပြင်း လိုအပ်နေသော ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး ကြန့်ကြာစေသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။ “လူတွေ အများကြီးဆီ အရောက်သွားပြီး ကူညီကယ်ဆယ်နိုင်ဘို့ ဆိုတာ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ရဘို့ လိုပါတယ်” သူကပင် ထပ်မံ ပြောဆိုသွားပါသည်။ဤအတောအတွင်း သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၃၆ ဦး မြန်မာအစိုးရထံမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီး ဖြစ်သည် ဟု (WFP) က ပြောဆိုပါသည်။ သို့သော် ဘန်ကောက်တွင် စောင့်ဆိုင်းနေသော သူတို့၏ ရဟတ်ယဉ် ၄ စင်း ယခုထိ ဝင်ခွင့် မရသေး၍ စောင့်ဆိုင်း နေရကြောင်းကိုလည်း ဆက်လက် ပြောဆိုသွားပါသည်။ မြန်မာနိုင်ငံကို မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သွားခဲသော့ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် စုစုပေါင်း မုန်တိုင်း ဒုက္ခသည် ၂ သန်းခွဲအနက် ယခုအခါ ဒုက္ခသည် ၁.၃ သန်းခန့်မှာ အကူအညီများ ရရှိခဲ့ပြီ ဖြစ်ကြောင်းဖြင့် ကုလသမဂ္ဂက ပြောကြားပါသည်။ သို့သော် မြန်မာ စစ်အစိုးရကမူ အစိုးရ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခဲ့မှုနှင့် မြန်မာပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုအခါ မုန်တိုင်း ဒုက္ခသည်များအား ‘အရေးပေါ် ကယ်ဆယ်ရေးအဆင့်’ ပြီးဆုံးသွားပြီ ဖြစ်ပြီး၊ ယခုအခါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အာရုံပြု လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ (Altsean) မှ ဒက်ဘီစတော့ဟတ် ကမူ အကူအညီ လုံးလုံးမရခဲ့ခြင်း၊ သို့မဟုတ် အနည်းအကျဉ်းသာ ရရှိခဲ့ခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့ပြီးမှ အများအပြား သေဆုံးခဲ့ရသည်ဟု ပြောဆိုလိုက်ပါသည်။ မုန်တိုင်း ဒုက္ခသည်များအား ကူညီကယ်ရေး ကိစ္စ ချဉ်းကပ်ပုံကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပြန်လည် စဉ်းစားသင့်သည်ဟု သူမက ဆက်လက် ပြောဆိုသွားပါသည်။ “ဒီလိုသာ နောက်ထပ် ကြန့်ကြာနေဦးမယ် ဆိုရင် သူတို့ (နိုင်ငံတကာ အသိုင်းအဝိုင်း) အနေနဲ့ နအဖ (SPDC) ဆီက ခွင့်ပြုချက် မတောင်းဘဲ လူသားချင်း စာနာတဲ့ ဝင်ရောက် စွက်ဖက်မှုမျိုးကို ထောက်ခံသင့်တယ်” ဟု (Stothard) က ဆိုလိုက်ပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပုဂ္ဂလိက လှူဒါန်းမှုများ ကျဆင်းလာနေ


ဇာနည်
အင်္ဂါနေ့၊ ဇွန်လ 10 2008 13:17 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တလကျော် ကြာမြင့်လာပြီးနောက် လူပန်း ငွေနည်း ဖြစ်လာသဖြင့် နာဂစ် လေဘေး ဒုက္ခသည်များအတွက် ပုဂ္ဂလိက အကူအညီများ ယခုအခါ တဖြေးဖြေး ကျဆင်းလာနေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းတိုက်ပြီး နောက်ပိုင်း ဒေသ အသီးသီးမှ တပိုင်တနိုင် အလှူရှင်များက ဧရာဝတီတိုင်းရှိ လေဘေး ဒုက္ခသည်များကို ထောက်ပံ့ကူညီမှု အမျိုးမျိုး ပေးလာခဲ့ရာမှ တလနှင့် ရက်သတ္တ တပတ်ခန့် အကြာတွင် အကူအညီများ သိသာစွာ ကျဆင်းသွားခြင်း ဖြစ်သည်။ “အခု သွားခဲ့တာက ဒုတိယအကြိမ်။ ပထမ အခေါက်တုန်းက၊ မေလ လယ်လောက်ကဆိုရင် လာလှူတဲ့ သူတွေက အများကြီး ရှိတယ်။ အခုတခေါက်မှာတော့ တော်တော် ပါးသွားတယ်” ဟု ဧရာဝတီတိုင်း လပွတ္တာဘက်သို့ သွားရောက် လှူဒါန်းခဲ့သူ ရန်ကုန်မှ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။ မန္တလေးမှ အသိမိတ်ဆွေများ စုပေါင်းကာ ဖျာပုံဘက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင် ပေးနေသူများကလည်း ရှေ့ဆက်လုပ်ရန် အခက်အခဲများ တွေ့နေရပြီဟု ဆိုသည်။“ကျနော်တို့ ဒီလကုန်ရင်တော့ ဆက်မလုပ်နိုင်တော့ဘူး။ လူပန်းတာရယ်၊ ရန်ပုံငွေ မရှိတော့တာတွေရယ်ကြောင့်ပါ” ဟု အဖွဲ့ဝင်တဦးက ပြောသည်။သူတို့အဖွဲ့သည် မုန်တိုင်းကျအပြီး အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများကို တပိုင်တနိုင် စတင် လှူဒါန်းခဲ့ရာမှ ယခု ၃ ကြိမ်မြောက်တွင်မူ ခြေကုန်လက်ပန်း ကျနေပြီဟု သူက ထပ်မံ ပြောသွားသည်။ ဘိုကလေးမြို့သို့ လာရောက် လှူဒါန်းသူ ပုဂ္ဂလိက အလှူရှင် အရေအတွက်သည်လည်း ယခင်ကထက် ၃ ပုံ ၁ ပုံ ခန့် နည်းပါးသွားသည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသော ဒေသခံများက ပြောဆိုသည်။မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်တပါးက “တကာ၊ တကာမတွေက အခုဆိုရင် လှူနိုင်တဲ့အား လျော့သွားတယ်။ ဦးဇင်းတို့ ဆိုရင်လည်း တော်တော် ပင်ပန်းနေကြပြီ။ အချိန်ကလည်း ကြာလာပြီလေ” ဟု မဇ္ဈိမကို မိန့်ကြားသည်။ပုဂ္ဂလိက အလှူရှင်များသည် မိမိတို့ နီးစပ်ရာ အသိုင်းအဝိုင်းများမှ အထောက်အပံ့ ပစ္စည်းများကို စုဆောင်းပြီး ဧရာဝတီတိုင်းရှိ ဒုက္ခသည်များထံ သွားရောက် ပေးလှူကြခြင်း ဖြစ်သည်။ရန်ကုန်ရှိ နာရေး ကူညီမှု အသင်းကဲ့သို့သော ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့များကို လှူဒါန်းခြင်း ရှိသလို လေဘေးသင့် ဒေသများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းကြသူများလည်း ရှိကြသည်။ အလှူရှင် တဦးက “အခုဆို ကျနော်လှူတာ ၂ ခါရှိပြီ။ အစားအစာနဲ့ အဝတ်တွေပါတယ်။ သွားရတာတွေက ပင်ပန်းတာရယ်၊ နောက် ပစ္စည်းတွေ စုဆောင်းဖို့ အခက်အခဲတွေ ရှိနေတော့ အခုတခေါက်က တော်တော် အားနည်းသွားတယ်” ဟု ပြောသည်။ရန်ကုန်မှ ပုဂ္ဂလိက အလှူရှင် တဦးကလည်း “သူတို့ ကြုံရတဲ့ ဒုက္ခက ကျမတို့ထက်တောင် ဆိုးတယ်။ ဆက်ပြီး ပေးချင်ပေမယ့် ကိုယ့်မိသားစု အရေးကလည်း ရှိသေးတယ်လေ။ သူတို့ဘို့ ဒီလောက်ပဲ လုပ်ပေးနိုင်လို့ စိတ်မကောင်းဘူး” ဟု ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ဒလိုင်းလားမား ငွေလှူဒါန်း


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 10 2008 12:36 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် ရူပီး ၅ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂၅ဝဝ) ကို ပြည်ပရောက် တိဗက် ဘာသာရေး ခေါင်းဆောင်ကြီး ဘုန်းတော်ကြီး ဒလိုင်းလားမားက တနင်္လာနေ့က လှူဒါန်းလိုက်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ကူညီရန်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဤသို့ ရှေ့ထွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည် ဟု ပြည်ပရောက် အစိုးရအဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီး ဒေါက်တာတင့်ဆွေက ငွေလက်ခံ ရယူအပြီး ပြောကြားသွားပါသည်။ “ဒါ မြန်မာပြည်သူတွေအတွက် အားတက်ဘွယ် ကိစ္စတရပ်ပါဘဲ” ဟု ဒေါက်တာတင့်ဆွေက ပြောကြားသွားခဲ့ပြီး၊ ယခု လှူဒါန်းငွေကို မြန်မာနိုင်ငံ သာသနာ့ မောလိအဖွဲ့ (ABMA) သို့ လွှဲပြောင်း ပေးအပ်မည်ဟုလည်း ဆက်လက် ပြောဆို သွားပါသည်။ တိဗက် ဘုန်းတော်ကြီး၏ ယခု လှူဒါန်းငွေသည် ကြောက်မက်ဘွယ် ကောင်းလှသည့် ဆိုင်ကလုံး မုန်တိုင်းကြီး မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် ရန်ကုန်တိုင်းတို့ကို တိုက်ခတ်သွား အပြီး ဒုတိယ အကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။ မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ရူပီးငွေ ၅ဝဝဝဝ ကို ဘုန်းတော်ကြီး ဒလိုင်းလားမား က လှူဒါန်းခဲ့သေးသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေး စခန်းအချို့တွင် ဝမ်းရောဂါ ဖြစ်ပွား


ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 09 2008 20:43 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လပွတ္တာမြို့ရှိ လေဘေးဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ကုသမှုပေးနေသူ ဆရာဝန်၏ အပြောအရ သိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော့်လူနာတွေ ပြောပြတာက ဂေါက်ကွင်းစခန်း ၃ က ၈ဝ လောက် ဖြစ်နေတယ်။ ဟိုတနေ့ကပဲ ဆေးရုံ သွားပို့တာတောင် ရှိတယ်။ ကလေး တယောက်တောင် ဆုံးသွားတယ်။ ဝမ်းရောဂါကြီးတော့ မဟုတ်ဘူး၊ ရိုးရိုး ဝမ်းပျက်ပေါ့နော်။ ဒါပေမဲ့ မနေ့ညက လူနာတယောက် ရောက်လာ တယ်။ ညဘက်ကတည်းက ဝမ်းသွားတာ၊ မနက် ကျနော့်ဆီလာတော့ Pressure က သုည ဖြစ်နေတာနဲ့ ဆေးရုံ ပို့လိုက်တယ်” ဟု ဒေါက်တာ အေးကြူက မဇ္ဈိမကို ပြောသည်။ ဒေါက်တာ အေးကြူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တဦးလည်း ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ခံခဲ့ရသူ ပြည်သူ့ လွှတ်တော်အမတ် တဦးလည်း ဖြစ်သည်။သူ့ဆေးခန်းတွင် ကုသမှု လာရောက်ခံယူသူ လေဘေးသင့် စခန်းများမှ လူနာများသည် တနေ့လျှင် ပျမ်းမျှ ၆ဝ ခန့်တွင် ၂၅ ဦးခန့်မှာ ဝမ်းပျက် ဝမ်းလျောကြောင့်ဟု ပြောသည်။ လပွတ္တာမြို့ ၃ ရပ်ကွက် ဒုက္ခသည်စခန်း (၁) တွင် တဲ ၄၅ လုံး၊ စခန်း (၂) ဘောလုံးကွင်းတွင် တဲအလုံး ၈ဝ ၊ ဂေါက်ကွင်းစခန်း (၃) တွင် တဲအလုံးရေ ၁ဝဝဝ ၊ အမှတ် (၄) ၅ မိုင်တွင်မူ တဲပေါင်း ၆ဝ တဲခန့် ရှိသည်။ လပွတ္တာ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည့် ကလေးငယ် တဦး၏ မိခင်က “ဆေးရုံတက်မှ ကလေးတွေ အများကြီးပါလားလို့ တွေ့ရတယ်။ အများအားဖြင့်တော့ မုန်တိုင်းခံရတဲ့ ကလေးတွေ အများဖြစ်တယ်။ ဆရာဝန်တွေက ပြောတာက ရေကြောင့်လို့ ပြောတယ်။ မုန်တိုင်း မိတဲ့အချိန်မှာ ရေငံတွေ သောက်လို့ ဖြစ်တယ်လို့ ပြောတယ်လေ။ အခုလည်း ရေမသန့်လို့ ပြောတာပဲ ဆရာဝန်တွေကတော့။ ကျမတို့က ဂရုစိုက်နေတဲ့ကြားက ဖြစ်သွားတယ်လေ” ဟု ပြောသည်။ ဒေါက်တာ အေးကြူက “နီးစပ်ရာ လယ်ကွင်းမှာ ရှိတဲ့ ရေကို ချိုးကြတယ်၊ သုံးကြတယ်ပေါ့နော်။ ဒီနှစ်တော့ အရင်နှစ်နဲ့ မတူဘူးနော်။ ယင်ကောင်ကလည်း အကြီးကြီးတွေပဲ၊ နည်းတဲ့ အကောင်တွေ မဟုတ်ဘူး။ လူတွေများလို့ ယင်ကောင်တွေ များလာတယ်လို့ ပြောကြတယ်။ ဆရာတို့ အိမ်တောင် ထမင်းစားပွဲမှာ ဖယောင်းတိုင် အမြဲ ထွန်းထားရတယ်။ မြို့အစွန်းတွေက လူနာတွေက သူတို့ဘက်မှာ ပိုများတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။ လပွတ္တာမြို့ပေါ်ရှိ ဒေသခံတဦးက ယင်ကောင် များလာခြင်းကြောင့် စစ်အစိုးရမှ ပြီးခဲ့သည့် ရက်ပိုင်းက ဆေးဖျန်းခဲ့ရာ ယခုအခါ လျော့နည်းသွားပြီဟု ဆိုသည်။ သူက “ကျနော်က မေးလိုက်တာ၊ နေပြည်တော်က လာတဲ့ ဗိုလ်မှူးတယောက် ဦးဆောင်ပြီး လာတယ်ပေါ့နော်။ ယင်ကောင်တွေ များတော့ ကားနဲ့ ဆေးလိုက်ဖျန်းလိုက်တယ်။ အခု ဆေးဖျန်းလိုက်တော့ ယင်ကောင်တွေ ပျောက်နေပြီ။ ကျန်းမာရေး အဖွဲ့တခုပါ နာမည်တော့မသိဘူး။ ဓာတ်ခွဲ စမ်းသပ်တယ်၊ ကာလဝမ်းရောဂါ ဖြစ်၊ မဖြစ် ဆိုတာတွေပါ။ ကျန်တဲ့ ကလေးတွေလည်း တနှစ်ကျော်ကျော်၊ နှစ်နှစ် ကလေးအရွယ်တွေမှာ ဖြစ်နေတယ်၊ မြို့ပေါ်မှာလည်း ဖြစ်တယ်” ဟု သူက ပြောသည်။ အလားတူပင် ပြီးခဲ့သည့် တပတ်အတွင်းက ဘိုကလေးနှင့် ၄၅ မိုင်ခန့် အကွာတွင် တည်ရှိသည် ဧရာမြို့တွင်လည်း ဝမ်းရောဂါများ ဖြစ်ခဲ့မှုများ ရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွင်ပင် သံဃာတော်များ ဝါဆိုမည်


ဇာနည်
တနင်္လာနေ့၊ ဇွန်လ 09 2008 21:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများတွင် လာရောက်၍ လေဘေးကယ်ဆယ်ရေး လှည့်လည် ဆောင်ရွက်နေသည့် သံဃာတော်များသည် လုပ်ငန်းများ ပြီးပြတ်မည် မဟုတ်သဖြင့် လာမည့် ဝါတွင်းကာလတွင် ရောက်ရှိသည့် ဒေသ၌ပင် ဝါဆိုရမည့် အခြေ ဆိုက်နေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မန္တလေး မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် ၁၁ ပါးက ဦးဆောင်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေရာ တလခန့် ကြာမြင့်လာပြီးနောက် ဆက်လက်၍လည်း ပိုမို ထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် မိမိတို့၏ ကျောင်းတိုက်များသို့ ပြန်၍ ဝါဆိုနိုင်တော့မည် မဟုတ်ခြင်း ဖြစ်သည်။ “ဦးဇင်းတို့ ဒီလိုလုပ်တာက ဒုက္ခရောက်တဲ့ သူတွေကို ကူညီဖို့က အခု အနေအထားအရ တအား လိုအပ်နေတယ်။ ကယ်ဆယ်ရေးအတွက် ပိုထိရောက်အောင်လို့ပါ” ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။ရောက်ရှိနေသည့် နေရာအနီးရှိ ကျောင်းတိုက်များ၌ပင် ဝါဆိုခွင့် ရရှိရေးအတွက် ကျောင်းတိုက် ဆရာတော်ကြီးများထံ ခွင့်ပြုချက် ရယူရပေသည်၊လက်ရှိတွင် ဘိုကလေးနှင့် လပွတ္တာဘက်သို့ ဆရာဝန်များဖြင့် ဝေယျာဝစ္စ ကူညီရန် သွားရောက်ရန် သံဃာတော်များက စီစဉ်ထားသည်။ယမန်နှစ်ကလည်း မန္တလေးတဝိုက်တွင် ရေကြီးခဲ့စဉ်က သံဃာတော်များက ကယ်ဆယ်ရေး ပစ္စည်းများ ဝေမျှပေးခြင်းကို လုပ်ဆောင်ပေးခဲ့ ကြသည်။ ထိုစဉ်ကမူ ယခု အခြေအနေလောက် ဆိုးဝါးခြင်း မရှိ၍ သံဃာတော်များ ဝါဆိုခြင်း ကိစ္စကို ထိခိုက်ခြင်း မရှိခဲ့ကြောင်း သိရသည်။ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလမှာ ဝါဆိုလပြည့်နေ့ ဖြစ်သော ဇူလိုင်လ ၁၇ ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၄ ရက်နေ့ အထိ ဖြစ်သည်။သံဃာတော်များအနေဖြင့် ဝါတွင်း ၃ လအတွင်း မိမိတို့ မူလ သီတင်းသုံးရာ ကျောင်းတိုက်များတွင်သာ ဝါဆိုကြရပြီး ညအိပ်ညနေ ကျောင်းတိုက် အပြင်သို့ပင် ထွက်ခွင့် မရှိပေ။ဝါတွင်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးသို့ ရောက်နေပါက ရောက်ရှိရာအရပ်မှ ကျောင်းတိုက်ကလည်း ခွင့်ပြုမည်ဆိုပါက ထိုကျောင်းတိုက်တွင် ဝါဆိုခွင့် ရှိကြောင်း ဦးဇင်းက ပြောကြားသွားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာအစိုးရနဲ့ အမေရိကန်သမ္မတ ဘွတ်ရှ် အစိုးရ၊ အတင်းဝင်ရောက်ကယ်တင်ချိန်တန်ပြီ








အပြည့်အစုံဖတ်လိုလျှင်