စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 22, 2008

မြန်မာ့ဒီမိုကရေစီတိုက်ပွဲ အတွက် အားဆေးတစ်ခွက်

Read this document on Scribd: kkg

အပြည့်အစုံဖတ်လိုလျှင်

ကုန်စည်ခွန် တိုးမြင့်သွားသဖြင့် မီဇိုရမ်သို့ မြန်မာကုန်ပစ္စည်း ရပ်တန့်သွား

ဇလပ်မေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008


အိုက်ဇော။ ။
အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဝင်ရောက်လာသော မြန်မာကုန်စည်များအပေါ် ကုန်စည်ခွန် တိုးမြှင့် ကောက်ခံနေသည့်အတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းအမှတ် ၂ တွင် ကုန်ပစ္စည်းတင်သွင်းမှု ရပ်တန့်နေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နှစ်နိုင်ငံ နယ်စပ်ချောင်း တီရော် ဤငသ ချောင်းမှ မီဇိုရမ် မဲလ်ဘုခ်ရွာအထိ ဇိုခွါရ်ထာရ် လူမှုဖူလုံရေး အသင်းမှ မြန်မာကုန်ပစ္စည်း အခွန်ကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ၊ မဲလ်ဘုခ်မှ စန်ဖိုင်းအထိ စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂမှ ၁ ဒဿမ ၅ဝ ရူပီး တိုးကောက်လိုက်သဖြင့် မြန်မာပြည်မှ ကုန်စည်တင်သွင်းမှု ရပ်တန့်သွားစေခြင်း ဖြစ်သည်။

“မြန်မာပြည်မှာ ကုန်ဈေးနှုန်း မြင့်တက်နေတယ်။ ဒါတင်မကပဲ မီဇိုရမ်ပြည်ထဲမှာ အခုလို သယ်ယူပို့ဆောင်ခ တိုးကောက်လိုက်လို့ ဒီတခေါက် လုပ်ငန်းက အမြတ်ကို မရှိတော့ဘူး” ဟု မီဇိုရမ်ပြည်နယ်တွင် ခေတ္တလာရောက်သူ မြန်မာကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အနီး မဲလ်ဘုခ်ရွာတွင် ကုန်စည် ဂိုဒေါင်အသစ် ထပ်မံ တည်ဆောက်ခဲ့သည့်အပေါ် ဇိုခွါထာရ် လူမှုဖူလုံရေး အသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အခွန်နှုန်းထားများ အသီးသီး တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မဲလ်ဘုခ် ဂိုဒေါင်မဆောက်မီ တီရောချောင်းမှ စန်ဖိုင်းအထိ သယ်ယူ ပို့ဆောင်ခမှာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ သာ ကောက်ခံလေ့ ရှိခဲ့သည်။

ယခုအခါ တီရောမှ မြို့တော် အိုက်ဇောအထိ ကုန်တင်ကား စီးလုံးဌားခသည်လည်း ယခင်က ရူပီး ၈ဝဝဝ ရှိရာမှ ၂၇ဝဝဝ ရူပီးအထိ မြင့်တက်သွားသည်။

မီဇိုရမ်ပြည်နယ်ထဲတွင် ရောက်ရှိနေသော မြန်မာကုန်သည်များ အနေဖြင့် အခွန်နှုန်းများ ပုံမှန်အနေအထား ပြန်မရောက်သေးသရွေ့ အမြတ်အစွန်း ကျန်ရှိခြင်း နည်းပါးသွားသဖြင့် ကုန်စည်တင်သွင်းမှု ပြုလုပ်ဖွယ် မရှိကြောင်း မြန်မာကုန်သည်များက ပြောဆိုကြသည်။

မြန်မာကုန်သည်တဦးက “အာဏာပိုင်တွေက သယ်ယူပို့ဆောင်ခ ပြန်မချသရွေ့တော့ လုပ်ငန်းပြန်စဖို့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဂိုဒေါင်အသစ် တည်ဆောက်ခြင်းကို ဇိုခွါထာရ် လူမှုဖူလုံရေးအသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့ အချင်းများချိန်ကလည်း အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်းခဲ့သေးသည်။

ဇွန်လနှောင်းပိုင်းတွင်မူ ကုန်သွယ်မှု ပြန်လည် စတင်ခဲ့သော်လည်း ကုန်စည်အခွန် တိုးမြှင့်ရာမှ မြန်မာကုန်သည်များအဖို့ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းသွားခြင်းလည်း ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ



ငြိမ်းဝေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008

(၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည့်အတွက် ၄၄ နှစ်မြောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အောက်မေ့ဖွယ် အခါသမယတွင် ဂုဏ်ပြုသည့်ဆောင်းပါး ဖြစ်ပါသည်။)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေ့လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလ အမျိုးမျိုးကို အခြေခံထားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
(က) ၁၉၀၀ ပြည့်နှစ်လွန် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

(ခ) ၁၉၂၀ ခုနှစ် ၀န်းကျင် အမျိုးသားရေးစိတ်ဓာတ်များ အနိုးကြားဆုံးကာလ

(ဂ) ၁၉၄၀ - ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ

(ဃ) ၁၉၄၈ ခုနှစ်အလွန် လွတ်လပ်စ ငြိမ်းချမ်းရေး၊ဒီမိုကရေး ကြိုးပမ်းမှုကာလ

ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ ခေတ်ကာလအသီးသီးနဲ့ တနည်း မဟုတ်တနည်း ပါဝင်ပါတ်သက်နေမှာပဲ ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာလည်း ကဗျာဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာတဦးဖြစ်တာမို့ အထက်က ကျနော်တင်ပြခဲ့တဲ့ ခေတ်ကာလ ၄ ခုအတွင်း မလွဲမသွေ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒါဆိုရင် အဲဒီခေတ်ကာလ ၄ ခုအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လို ရပ်တည်ခဲ့သလဲ။ ဘယ်လိုပါဝင်ပါတ်သက်ခဲ့သလဲ။

(က) ၁၉၀၀ ပြည့်နှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

၁၉၀၀ ပြည့်ဝန်းကျင်ကာလဆိုတာ ကျနော်တို့နိုင်ငံ၊ အင်္ဂလိပ်နယ်ချဲ့လက်အောက် တနိုင်ငံလုံး အပြီးအပိုင် ရောက်ရှိခဲ့ရတဲ့ ၁၈၈၅ - ခုနှစ်ကစပြီးတွက်ရင် ကျွန်သက် ၁၅ နှစ်ကြာ ကာလဖြစ်ပါတယ်။ ကျွန်ဘ၀ကိုစပြီး ရောက်တဲ့အချိန်ကစလို့ မြန်မာတမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို ၁၀ နှစ်တာကာလအတွင်း အင်္ဂလိပ်နယ်ချဲ့တွေဟာ ဗိုလ်ချုပ် ၃ ဦး ကွပ်ကဲတဲ့ စစ်အင်အား ၃၅၀၀၀ ကို အသုံးပြုပြီးမှ နှိမ်နင်းခဲ့ရပါတယ်။

ကျွန်ဘ၀ကိုရောက်ရှိပြီး ၁၀ နှစ်၊ ၁၅ နှစ်အထိ ခုခံရေးတိုက်ပွဲတွေ အရှိန်မသေခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ အသက်ဟာ ၂၀ ၀န်းကျင်ဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို အင်္ဂလိပ်တွေက အဆမတန် အင်အားသုံးပြီး နှိပ်ကွပ်ပြီးတဲ့နောက် အမျိုးသားရေးစိတ်ဓာတ်တွေ အညွှန့်ချိုးခံရသလိုဖြစ်ပြီး နယ်ချဲ့ကို အထင်ကြီး၊ နယ်ချဲ့ကို ကြောက်ရွံ့၊ နယ်ချဲ့နဲ့ ပူးပေါင်းသွားကြတဲ့ အမျိုးသားရေးစိတ်ဓာတ် ဖြူဖျော့သူများ ပေါ်ပေါက်လာနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလို အမျိုးသားရေးစိတ်ဓာတ် ဒီရေ ကျဆင်းနေတဲ့အချိန်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက့ 

"သတင်းလှစွာ၊ အင်းဝတည်စဉ်အခါက

ထီမထင်သကွာ ဘာကိုမျှမစိုးတဲ့အပြင်

စည်ပင်သာယာ မြန်မာတွေလဲ မညှိုးခဲ့ပေဘု

တမ်းခိုးဂုဏ်ထောင်ရောင်ခြည်နဲ့

မှောင်မသီပြောင်ကြည်လို့ထွန်းတဲ့ပြင်

တောင်ဒီမှာ အောင်စည်ရွှမ်းခဲ့တယ်

နန်းသိုက်ကွာဝေးကာမှ၊ လွမ်းလိုက်ပါသေး ... " ဆိုတဲ့ မိဘုရားရှင်ဘို့မယ်ဘွဲ့ကဗျာကို ရေးပါတယ်။ ဒါဟာ အမျိုးသားရေး စိတ်ဓာတ်နိုးကြားဖို့အတွက် အဲဒီအချိန်က ရှေ့ဆုံးက ရပ်တည်ထားတဲ့ သူရိယသတင်းစာကြီးမှာ ရေးခဲ့တာပါ။

ဒီနေရာမှာ တဖက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့ လွတ်လပ်တဲ့လူမျိုးအဖြစ် ရပ်တည်ခဲ့တဲ့ ဒဇာတိပုညဒ ကို ဖော်ထုတ်အမွှန်းတင်သလို၊ အခြားတဖက်ကလည်း အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်အစိုးရက ဖိတခါ ခြောက်တလှည့်၊ မြှောက်တခါ ပင့်တလှည့် လုပ်ထားလို့ မြန်မာတချို့က နယ့်ချဲ့ကို အထင်ကြီးပြီး နယ်ချဲ့ယဉ်ကျေးမှုကို လက်ခံပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အထင်အမြင်သေးလာကြပါတယ်။ မြန်မာနာမည် အခေါ်အဝေါ်တွေရဲ့ရှေ့က ဦးတို့၊ ကိုတို့၊ မောင်တို့ကို ဖြုတ်ပြီး မစ္စတာတွေ ရှေ့ကတပ်ပြီး မှည့်ကြ၊ ခေါ်ကြပါတယ်။ မင်းပွဲစိုးပွဲ၊ အခမ်းအနားတွေမှာ တောင်ရှည်ပုဆိုးကို ချွတ်ပြီး ဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စီးကြပါတယ်။ ဒီလိုအမျိုးသားယဉ်ကျေးမှု မှေးမှိန်ဖို့ ဖြစ်လာတဲ့အခါ ဆရာကြီးက ချဉ်ပေါင်ရွက်သယ် မောင်မှိုင်းဝတ္ထုထဲက အင်မတန် ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ဇာတ်ကောင် 'မောင်မှိုင်း' ရဲ့ နာမည်ကိုယူပြီး အဲဒီမောင်မှိုင်းရဲ့ရှေ့က မစ္စတာတပ်ပြီး 'မစ္စတာမောင်မှိုင်း' ကလောင်အမည်နဲ့ 'ဗိုလ်ဋီကာ' ဆောင်းပါးတွေကို ဒလစပ် ရေးပါတော့တယ်။ ဒီအခါကျတော့မှ မစ္စတာတပ်ပြီး ရင်ကော့၊ ခြေဖျားထောက်လမ်းလျှောက်ကြတဲ့ အမျိုးသားရေး စိတ်ဓာတ်ချွတ်ခြုံကျ မြန်မာတချို့ဟာ သတိသံဝေဂနဲ့ အရှက်ရစေခဲ့ပါတယ်။

ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိပုညကိုဖေါ်ထုတ်ပြီး၊ ဇာတိပုညမှေးမှိန်မှုကို သတိပေးပြီး အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ဖို့ ကြိုးစားခဲ့သလို မြန်မာတမျိုးသားလုံး ဆင်းရဲမွဲတေသထက် မွဲတေလာ ရတဲ့အဖြစ်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်သွေးစုတ်မှုသာဖြစ်တယ်ဆိုတဲ့ အတွေးကို ခြေရာခံနိုင်ဖို့ အခုလို ကဗျာမျိုးကိုလည်း ရေးခဲ့ပါတယ်။

” မွဲဘို့ရာကံကြမ္မာနှင့်

ဖန်လာပုံ ကုသိုလ်ကလည်းမကောင်းချင်တော့

အထက်ဟိုအညာမှာလေ

ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု

အညာမြေ ဌါနေဟောင်းဆီက

အကြွေး(တရာ)ကို၊ ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့

'အမယ်မင်း' မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့်

ခေါင်းတခါခါနှင့်ဆပ်လှစွာသော

လှလှ စွေ့စွေ့ရယ်နှင့်၊ ၀၀ပြည့်ပြည့် နပြာတရှဉ်းကိုလ

ကျောင်းတကာကိုသာအပ်လိုက်ပေရော့

ရသရွေ့ဘာဘာညာ ညာရယ်လို့မငြင်းလေနဲ့

'မလေးရယ်' ရောင်းကာသာဆပ်လိုက်ပေတော့၊ ရွာရှေ့ယာတခင်း ဆိုပြီး ”အညာ မင်္ဂလာဆောင်ဘွဲ့ လေးချိုးကြီး” ကဗျာမှာ တစစ ဆင်းရဲမွဲတေလာနေတဲ့ မြန်မာတောင်သူလယ်သမားတွေရဲ့ဘ၀ကိုလည်း မီးမောင်း ထိုးပြခဲ့ပါတယ်။

(ခ) ၁၉၂၀ ခုနှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် အနိုးကြားဆုံးကာလ

၁၉၂၀ ခုနှစ်ဝန်းကျင်ဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက်အားဖြင့် အသက် ၄၀ ကျော် ကာလဖြစ်ပါတယ်။ ဒီကာလမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း ပင်လယ်ရေလှိုင်းတွေလို တခုပြီးတခု မြင့်သထက် မြင့်လာနေတာတွေ့ကြရပါတယ်။ လယ်သမားဆိုရင်လည်း လယ်သမားမို့၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားမို့၊ ကျောင်းသားဆိုရင်လည်း ကျောင်းသားအလျောက်၊ လူတန်းစား အလွှာအသီးသီးဟာ တချိန်က တသီးတကန့်စီ လှုပ်ရှားနေခဲ့ကြရာက တပ်ပေါင်းစုပုံသဏ္ဍန်အဆင့်အထိ အမျိုးသားရေးတိုက်ပွဲ ပုံသဏ္ဍန်ဟာ တိကျမှန်ကန်အားကောင်းလာခဲ့ပါတယ်။

ဒီလို အမျိုးသားရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ထန်ပြင်းလာနေတဲ့အခါ အမျိုသားရေး တိုက်ပွဲ နည်းနာကိစ္စမှာလည်း အငြင်းပွားစရာတွေ၊ အမြင်ရှုပ်ထွေးနိုင်စရာတွေကို ကြုံကြရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဟိုတချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ဂုဏ်ရောင်ပြောင်စွာ နေလာနိုင်ခဲ့ကြတယ်ဆိုတဲ့ ခေတ်ကို ဖော်ထုတ် ပြောဆိုတဲ့အခါ အမျိုးသားလွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု အခိုင်အမာရှိမှုကိုပဲ မီးမောင်းထိုးသင့်ပြီး ပဒေသရာဇ်စနစ်ကို ပြန်လည်လက်ယပ်မခေါ်မိဘို့၊ နိုင်ငံရေးအမြင်ကြည်လင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို လူအတော်များများက မသိကြပါဘူး။ နယ်ချဲ့ကိုဆန့်ကျင်တဲ့အခါ အခုလို ခေတ်မီမှန်ကန်တဲ့ ခံယူချက်မထားနိုင်ခဲ့ကြပါဘူး။ ဒီနေရာမှာတော့ ဆရာကြီးဟာ မှားယွင်းတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို ခွဲခြားနိုင်ခဲ့ပါတယ်။ အမျိုးသားရေး ကျိုးပမ်းဆောင်ရွက်သူတွေထဲမှာ အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အငြင်းပွားလာရင် ဆရာကြီးက "မှန်ကန်တဲ့ အမျိုးသားရေးသမား" တွေဘက်က ရပ်တည်ပါတယ်။

ဒီနေရာမှာ ဟိုခေတ်ဟိုအခါအနေနဲ့ လွယ်မယောင်နဲ့ ခက်တဲ့ပြဿနာတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတို့၊ အင်္ဂလိပ်အစိုးရလက်အောက်မှာပဲ အိန္ဒိယနဲ့ တွဲပြီးနေမလား၊ ခွဲပြီးနေမလားဆိုတဲ့ တွဲရေး၊ ခွဲရေးပြဿနာ၊ တခါ ကုလားဗမာ အဓိကရုဏ်းပြဿနာတွေဟာ အမျိုးသားရေး ကြိုးပမ်းမှု လှေကားထစ် အဆင့်တိုင်း အဆင့်တိုင်းမှာ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်၊ ဒီနိုင်ငံရေး အကျပ်အတည်း၊ ဒီနည်းနာကိစ္စတွေဟာ တကယ်တော့ အဲဒီခေတ်က စာပေသမားတွေကို စိန်ခေါ်ခဲ့တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီတုန်းက အဲဒီအမျိုးသားရေး ကြိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ လှေကားထစ်တချို့မှာ အမျိုးသားရေး ၀ါဒီဆိုတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံရေးအမြင် မွဲကျံတဲ့အတွက် လှေကားထစ်ဆုံးတဲ့အထိ တက်မလာနိုင်ဘဲ လမ်းခုလတ်မှာတင် ဘေးထွက်ကျန်ရစ်ခဲ့ကြရပါတယ်။

ဒီတုန်းက ဆရာကြီးက အခုလို ကဗျာမျိုးရေးပြီး သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြတာတွေ့ရပါတယ်။

" သို့လော သို့လော၊ သဘောနှစ်ဖြာ

မြို့ရောတောပါ မကွဲတဲ့အပြင်

ပေါင်းအသင်း တညီတညာ

ကသောင်းကနင်း ဖီလာလဲ မခွဲကြပေဘု

ဘ၀င်စောဖြူသဒ္ဓါ တမောက်မောက်ကဲချိန်မို့

ရှင်ရောလူပါ သောက် သောက်လဲပါရော ... " ဆိုတဲ့ ကဗျာမျိုးကို ရေးပါတယ်။ ဒီကဗျာဟာ ဦးဘဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ ဘိလပ်ကို သွားပြီး အရေးဆိုနေတဲ့အချိန်မှာ နောက်ပိုင်းက ကျန်နေရစ်ခဲ့ကြတဲ့ ဒ၀ိုင်၊ အမ်၊ ဘီ၊ အေဒ လူကြီးပိုင်းတချို့က အဲဒီ ပုဂ္ဂိုလ် ၃ ဦးကို ကန့်ကွက်ပြီး ဘုရင်ခံက ရေးဆွဲတင်ပြတဲ့ ဓမြန်မာပြည် အနာဂတ် အုပ်ချုပ်ရေးဓ ဆိုတာကိုပဲ ထောက်ခံကြောင်း ကြေညာတဲ့အခါ 'ဘေ၊ ပု၊ ရှိန်' သုံးဦးရဲ့နောက် လူထုတရပ်လုံး နှလုံးမကွဲ၊ သဘောနှစ်ခု မရှိတဲ့အကြောင်း နှိုးဆော်တဲ့ ကဗျာကို ရေးခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အားလုံးသိရှိကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ပထမ၊ ဒုတိယ၊ သပိတ်တွေ၊ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့တာတွေ၊ ဆရာတော်ဦးဥတ္တမရဲ့ နိုင်ငံရေးကြိုးပမ်းမှု၊ ဂျီ၊ စီ၊ ဘီ၊ အေ အဖွဲ့ကြီးရဲ့ အကွဲအပြဲကိစ္စ၊ ဒိနောက်ပိုင်း ဆရာစံအရေးတော်ပုံ၊ ဗိုလ်စံဖဲအရေးတော်ပုံ၊ ၉၁ - ဌာနအုပ်ချုပ်ရေးကိစ္စ၊ ကုလားဗမာအဓိကရုဏ်း၊ သခင်ဂိုဏ်းကြီးပြိုကွဲခြင်း ... အစရှိတဲ့ သမိုင်းရေးပြဿနာတွေအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လိုရှုမြင်ခဲ့တယ်၊ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကို ကဗျာတပိုဒ်ချင်းစီ အနည်းငယ်မျှ ကျနော်တင်ပြချင်ပါတယ်။

" အော် ... တချို့တွေကဖြင့် အမြို့မြို့ကြွကြွပြီး

ငို့ဘ ပလီဥာဏ်ဖြင့်

ဝစီကံ အလိမ်အညာစကားတွေနှင့်

အတည်အမှန်ကိုလိမ်ကာ ထားတဲ့ပြင်

အသား ပြာတာတာနှင့်

ကုလားမြန်မာခွဲလျင်ဖြင့်

မနည်းပေါင် တကဲ့ တန်ခိုးတွေက မိုးနှင့်ကမ္ဘာတေမျှ ပေပ

ကိုးဆယ့်တဌါနကိုလ၊ မြန်မာရလျင် မရှည်ကြာဘု

တပြည်တရွာ မျက်နှာငယ်နှင့်ပြောင်းလာတဲ့

ကလီကမာ အနက်ထည်တွေဂျောင်းရမယ့်အပြင်

အပေါင်ဆုံးနယ်မြေမှာ အချောင်ဆုံးနယ်မြေကောင်းတွေတဲ့

သြော် ၀တိန်နီးအောင်ပ၊ အရှိန်ကြီးပေတဲ့ သိမ်ကြီးဈေး 'စူရတီဘဇာ' ကိုတောင်

ပုသိမ်မနီးမဝေး လူစည်ရာသို့ပြောင်း တဲ့ပြီး

အတွေးမသာယာတဲ့ ရသေ့တကာမွေ့စရာ ကောင်းပါတဲ့

သြော် ... ထမင်း၀၀ကျွေးမဲ့ဘုရင်ကိုတောင် မင်းကမွေးတဲ့ အင်းခွေးက အင်္ဂလန်မောင်းမည်သို့

ကပြောင်းကပြန် အရှုပ်ညဏ်သမားတွေရဲ့

ကြောင်းမတန် မဟုတ်မှန်စကားတွေနှင့်

မတရားတချို့ မတော်လေတယ်နော်ကွယ်

နားတဖြို့ဖြို့၊ ခါးသမို့သာပ ကြားလို့မလျော် ... "

ဒါကတော့ ၁၉၂၉ ခုနှစ်မှာဖြစ်လာတဲ့ ဟိုတုန်းက အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့ အိန္ဒိယနဲ့ တွဲမလား၊ ခွဲမလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါ၊ ကျွန်အချင်းချင်း ကြောချင်းကပ်ပြီး အမျိုးသားရေး တိုက်ပွဲဝင်တဲ့ နည်းဟာ မှန်ကန်တယ်ဆိုတဲ့ တွဲရေးအတွက် နှိုးဆော်တဲ့အစုနဲ့၊ အိန္ဒိယနဲ့ ခွဲပြီးနေသင့်တယ်ဆိုတဲ့ အစုရယ်လို့ ၂ စု ကွဲတဲ့အခါ အင်္ဂလိပ်အစိုးရရဲ့ သွေးခွဲရေးဥာဏ်နီဥာဏ်နက်ကို အမျိုးသားရေးခေါင်းဆောင် တချို့က အမှန်အတိုင်း မမြင်နိုင်ခဲ့ကြပါဘူး။ ခွဲရေးသမား ၂၁ ဦးကတဖက်၊ တွဲရေးသမား ဦးစိုးသိမ်း၊ ဦးချစ်လှိုင်တို့ အစုကတဖက် ဖြစ်လာပါတယ်။ လူထုကလည်း ဘယ်ဘက်ကို လိုက်ရမှန်း မသိအောင် ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာလည်း ခွဲရေးဘက်က ထောက်ခံတဲ့ သတင်းစာနဲ့ တွဲရေးဘက်က ထောက်ခံတဲ့ သတင်းရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီးက တွဲရေးဘက်က ထောက်ခံပြီး ရပ်တည်ခဲ့ပါတယ်။ ကိုလိုနီဘ၀လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ကိုလိုနီနိုင်ငံအချင်းချင်း ညီညွတ်လာနေတဲ့ အခြေအနေကို အင်္ဂလိပ်အစိုးရက ညီညွတ်ရေးပြိုကွဲအောင် ဖန်တီးလိုက်တဲ့ ပြဿနာဖြစ်တယ်ဆိုတာကို နားလည်ပါတယ်၊ ဆရာကြီးက နိုင်ငံရေးအမြင် မကြည်လင်နိုင်ခဲ့ကြတဲ့ ခွဲရေးသမား၂၁ ဦးနဲ့ ပတ်သက်ပြီး အခုလို ကဗျာဖွဲ့ပြီး ထိုးနှက်ရှုတ်ချလိုက်ပါတယ်။

"အစာမြင်လျင်။ ဗမာမခင်မူ၍

သာသနာပလ္လင်နှင့် ဝေးတဲ့အောင်

(အမယ်မင်း)ကျွေးမဟဲ့ အနှူးတွင်ဖြင့်

ခွေးအဖွဲ့ထူးရယ်လို့၊ နဘေးလှည့်လှည့်ပြီး

ပြေးသနဲ့၊ကျွေးမကွဲ့ မြူးတတ်တဲ့ ၀န်မင်းရယ်

ခွေးနှစ်ဆယ့်တဦး ..." ဆိုပြီးရေးခဲ့ပါတယ်။

ဆရာကြီးရေးဖွဲ့ရှုတ်ချခဲ့တဲ့ အဲဒီခွဲရေးသမား ၂၁ ဦးဟာလည်း အင်္ဂလိပ်ကပေးတဲ့ လစာ ၅၀၀၀ ကို ယူခဲ့ကြတာမို့ အမျိုးသားရေး သစ္စာဖောက်များအဖြစ်နဲ့ နာမည်ပျက်ခဲ့ကြပါတယ်။

တခါ ... ၊ တက္ကသိုလ်ကျောင်းသားများက ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေး တိုက်ပွဲခေါ်သံကို ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေပြီး ဟစ်ကြွေးလိုက်တဲ့ အခါမှာလည့်း့ 

"အော် ... ဝေးခရီးကပေမဲ့

အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့

ဆရာလည်းကွာ၊ ပထမအရင် ကနဦးဆီက

မြန်မာ့တခွင်မှာ၊ သမတ ရှင်ဘုရင် မလူးခင်ပ

' ထ ' ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့

' ထီ ' မထင်ကျောင်းတော်သားတွေရဲ့

အမည်စဉ်မှာ ခေါင်းအပေါ်ဖျားမှာလ

မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့" လို့၊ ရဲတင်းသံ အကျယ်လောင်ဆုံးနဲ့ ပြန်ထူးခဲ့ပါတယ်။

တခါ ... လယ်သမားသူပုန်ကြီး ဂဠုန်ဆရာစံရဲ့ ပုန်ကန်မှုကြီး ပေါ်ပေါက်လာတဲ့ အခါကျပြန်တော့လည်း ဓရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ..." ဆိုပြီး အတိအလင်း ထောက်ခံအားပေးခဲ့ပါတယ်။

ဒီလိုကျောင်းသားထုတိုက်ပွဲ၊ လယ်သမားထုတိုက်ပွဲတွေဟာ ရန်၊ငါ စည်းခြားဖို့ လွယ်ကူတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရန်၊ငါ ခွဲခြားဖို့ခက်တဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်ပွားလာတဲ့ အခါမျိုးမှာ တနည်းအားဖြင့် နိုင်ငံရေး နည်းနာအရ အမှန်အမှား ခွဲခြားဖို့ရန် ခက်ခဲတဲ့ ပြဿနာမျိုးတွေမှာ ဆရာကြီးရဲ့ ရပ်တည်ချက်တွေဟာ ဘယ်တော့မှ မမှားခဲ့တာ၊ မတွေဝေခဲ့တာ၊ မှုန်ဝါးခဲ့တာရယ်လို့ မရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဥပမာ တခုပြောရရင် ' ကုလားဗမာ အဓိကရုဏ်း' ပြဿနာမျိုး ဖြစ်ပါတယ်။ ကုလားတွေဟာ မြန်မာတမျိုးသားလုံးရဲ့ ရန်သူလား။ ရန်သူအစစ်ဟာ ဘယ်သူလဲ။ ဒီလိုခွဲခြားစမ်းစစ်တဲ့အခါ ကုလားလူမျိုးတွေဟာ မြန်မာတွေရဲ့ ရန်သူမဟုတ်ဘူး၊ အင်္ဂလိပ်နယ်ချဲ့ အစိုးရသည်သာ ရန်သူအစစ်ဖြစ်တယ်။ ကုလားဗမာ အဓိကရုဏ်းတွေ ဖြစ်လာရတာကိုက နယ်ချဲ့အစိုးရရဲ့ သွေးခွဲအုပ်ချုပ်မှု စနစ်ကြောင့်သာဖြစ်တယ် ကုလားလည်းကျွန်၊ ဗမာလည်းကျွန်ပဲ ကျွန်အချင်းချင်း လက်တွဲပြီး ဘုံရန်သူ အင်္ဂလိပ်နယ်ချဲ့ အစိုးရကိုသာ ဦးတည်တိုက်ကြရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီတုန်းက အဲဒီခေတ်၊ အဲဒီနိုင်ငံရေး ရေချိန်အရ ပြောရရင် အခုလို အမှန်အတိုင်းမြင်ဖို့ရာ ခက်ခဲလှတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ အမျိုးသားရေးဝါဒီတချို့ဆိုရင် ကုလားဆန့်ကျင်ရေး တရားတောင် ဟောခဲ့ကြသေးတယ်။ ဒီလိုအင်မတန် သိမ်မွေ့မြင့်မားလှတဲ့ နိုင်ငံရေးပြဿနာမျိုးမှာတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက " သြော် ... အခွန်တိုး စာရင်းတွေနှင့်၊ ၀န်ထမ်းပိုးမကင်းနိုင်တဲ့၊ အလွန်ဆိုးခြင်း ပမာမှာလေ၊ ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့သလား၊ နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊ အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊ အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊ စစ်ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာဓ ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုတ်ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။

(ဂ) ၁၉၄၀ ခုနှစ်လွန်ဝန်းကျင် လွတ်လပ်ရေဿးကြိုးပမ်းမှုများကာလ

ဒီကာလအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စိတ်နှလုံးကို အဆွဲဆောင်နိုင်ဆုံးအဖြစ်အပျက် ၂ ခုရှိပါတယ်။ တခုက ဖဆပလအဖွဲ့ချုပ်ကြီးက ခေါင်းဆောင်ပြီး အထွေထွေသပိတ်ကြီးဆင်နွှဲလာတဲ့ အဖြစ်အပျက်နဲ့ နောက် တခုက အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာတဲ့အခါ ဟိုအရင် ဗဟန်းကောလိပ် သပိတ်တိုက်ပွဲတွေကို ပြန်လည် အောင့်မေ့ပြီး စိတ်အားတက်ကြွစေတဲ့ 'လွတ်လပ်ရေးအတိတ် သပိတ်ဘွဲ့ မဟာကဗျာ လေးချိုးကြီး' ထဲမှာ ဆရာကြီး က အခုလို ထည့်သွင်းရေးစပ်ပါတယ်။

" မြန်မာတခွင်၊ သပိတ်အမှောက်ပေါချိန်မို့၊ ဆရာသခင် အရိပ်နမိတ် တဆိတ်ဟောလိုက်မကွဲ့၊ မြှောက်သနဲ့ ခြောက်သနဲ့၊ ရာဇာဂုဏ်းကို မြောက်တဲ့ ကြောက်တဲ့ အာရုံမခေါ်ကြလေနဲ့၊ (အမယ်မင်း) အဟောဒိဋ္ဌ လောဂျိတ်ပြသလိုပ၊ စောစိတ်က အောင်ပစေ အောင်ပစေ ညွှန်းညွှန်းပြီးတော့ (သြော်) တောသပိတ် ဒကာမတွေနဲ့၊ ရောကြိတ်လိုက် ရောကြိတ်လိုက်ဟလို့၊ သြဒိဿ အောင်သပြေ ညောင်ရေသွန်း ..." ဆိုပြီး ရေးပါတယ်။

ဒီနေရာမှာ ကြားညှပ်ပြီး ပြောစရာရှိတာက အထွေထွေသပိတ်ကြီးကို ကြောက်ပြီး ဘုရင်ခံ ဒဆာဒေါ်မန်စမစ်ဒ က ၀မ်းကိုက်လို့ဆိုတဲ့ အကြောင်းပြပြီး အင်္ဂလန်ကို ပြန်ပြေးတဲ့အခါ ဆရာကြီးက အင်္ဂလန်သို့ ဘုရင်ခံပြန်ပို့တဲ့ မေတ္တာစာလေးချိုးကို ရေးပါတယ်။ ဒီကဗျာထဲမှာ ဆရာကြီးက လူမျိုးခြားအစိုးရပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးအချင်းချင်း အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရမဆို မတရား ဖိနှိပ်သွေးစုပ်အုပ်ချုပ်ရင် လူထုက ဆန့်ကျင်ကြမှာသာဖြစ်ကြောင်း ရေးပါတယ်။ ဒီအချက်ဟာ ဆရာကြီးတို့ခေတ်၊ ဆရာကြီးတို့ ဖြတ်သန်းနေကြရတဲ့ ကာလမှာ ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက် ဘယ်လောက်အထိ မြင့်မားကြည်လင်တယ်ဆိုတဲ့ အချက်ကို အဖြေထုတ်ပေးတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးက အခုလိုဖွဲ့ပါတယ်။

" မြန်ပေါ်ဇမ္ဗူ လူတမျိုးဟာက

လူမျိုးခြား အရှင်သခင်မဆိုထားနှင့်တော့၊

ကိုယ့်အမျိုးသား ဘုရင်ကိုတောင် မမှီခိုသာမှဖြင့်

မကြည်ညို မသဒ္ဒါ ရက်ရက်စက်စက် ဆဲတဲ့ပြီး

သည်လိုအခါမှာ အသက်နဲ့လဲမဟဲ့လို့

ဝက်ဝက်ကွဲအောင် ဆူကြပူကြတဲ့အပြင်

လူအ လူန တက်တက်ရိုးတွေမို့

(အမယ်မင်း)အိုးတိုး အတနဲ့

အမျိုးမျိုး ဂွကျ ဂွကျပြီး

နသိုးထပိုး ကသကဲ့သို့ ရိုးရိုးရွရွ မရွှင်မပြုံးမှု၍

(သြော်)တန်ခိုးတပြပြ သူခိုးဓားပြကဲ့သို့သော

အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်းဓ

ဆရာကြီးရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ နောက်ထပ်အဖြစ်အပျက်တခုကတော့၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ အများသိကြတဲ့အတိုင်း ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အခါ ဆရာကြီးက ကဗျာတပုဒ်ရေးပြီး ကြေကွဲခဲ့ပါတယ်။ ဒီကဗျာတပုဒ်ဟာဖြင့် ဆရာကြီးဘယ်လောက်အထိ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်ဆိုတာ အလွန် ပေါ်လွင်စေတဲ့ ကဗျာပါ။

" သြော် ... အဆောင်ဆောင်နန်းတွေ ကြငှါန်းတွေနှင့်နှော

အခေါင်မမြန်းခင်က အောင်စာတမ်းချို့စေဘို့

အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်

အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်

သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်

ဒေါင်းလံ ပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင် ..." ဆိုပြီး ရေးပါတယ်။

(ဃ) ၁၉၄၈ ခုနှစ်လွန် လွတ်လပ်စ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ

၁၉၄၈ ခုနှစ် လွတ်လပ်ပြီးနောက်၊ ၁၉၅၀ ခုနှစ်တ၀ိုက်မှာ အမျိုးသားသွေးကွဲမှုကြီး ဖြစ်လာခဲ့ပါတယ်။ အမျိုးသား စည်းလုံးရေးပြိုကွဲမှုကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ တိုင်းရင်းညီအကိုအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်း၊ သွေးစွန်းတဲ့အထိ သွေးကွဲလာခဲ့ပါတယ်။ ဒီလို အမျိုးသား ညီညွတ်ရေးပြိုကွဲပြီး သွေးစွန်းတဲ့အထိ ပဋိပက္ခှတွေ ဖြစ်လာတဲ့အခါ ဆရာကြီးက ဒီပြဿနာတွေကို နိုင်ငံရေးနည်း၊ တနည်းအားဖြင့် အကြမ်းမဖက်တဲ့ နည်းနဲ့သာ ဖြေရှင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာရအစိုးရ တာဝန်ရှိသူတွေဟာ ဆရာကြီးရဲ့စကားကို လျစ်လျှူရှုခဲ့ကြပါတယ်။ အပြုတ်တိုက်ရေးလမ်းစဉ်ဟာ မှားပြီး အကြမ်းမဖက် ဆွေးနွေးညှိနိုင်းရေး လမ်းစဉ်က မှန်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ သင်ပုန်းချေတဲ့ နည်းနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က မကျင့်သုံးနိုင်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်း ထတောက်ပါတော့တယ်။ ဒါကြောင့်မို့ ဆရာကြီးက နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကြီးကို ဖွဲ့ပြီး ရန်ကုန်မြို့လုံးကျွတ် ငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး လုပ်ပါတယ်။ လူထုပရိသတ် ၂၀၀၀ ကျော် ပါဝင်ပြီး၊ သံဃာထု ၃၀၀၀ ပါဝင်တဲ့ သံဃာထုအစည်းအဝေးကြီး ဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ပန်ကြားလွှာတွေ ထုတ်ပါတယ်။ ဒီကိစ္စကို ထိရောက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ၀န်ကြီးချုပ်ဦးနုက အတွေ့မခံခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ " သူမသာ ကိုမနာ နည်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ကြပါ၊ တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ သြ၀ါဒ" ဟာ တမျိုးသားလုံးရဲ့ နှလုံးသားမှာ စွဲမက်သွားစေခဲ့ပါတယ်။

ဒါပေမဲ့လည်း တတိုင်းပြည်လုံး ပြည်တွင်းစစ်မီး တားမရ ဆီးမရ၊ ငြှိမ်းမရ သတ်မရ ဖြစ်လာတဲ့အခါ ဆရာကြီးခမျာ သောကဖိစီးပြီး အခုလို ကဗျာမျိုးကို ဖွဲ့ပါတယ်။

" ဒဂုံမြို့က အလွန်အကျွံ ချီးကြတဲ့

ချွန်လည်း ချွန်သတည်းဆိုတဲ့ ထိုတကဲ့ဝန်ကြီးခမျာတွေကို

အလွန်လည်း ဆရာသနားမိတဲ့အပြင်

အများတပည့် ကိုယ့်အမျိုးဘာသာတွေမှာ ခိုကိုးရာမဲ့ချိန်မို့

တလှဲ့တဖုံမျိုးသာပ ဘိုးဘိုးခေါ်ဒဆရာအောင်ဒနှင့်

မြန်မာဘောင် ကနက်ဘမရာသနဆီသို့

လာမယောင် ' စင်္ကြာ ' တမိပါတော့

လောကတခွင်မှာနော်ကွယ်

ဟောမရ ပြောမရတွေကြောင့် သောက ပူပင်" ဆိုပြီး ပူဆွေးမြည်တမ်းခဲ့ပါတယ်။

အဲဒီ လွတ်လပ်စခေတ်ဦးမှာပဲ အာဏာရအစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ' အလင်္ကာ ကျော်စွာဘွဲ့' အပ်နှင်းပါတယ်။ နိုင်ငံတော် အထောက်အပံ့ဆိုတာမျိုးတွေ ပေးပါတယ်။ ဒီအခါကျတော့ လူတချို့က ဆရာကြီးကို အစိုးရက ချီးမြှောက်သလိုလိုနဲ့ စည်းရုံးသိမ်းသွင်းတာ ခံနေရပြီလို့ ဝေဖန်ကြပါတယ်။ ဆရာကြီးကတော့ ဟောသလိုကဗျာမျိုး ရေးပြီး သူ့ရပ်တည်ချက်က ဘယ်လိုဆိုတာ နိုင်ငံသိအောင် ကြေညာလိုက်ပါတယ်။

" သြော် ...နှီသည့် အတွက်ကယ်ကြောင့်

ဆီထည့်သည့် ခွက်လိုပေါ့

ပီတိပွက်ပွက်ပြီဲး ပြည်ကြီးဘက်မှာ အတော်ပေါတဲ့ပြင်

ဘော်ကြော့ဘက်မှာ တသက်လည်း ချစ်မကွာ ချစ်မကွာနဲ့ မေတ္တာရောက်လေတော့

တချက်တည်း ပစ်ပစ်ခါခါ သစ္စာဖောက်မယ်လို့

သခင် - အထင်မရောက်ကြလေနဲ့

မကြောက်မညှာာ မှန်ရာလုပ်သူမို့

အနုတ်စုတ် ဂုတ်စုတ်၊ အမြှောက်စိန် ဖေါက်ချိန်လို့ ခွဲသလိုပေါ့

တသုပ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလဲ

သြော် - အသင်းတို့ အပင်းတို့ သတင်းတို့နဲ့ အဆက်မကွာအောင်ဟာ

မင်းတို့ဘက်မှာသာ ကြဲမဲ့ နွှဲမဲ့ပြင် ..."

ဒါကတော့ ဆရာကြီးက သူဟာ လူထုဖက်သာရပ်မယ့်လူဖြစ်တယ်လို့ အတိအလင်းကြေညာတဲ့ ကဗျာပါပဲ။

၁၉၅၂ ခုနှစ်အလွန်မှာ ကိုရီးယားစစ်ပွဲဟာ၊ ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါတယ်။ ပြည်တွင်း စစ်မီးက မငြိမ်းသတ်နိုင်တဲ့ကြားက ကမ္ဘာ့စစ်မီး ထတောက်တော့မယ့် အန္တရာယ်ကိုလည်း မြင်ရတော့ ဆရာကြီးအဖို့ အင်မတန် သောကရောက်ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို အသက် ၇၀ ကျော်ကာမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ရရှာပါတယ်။

၁၉၅၂ ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံ ကိုယ်စားလှယ်များနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကို ဆရာကြီး တက်ရောက်ပြီး ကမ္ဘာ့စစ်မီး ထတောက်မယ့်အရေးကို ၀ိုင်းဝန်းဖြေရှင်းကြဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကိုလည်း တက်ရောက်ခဲ့ပါတယ်။

ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆရာကြီးထားရှိတဲ့၊ ဆရာကြီးလက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး နည်းနာဆိုတာ၊ မူအားဖြင့် လူထုနည်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ နည်းဖြစ်ပါတယ်။ လူထုညီညွတ်ရင် စစ်မီးတွေကို နိုင်အောင်ငြှိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ စစ်မီးတွေ၊ ပြည်တွင်းစစ်မီးတွေကို မွှေးတဲ့ တရားခံဟာ၊ နယ်ချဲ့သမားတွေနဲ့ ဖောက်ပြန်မှားယွင်းတဲ့ အစိုးရတွေသာဖြစ်တယ်ဆိုတဲ့ စစ်ကိုဖန်တီးတဲ့ စစ်ရဲ့တရားခံကိုလည်း ရှင်းရှင်းပြတ်ပြတ်ပဲ မြင်ပါတယ်။ တခါ စစ်မီးတွေကို အပြီးအပြတ် ငြှိမ်းသတ်နိုင်တဲ့နည်းဟာ အပြုတ်တိုက်ရေးနည်း မဟုတ်ဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့နည်းသာ မှန်တယ်ဆိုတဲ့ နည်းကို ဆရာကြီးက ယုံကြည်ပါတယ်။

တခါ ...၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ လူတန်းစားအမြင် ကြည်လင်ဖို့လည်း လိုအပ်ပါတယ်။ ဆရာကြီးဟာ အလုပ်သမား၊ လယ်သမား လူတမ်းစား ၂ ရပ်ရဲ့ အရေးပါပုံကို လက်ခံသူဖြစ်ပါတယ်။ ဒါဟာ ဟိုခေတ် ဟိုအခါ သမိုင်းရေးအခြေအနေမှာ အမှန်ကန်ဆုံးနဲ့ အတိုးတက်ဆုံးအမြင်ဖြစ်ပါတယ်။ ဒီလိုအယူအဆကို ဆရာကြီးရဲ့ ကဗျာတပုဒ်မှာ အခုလိုတွေ့ရပါတယ်။

" သြော် ... ဇမ္ဓူတခွင်တွင်ဖြင့်

လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်းတူကြ၊ မတူချင်လဲ နေကြပေါ့နော်

ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့

တူတံဇင် ဓမ္မ ကထိကမှိုင်းရယ်လို့

ကမ္ဘာ့အထိကရ နှစ်ပိုင်းတွင်ဖြင့်

စစ်ကိုင်းအောင် ကမ္ဘားယံတခွင်

(အိုကွယ်)ကမ္ဘာ့က၀ိဓစ မှိုင်းရယ်လို့

သမိုင်းအောင်လံတင် ..." ဆိုပြီး ရေးတာတွေ့ရပါတယ်။

ဒီကဗျာပိုဒ်ထဲက အောက်ပါစာသားတွေကို ဂရုတစိုက်ထားပြီး ဖတ်ကြည့်ပါ။

" လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်း တူကြ၊မတူချင်လဲ နေကြပေါ့နော် ..."

ဒီကဗျာစာသားတွေဟာ ဒီကနေ့ လက်ခံကျင့်သုံးလာကြတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ၀န်းကျင်ကတည်းက လက်ခံယုံကြည် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အချက်ကို အံ့သြဘွယ် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဂိုဏ်းဂနကိစ္စ၊ ပုဂ္ဂလကိစ္စ၊ အယူဝါဒကိစ္စ၊ လူမျိုးကိစ္စ၊ ဘာသာကိစ္စတွေမှာ ဆရာကြီးရဲ့အမြင်ဟာ ဓမတူတာတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဓဆိုတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီး လက်ခံယုံကြည်ခဲ့တယ်ဆိုတာ သိတာထင်ရှားစေနိုင်တဲ့ ကဗျာစာသားများဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်ဘာ့ကြောင့်တင်ပြခဲ့ရသလဲ။

ကျနော်တို့ စာပေသမားတွေအနေနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ရပ်တည်ဖြေရှင်းသင့်သလဲဆိုတဲ့ အဖြေကိုရဖို့အတွက် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော် တင်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆီက ကျနော်တို့အတုယူ သင့်တဲ့အကြောင်း တင်ပြခဲ့တာပဲဖြစ်ပါတယ်။

အမှန်အားဖြင့် ၀န်ခံရမယ်ဆိုရင် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကျနော် တင်ပြခဲ့တာ ပြီးပြည့်စုံခြင်း မရှိဘူးဆိုတာ ၀န်ခံရမှာဖြစ်ပေမယ့် ကျနော် လက်လှမ်းမီသလောက် အခုလို တင်ပြခြင်းဖြင့်ပဲ စာပေရဲဘော်များအတွက် တစုံတရာ အကျိုးရှိစေမယ့် တင်ပြချက် ဖြစ်နိုင်ကောင်းရဲ့လို့ ကျနော် ယုံကြည်မိပါတယ်။

ညှိနှိုင်းကိုးကားသည့် စာအုပ်များ

(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်

(၂) သခင်ကိုယ်တော်မှိုင်း လက်ရွေးစဉ်လေးချိုးတရာ (မောင်တင်ရွှေ)

(၃) ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်းး)

(၄) စာပေအင်အား (အထက်ဗမာနိုင်ငံစာရေးဆရာအသင်း)

(၅) ခွေးဋီကာ (သခင်ကိုယ်တော်မှိုင်း)

(၆) မြန်မာကဗျာစာတမ်းများ(စာပေဗိမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ်)

(၇) သခင်ကိုယ်တော်မှိုင်း(မောင်တင်ရွှေ)

(၈) မှာတော်ပုံနှင့် စစ်ကိုင်းပြန်မှာတော်ပုံ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကုလ လူသားချင်းစာနာမှု အကြီးအကဲ မုန်တိုင်းသင့်ဒေသ လေ့လာ

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ်။
22 July 2008

မြန်မာနိုင်ငံ လေဘေးကယ်ဆယ်ရေးအတွက်ဒေါ်လာသန်း ၁,၀၀၀ လောက် လိုအပ်မယ်လို့
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကဲဖြတ်ဆန်းစစ်ချက်တွေ ထွက်ပေါ်လာချိန်မှာပဲ ကုလ
သမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ် (John Holmes)ဟာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဒီနေ့သွားရောက်လေ့လာပါတယ်။ မစ္စတာဂျွန်ဟုမ်းစ်ဟာ နိုင်ငံတကာအလှူရှင်တွေနဲ့လည်း တွေ့ဆုံဖို့အစီအစဉ်ရှိတယ်လို့ ကုလသမဂ္ဂ အရာရှိတွေကပြောပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးကတင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာဂျွန်ဟုမ်းစ်ဟာ ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့ကို ရောက်တယ်ဆိုရင်ပဲ ချက်ချင်း ဧရာဝတီတိုင်း ဘိုကလေးမြို့ကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။

သူနဲ့အတူ မြန်မာစစ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အခြားအရာရှိတွေလည်း
လိုက်ပါသွားခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းမှာ ရန်ကုန်ကိုပြန်လာပြီး ကုလသမဂ္ဂ အရာရှိ
တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံး သတင်းပြန်ကြားရေး
အရာရှိ အီရာ နော်ဗီယာ လက်စ်မီတာ (Eira Noviera Laksmita) က ပြောပါတယ်။
မစ္စတာဟုမ်းစ်ရဲ့ သုံးရက်ခရီးစဉ်နဲ့ ပတ်သက်လို့ …

"မနက်ဖြန်မှာ မစ္စတာဂျွန်ဟုမ်းစ်ဟာ ရန်ကုန်မြို့မှာပဲ ရှိနေဦးမှာဖြစ်ပြီး နိုင်ငံတကာ
အလှူရှင်တွေ၊ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရ
လက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာတော့ နေပြည်တော်ကိုသွားရောက်ပြီး မြန်မာစစ်အစိုးရ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး အခြားအရာရှိတွေကိုလည်း
တွေ့မှာဖြစ်ပါတယ်" လို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ အီရာ နော်ဗီယာ
လက်စ်မီတာက ပြောဆိုသွားတာပါ။

ဒါ့အပြင် မစ္စတာ ဂျွန်ဟုမ်းစ်ရဲ့ အခုခရီးစဉ်နဲ့ပတ်သက်လို့ ...

"အခု မစ္စတာဂျွန်ဟုမ်းစ်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာ
ထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေရဲ့ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်
ဆောင်ရွက်နေတဲ့ တိုးတက်မှုအခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ သွားတာပါ။
မြန်မာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပထမဆုံးတင်ပြတဲ့ သတင်းအချက်
အလက်တွေကို ရယူဖို့ပါ" လို့ အီရာ နော်ဗီယာ လက်စ်မီတာက ပြောဆိုသွားတာပါ။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာဂျွန်ဟုမ်းစ်
ဟာ ကြာသပတေးနေ့ နေပြည်တော်ကပြန်လာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ
နယူးယောက်ခ်ကို ပြန်မှာဖြစ်ပါတယ်။

အခုလို မစ္စတာဂျွန်ဟုမ်းစ် မြန်မာနိုင်ငံကို သွားရောက်တဲ့အချိန်ဟာ မြန်မာလေဘေးနဲ့
ပတ်သက်လို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ စစ်အစိုးရ သုံးဖွဲ့ပေါင်းဆန်းစစ်ချက် အစီရင်ခံစာ
တွေ အာဆီယံ အစည်းအဝေးအတွင်း တင်ပြခဲ့တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မြန်မာနိုင်ငံအတွင်း လေဘေးကြောင့် ပျက်ဆီးတဲ့ပမာဏ အမေရိကန်ဒေါ်လာ
သန်းပေါင်း ၁၇,၀၀၀ နဲ့ လူတွေရဲ့ဝင်ငွေ ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ သန်းပေါင်း
၂၃,၀၀၀ စုစုပေါင်း သန်းပေါင်း ၄,၀၀၀ လောက် ပျက်ဆီးခဲ့တယ်လို့ အစီရင်ခံစာက
ဆိုပါတယ်။ လတ်တလော သုံးနှစ်အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ
အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ လိုအပ်မယ်လို့ အစီရင်ခံစာက ပြောပါတယ်။

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုန်တိုင်းဒဏ်ကယ်ဆယ်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးအုံးကြိုင်ကတော့ ဒီလို ဆန်းစစ်ချက် အစီရင်ခံစာပါ အကူအညီပမာဏနဲ့
ပတ်သက်လို့ အခုလို ပြောပါတယ်။

"ကယ်ဆယ်ကူညီရေးကိစ္စ သက်သက်ကိုပဲ အဲဒီလောက်လိုပါတယ်။ ပြန်လည်ထူထောင်
ရေးအတွက်ဆိုရင်တော့ စနစ်တကျ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အချိန်လည်း လုံလုံ
လောက်လောက် မရှိသေးပါဘူး။ ကျနော်တို့ သွားလာလှုပ်ရှားဖို့ အကန့်အသတ်တွေ
လည်း အများကြီးရှိနေပါတယ်။ ပြန်လည်ထူထောင်ရေးအတွက်ဆိုရင်တော့ ဒါ့ထက်
ကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံ လေ့လာပြီးတော့ တိုင်းထွာကြည့်ရှုပြီးမှ ပြောနိုင်ပါ
မယ်။"

မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီတွေ ရယူရာမှာ အခုထုတ်ပြန်လိုက်တဲ့
ဆန်းစစ်ချက် အစီရင်ခံစာက အထောက်အကူပြုလိမ့်မယ်လို့ အာဆီယံခေါင်းဆောင်
တွေက မျှော်လင့်ပါတယ်။ ဦးအုံးကြိုင်ကတော့ နိုင်ငံတကာ အကူအညီတွေနဲ့
ပတ်သက်လို့ အခုလို ပြောပါတယ်။

"နိုင်ငံတကာ အကူအညီတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့အဖွဲ့ချုပ်မူအရ
လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးတဲ့နေရာမှာ မြင်သာထင်သာရှိရမယ်၊
စစ်ဆေးကြီးကြပ်ပိုင်ခွင့် ရှိရမယ်၊ တာဝန်ယူနိုင်ရမယ်။ အဲဒါမှသာ ဒီအကူအညီတွေဟာ
ကျနော်တို့အဖွဲ့ချုပ်က အခုဆောင်ရွက်နေတဲ့ ပုံစံအတိုင်း အထိရောက်ဆုံးနဲ့ အမြန်ဆုံး၊
အကောင်းဆုံး၊ တကယ့် အလိုအပ်ဆုံးနေရာတွေကိုရောက်အောင် Mechanism
ကလည်း လိုပါတယ်။ အဲဒါ ကျနော်တို့ပြောချင်ပါတယ်။"

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ နိုင်ငံတကာ အကူအညီ
တွေ မရရင်လည်း မြန်မာနိုင်ငံအနေနဲ့ ရှိတဲ့အရင်းအမြစ်ကိုသုံးပြီး ပြန်လည်
တည်ဆေက်ရေးလုပ်ငန်းတွေ လုပ်မယ်လို့ အာဆီယံ အစည်းအဝေးအတွင်း ဆန်းစစ်
ချက် အစီရင်ခံစာ ထုတ်ပြန်ပြီးချိန်မှာ ပြောဆိုထားပါတယ်။ တချိန်တည်းမှာ နိုင်ငံ
တကာအနေနဲ့ မြန်မာနိုင်ငံကို ၀ိုင်းဝန်းကူညီဖို့လည်း သူက ပန်ကြားသွားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းကြောင့် ငွေဖောင်းပွမှု (၄၀) ရာနှုန်းကျော်နိုင်

သတင်းထောက် မောင်မန်း / ၂၂ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှု နှုန်းမှာ ၂၀၀၇ ခုတွင် (၃၄) ရာနှုန်းရှိရာမှ ၂၀၀၈ ခုတွင် (၄၀) ရာနှုန်းထိ ထောင်တက်သွားနိုင်ပြီး မြန်မာ စီးပွားရေးအတွက် စိုးရိမ်ဖွယ် အခြေအနေမှာ ဆက်လက်ရှိနေမည်ဟု ဇူလိုင် (၂၁) ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (PONJA) အစီရင်ခံစာက ထောက်ပြထားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ကာလများတွင် ငွေဖောင်းပွမှုနှုန်းပါ တွဲပါလာတတ် သည့် သာဓကအများအပြားရှိခဲ့သည်။ ဆူနာမီဘေးထိ ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ အာချဲပြည်နယ်ဆိုလျှင် ဆူနာမီမတိုင်မီက ငွေဖောင်းပွမှုနှုန်း (၇) ရာနှုန်းကနေ ပြန်လည်ထူထောင်ရေးကာလတွင် ငွေဖောင်းပွမှု (၄၀) ရာနှုန်းထိ တက်သွားသည်ဟု အစီရင် ခံစာက ထောက်ပြထားသည်။ သို့သော် အမှန်တကယ် ငွေဖောင်းပွမှုနှုန်းက (၄၀) ရာနှုန်းထက် ပိုများနိုင်သည်ဟု မြန်မာစီးပွားရေး ပညာရှင်များက မှန်းထားသည်။

PONJA အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံ ငွေဖောင်းပွမှုနှုန်းသည် နာဂစ်ပြန်လည် ထူထောင်ရေး အစီအစဉ်၊ လုပ်ကိုင်ပုံအနေထား၊ လိုအပ်ချက်တွေ ပြည့်မီအောင် ဖြည့်ဆည်းမှုအတိုင်းအတာပေါ် မူတည်၍ ထပ်တက်လာနိုင်သည်ဟု ဆိုသည်။

မုန်တိုင်းတိုက်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပျက်စီးမှု၊ ဈေးကွက်များ၊ သိုလှောင်ရိက္ခာ ပျက်စီးမှု၊ အသက်ဆုံးရှုံးမှုတို့ကြောင့် လက်ရှိငွေဖောင်းပွမှုနှုန်းကို တိုးမြင့်စေသကဲ့သို့ ကုန်စည် ဖြန့်ဖြူးရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

မုန်တိုင်းထိသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စသည်နှင့် လုပ်အားလို လာခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပိုမိုလိုလာခြင်း စသည့်အချက်များကြောင့် လည်း ငွေဖောင်းပွမှုကို ထပ်မံမြင့်တက်စေသည့် အကြောင်းတရားများဖြစ်သည်ဟုပါ အစီရင် ခံစာတွင် ထောက်ပြထားသည်။

အပြည့်အစုံဖတ်လိုလျှင်

အမျိုးသမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့်အဖွဲ့ ချင်းမိုင်တွင် မြန်မာ့အရေးဆွေးနွေး

ကျော်ထင်/ ၂၂ ဇူလိုင် ၂၀၀၈

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ပါမောက္ခJody Williams ၊ ယူနက်စကို၏ ငြိမ်းချမ်းရေးသံတမန် ရုပ်ရှင်သရုပ်ဆောင် Mia Farrow အပါအ၀င် နိုင်ငံတကာမှ ထင်ရှားသည့် နိုင်ငံရေးအခွင့် အရေးလှုပ်ရှားသူ အမျိုးသမီးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ဆွေးနွေးပွဲပြု လုပ်ခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် Jody Williams နှင့် အမျိုးသမီးခေါင်းဆောင်များက ဆူဒန်၊ အာဖဂန်နစ္စတန်နှင့် တရုတ်နိုင်ငံတို့တွင် အမျိုးသမီးများ အခွင့်အရေးချိုးဖောက်ခံရမှု များနှင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသမီးများအရေးကို အလေးထား ဆွေးနွေးခဲ့ကြသည်။

၁၉၉၇ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Jody Williams နှင့်အဖွဲ့သည် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) မှ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့ကြပြီး ယခု သူမတို့ခရီးစဉ်နှင့် ပတ်သက်ပြီး လာမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြသွားမည်ဟု ဆွေးနွေးပွဲအပြီး သတင်းထောက်များအား ပြောသည်။

စင်ကာပူတွင် ကျင်းပဆဲဖြစ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ လွတ်မြောက်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာမှုအပေါ် Jody Williams က “သူ တကယ်လွတ်မြောက်တဲ့အခါကျမှ ကျမယုံကြည်မယ်၊ ကျမအနေနဲ့ မြန်မာ စစ်အာဏာရှင်တွေအပေါ် ဘယ်လိုမှ ယုံကြည်မှု မရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ သူတို့က လိမ်နေ တာလေ၊ သူတို့က ကိုယ့်ပြည်သူတွေကို သတ်ဖြတ်ပြီး အာဏာတည်မြဲရေး လုပ်နေတာပဲ” ဟု ပြောသည်။

မြန်မာအမျိုးသမီးများကိုယ်စား ပါဝင်ဆွေးနွေးသူတဦးဖြစ်သည့် WLB သဘာပတိအဖွဲ့ဝင် ဒေါ်တင် တင်ညိုက ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားတက်ကြွသည့် အမျိုးသမီးများအရေး အပါအ၀င် နယ်စပ် ဒုက္ခသည်စခန်း အခြေအနေ၊ ပြည်တွင်း ပုန်းရှောင်ဒုက္ခသည်များ အရေးကိုလည်း နိုဘယ်လ်ငြိမ်း ချမ်းရေးဆုရှင်များအဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များအဖွဲ့၏ မြန်မာ့အရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ၎င်းက “သူတို့ဟာ နိုင်ငံတကာမှာဆိုရင် အသိမှတ်ပြုခံရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြီးတော့ Jody Williams တို့လို၊ Mia Farrow တို့လို အမျိုးသမီးတွေက ကမ္ဘာက အသိမှတ်ပြုခံရတဲ့သူတွေ၊ သြဇာညောင်းတဲ့သူတွေလေ။ သူတို့အနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာမှာ လိုက်ပြီး လေးလေး နက်နက်နဲ့ Lobby လုပ်ပေးနိုင်မယ်၊ ပြောပေးနိုင်မယ်ဆိုရင် ကျမယုံကြည်တာက နိုင်ငံတကာ အစိုးရတွေ၊ UN ရှိတဲ့လူတွေ၊ သာမန်လူတွေကအစ ပိုပြီးတော့ ကျမတို့အရေးကို အာရုံစိုက် လာမယ်၊ အလေးအနက်ထားလာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး(၁၂) ဦးအား ချီးမြှင့်ပေးခဲ့ပြီး လက်ရှိတွင် (၇) ဦး သက်ရှိ ထင်ရှားရှိကာ ၎င်းတို့အထဲ၌ ဒေါ်အောင်ဆန်းစုကြည်မှာ တဦးတည်းသော အကျဉ်းကျခံ ငြိမ်းချမ်း ရေးဆုရှင်ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်ရန်ပုံငွေ ကာတွန်းပြပွဲ ဆင်ဆာအလုပ်ခံရ

NEJ/ ၂၂ ဇူလိုင် ၂၀၀၈

နာဂစ်ရန်ပုံငွေအတွက် မြန်မာကာတွန်းဆရာများ၏ “မုန်တိုင်းမှ နိုးထခြင်း” အမည်ရှိ ကာတွန်းပြပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ လောကနတ် ပန်းချီခန်းမတွင် ပြသသည်။

ပန်းချီကားပေါင်း (၁၄၆) ကားကို ပန်းချီဆရာ (၆၄) ဦးက ရေးဆွဲကာ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် ရည်ရွယ်၍ ပထမဦးဆုံး ကျင်းပသည့် ကာတွန်းပြပွဲဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပါဝင်ပြသကြသည့် ကာတွန်းဆရာများမှာ နာမည်ကြီး ကာတွန်းဆရာ အော်ပီကျယ်၊ ကိုရွှေထူး (ပြည်) ကာတွန်းမြင့်သိန်း၊ ရွှေမင်းသား၊ စိုးသော်တာ၊ ကာတွန်းလှဖေ၊ အောက်တိုဘာအောင်ကြီး၊ အကိန်း၊ ဖေသစ်တည်၊ ညီပုချေ၊ အောင်ဌေးမင်း၊ အောင်မင်းမင်း၊ နောက်နောက်၊ မောင်နန္ဒ၊ မောင်တင်ယု စသူတို့ ပါဝင်ကြသည်။

ကာတွန်းဆရာတဦးလျှင် ကာတွန်း (၃) ခုထိ ပါဝင်ပြသခွင့်ရပြီး ကာတွန်းများကို စစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးသည်။

ကာတွန်းဆရာ ညီပုချေ၏ “ပြီးစလွယ်” ကာတွန်းကား၊ ဆရာအောင်ကောင်း၏ “ရုက္ခစိုး”၊ ဆရာ အောက်တိုဘာအောင်ကြီး၏ “ကံကောင်းခြင်းလက်ဆောင်”၊ ဆရာဝင်းအောင်၏ “လောကကိုအလှ ဆင်မယ်” စုစုပေါင်း ကာတွန်း (၄) ကားကို အားလုံးပြသရန် နံရံတွင် ကပ်ထားပြီးမှ ကာတွန်း စိစစ်ရေးက ပြသခွင့်မပြုဘဲ ပြန်ဖြုတ်ခိုင်းခဲ့သည်။

ပြပွဲလာသူ စာရေးဆရာ မောင်ဝံသက “ ဘ၀မုန်တိုင်း၊ လောကဓံမုန်တိုင်း၊ နိုင်ငံရေးမုန်တိုင်းတွေ ရှိတယ်။ မြန်မာကာတွန်းဆရာတွေက ပြည်သူတွေကို တင်ပြတဲ့အခါ မေတ္တာ၊ ဂရုဏာ၊ စေတနာ တွေနဲ့ တင်ပြတာရှိတယ်၊ အခုနာဂစ်နဲ့ ပတ်သက်ပြီး ကာတွန်းမှာ အဲဒီလို တင်ပြမှုတွေအပြင်
ဝိညာဉ်တွေက မုန်တိုင်းလာမယ်ဆိုတာကို သိတယ်။ ဒါပေမယ့် ဘယ်လောက်ပြင်းမယ်ဆိုတာ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာ မသိခဲ့ဘူးဆိုတဲ့ ကာတွန်းတွေ၊ သစ်ပင်တွေကို ၀ိသမလောဘနဲ့ ခုတ်ရောင်း၊ စီးပွားရှာ၊ တဖက်နိုင်ငံကို ရောင်းလို့ ရာသီဥတုဖောက်ပြန်တဲ့အတွက် နာဂစ်တိုက်တာ ဆိုတာမျိုး၊ ဒီရေတောတွေ ပြုန်းတီးမှုပုံရိပ်တွေ၊ ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါ ဖြတ်စား၊ လာဘ်စားလုပ်တာတွေ စသဖြင့် အားလုံးကို တင်ပြထားတာ တွေ့ရတယ်။ ဒါဟာ မြန်မာ ကာတွန်းဆရာတွေရဲ့ အနုပညာ အစွမ်းတွေပါ” ဟု ပြောသည်။

ကာတွန်းအားလုံးကို လာကြည့်သူတိုင်းက စိတ်ဝင်စား ကြိုက်နှစ်သက်ကြပြီး “အော်ပီကျယ်ရဲ့ ကာတွန်းမှာ မုန်တိုင်းတိုက်လို့ အားလုံးလွင့်ပြီးကုန်နေတာတောင် ထိုင်ခုံပျောက်မှာစိုးလို့ လက်နဲ့ အတင်းဖိထားတာ လူတိုင်းကြိုက်တယ်” ဟု ပြပွဲလာသူတဦးက ပြောသည်။

ကာတွန်းတကားလျှင် ကျပ်(၅,၀၀၀) မှ ကျပ် (၅၀,၀၀၀) ထိရောင်း ပြီး ယနေ့စတင်ပြသည့် မွန်းလွဲ ပိုင်းအထိ (၁၀) ကားခန့် ရောင်းရပြီး ပြပွဲကို ဇူလိုင် (၂၂) ရက်မှ (၂၆) ရက်အထိ ပြသသွားမည် ဖြစ်သည်။ ကာတွန်းပြပွဲကို Ecovision ဂျာနယ်က တာဝန်ယူ ဆောင်ရွက်ပြီး ကာတွန်းရောင်းရ ငွေများကို နာဂစ်မုန်တိုင်းရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

နော်အုန်းလှ ကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရ


ပီတာအောင်/ ၂၂ ဇူလိုင် ၂၀၀၈

ရန်ကုန်တိုင်း မှော်ဘီမြို့အ၀င်ဆိုင်းဘုတ်အနီး၌ ခရီးသည်တင် ယာဉ်တစီး ယမန်နေ့ညနေက မတော်တဆ တိမ်းမှောက်သွားပြီး နော်အုန်းလှအပါအ၀င် ခရီးသည်အချို့ ဒဏ်ရာရရှိသွားသည်ဟု မှော်ဘီဆေးရုံမှ သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကားမှောက်မှုတွင် ကျောင်းသားငယ်တဦး အပါအ၀င် အမျိုးသမီး (၆) ဦး အမျိုးသား (၁) ဦးတို့ ဒဏ်ရာရရှိသွားကြောင်း နော်အုံးလှမှ လွဲ၍ အခြားသူများ ပြင်ပလူနာဌာနတွင် ဆေးကုသမှု ခံယူပြီး

ဆေးရုံမှ ဆင်းသွားကြပြီဟု မှော်ဘီဆေးရုံမှ တာဝန်ရှိသူတဦးက ပြောသည်။

နော်အုန်းလှမှာ ဦးခေါင်း၊ ကျောနှင့် ခြေထောက်တို့တွင် ဒဏ်ရာရသွားပြီး ဒဏ်ရာပြင်းသဖြင့် မှော်ဘီ ဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသနေရသည်ဟု သူမ၏ မိတ်ဆွေ တဦးက ပြောသည်။

၎င်းက “မနော်က မနေ့ကတုန်းက မှော်ဘီကားမှောက်ပြီးတော့ ခေါင်းမှာ ဒဏ်ရာရတယ်။ ခါးရိုး လည်း ကျိုးသွားတယ်။ ညှပ်ရိုးတချောင်းလည်း ကျိုးသွားတယ်။ ခုရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့် အရေးပေါ် လူနာခန်းထဲမှာ။ တော်တော်လေးကို နာကျင်ကိုက်ခဲနေတယ်။ ခေါင်းမှာလည်း တော် တော်လေး ချုပ်ထားရတယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဟောင်း နော်အုန်းလှသည် အာဏာပိုင်များက မှော်ဘီမြို့ပြင် မထွက်ရန် ခြေချုပ်ချထားခံနေရသူတဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အင်္ဂါနေ့
ရောက်တိုင်း ဆောင်ရွက်လေ့ရှိသည့် ၀တ်ပြုဆုတောင်းပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ် ယနေ့ ဆွမ်းကပ်ရန် ရှိသည့်အတွက် မှော်ဘီဈေး၌ ဈေးဝယ်ပြီးအပြန် ကားမှောက်မှုနှင့် ကြုံတွေ့ ရခြင်းဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းအပြီး ကျားမ လူမှုရေးရာ ဂျင်ဒါစဉ်းစားဘို့ ယူနီဆက်ဖ်ထုတ်ပြန်

ကိုဝိုင်း/ ၂၂ ဇူလိုင် ၂၀၀၈

အမျိုးသားနှင့် အမျိုးသမီးများအကြား ဖြစ်တည်နေသော ကွဲပြားလျက်ရှိသည့် ပါဝင်မှုအခန်းကဏ္ဍ၊ စွမ်းဆောင်ရည်၊ ထိခိုက်နစ်နာလွယ်မှုနှင့် လိုအပ်ချက်များကို အသိအမှတ်ပြု စဉ်းစားမှသာလျင် ထိရောက်သော သဘာဝဘေးစီမံခန့်ခွဲမှုတခု ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ယခုလတွင် ထုတ်ပြန်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးနှင့် အမျိုးသားတို့၏ အခန်းကဏ္ဍကို ကွဲပြားစွာတည်ဆောက် ထားသောကြောင့် နာဂစ်ဆိုင်ကလုန်း တိုက်ခိုက်စဉ်ကာလတွင် ၎င်းတို့သည် မတူကွဲပြားသော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ကြရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ကြောင့် သဘာဝဘေး စီမံခန့်ခွဲမှုကို ကျား-မ လူမှုရေးရာ (ဂျန်ဒါ) ရှုထောင့်မှ လုပ်ဆောင်ရာ၌ အဆိုပါ ကွဲပြားချက်များကို ထည့်သွင်းစဉ်းစားခြင်းသည် အရေးပါသော အဓိကအချက်ဖြစ်သည်။

အရေးပေါ်အခြေအနေတရပ်ကို တုံ့ပြန်ဖြေရှင်းရာ၌ ဂျန်ဒါအား ထည့်သွင်း အကောင်အထည် ဖော်ရာတွင် မူဝါဒ ရေးဆွဲရန်၊ စနစ်ကျသော လူမှုရေးရာနှင့် ကျား-မ ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် ဂျန်ဒါဆိုင်ရာ သီးခြားစည်းမျဉ်းဥပဒေများကို ရှင်လင်းစွာ သိရှိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ကယ်ဆယ်ရေးလုပ်သားများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ဒွိဟဖြစ်စေ နိုင်သော အခြေအနေ အကြောင်းရပ်များကို နားလည်ဖြေရှင်းနိုင်ရန် ရှင်လင်းပြတ်သားသော အတွေးအမြင်များ ရှိရမည်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော ၎င်းတို့၏ အကောင်း-အဆိုး ခံစားချက်များကိုလည်း ဖြေရှင်းနိုင်ရမည်ဖြစ်သည်။

ထို့အပြင် ဆုံးဖြတ်ချက်ချသည့် အဆင့်အားလုံး၌ အမျိုးသမီးများ ပါဝင်နိုင်စေရန် လမ်းဖွင့်ပေးခြင်း၊ လိုအပ်ချက်များ စုဆောင်းကောက်ယူရာ၌ အမျိုးသမီးများ၏ အမြင်ကိုလည်း ရယူခြင်း၊ ရေတို ရေရှည် အကျိုးသက်ရောက်မှုများကို မှတ်တမ်းတင်မှုနှင့် စီမံကိန်းရေးဆွဲ စီစဉ်မှုတို့အတွက် အထောက်အကူဖြစ်စေရန် သတင်းအချက်အလက်များကို ကျား-မ ခွဲခြမ်းကောက်ယူခြင်းတို့သည် ထိရောက်သော သဘာဝဘေး စီမံခန့်ခွဲမှုတခု ဖြစ်လာစေရန် ဂျန်ဒါ ရှုထောင့်ကို ထည့်သွင်း လုပ်ဆောင်ရာတွင် အခြေခံအားဖြင့် ကောင်းမွန်လက်တွေ့ကျသည့် လုပ်ဟန်များဖြစ်ကြောင်း ဖော်ပြထားသည်။

မုဆိုးမ၊ အမျိုးသမီး ဦးစီးသော အိမ်ထောင်စုနှင့် မသန်မစွမ်း အမျိုးသမီးကဲ့သို့သော လူ့အသိုင်း
အ၀ိုင်းမှ ထုတ်ပယ်ခံထားရဖွယ် ရှိသူများကို အထူးပြု စဉ်းစား၍ ဆောင်ရွက်ရန်၊ အမျိုးသမီး များအား ခေါင်းပုံဖြတ်မှု၊ အကြမ်းဖက်မှု၊ ဒဏ်ရာအနာတရဖြစ်စေမှုတို့မှ ကာကွယ်ရန် ရည်ရွယ်၍ ကူညီရေး ပစ္စည်းအရင်းအမြစ်များ ဖြန့်ဝေပေးသည့် အသင်းအဖွဲ့များတွင် ကျား-မ ဦးရေ တန်းတူ ပါဝင်စေရန်ကိုလည်း သတိပြုရမည်ဖြစ်ကြောင်း ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြ ထားသည်။

အပြည့်အစုံဖတ်လိုလျှင်

အပြောနှင့်အလုပ်မညီသည့် အာဆီယံ

Agencies/ ၂၂ ဇူလိုင် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ မြန်မာ အစိုးရအပေါ်တွင် “လွန်စွာ စိတ်ပျက်မိသည်” ဟု ပြောခဲ့သော အာဆီယံသည် အပြောကြီးပြောခဲ့ သော်လည်း စစ်အစိုးရအပေါ်၌ သဘောထား ပြောင်းလဲမှု ကြီးကြီးမားမား မရှိခဲ့ဟု လေ့လာသုံးသပ် သူများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အတိတ်က အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲတွင် သင်းကွဲပမာ ဖြစ်ခဲ့သော မြန်မာနိုင်ငံကို ခိုင်ခိုင်မာမာ အရေးယူရန် ပျက်ကွက်ခြင်းများရှိခဲ့၍ ဝေဖန်မှုများခံခဲ့ရသည့် အာဆီယံသည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အပြင်းထန်ဆုံး အစီခံစာ တရပ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က တင်သွင်းလိုက်သည်။

“မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းကို ထပ်မံတိုးမြှင့် လိုက်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ လွန်စွာစိတ်ပျက်မိပါတယ်” ဟု အာဆီယံ (၁၀) နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကို တည်ခင်းသည့် ညစာစားပွဲအပြီးတွင် အိမ်ရှင် စင်ကာပူ နိုင်ငံခြား
ရေးဝန်ကြီး ဂျော့ခ်ျယိုက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တောင်းဆိုကြသည်။

ထိုတိုက်တွန်းချက်မှာ လွန်ခဲ့သည့် (၂) နှစ်အတွင်း စစ်အစိုးရကို အာဆီယံက ဖိအားပေးနေသည့် လုပ်ရပ်များစွာထဲမှ နောက်ဆုံးပေါ် တိုက်တွန်းချက်ပင် ဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာပြည် လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အီဂွိုင်း ဘန်စ်က ပြောသည်။

အာဆီယံသည် မြန်မာပြည်ရှိ အခွင့်အရေးများနှင့် ပတ်သက်လျှင် ပြင်းပြင်းထန်ထန် ဝေဖန်ပြော ကြားလေ့ရှိသော်လည်း အပြောနှင့်အလုပ် မညီဖြစ်နေသည်ဟု ဘင်စ်က ပြောသည်။

“အခိုင်အမာ ပြောရရင် သူတို့မူဝါဒထဲမှာ ပြောင်းလဲမှုဆိုလို့ မတွေ့ရပါဘူး။ သူတို့ရဲ့ သံတမန်ဆန်တဲ့ လုပ်ဆောင်မှုတွေဟာ အလွန့်အလွန်ကိုပဲ သတိထားနေရတဲ့ အနေအထားမှာရှိပြီး သူတို့ရဲ့ အစီရင် ခံစာတွေနဲ့ ကိုက်ညီမှု မရှိဘူး” ဟု ဘန်စ်က ပြောသည်။

တနင်္ဂနွေနေ့က ၀န်ကြီးများ ညစာစားပွဲတွင် ပြောကြားခဲ့သော “လွန်စွာ စိတ်ပျက်မိသည်” ဆိုသော စကားသည် နောက်တနေ့ အမှန်တကယ်ပြုလုပ်သည့် နောက်ဆုံး အစည်းအဝေးပွဲတွင် ထိုစကား လုံးများကို ဖယ်ရှားပစ်ပြီး ဖြစ်နေသည်။

သူတို့တွေဟာ တနိုင်ငံနဲ့ တနိုင်ငံ ပြည်တွင်းရေးတွေကို ၀င်ရောက်စွက်ဖက်မှုတွေ မရှိသေးဘူးလို့ဘဲ ပြောချင်တယ်” ဟု ယခင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်းဖြစ်သူ ထရီဗွာ ၀ီလ်
ဆင်က ပြောသည်။

စင်ကာပူနိုင်ငံ၏ အရှေ့တောင်အာရှ လေ့လာရေးတက္ကသိုလ်မှ ဒါရိုက်တာဖြစ်သူ ကေကီဆာဝါပန် နီက အာဆီယံပြောသော စိတ်ပျက်သည်ဆိုသော အနေအထားသည် လွန်ခဲ့သည့် နှစ်နှစ်ကာလ အတွင်း ပြောခဲ့သည့် ပုံစံမျိုးအတိုင်းပင် ရှိနေသေးသည်ဟု ဆိုသည်။

အာဆီယံသည် မြန်မာပြည်တွင် ပြောင်းလဲမှုကို လိုလားသောကြောင့် ဖြစ်လာမှတုံ့ပြန်သည်ထက် ဖြစ်အောင် အခြေအနေကို ဖန်တီးယူသော ရပ်တည်ချက်မျိုးဘက်မှ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ကီဆာဝါပန်နီက ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

စည်းကမ်းသစ်ကြောင့် ရန်ကုန်လူထု ကမောက်ကမဖြစ်

အေးချမ်းမြေ့ ဇူလိုင် ၂၁၊ ၂၀၀၈

ရန်ကုန်မြို့လယ် လမ်းမကြီးများတွင် သွားလာကြသော ခရီးသည်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ သီးခြားစီခွဲ၍ မောင်းနှင်ရပြီး ခရီးသည်တင်ယာဉ်များမှာ တစီးကိုတစီး ကျော်တက်ခွင့် မရှိဘဲ တန်းစီစနစ်ဖြင့် မောင်းနှင်ရန် သတ်မှတ် ထားကြောင်း ရန်ကုန်မြို့ခံများထံမှ ကြားသိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ရန်ကုန်တိုင်းမှူး ပြောင်းတဲ့နောက်ပိုင်းမှာ ဒီအစီအစဉ် စတာပါ။ ခုလိုလုပ်တာ တပတ်လောက်ပဲ ရှိသေးတယ်။ စည်းကမ်းတကျ ဖြစ်အောင်လို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျနော်တို့ နေ့တိုင်း ရုံးနောက်ကျတယ်” ဟု အင်းစိန်မြို့ နယ်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ်ရုံးတက် ရုံးဆင်း ပြုလုပ် နေသည့် ကုမ္ပဏီဝန်ထမ်း တဦးက ပြောသည်။

ခရီးသည်တင်ယာဉ်များမှာ မှတ်တိုင်တွင်ရပ်၍ အချိန်ကြာ မြင့်စွာ လူတင်ခွင့်မရှိတော့ဘဲ လူအတင်အချ ပြုလုပ်ပြီး သည်နှင့် ချက်ချင်း မှတ်တိုင်မှ ထွက်ခွာရသည်။ ထွက်ခွာပြီး သည့်နောက်တွင်လည်း တခြားယာဉ်များကို ကျော်တက်ခြင်း မပြုဘဲ ခရီးသည်တင်ယာဉ်များသွားရန် သတ်မှတ်ထားသည့် ယာဉ်ကျော၌ တခြားခရီးသည်တင်ယာဉ်များ နောက်မှ တန်းစီလိုက်ပါရသည်ဟု သိရသည်။

“သိမ်ကြီးဈေးလောက်ကနေ ဆိပ်ကမ်းသာလမ်းလောက် ရောက်ဖို့ နာရီဝက်လောက်မောင်းရတယ်။ ခရီးသိပ် မဝေးရင် လမ်းလျှောက်။ ရုံးနောက်ကျ မခံနိုင်ရင် တက္ကစီငှားစီး အဲလိုပဲလုပ်ရတာပဲ” ဟု ၎င်းကုမ္ပဏီဝန်ထမ်း က ပြောသည်။

ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်လှဌေးဝင်း နေရာတွင်ရောက်ရှိလာသော တပ်မ(၇၇)မှ ဗိုလ်မှူးချုပ် ဝင်းမြင့်က ရန်ကုန်မြို့ကို စည်းကမ်းတကျဖြစ်စေရန် ယခုကဲ့သို့ စတင် ကိုင်တွယ်ခြင်း ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ပြောပြသည်။

“ကားသမားတွေတော့ တော်တော်ညည်းကြတယ်။ ခုလိုတစီးနောက်က တစီးလိုက်နေရတော့ တနေ့စာ ခေါက်ရေမပြည့် တော့ဘူး။ ဝင်ငွေလျော့ကုန်တယ်လို့ ပြောတယ်။ တခြားအချိန်တွေ ပြဿနာ မရှိပေမယ့် ရုံးတက် ရုံးဆင်းချိန်တွေမှာ တော်တော်လေး အဆင်မပြေဘူး” ဟု ၎င်းကဆက်ပြောသည်။

ယခုနောက်ပိုင်း ရန်ကုန်မြို့တွင် စည်းကမ်းထိန်းသိမ်းရေးများ ပိုမိုတင်းကျပ်သည့် အနေနှင့် လမ်းဘေး ဈေးသည်များ ကိုလည်း ရှင်းလင်းထားပြီး လှည်းတန်း အစရှိသည့် ဆင်ခြေဖုံး ဒေသများတွင် လမ်းဘေး ဈေးသည်များကို လုံးဝ မတွေ့ရ တော့ကြောင်း သူက ပြောသည်။

“တယောက်ပြောင်းလာလိုက် တမျိုးစမ်းကြည့်လိုက်နဲ့ လူတွေကတော့ အစမ်းသပ်ခံပါပဲ။ တကယ်ခံရတာက လက်လုပ် လက်စားတွေ၊ ပျံကျ ဈေးသည်တွေပါ။ ဖမ်းတယ်၊ ဆီးတယ် ဆိုတာနဲ့ သူတို့တွေအားလုံး အခြေပျက်ကုန်ကြတာ။ ခု ဘတ်စ် ကားကိစ္စလည်း ဒီလိုပဲ ခေါက်ရေမပြည့်ရင် အုံနာက မနစ်နာဘူး။ ကားသမား တွေက အိတ်စိုက်ဖြစ်ကုန်ကြကော” ဟု ရန်ကုန်သတင်းထောက်က သုံးသပ်သည်။ ယခုကာလသည် စမ်းသပ်ကာလဖြစ်နိုင်ပြီး အောင်မြင်နိုင်မည်ဟု မထင်ကြောင်း ၎င်းကဆက်ပြောသည်။

စက်သုံးဆီဈေးများ အဆမတန် မြင့်တက်ချိန်၊ ဒီဇယ်မှ စီအန်ဂျီယာဉ်များသို့ စတင်ပြောင်းခါစ၊ ယခုကဲ့သို့ စည်းကမ်း အသစ် စတင်ထုတ်ပြန်ချိန် စသည်ဖြင့် အပြောင်းအလဲကာလတိုင်းတွင် ခရီးသည်တင် ယာဉ် မောင်းများ၊ ယာဉ်နောက်လိုက်များ တွက်ခြေမကိုက်သည့် ဒုက္ခခံရသည်ဟု ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်တစီးမှ ယာဉ်နောက်လိုက် တဦးက ပြောပြသည်။

“စည်းကမ်းအတိုင်း မလိုက်နာရင် ဖမ်းတယ်။ အဖမ်းခံရတာနဲ့ အလုပ်ရှုပ်၊ ပိုက်ဆံကုန်၊ ဝင်ငွေလျော့ ကုန်တော့ အဖမ်းမခံ ရဲဘူး။ လမ်းမှာ ရဲတွေ့သမျှကိုလည်း ၅၀၊ ၁၀၀ ဆက်ကြေးလို ပေးရသေးတယ်။ ပြီးတော့ တခုခု ဖြစ်ရင် ကျနော်တို့ပဲ နစ်နာတာ။ ဒီကြားထဲ လူတိုင်း ဒုက္ခရောက်တဲ့၊ နာဂစ်မုန်တိုင်း တိုက်တဲ့ အချိန်မျိုးမှာလည်း ကျနော်တို့ပါ ဒုက္ခရောက်ရတာ။ ဘယ်ဟာမှမလွတ်ဘူး” ဟု ၎င်းကပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

မန္တလေးထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး

ကိုစိုး ဇူလိုင် ၂၁၊ ၂၀၀၈

စစ်အစိုးရ မန္တလေး အကျဉ်းထောင်အတွင်း ဇူလိုင်လ ၁၈ ရက်နေ့က အသက် (၄၆)နှစ်ရှိ နိုင်ငံရေးအကျဉ်းသား ကိုခင်မောင်တင့် (ခ) ထိပ်တင်မောင်မောင်ရာပြည့်(ခ) ကိုရာပြည့်သည် တီဘီရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်း ကိုခင်မောင်တင့်သည် အကျဉ်းထောင်တွင်း၌ ကျန်းမာရေး ဆိုးရွားနေချိန်တွင် ဆေးဝါးကုသခွင့် ထိရောက်စွာ မရရှိ သောကြောင့် ယခုကဲ့သို့ သေဆုံးရခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP) အထွေထွေအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“သူက အဲဒီရောဂါ ဖြစ်နေတာ နည်းနည်းကြာပြီလို့ သိရတယ်၊ အဓိကက လုံးဝဆေးဝါးကုသခွင့်မရတဲ့ ပုံစံမျိုး ဖြစ်တာ၊ သူ့မိသားစုကလည်း သိပ်နားမလည်ဘူး၊ အခုဆုံးတဲ့အခါ ကြတော့မှ သွားတွေ့ရတာ”ဟု ဦးတိတ်နိုင်က ပြော ဆိုသည်။

အဆိုပါ ကိုခင်မောင်တင့်မှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှ စတင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၎င်းသည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (မြောက်ပိုင်း) နှင့် ဆက်သွယ်လှုပ်ရှားခဲ့ကြောင်း၊ ထို့နောက် ယင်း ABSDF စခန်းမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ရောက်ရှိလာကာ ဒီမုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ အတွက် လုပ်ကိုင်နေရင်း ၁၉၉၈ ခုနှစ်တွင် စစ်အစိုးရ၏ ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၁၂၄ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူ ဖြစ်ကြောင်း ယမန်နေ့ က ထုတ်ပြန်သည့် AAPP ၏ ကြေညာချက်တွင်လည်း ဖော်ပြထားသည်။

ဇွန်လ ၃ ရက်နေ့ကလည်း သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုဝင်းတင် သေဆုံးခဲ့ပြီး ယခု ကိုခင်မောင်တင့် အပါအ၀င် ၂၀၀၈ ခုနှစ်အတွင်း အကျဉ်းထောင်တွင်း၌ သေဆုံးသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦး ရှိပြီ ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ်မှ ယနေ့အထိသေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၃၇ ဦး ရှိကြောင်း ဦးတိတ်နိုင်က ပြောပြသည်။

တချိန်တည်းတွင်ပင် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်မီ ဇူလိုင် ၁၇ ရက်နေ့ကစတင်၍ ၂ ရက်ဆက်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၇ ဦးကို စစ်အာဏာပိုင်များက အကြောင်း ပြချက်မပေး ဘဲ ဖမ်းဆီးခဲ့ပြီး အာဇာနည်နေ့ ညနေပိုင်းနှင့် တနင်္ဂနွေနေ့ တို့တွင်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း ပြောသည်။

ယင်းသို့ ဖမ်းဆီးခံရသူများတွင် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့က ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကို အလေးပြုသည့်အတွက် ထောင် ၃ နှစ် ချမှတ်ခံရသော တွံတေးမြို့မှ ကျူရှင်ဆရာ ဦးအောင်ဖေသည်လည်း ပြီးခဲ့သည့် အာဇာနည်နေ့ မတိုင်မီ သောကြာနေ့ညက ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရ သည်။

“အဲဒီ ဆရာ ဦးအောင်ဖေလည်း ပြန်လွတ်လာပါပြီ၊ ကျနော် သိသလောက် ၁၉ ရက်နေ့ ညနေက ၃ ဦး၊ နောက် ရက် မှာ ၄ ဦး ပြန်လွတ်လာပါတယ်၊ အားလုံးပြန်လွှတ်ပေးလိုက်ပါတယ်”ဟု ဦးဥာဏ်ဝင်းက ပြောသည်။

စစ်အစိုးရ အကျဉ်းထောင်များအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ယနေ့ အထိ ၂၀၅၂ ဦး ရှိပြီဖြစ်ကြောင်း AAPP ၏ ပြောဆိုချက်အရ သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

အာဆီယံပဋိညာဉ်စာတမ်းတွင် မြန်မာလက်မှတ်ထိုး

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ယို (ဓာတ်ပုံ - အေပီ)


ကိုသက် ဇူလိုင် ၂၁၊ ၂၀၀၈

စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းမှုပါဝင်မည့် အာဆီယံ ပဋိညာဉ်စာတမ်းတွင် မြန်မာစစ်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရက အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ်ထိုးခဲ့သော်လည်း ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာအသိုင်း အ၀န်းက နအဖ စစ်အစိုးရအား သံသယဖြစ်လျက် ရှိသည်။

အန်အယ်လ်ဒီပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က “အာဆီယံပဋိညာဉ်စာတမ်းကို အစိုးရလက်ခံတယ်ဆိုတာ အမြင်ကောင်းအောင်လို့ သူတို့ရဲ့ပုံရိပ်ကိုတည်ဆောက်တာတခုပဲဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ လက်မှတ်ထိုးတာထက် တကယ်လုပ်တာက ပိုအရေးကြီးပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ယနေ့အချိန်တွင် တွေ့မြင်နေ ရသောကြောင့် လက်မှတ်ရေးထိုးရုံသက်သက်ထက် လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ခြင်းက ပိုမိုအရေးကြီးသည်ဟု ဦးဟံသာမြင့်က ရှင်းပြသည်။

မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးသည့်နိုင်ငံများအနက် ၇ နိုင်ငံမြောက်ဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့က သဘောလက်မှတ်မထိုးသေးပဲ လက်မှတ်ထိုးမည့်အချိန်ကာလကိုလည်း အတည်မပြုသေးပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ပေးသ၍ အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ် မထိုးဟု ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တချို့က ပြောဆိုခဲ့ဖူးသည်။

နအဖ စစ်အစိုးရက နောက် ၆ လ ကြာလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျော့ယို က စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ကိုးကား၍ ယမန်နေ့ညက သတင်းထောက်များအား ပြောဆိုလိုက်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် နေအိမ်အကျယ်ချုပ်တနှစ်ထားခွင့်ရှိကာ ၀န်ကြီးချုပ် အမိန့်ဖြင့် ၅ နှစ်၊ စုစုပေါင်း ၆ နှစ် ထားခွင့်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါအမိန့် ၂ ရပ်ဖြင့် နေအိမ်အကျယ်ချုပ် ချထားသည်မှာ ၅ နှစ်ကျော်လာပြီဖြစ်သောကြောင့် နောက် ၆ လ ကြာလျှင် လွတ်မြောက်နိုင်ဖွယ်ရှိသည်ဟု ဦးဉာဏ်ဝင်းက မစ္စတာ ဂျော့ယိုကို ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေး အတွက် အချက်တချက်ဖြစ်သောကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ထပ်မံတောင်းဆိုကြောင်းလည်း ဂျော့ယို က သတင်းထောက်များအား ပြောဆိုသည်။

ဦးဟံသာမြင့်ကမူ “လွတ်လာမှပဲ ယုံရမယ့်သဘောရှိတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းပြောတာဟာ အချက်အလက် ခိုင်လုံတယ်လို့ ပြောလို့မရသေးတော့ ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိသေးပါဘူး” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “ဒါတွေက ပြောလို့တာ ကြားရတာ၊ အန်ကယ်ကတော့ မယုံဘူး။ ဘာကြောင့်မယုံလည်းဆိုတော့ မြန်မာနိုင်ငံမှာ ဥပဒေကတခြား၊ တာဝန်ရှိသူတွေကလည်း သူတို့မလိုရင် မလိုသလို၊ လိုရင် လိုသလို လုပ်နေတာတွေ များလာတဲ့အခါကျတော့ ဥပဒေအတိုင်း ပြောဆိုဖို့၊ လက်ခံဖို့ ဆိုတာ တော်တော်ခက်ခဲပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား လွန်ခဲ့သည့်မေလက အကျယ်ချုပ်တနှစ် သက်တမ်းတိုးလိုက်သည့်အပေါ် အာဆီယံ ခေါင်းဆောင်များအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက နအဖ စစ်အစိုးရကို အပြစ်တင်ဝေဖန်မှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။

စင်ကာပူတွင် ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နာဂစ် မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများဆိုင်ရာ အကြောင်းအရာများနှင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လတ်တလောအငြင်းပွားလျက်ရှိသည့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အကြောင်းအရာများကို ဆွေနွေးမည်ဟု သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေး အထောက်အကူ ဒေါ်လာသန်းပေါင်း ၁,၀၀၀ ကျော် လိုအပ်

22 July 2008

မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့
တည်ဆောက်ရေးအတွက် လာမယ့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း
၁,၀၀၀ ကျော် လိုအပ်တယ်လို့ မနေ့က ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရတို့
ပူးတွဲထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီကုန်ကျစရိတ် လိုအပ်ငွေတွေထဲမှာ အရေးပေါ်လိုအပ်နေတဲ့ မုန်တိုင်းသင့်ဒေသ
အတွက် စားနပ်ရိက္ခာ၊ လယ်ယာစိုက်ပျိုးရေးနဲ့ လူထုပြန်လည်ထူထောင်ရေး လုပ်ငန်း
တွေအတွက် အဓိကထားပြီး ကိန်းဂဏန်းတွေကို ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာ ထွက်ရှိလာရေးအတွက် အပြုသဘောဆောင် ကူညီပံ့ပိုး လုပ်ကိုင်ပေးခဲ့
တဲ့ အာဆီယံအသင်းကြီးကို ကျေးဇူးတင်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပြီး ရှေ့လျှောက်လည်း ကုလသမဂ္ဂနဲ့
အာဆီယံတို့ မြန်မာနိုင်ငံအတွက် လက်တွဲဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်
တယ်လို့ မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ပူးတွဲအစီရင်ခံစာအရ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့်
အဆောက်အဦတွေနဲ့ ပိုင်ဆိုင်မှုအထွေထွေ တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ
သန်းပေါင်း ၁,၇၀၀ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံလူထုရဲ့ ၀င်ငွေအနေနဲ့ ဒေါ်လာ
သန်းပေါင်း ၂,၃၀၀ ဆုံးရှုံးခဲ့ရတယ်၊ စုစုပေါင်းဆုံးရှုံးမှု ဒေါ်လာသန်းပေါင်း ၄,၀၀၀
ကျော်ရှိခဲ့တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေထဲမှာ စာသင်ကျောင်းပေါင်း ၄,၀၀၀၊ ဆေးရုံ၊ ဆေးပေးခန်းတွေ
အားလုံးရဲ့ ၇၅%၊ လူနေအိမ်ခြေ ၈၀၀,၀၀၀ နဲ့ စိုက်ပျိုးမြေ ဟက်တာပေါင်း ၆၀၀,၀၀၀
ကျော် ပျက်စီးသွားခဲ့ရပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်နိုင်သည့်အဆို နားလည်မှု လွဲမှားခြင်းဖြစ်

21 July 2008

နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ နောက်တနှစ်မပြည့်ခင် အချိန်အတွင်းမှာ လွတ်မြောက်လာနိုင်တဲ့သဘောမျိုး
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရည်ညွှန်းပြောကြားခဲ့ကြောင်း စင်ကာပူ
နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က အစောပိုင်းမှာ ပြောခဲ့တာဟာ
နားလည်မှုလွဲပြီး ပြောခဲ့တာလို့ စင်ကာပူ နိုင်ငံခြားရေးဌာနက ဒီနေ့မှာ ဖြေရှင်းချက်
ထုတ်ခဲ့ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံရေးသမားတယောက်ကို ၆ နှစ်အထိ ထိန်းသိမ်းထားနိုင်
ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာ နောက် ၆ လအတွင်းမှာ ၆
နှစ်ပြည့်တော့မှာဖြစ်ကြောင်းကို တနင်္ဂနွေနေ့တုန်းက အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေး
ဝန်ကြီးတွေရဲ့ ညစာစားပွဲမှာ ဦးဉာဏ်ဝင်းက ရှင်းပြခဲ့ကြောင်း ဂျော့ခ်ျယိုးက ပြောခဲ့
တာပါ။

တကယ်ကတော့ ၂၀၀၉ ခုနှစ် မေလကနေ နောက်ထပ် ၆ လအကြာမှာမှ ထိန်းသိမ်း
ထားတဲ့သက်တမ်း ပြည့်မှာဖြစ်တယ်လို့ မြန်မာဘက်က ပြန်ပြီးရှင်းပြကြောင်း စင်ကာပူ
အစိုးရရဲ့ ဒီနေ့ ဖြေရှင်းချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်ပြီး သက်တမ်းတိုးခဲ့တဲ့
အပေါ်မှာ အင်မတန်စိတ်ပျက်မိကြောင်း အာဆီယံအဖွဲ့က အစောပိုင်းတုန်းက
ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး
အကျဉ်းသားအားလုံးကို စစ်အစိုးရက လွှတ်ပေးဖို့လည်း ကြေညာချက်ထဲမှာ ထပ်ပြီး
တောင်းဆိုထားပါတယ်။

တခါ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ လူ့အခွင့်အရေးတွေ တိုးတက်လာစေဖို့
ရည်ရွယ်တဲ့ အာဆီယံပဋိညာဉ်ကို မြန်မာစစ်အစိုးရက အတည်ပြုခဲ့ပါတယ်။ အဖွဲ့ဝင်
၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံဝန်ကြီးများရဲ့ နှစ်ပတ်လည်စည်းဝေးပွဲမှာ မြန်မာနိုင်ငံခြား
ရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံပဋိညာဉ်ကို မြန်မာနိုင်ငံက အတည်ပြုကြောင်း
ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ခုလို အာဆီယံပဋိညာဉ်ကို အတည်ပြုလိုက်တာဟာ
အာဆီယံရဲ့ ဘုံတန်ဖိုးတွေကို အလေးအနက်ထားတယ်ဆိုတာ ပြသတာလည်းဖြစ်တယ်
လို့ ၀န်ကြီး ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အာဇာနည်ဗိမာန်တွင် သတင်းဓာတ်ပုံရိုက်ယူခွင့် တားမြစ်ခံရ

ကြည်ဝေ/ ရန်ကုန် ဇူလိုင် ၂၁၊ ၂၀၀၈

၆၁ နှစ်ပြည့် အာဇာနည်နေ့က အာဇာနည် ဗိမာန်အနီး သတင်းယူရန် သွားရောက်ခဲ့ကြသော ပြည်တွင်းဂျာနယ် သတင်း ထောက်များကို စစ်အစိုးရ၏ လုံခြုံရေးများက သတင်းဓာတ်ပုံရိုက်ယူခွင့် တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရွှေတိဂုံစေတီ အနီးနှင့် အာဇာနည်ဗိမာန်အနီးတွင် စစ်အစိုးရချထားသော လုံထိန်းများ၊ ရဲများနှင့် အရပ်ဝတ်လုံခြုံရေးများက ပြည်တွင်းဂျာနယ်တိုက် အသီးသီးမှ သတင်းထောက်များ သတင်းဓာတ်ပုံရိုက်ယူစဉ် ဓာတ်ပုံမရိုက်ရန်ပြောဆိုခြင်း၊ ကင်မရာ ထဲမှ ရိုက်ပြီးသား ဓာတ်ပုံများကို ဖျက်ခိုင်းခြင်း၊ ကင်မရာများ သိမ်းယူခြင်း၊ သတင်း ထောက်ကတ်များ သိမ်းယူခြင်း ပြုလုပ် ခဲ့သည့်အပြင် သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း သတင်းထောက်များက ပြောပြသည်။

“ကျနော်တို့နဲ့ လုံထိန်းတွေ ပြဿနာတက်ကြတယ်။ သူတို့က ကျနော်တို့ကို မိုက်မိုက်ရိုင်းရိုင်း ပြောတယ်။ ပြီးတော့ ကျနော့် မျက်နှာကို ရိုက်လိုက်တာ ကျနော်က လက်နဲ့ ကာလိုက်လို့ လက်ကိုပဲ ရိုက်မိသွားတယ်” ဟု ဓာတ်ပုံသတင်းထောက်တဦးက သတင်းဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းစဉ် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရပုံကို ပြောပြသည်။

တခြားသော ဂျာနယ်သတင်းထောက်တဦး ဓာတ်ပုံရိုက်ယူရာတွင်လည်း ကင်မရာနှင့် သတင်းထောက်ကတ် သိမ်းဆည်းခံ ခဲ့ရပြီး ထိုသတင်းထောက်၏ ဂျာနယ်တိုက်သို့ ဖုန်းနှင့် ဆက်သွယ်မေးမြန်းကာ သက်ဆိုင်ရာဂျာနယ်တိုက်မှ အာမခံပေးမှ ထိုသတင်းထောက်ကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

“ဓာတ်ပုံရိုက်တဲ့ သူတိုင်းကို လုံခြုံရေးတွေက ပြဿနာရှာတာပဲ။ ရိုက်ပြီးသား ပုံတွေကိုလည်း ဖျက်ခိုင်းတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း နာမည်မေးပြီး ဓာတ်ပုံပြန်ရိုက်ထားတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကလည်း ပြောသည်။

ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်၊ ဓာတ်လှေကား အဆောက်အအုံ အနီးတွင်လည်း သတင်းထောက် အမျိုးသမီးတဦးနှင့် လုံထိန်းများ ပြဿနာဖြစ်ပွားခဲ့သေးသည်ဟု သတင်းထောက်များက ပြောသည်။

အဆိုပါ အမျိုးသမီး သတင်းထောက် သတင်းဓာတ်ပုံ ရိုက်ယူနေစဉ် လုံထိန်းများရောက်လာပြီး ဓာတ်ပုံများကို ဖျက်ခိုင်းရာ သတင်းထောက်က ဖျက်မပေးသည့်အတွက် ရဲမေတဦးကိုခေါ်ကာ ကင်မရာဆွဲလုသိမ်းခိုင်းရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် အရပ်ဝတ်ရဲတဦး ရောက်လာပြီး သတင်းထောက် အမျိုးသမီးကို ပြန်ရန်ပြောဆိုကာ နောက်ယောင်ခံလိုက်ရန် လူ ၂ ယောက် ထည့်ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် ရွှေတိဂုံစေတီမြောက်ဘက် ဘုရားစောင်းတန်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းသော သတင်းထောက် တဦးကိုလည်း လုံခြုံရေးများက ကင်မရာသိမ်းကာ အမည်မေးခြင်း၊ မှတ်ပုံတင် ယူထားခြင်း၊ ဂျာနယ်တိုက် နှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးခြင်းများကို မိနစ် ၃၀ ခန့်ကြာအောင် ပြုလုပ်ကြောင်း အဆိုပါသတင်းထောက်နှင့် နီးစပ်သူ တဦးက ပြောပြသည်။

လုံထိန်းများ၊ ရဲများ၊ အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်များမှာ ရွှေတိဂုံစေတီ၏ လေးဘက် လေးတန် စောင်းတန်းများတွင် လည်းကောင်း၊ အာဇာနည်ကုန်း အနီးပတ်ဝန်းကျင်တွင် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့နှင့် ရုံးအနီး ပတ်ပတ်လည်တွင် လည်းကောင်း စောင့်ကြည့်လျက်ရှိပြီး ဓာတ်ပုံရိုက်သူ မှန်သမျှကို ၎င်းတို့က ပြန်လည် ဓာတ်ပုံရိုက် မှတ်တမ်းယူထားခြင်းများ၊ နောက်ယောင်ခံလိုက်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲနှင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန် ရေးတို့တွင် သတင်းဓာတ်ပုံ ရိုက်ယူခဲ့ကြသော ပြည်တွင်း သတင်းထောက်များကို စစ်အာဏာပိုင်တို့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး နာဂစ် မုန်တိုင်းအပြီး ဧရာဝတီတိုင်းသို့ သွားရောက် သတင်းယူသည့် ပြည်တွင်း သတင်းထောက်များကိုလည်း ဖမ်းဆီး စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

အန်အယ်ဒီ ပါတီဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာ

သန်းထိုက်ဦး၊ မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 21 2008

ချင်းမိုင်။ ။ မကြာသေးခင်က ဖမ်းဆီးခံရသူ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦးနှင့် ကျူရှင်ဆရာ တဦးကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်ခင် နှစ်ရက်အတွင်း နယ်မြေခံ အထူး ရဲတပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသည် ဟုဆိုကာ သူတို့ကို နေအိမ်များမှ ရန်ကုန်မြို့ ပြည်ထဲရေးရုံးချုပ်နှင့် နီးစပ်ရာ ရဲစခန်းများတွင် ထိန်းသိမ်းပြီးနောက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာက သူတို့က ထိန်းချုပ်တာပေါ့နော်။ အဲဒီ (အာဇာနည်ကုန်း) ကို မရောက်အောင်၊ လှုပ်ရှားမှု မရှိအောင် ထိန်းချုပ်တဲ့ သဘောပဲ။ မနက်ဖြန် ဘယ်သွားဖို့ ရှိလဲပေါ့။ ကျနော်က သွားမယ်၊ နှစ်တိုင်း ချီတက်နေကျပဲ၊ အာဇာနည်ကုန်းအထိ သွားအလေးပြုမယ်ပေါ့နော်။ အဲဒီလောက်ပါပဲ” ဟု တွံတေးမှ ကျူရှင်ဆရာ ဦးအောင်ဖေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျနော်က မေးတယ်။ အဲဒီထဲက ဒု-ရဲအုပ် တယောက်ကို မေးတယ်ပေါ့နော်။ ဒီလိုပဲ ခေါ်လို့ ရလားလို့ဆိုတော့ - မဟုတ်ဘူးတဲ့၊ ကျနော်တို့က အဲဒီလို နိုင်ငံရေးနဲ့ ပတ်သက်လို့ မသင်္ကာတဲ့အခါမျိုးမှ ခေါ်မေးလို့ ရတာပေါ့နော်။ သူတို့က အဲဒီလို ပြောတယ်။ ၂၄ နာရီအတွင်းမှာ ချုပ်နှောင်ခြင်း မရှိဘဲနဲ့ ခေါ်မေးလို့ ရတယ်တဲ့” ဟု ပြောသည်။

အဖွဲ့ချုပ် လူငယ်တာဝန်ခံ (၁) ကိုသီဟန် (ဒဂုံမြို့သစ်)၊ မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ရန်ကုန်တိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင် ကိုမြင့်ဌေး (တာမွေ)၊ အဖွဲ့ချုပ် လူငယ်အဖွဲ့ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ လူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းမြင့်ထွန်း (ဒဂုံမြို့သစ်)၊ အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျ (မောင်းမကန်) နှင့် ကျူရှင်ဆရာ ဦးအောင်ဖေ (တွံတေး) တို့ကို ယခုလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းမြင့်ထွန်းကမူ သူ့ကို ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီခန့်တွင် တောင်ဒဂုံ ရဲစခန်းသို့ စတင်ခေါ်ဆောင်ပြီး နောက်ရက်တွင် ပြည်ထဲရေး ရုံးချုပ်သို့ ခေါ်ဆောင်ကာ အနောက်ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့က စစ်ဆေးခဲ့သည်ဟု ပြောသည်။

သူက “စခန်းရောက်တော့ SP ကားနဲ့ ပြည်ထဲရေးကို ခေါ်သွားတာ။ ကျနော်နဲ့အတူ ကိုသီဟန်ကို ပြည်ထဲရေးရုံးမှာ အခန်းတခန်းစီ ထားပါတယ်။ ဟိုရောက်တော့ မူးယစ်အထူးမှာ ထားတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတာတွေ ကြားလားလို့ပဲ မေးတယ်။ ကျနော်က နိုင်ငံရေးသမားမို့လို့ ဘာမှမသိဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ပြောသည်။

မောင်းမကန် အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျကို ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကာပမြို့နယ် ပြည်သူ့ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တရက်တွင် ဒုရဲအုပ် ရဲဝန်ထမ်းတဦးက အန်အယ်ဒီ လူငယ်အချို့နှင့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအကြောင်း သူ့ကို မေးမြန်းခဲ့သည်ဟု ဆိုသည်။

ကိုကျော်ဇေယျက “ရွှေပြည်သာမှာ ဖောက်ခွဲတဲ့ ရယက ရုံး ဗုံးဖောက်ကွဲတဲ့ ကိစ္စတွေမေးတယ်။ အဲဒါတွေ မသိကြောင်း၊ သူတို့ပြောမှ သိကြောင်း ပြောပြတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း အဲဒီလို လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ ကျနော်တို့အနေနဲ့လည်း မသက်ဆိုင်တဲ့အကြောင်း ပြောပြတယ်” ဟု ပြောသည်။

“(အာဇာနည်ကြီးများ ကျဆုံးချိန်) မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ ကျနော် ထပြီးတော့ အလေးပြုလိုက်ပါတယ်။ ဘေးနားမှာ စစ်နေတဲ့ သူတွေအားလုံး ထပြီးတော့ အလေးပြုကြပါတယ်” ဟု သူက ဆက်ပြောသည်။

အားလုံးကို ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းနှင့် တစုံတရာ လှုပ်ရှားမှု မပြုလုပ်ရန် ဖိအားပေးခြင်း မရှိဘဲ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းကြောင့် မြန်မာ့စီးပွားရေး၏ (၃) ရာနှုန်းပျက်စီး


NEJ/ ၂၁ ဇူလိုင် ၂၀၀၈

မြန်မာနိုင်ငံ၌ တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်း အပျက်အစီး အသေးစိတ် အခြေ အနေနှင့် ပတ်သက်ပြီး မြန်မာ-အာဆီယံနှင့် ကုလသမဂ္ဂသုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ပူးတွဲအကဲ ဖြတ်ချက် အစီရင်ခံစာကို ယနေ့ ထုတ်ပြန်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အစီရင်ခံစာ၌ နာဂစ်မုန်တိုင်းကြောင့် အိမ်ခြေ (၄) သိန်းခွဲ ပျက်စီးပြီး အခြားအဆောက်အဦ (၃၅၀,၀၀၀) ပျက်စီးသည်ဟု ဖော်ပြထားသည်။ မုန်တိုင်းထိဒေသများတွင် ကျန်းမာရေး အဆောက် အဦ (၇၅) ရာခိုင်နှုန်း ပျက်စီးပြီး စာသင်ကျောင်း (၄,၀၀၀) ၀န်းကျင်ပျက်စီးသွားသည်။
မုန်တိုင်းကြောင့် ရေလွှမ်းမိုးသွားသည့် စိုက်ပျိုးဧက (၁.၅) သန်း ရှိပြီး ခိုင်းကျွဲ၊ ခိုင်းနွား (၅၀) ရာခိုင် နှုန်း သေကျေပျက်စီးမှုရှိသည်ဟု ဆက်လက်ဖော်ပြသည်။ နာဂစ်မုန်တိုင်းကြောင့် စီးပွားရေး ဆုံးရှုံး မှုမှာ ၂၀၀၈ ခုအတွက် လျာထားသည့် စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ (၂.၇) ရာနှုန်းရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် နောက်ထပ် (၃) နှစ်ကြာသည်အထိ လုပ်ကိုင်ရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) လိုအပ်မည်ဟု အဆိုပါအစီရင်ခံစာ၌ မှန်းထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ပြည်တွင်း သတင်းထောက်များ အာဇာနည်နေ့မှာ နှောင့်ယှက်ခံရ


NEJ/ ၂၁ ဇူလိုင် ၂၀၀၈

ပြီးခဲ့သည့် အာဇာနည်နေ့ (၁၉) ဇူလိုင်တွင် ပြည်တွင်းသတင်းထောက်များကို နအဖ အာဏာပိုင် များက နှောင့်ယှက်မှုများ လုပ်ခဲ့ကြောင်း သတင်းထောက်များက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အာဇာနည်နေ့တွင် တာဝါလိန်းလမ်း ဗိုလ်ချုပ်ပြတိုက်၊ ရွှေတိဂုံဘုရား၊ ရွှေဂုံတိုင် အန်အယ်လ်ဒီ ရုံးချုပ်အနီး သွားရောက်ကြသည့် ပြည်တွင်းမှ သတင်းဂျာနယ်အချို့မှ သတင်းထောက်များအား နအဖအာဏာပိုင်များက ဓာတ်ပုံရိုက်ယူခြင်း၊ သတင်းထောက်ကင်မရာမှ ဓာတ်ပုံများကို ဖျက်ခိုင်းခြင်း စသည့် နှောင့်ယှက်မှုများ လုပ်ခဲ့ကြောင်း ကာယကံရှင် သတင်းထောက်များက ပြောသည်။
ဗိုလ်ချုပ်ပြတိုက်တွင် ဓာတ်ပုံအရိုက်ခံရသည့် သတင်းထောက်တဦးက “ပြတိုက်ထဲကို ကင်မရာရော အခြားဘာမှမယူရဘူးဆိုလို့ ဘာမှမပါဘဲ ဒီအတိုင်းဝင်တယ်။ ဒါကို အရပ်ဝတ် လူတယောက်က ကျနော့်မျက်နှာနားကပ်ပြီး ဓာတ်ပုံတွေရိုက်တယ်၊ ဒါနဲ့ ဘာလို့ ရိုက်ရသလဲ မေးတော့ မပြောဘဲ ပြန်ထွက်သွားတယ်၊ ကျနော်က လိုက်ဆွဲတော့ ကျနော်ကို တွန်းထုတ်တယ်။ ဒါနဲ့ ပြတိုက်တာဝန် ရှိသူကို သွားပြောတော့ တာဝန်အရလုပ်တာ၊ ကျနော့်မိသားစုလာရင်လည်း ဓာတ်ပုံကတော့ ရိုက်မှာပဲတဲ့” ဟု ပြောသည်။
အလားတူ ဗိုလ်ချုပ်ပြတိုက်သို့ ရောက်ရှိသွားသည့် အခြားသတင်းထောက်များကိုလည်း လိပ်စာ ကပ်ပြားများ တောင်းယူစစ်ဆေးပြီး ဂျာနယ်တိုက်သို့ စုံစမ်းမေးမြန်းကြောင်း၊ ထို့ပြင် ဓာတ်ပုံရိုက် ကူးခွင့် ကန့်သတ်မထားသည့် ရွှေတိဂုံရင်ပြင်တော်တွင် ဓာတ်ပုံရိုက်သည့် သတင်းထောက်များ ကိုလည်း ဂေါပကတံဆိပ်တပ် ၀တ်စုံဝတ်ထားသူများက ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖျက် ခိုင်းကြောင်း၊ ဖျက်ပေးရန် ငြင်းဆန်သူများကို ရဲက ခေါ်ယူဖျက်ခိုင်းကြောင်း ကိုယ်တိုင်ကြုံခဲ့ ရသူများက ပြောသည်။
သတင်းထောက် အချို့က ဖျက်ခိုင်းသည့် ဓာတ်ပုံများကို ဖျက်ပေးခဲ့ကြသော်လည်း အချို့က လွယ်လွယ်ကူကူ ဖျက်မပေးဘဲ ၎င်းတို့သည် ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ သတင်းထောက်များ ဖြစ်သဖြင့် ဓာတ်ပုံရိုက်ကူးခွင့်ရှိကြောင်း ပြောသဖြင့် အချေအတင် စကား များကြကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အစိုးရက အာဇာနည်နေ့တွင် သတင်းထောက်များအပေါ် တိုးမြှင့်ဖိနှိပ်လာမှုအပေါ် ပုဂ္ဂလိကဂျာနယ်များမှ သတင်းထောက်များ၊ အယ်ဒီတာများက မကျေမနပ်ဖြစ်နေကြကြောင်း စုံစမ်းသိရသည်။
ရွှေဂုံတိုင်လမ်းဘက်တွင်မူ လမ်းထဲဝင်မည့်သူများအနက် မင်္သကာသူများ၏လွယ်အိတ်များကို ရှာဖွေ ပြီး ကင်မရာ ပါလာပါက သိမ်းဆည်းထားလိုက်ပြီး ပြန်ထွက်လာမှ ပြန်ပေးသည်ဟု သိရသည်။
အာဇာနည်နေ့တွင် အန်အယ်လ်ဒီရုံး ပတ်ဝန်းကျင်တလျှောက် ကားဝင်ခွင့် ပိတ်ပင်ထားသည့် အတွက် ကားများ ရှင်းနေသကဲ့သို့ စစ်ဆေးမည့်သူများ စောင့်ကြပ်နေသည့်အတွက် လူအ၀င် အထွက်နည်းကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ် စွမ်းအားရှင်အဖွဲ့ဝင်များသာများသည်ဟု မြို့ခံများက ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်တော့မလား


သုံးသပ်ချက်
်ပီတာအောင်/ ၂၁ ဇူလိုင် ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးခြင်းကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် အလွန်စိတ်ပျက်မိကြောင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်၏ တစိတ်တပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး သမားများကို ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုကြောင်း အာဆီယံအ လှည့်ကျ ဥက္ကဋ္ဌ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးက အာဆီယံကိုယ်စား ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုအချက်သည် အာဆီယံအဖွဲ့ တလျှောက်လုံး ကိုင်စွဲထားသည့် တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ၀င်မစွက်ဖက်ရေးဆိုသည့် မူဘောင်ကို ကျော်လွန်၍ ပြောဆိုခြင်းဖြစ်ပြီး တဖက်က လည်း ယနေ့ စတင်ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် တက်ရောက်ရန်ရှိနေသဖြင့် အမေရိကန်ကြိုက်အောင် လေသံပစ်ခြင်းလည်း ဖြစ်နိုင်သည်ဟု အချို့လေ့လာသူများက ယူဆသည်။
ထို့အပြင် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးမည်ဟု တိတိကျကျ မပြောဆိုသော်လည်း နောက် (၆) လအကြာ၌ ပြန်လွှတ်ပေးတော့မယောင် အာဆီယံသတင်းယူနေသည့် နိုင်ငံခြားသတင်းဌာန များက သတင်းခေါင်းစဉ် တပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရန် အမြဲတမ်း မျှော်လင့်ထားသော်လည်း နအဖ စစ်ခေါင်းဆောင် များသည် ပြောသည့်အတိုင်း မလုပ်သည်ကို အကြိမ်ကြိမ် ကြုံဖူးနေကြဖြစ်ကြောင်း၊ ဥပဒေကြောင်း အရ နေအိမ်အကျယ်ချုပ်ဖြင့် အများဆုံး (၅) နှစ်သာ ချထားနိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခေတ်ပြိုင်ကို ပြောသည်။
၎င်းက “ဥပဒေမှာ ပါတဲ့ဟာ ကျနော်တို့ အမြင်အရ (၅) နှစ်ပဲ။ သူတို့ကတော့ (၆) နှစ်လို့ ပြောတယ်။ ကျနော်တို့နဲ့ သူတို့နဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာ လွဲနေတယ်။ ကျနော်တို့က အဓိပ္ပာယ်ဖွင့်တာ (၅) နှစ်၊ သူတို့က အဓိပ္ပာယ်ဖွင့်တာ (၆) နှစ် ဒါပဲ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားခြင်းဖြစ်သည်။ ထိုဥပဒေ အရ အရေးယူခြင်းခံရသူအား (၁) နှစ်ထိ ဗဟိုအဖွဲ့ (ပြည်ထဲရေး) က တားဆီးမှု ပြုလုပ်နိုင် ကြောင်း၊ လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ဥပဒေ၌ ပါရှိသည်။
ထိုဥပဒေသည် ၁၉၇၅ ခုနှစ်က ပြဋ္ဌာန်းထားသည့် တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက် မပိုစေဘဲ စုစုပေါင်း (၃) နှစ် အထိဆိုသည့် စကားရပ်ကို တကြိမ်လျှင် (၁) နှစ်ထက် မပိုစေဘဲ စုစုပေါင်း (၅) နှစ်အထိဆိုသည့် စကားရပ်ဖြင့် ၁၉၉၁ ခု သြဂုတ် (၉) ရက်က န၀တ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ အမိန့်ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့သည့် ဥပဒေဖြစ်သည်။
အန်အယ်လ်ဒီနှင့် နအဖ စစ်အစိုးရတို့အကြား နေအိမ်အကျယ်ချုပ် သက်တမ်းနှင့် ပတ်သက်၍ အဓိပ္ပာယ် ကောက်ယူပုံ ကွာခြားနေသည်ဟု ရန်ကုန်မြို့ရှိ အမည်မဖော်လိုသူ ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက ပြောကြားသည်။
၎င်းက “အဲဒီမှာ ၀န်ကြီးအဖွဲ့လုပ်ပိုင်ခွင့်ကို (၃) နှစ်က (၅) နှစ်အထိ တိုးထားတယ်။ အန်အယ်လ် ဒီက အဓိပ္ပာယ်ကောက်တာကတော့ ဗဟိုအဖွဲ့ရော၊ ၀န်ကြီးအဖွဲ့ရော ပေါင်းပြီးတော့ (၅) နှစ်ယူ ပုံရတယ်။ နိုင်ငံတော်က အဓိပ္ပာယ်ဖွင့်ဆိုတာကတော့ သူ့ဘာသူ (၆) နှစ်လို့ ကောက်ယူပြီးတော့ ဒီလိုမျိုး တားဆီးတယ်လို့ ယူဆနိုင်တယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးသည့် နေ့ရက်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ချပြပြီး ဗဟိုအဖွဲ့နှင့် ၀န်ကြီးအဖွဲ့၏ အမိန့် တပေါင်းတည်းဖြစ်သင့်ကြောင်း ထောက်ပြကာ နအဖ၏ ဥပဒေကို ချေပသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရှင်းပြရာတွင် ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခု မေလ (၃၀) ရက်၌ စတင်ဖမ်းဆီးခံရသည်ကိုသာ သိရှိပြီး နေအိမ်အကျယ်ချုပ် စချထားခံရသည့်နေ့ကို မသိရှိကြောင်း ပြောသည်။
၎င်းက “ကျနော်တို့က စပြီးဖမ်းတဲ့ရက်နဲ့ ကြာနေတာကိုပဲ ပြောနိုင်တယ်။ ကျနော်တို့အနေနဲ့ ဘယ် အချိန်က ဘယ်လို စတယ်ဆိုတာ အစိုးရက ဘယ်တုန်းကမှ လူသိရှင်ကြား မလုပ်ခဲ့ဘူး။ မလုပ်ခဲ့ တဲ့အတွက် ကျနော်တို့ ဒီအပေါ်မှာ ပြောလို့မရပါဘူး” ဟု ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ နေအိမ်အကျယ်ချုပ် သက်တမ်း (၆) နှစ်ပြည့်သွားပါက ဥပဒေကြောင်းအရ နောက်ထပ် ဖမ်းချုပ်ထား၍ မရတော့ကြောင်း ရန်ကုန်ရှေ့နေများက ပြောသည်။ သို့သော် စစ်အစိုး ရသည် ပုဒ်မ-၁၀ ခ နှင့် ဖမ်းထားသူများကို ပြန်လွှတ်ပြီး ပြန်ဖမ်းလိုပါက ထောင်ဒဏ် နှစ် (၃၀) ၀န်းကျင်ချနိုင်သည့် ကိစ္စများဖြစ်သည့် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များနှင့် ဆက်သွယ်မှု၊ နိုင်ငံခြားအစိုးရများထံမှ အထောက်အပံ့ရယူမှု စသည့် စွဲချက်တခုခု တပ်လေ့ရှိသည့်အတွက် ထိုစွဲချက်များကို “၀မ်းဆက်” ဟု ရန်ကုန် ရှေ့နေလောကတွင် သုံးနှုန်းလေ့ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နောက် (၆) လမှာ ပြန်လွှတ်ပေးလည်း ပုဒ်မ-၁၀ ခ နှင့် မဖမ်းတော့ဘဲ အဆိုပါ ၀မ်းဆက်ပုဒ်မများကို စစ်အစိုးရက ကိုင်ထားသည့်အတွက် နောက်ထပ် အလွယ်တကူ ပြန်ဖမ်းနိုင်သည့် အနေအထားတွင် ရှိသည်ဟု ရန်ကုန်ရှေ့နေများက ယူဆသည်။
အာဆီယံဘက်က ကြည့်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးထက် အမေရိကန်-အာဆီယံ အုပ်စုချင်း ဆက်ဆံရေး မျက်နှာမပျက်ရန်က ပို၍အရေးကြီးနေသည်။ အထူးသဖြင့် အမေရိကန်ကနေ အာဆီယံကို နှစ်စဉ်ပေးနေသည့် ကျွမ်းကျင်မှု အကူအညီများ အများအပြား ရှိသည့်အတွက် မြန်မာအရေး ပြေလည်ရန်ထက် အမေရိကန် မငြိုငြင်ရေးသာ အာဆီယံက အမြဲ ဂရုစိုက်လေ့ရှိသည်။
ထို့ကြောင့် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်ခင် မြန်မာအရေးကို မီဒီယာများမှတဆင့် ခပ် ဆတ်ဆတ်လေး ဝေဖန်ပေးပြီး ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်သည့် အာဆီယံ ပူးတွဲကြေ ညာချက်တွင်မူ မြန်မာအကြောင်း မပါတော့ဘဲ လေသံလျှော့ပစ်သည့်နည်း အာဆီယံကျင့်သုံး ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။
သို့သော် စင်ကာပူတွင် ကျင်းပနေသည့် လက်ရှိ အာဆီယံထိပ်သီးအစည်းအဝေးကနေ အကောင်း ဘက် ကြံဖန်ပြောရလျှင် မြန်မာနာဂစ်မုန်တိုင်းကိစ္စတွင် အာဆီယံက နှမ်းဖြူးပေးခဲ့သည့် လုပ်ရပ်ကို မီးမောင်းထိုးပြမည့်အချက်ဟု ယူဆနိုင်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လပွတ္တာကယ်ဆယ်ရေးစခန်းမှ မုန်တိုင်းဒုက္ခသည်များ အဓမ္မရွှေ့ပြောင်းခံရ


NEJ/ ၂၁ ဇူလိုင် ၂၀၀၈

လပွတ္တာမြို့ (၃) မိုင်နှင့် (၅) မိုင် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည့် မုန်တိုင်း ဒုက္ခ သည်များကို သက်ဆိုင်ရာ ကျေးရွာများသို့ ရွှေ့ပြောင်းနေကြောင်း မျက်မြင်တွေ့ကြရသည့် လပွတ္တာ မြို့ခံများက ပြောပြကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြို့ခံတဦးက “ကျနော် ဇူလိုင် (၂၀) နေ့လယ် (၁၁) နာရီလောက်က သင်္ဘောဆိပ်ကို ရောက်သွား တယ်။ အဲဒီမှာ မုန်တိုင်းဒုက္ခသည်တွေကို သူတို့ မူရင်းကျေးရွာတွေကို သင်္ဘော (၄) စီးနဲ့ ပြန်ပို့ဖို့ စီစဉ်နေတာကို တွေ့ရတယ်” ဟု ပြောသည်။
ပြန်ပို့မည့်အချိန်၌ မိုးသည်းထန်စွာ ရွာနေသည့်အတွက် လမ်းခရီး လုံခြုံစိတ်ချရမှု ရှိမရှိ မပြောနိုင် ကြောင်း၊ လေဘေးသင့်ပြည်သူများကို ကြည့်ရသည်မှာ စိတ်မချမ်းသာစရာ အလွန်ကောင်းပြီး သင်္ဘောဆိပ်ခံ၌ပင် အာဏာပိုင်များက ပန်းကန်ခွက်ယောက်နှင့် မားမားခေါက်ဆွဲထုတ်၊ ဆန် အပါအ၀င် (၂) ပတ်စာ ရိက္ခာ ဝေပေးနေကြောင်း၊ ပြန်ပို့မည့် သင်္ဘောများမှာ ငါးဖမ်းလှေများ ဖြစ်ကြောင်း အဆိုပါ မြို့ခံက ပြောသည်။
အဆိုပါ မုန်တိုင်းဒုက္ခသည်များထဲမှ လွှစာကျေးရွာကို ပြန်မည့် လူတဦးက ၎င်းတို့အနေဖြင့် မပြန် ချင်သော်လည်း ကယ်ဆယ်ရေးစခန်းကို ပိတ်သိမ်းတော့မည်ဖြစ်၍ မဖြစ်မနေ ပြန်ကြရကြောင်း၊ ၎င်းတို့ ပြန်ရမည့် ရပ်ရွာတွင် နေစရာ အိမ်အဆင်သင့် မရှိသည့်အတွက် မည်သို့ နေထိုင် ရမည်ကို မသိရသေးကြောင်း ပြောသည်။
ဒုက္ခသည်များကိုပြန်ပို့သည့် သင်္ဘောဆိပ်တွင် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်မှ တာဝန် ရှိသူ နိုင်ငံခြားသားဝန်ထမ်းကိုလည်းတွေ့မြင်ရပြီး ၎င်းတို့လည်း ကြည့်ရှုနေကြကြောင်း၊ ယခုကဲ့သို့ စခန်းမှ နေရင်းပြန်ခိုင်းခြင်းကို ဇူလိုင် (၁၉) ရက်မှ စတင်ပြီး လာမည့် ဇူလိုင် (၂၅) ရက်၌ အပြီး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လပွတ္တာမြို့ (၃) မိုင်နှင့် (၅) မိုင် ကယ်ဆယ်ရေးစခန်းများသည် မုန်တိုင်းတိုက်ပြီး တပတ် ခန့်အကြာမှ နိုင်ငံတကာက အကူအညီပေးသည့် ရွက်ဖျက်တဲများကို မက်စ်မြန်မာကုမ္ပဏီက တည်ဆောက်ပေးပြီးနောက် လပွတ္တာမြို့ ဘုရားကြီးဝင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံ နေသည့် မုန်တိုင်းဒုက္ခသည်များကို ဘတ်စ်ကားများဖြင့် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းဒုက္ခသည်စခန်းကို စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံခြားသား တာဝန်ရှိသူများ သွားရောက်လေ့ရှိသည့် စခန်းတခုဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ကရင်ဒုက္ခသည်များအား နှင်ထုတ်သည့် ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

ဇူလိုင် (၁၇) ရက် နံနက်က မြန်မာဘက်ခြမ်းသို့ ပြန်ပို့ခံရသူ ကရင်ဒုက္ခသည်များ
NEJ/ ၂၁ ဇူလိုင် ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်ရာမို ကရင်ဒုက္ခသည်စခန်းမှ ကရင် ဒုက္ခသည် (၄၄) ဦးကို နှင်ထုတ်သည့်အတွက် ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့က ပြစ်တင် ရှုတ်ချလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လွန်ခဲ့သည့် (၄) လကျော်က တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ရောက်ရှိလာသူ ကရင်ဒုက္ခသည် (၄၄) ဦးအား ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ စက်လှေ (၃) စီးဖြင့် ဇူလိုင် (၁၇) နံနက် ပိုင်းက ပြန်ပို့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံ နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့မှ ယခု ကဲ့သို့ ရှုတ်ချလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်ကော်မီတီ KRC ဥက္ကဋ္ဌ စောရောဘတ်ထွေးက “ဒီလူ တွေက ပြီးခဲ့တဲ့ မတ်၊ ဧပြီက ရောက်လာတော့ စခန်းမှာက လူသစ်တွေကို လုံးဝလက်မခံတော့ ဘူးလို့ သိရတယ်။ ဒါကြောင့် သူတို့ကို ပြန်ပို့လိုက်တာဖြစ်တယ်။ မယ်ရာမိုစခန်းမှာ ဒုက္ခသည် လူသစ်တွေကို အသိအမှတ်ပြု မှတ်ပုံတင် လုပ်ပေးတာက ၂၀၀၅ ခုနှစ် နောက်ဆုံးပဲ” ဟု ခေတ်ပြိုင် သို့ပြောသည်။

ပြန်ပို့ခံရသူများအတွက် လိုက်လံကူညီဆောင်ရွက်ပေးသူ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ တွဲ ဖက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က “အခုလို စခန်းထဲရောက်လာပြီးမှ ပြန်ပို့ခံရတာ ဟာ ပထမဆုံးဖြစ်ရပ်ပဲ။ ၂၀၀၅ ခုနှစ် နောက်ဆုံးမှတ်ပုံတင်အပြီးမှာ၂၀၀၆-၂၀၀၇ ထပ်ရောက်လာ တဲ့လူတွေကို စခန်းက လက်ခံထားသလိုပဲ သူတို့ကို လက်ခံသင့်တယ်။ သူတို့ဟာ တကယ်စစ် ဘေးဒဏ်ခံနေရတဲ့ဒေသက လူတွေဖြစ်တယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေကို လူသားချင်း စာနာမှု ရှုထောင့်ကနေ စဉ်းစားစေချင်တယ်” ဟု ပြောသည်။

ပြန်ပို့မည့် လူစာရင်းမှာ (၅၈) ဦး ဖြစ်သော်လည်း ကျန်းမာရေး မကောင်းသူများအား လောလော ဆယ် မပို့သေးဘဲ ကျန် (၄၄) ဦးကို မြန်မာဘက်ခြမ်းရှိ ကေအန်ယူ ထိန်းချုပ်နယ်မြေရှိရာ သံလွင် မြစ်တဖက်ကမ်း အီတူးထာ ဒုက္ခသည်စခန်းသို့ ထိုင်းအာဏာပိုင်များက နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘက်ခြမ်းရှိ အီတူးထာ ဒုက္ခသည်စခန်းသည် မယ်လာမို ဒုက္ခသည်စခန်းမှ ရေဆန်အတိုင်း စက်လှေဖြင့်သွားပါက (၄) နာရီကျော်ခန့် ကြာမြင့်သည်။

မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ စောကညောကလည်း “အခု ကြားရတဲ့ မယ်လာ မိုကိစ္စ ဒါလုံးဝ နည်းလမ်းမကျဘူး။ ကရင်ဒုက္ခသည်စခန်း (၇) ခု ရှိတဲ့အထဲမှာ တချို့ဆိုရင် နိုင်ငံ ခြားသွားရဖို့ ငွေပေးပြီး စခန်းထဲ လာဝင်နေတာ ရှိတယ်။ လူစားထိုးပြီး သွားတာတွေ နည်းလမ်း အမျိုးမျိုးနဲ့ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရအောင် လုပ်နေကြတာတွေ အများကြီးရှိတယ်။ ကျနော်တို့ဆီမှာဆိုရင် ဒီလိုကိစ္စ ပြဿနာဖြစ်လို့ ရုံးရောက် ဘာရောက်နဲ့ ဖြေရှင်းရတာတွေ အများ ကြီးပဲ။ ပြီးခဲ့တဲ့လက ဒုက္ခသည် အစစ်အမှန်တွေကို စခန်းက ရိက္ခာမပေးလို့ မဲဆောက် ယူအန်ရုံး အထိ သွားပြီး ဆန္ဒပြတာဖြစ်ခဲ့တယ်။ စခန်းတိုင်းမှာ အစစ်နဲ့ အတုရှိတယ်။ အတုက စာရင်းဝင်ပြီး ရိက္ခာရတယ်၊ နိုင်ငံခြားသွားရတယ်။ အစစ်ကတော့ ရိက္ခာမရတဲ့အပြင် မြန်မာပြည်ဘက် အခုလို ပြန်ပို့ခံရတာတွေရှိတယ်။ အာဏာပိုင်တွေအနေနဲ့ သေသေချာချာ စိစစ်ပြီးမှ ဟုတ်မဟုတ် ဆုံးဖြတ် စေချင်တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လာအူး၊ မယ်လာမို၊ မယ်လ၊ အုန်းဖျံ၊ နို့ဖိုး၊ ဘန်းတုံယမ်း နှင့် ထမ်းဟင်အပါအ၀င် ကရင်ဒုက္ခသည်စခန်း (၇) ခု ရှိသည်။ မယ်လာမိုစခန်းသည် မယ်ဟောင် ဆောင်ခရိုင်၊ မယ်စရီးယမ်းမြို့နယ် သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ကဏန်းရန်ကြောင့် လယ်သမားများ စပါးပျိုးမအောင်မြင်


NEJ/ ၂၁ ဇူလိုင် ၂၀၀၈

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းမှ ရွာများရှိ လယ်မြေများတွင် ပျိုးကြဲထားသည့် မျိုးစပါးများကို ပင်လယ်ကဏန်းများ ဖျက်ဆီးသဖြင့် ပျိုးမအောင် ဖြစ်ကြရကြောင်း ဒေသခံရွာသားများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒေသအခေါ် ပဲလှော်လို့ခေါ်တဲ့ ပင်လယ်ကဏန်းတွေက စပါးစေ့တွေကို လက်မနဲ့ ပိုင်းပြီး ဖျက် တယ်လေ၊ စပါးစေ့တွေ ကြဲထားသလောက် အပင်မပေါက် ဖြစ်ရတယ်၊ ဒါကြောင့် မျိုးမအောင် ဖြစ်ရတယ်။ ဒီကဏန်းတွေက မုန်တိုင်းကာလမှာ ပင်လယ်ရေနဲ့ ပါလာတာတွေ၊ နှိမ်နင်းလို့ မရလို့ ခက်နေတယ်” ဟု ဒေးဒရဲမြို့နယ်မှ ရွာသားတဦးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် စပါးများ ရေစိုပျက်စီးကုန်သဖြင့် လယ်မြေ ထွန်ယက်စိုက်ပျိုးရန် မျိုးစပါး မရှိသည့် အခက်အခဲ၊ ကျွဲနှင့် လယ်ထွန်စက်များ မလုံလောက်မှု အခက်အခဲများကြားမှ ငွေကြေး တတ်နိုင်သူ လယ်သမားအချို့ မျိုးစပါးဝယ်ကာ ပျိုးကြဲထားသည့် လယ်များတွင် ကဏန်းများ ဖျက်ဆီး၍ မျိုးမအောင် ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။
ထိုကြောင့် လယ်သမားများ၏ စပါးစိုက်ပျိုးမှုနှင့် စပါးထွက်ရှိမှုမှာ လက်ရှိလုပ်နေရသည့် အခြေ အနေမှာပင် ထွက်ရှိမှု အဆင်ပြေနိုင် မပြေနိုင်၊ ထွက်နှုန်း ကောင်းမကောင်းဆိုသည်မှာ မသေချာ မရေရာ ဖြစ်နေသည်။
ဒေးဒရဲမြို့နယ်အတွင်းမှ မျိုးစပါးများ ကဏန်းဖျက်ဆီးခံရသည့် ရွာများမှာ မငဲကြီး၊ ကံစု၊ မကျည်း ကန်၊ ဘုရားလေး၊ ဖိုးချမ်းကြီး စသည့်ရွာအများစု ပါဝင်သည်။ အဆိုပါ ကျေးရွာများမှ လယ်သမား တဦးလျှင် လယ် (၁၀) ဧကမှ ဧက (၅၀) အထိ ပိုင်ဆိုင်သူများ ရှိသည်။
“ကဏန်းညှပ်လို့ ကုန်သွားတဲ့ မျိုးစပါးတွေနေရာမှာ ခုနေခါ အစားထိုးကြဲရင် အချိန်နောက်ကျ နေပြီ။ နောက်ကျပါစေ ကြဲမယ်ဆိုပြန်တော့လည်း မျိုးစပါးက မရှိ ဖြစ်နေတယ်” ဟု ဒေသခံရွာ သားတဦးက ပြောသည်။
မျိုးစပါးများကို လယ်တွင် စတင်ကြဲ၍ ပျိုးထောင်ချိန်မှာ နယုန်လတွင်း၌ ပြုလုပ်သော်လည်း နာဂစ် လေမုန်တိုင်းဒဏ်ကြောင့် ပျိုးစပါးများ အခက်အခဲဖြစ်ကာ ၀ါဆိုလဆန်းကမှ လယ်သမားအများစု ပျိုးကြဲကြခြင်းဖြစ်သည်။
အစိုးရက မျိုးစပါး မပေးသည့်အတွက် ဒေးဒရဲခရိုင်အတွင်းရှိ လယ်သမားအများစုသည် ဖျာပုံမှ ပုဂ္ဂလိက ဆန်စက်တခုဖြစ်သည့် ခေတ်သစ်ဆန်စက်မှ မျိုးစပါး (၁) တင်း ကျပ် (၁) သောင်းဖြင့် ၀ယ်ယူစိုက်ပျိုးရကြောင်း၊ အစိုးရ စိုက်ခိုင်းသည့် (၃) လကြာ ရိတ်သိမ်းနိုင်သည့် ရွှေဝါထွန်း၊ ကမာ ကြည် စသည့် သက်နုစပါးများမှာ ဈေးမရသည့်အတွက် လယ်သမားများက မစိုက်ကြကြောင်း၊ ယင်းဒေသတွင် ယခုကြဲထားသည့် မျိုးများမှာ ဘေးကြားစပါးမျိုးဖြစ်ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်