စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 23, 2008

အဖွဲ့ချုပ်အဖွဲ့ဝင်တချို့ပြန်လွတ်၊ ၃ ဦး ဖမ်းဆီးထားဆဲ

အေးလဲ့ မေ ၂၃၊ ၂၀၀၈

ယမန်နေ့က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၁၁ ဦးတွင် ၈ ဦး လွတ်မြောက်လာ ပြီး ၃ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း အန်အယ်လ်ဒီ ကပြောသည်။

ဆက်လက်ဖမ်းဆီးခံထားရသူများမှာ မချို၊ ကိုထွန်းဇော်ဇော် ၊ ကိုခင်ထွန်း တို့ဖြစ်ကြောင်း သိရသည်။

ကြာသပတေးနေ့က ဖမ်းဆီးခံရသူများမှာ ကိုကျော်ကျော်မိုး(ကြည့်မြင်တိုင်)၊ ကိုအောင်သိမ်း(ကြည့်မြင်တိုင်)၊ မထက်ထက်ဦးဝေ(လှော်ကား)၊ စမ်းချောင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေ၊ ဒေါ်ရှမ်းမ (ရွှေပြည်သာ)၊ မချို (တောင်ဒဂုံ)၊ ကိုလေးလွင် (တောင်ဒဂုံ)၊ မဥမ္မာ (တောင်ဒဂုံ)၊ မဝင်းပပ (မြောက်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင်)၊ ကိုခင်ထွန်း(ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ် တာဝန်ခံ) တို့ဖြစ်ပြီး ၎င်းတို့ကို နေအိမ်များမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယနေ့ ပြန်လွတ်လာသည့် စမ်းချောင်းမြို့နယ်အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေက ယမန်နေ့ နံနက်ပိုင်း တွင် စမ်းချောင်း မြို့နယ်ရဲစခန်းနှင့် ကျောက်တံတားမြို့နယ်တို့မှ မြို့နယ်မှူးနှင့် ဒုရဲအုပ် ဦးသိန်းလှိုင် တို့က ဖမ်းဆီး သွားကြောင်းနှင့် ယနေ့ နံနက်၂ နာရီ တွင် ၎င်းအားပြန်လွတ်ပေးလိုက်ကြောင်းကို ဧရာဝတီသို့ ပြောသည်။

၎င်းကို ဖမ်းဆီးရခြင်းအကြောင်းအရင်းမှာ ယခုနှစ်ဇန်နဝါရီလက ပန်းပဲတန်းမြို့နယ်ရဲစခန်းတွင် တရားစွဲ ခံခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း ဦးသက်ဝေ က ဆိုသည်။

“ကျောက်တံတားမြို့နယ် ရဲမှူးက ကျနော့်ကို ဖမ်းဆီးခေါ်ဆောင်ရခြင်းအကြောင်းကို ပြောပြတယ်၊ ပန်ပဲတန်း ရဲစခန်းမှာ တရားစွဲဆိုခံထားရတဲ့အမှုမှာ ကျနော်က ခရိုင်ရဲမှူးနဲ့ တိုင်းရဲမှူး နှစ်ဦးကို သက်သေ ထည့်ထားတဲ့ အတွက် အဲဒီသက်သေခံကို ပန်းပဲတန်းရဲစခန်းကလက်ခံလိုက်ပြီး ရဲမှူး နှစ်ဦး ဆီကို စာရောက်သွားတယ်၊ အဲဒါကြောင့် တိုင်းရဲမင်းကြီးက ဘာကြောင့် သက်သေခံထည့်ရသလဲဆိုတာကို စစ်ဆေး မေးမြန်းချင်လို့ ခေါ်သွားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။

အမှုစစ်အရာရှိ ၃ ဦးက အမျိုးမျိုး ဖိအားပေးခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများပြုလုပ်၍ ၎င်း၏ သက်သေခံ ပစ္စည်း Memory stick အား ကျောက်တံတားရဲစခန်းတွင်ပေးခဲ့ပြီး ပြန်လွှတ်လိုက်သည်ဟုလည်း ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းက အချက်အလက်များ သိမ်းဆည်းသည့် ကွန်ပျူတာသုံး Memory stick တွင် သက်သေခံဖြစ် သည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ကို မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှု နှင့် ပတ်သက်ပြီး နယ်အသီးသီးက နစ်နာသူများမှ တိုင်ကြားသောစာများကို ဦးသက်ဝေ ထံတွင် လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်းရဲစခန်းတွင် တရားစွဲခံရသည့် အမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အကြောင်းအရာကို စစ်ဆေး၍ Memory stick ကို သိမ်းဆည်းလိုက်ခြင်းဖြစ်သည် ဟု ဦးသက်ဝေ က ပြောသည်။

၎င်းစာကို အတုပါဟု ထွက်ဆိုပါက ပြန်လွှတ်ပေးမည်ဟု ရဲကအပေးအယူလုပ်ခဲ့ခြင်းကို လက်မခံဘဲ ငြင်းဆို သောကြောင့် ပုဒ်မတပ် တရားဆွဲခံရခြင်း ဖြစ်သည်ဟု သိရသည်။

အဖမ်းဆီးခံ ကိုခင်ထွန်း၏ မိသားစုဝင် တဦးကမူ သက်ဆိုင်ရာက မည်သို့မျှ အဆက်အသွယ် မပြုလုပ်သေးကြောင့် စိုးရိမ် စိတ်ဖြင့် စောင့်မျှော်ရကြောင်း ပြောဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

လှူဒါန်းခြင်း

အတောက်ပဆုံး အနီရောင်လူငယ်များအဖွဲ့ (မလေးရှား)၊ Youth of Brightest Red Organization (Malaysia) မှ၊ လေဘေးဒုက္ခသည်များ အတွက် လှူဒါန်းသော မလေးရင်းဂစ် ၁၇၀၀ တိတိ ပြည်ပရောက်မျိုးချစ်မြန်မာများ(စင်္ကာပူ) မှ လက်ခံ ရရှိပါသည်။

ယခုကဲ့သို့ မြန်မာပြည်အရေးတွင် တကယ်လိုအပ်သောအချိန်၌ သဒ္ဓါတရားထက်သန်စွာ ဒါနအရေး၊လက်မနှေး ကူညီလှူဒါန်းကြသော မလေးရှားနိုင်ငံမှ အတောက်ပဆုံး အနီရောင်လူငယ်များအဖွဲ့ အား မြန်မာပြည်တွင်းရှိ ဘေးဒုက္ခသည်များ ကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများမှ လေးစားဂုဏ်ယူ အထူးကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာ ကယ်ဆယ်ရေးကျွမ်းကျင်သူများ ဗိုလ်ချုပ်မှူးကြီး လာခွင့်ပြု

ကိုစိုး မေ ၂၃၊ ၂၀၀၈

မြန်မာနိုင်ငံသို့ လေဘေးဒုက္ခသည်များ အကူအညီ ပေးရေးကိစ္စနှင့် ပတ်သက်ပြီး ရောက်ရှိနေသော ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နိုင်ငံတကာမှ ကယ်ဆယ်ရေးကျွမ်းသူများနှင့် အကူ အညီပေးမည့် သူများကို နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လာရောက်ခွင့်ပြုလိုက်သည်ဟု ယနေ့ပြောကြားသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော် တွင်၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် မစ္စတာ ဘန်ကီမွန်းက ဤကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြောစကားနှင့်ပတ်သက်၍ သတင်း ထောက်များက မေးမြန်းရာတွင်မူ မစ္စတာ ဘန်ကီမွန်းက “ကျနော် လည်း အဲဒီလို လုပ်မယ်လို့ ထင်ပါတယ်”ဟု ပြောဆိုကြောင်းလည်း သတင်းတွင်ပါရှိသည်။

မြန်မာစစ်အစိုးရက နာဂစ် ဆိုင်ကလုန်း မုန်တိုင်း စတင်တိုက်ခတ်သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့များမှ ယနေ့ အထိ နိုင်ငံတကာမှ ကယ်ဆယ်ရေးကျွမ်းသူများနှင့် အကူအညီပေးမည့်သူများအား မြန်မာနိုင်ငံသို့ ဝင်ရောက် ခွင့် ကို ငြင်းဆိုနေခဲ့သည်။

ယင်းကိစ္စအပါအဝင် လေဘေး ဒုက္ခသည်များ အကူအညီပေးရေးအတွက် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခြင်းဖြစ်သည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက် မုန်တိုင်းဒဏ်သင့် ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ယနေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခြင်းဖြစ်သည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ကျနော်တွေ့ဆုံခဲ့တာဟာ အလွန်ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်၊ အထူးသဖြင့် နိုင်ငံလူမျိုး ကို မကြည့်ဘဲ သူ့နေနဲ့ အခုလို ကူညီကယ်ဆယ်ရေးကျွမ်းကျင်သူတွေကို လာရောက်ခွင့်ပြုတဲ့အတွက် ဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။

မစ္စတာ ဘန်ကီမွန်းက ဆက်လက်ပြီး“ဒုက္ခသည်တွေအတွက် သေရေးရှင်ရေးတမျှ အရေးတကြီးလိုအပ်နေတဲ့ အကူပစ္စည်း တွေ နဲ့ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ လျင်လျင်မြန်မြန် ရောက်ရှိလာဖို့ အဖြစ်နိုင်ဆုံး သူ့ကို ကျနော် တိုက်တွန်း ပြောဆို ခဲ့ပါတယ်”ဟု လည်း ပြောသည်။

ရန်ကုန်မြို့ကို လေဘေးကယ်ဆယ် ကူညီထောက်ပံ့ ပို့ဆောင်ရေး အဓိကနေရာအဖြစ် အသုံးပြုရန်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က သဘောတူခဲ့ကြောင်း သိရသည်။

မစ္စတာ ဘန်ကီမွန်းသည် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ကျုံဒါး ကျေးရွာသို့လည်း ရောက်ရှိခဲ့ပြီး လေဘေး ဒုက္ခသည်များ ထားသည့် အပြာရောင် ရွက်ဖျင်တဲ ၅၀၀ ခန့်ကို ၎င်းအား စစ်အစိုးရက လိုက်လံပြသခဲ့သည်။

“ကျနော် အဲဒီမှာ တွေ့ခဲ့ရတာ အလွန်စိတ်မကောင်းစရာပါပဲ”ဟု မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များကို ပြောပြခဲ့သည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် အနည်းဆုံး လူ ၇၈၀၀၀ သေဆုံးပြီး တခြားသော ပျောက်ဆုံးသူပေါင်း ၅၆၀၀၀ ခန့်ရှိ၍ လေဘေး ဒုက္ခသည် ၂.၅ သန်း ခန့် ရှိကြောင်း အေပီ သတင်းက ဖော်ပြထားသည်။

မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံး တွင် ဝန်ထမ်း ၁၅၉ ဦးအပါအဝင် သေဆုံးသူပေါင်း ၇၇၇၃၈ ဦး၊ ဝန်ထမ်း ၈၅ ဦး အပါအဝင် ပျောက်ဆုံး သူ ၅၅၉၁၇ ဦး နှင့် ဝန်ထမ်း ၄ ဦး အပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း စစ်အစိုးရ သတင်း ဌာနများက ထုတ်ပြန်ထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ရေတပ်သားများအားလုံး ကြိုတင်ထောက်ခံမဲ ပေးကြရ

အေးချမ်းမြေ့ မေ ၂၃၊ ၂၀၀၈

မြန်မာ့ရေတပ်မတော် “ဗျူဟာ စစ်ရေယာဉ်စု (၁)” တွင် မေ ၁၅ ရက် နေ့က တပ်သား၊ တပ်ကြပ်၊ အရာရှိအားလုံးကို ခေါ်ယူ၍ ကိုယ်တိုင်ကိုယ်ကျ မဲပေးစရာမလိုတော့ကြောင်းပြောကာ “MYANMAR NAVY” ဟူသောစာလုံးအနောက်၌ အမှန်အမှတ်အသားပါ ဦးထုပ် ၁ လုံးစီ လက်ဆောင်ပေးလိုက်ကြောင်း ရေတပ် တပ်ကြပ်ကြီး တဦးက ဧရာဝတီသို့ ပြောပြသည်။

“ဆိုလိုတာက အားလုံး မဲပေးပြီးသွားပြီပေါ့ဗျာ။ ကိုယ်တိုင်ကိုယ်ကျ ဘာမှ လုပ်စရာမလိုဘဲ ပေးပြီးသား ဖြစ်သွားတာ။ တပ်သားတွေက စိတ်ဆိုးပြီး အဲဒီဦးထုပ်တွေကို ရေထဲလွှင့်ပစ်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုကဲ့သို့ ကြိုတင်မဲပေးခြင်းကို ရေတပ်အားလုံး၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံများမှ ဝန်ထမ်းအားလုံးသည်လည်း သန်းခေါင်စာရင်းနှင့် ရပ်ကွက်ထဲတွင် မဲပေးရခြင်း မဟုတ်ဘဲ စက်ရုံများ၌ပင် ကြိုတင်မဲများပေးရခြင်း ဖြစ်ကြောင်း သန်လျင် ရေနံချက် စက်ရုံမှ ဝန်ထမ်းတဦးကပြောသည်။

“ကြိုတင်မဲ ပေးရတယ်သာဆိုတယ်။ နာမည်ပဲလာယူပြီး အားလုံး ပေးပြီးသွားပါပြီတဲ့။ ကိုယ့်ဘာသာ ဘာမှတောင် မလုပ်ရဘူး” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း ယမန်နေ့ညက ရယက လူကြီးများက ထောက်ခံမဲများ အဆင်သင့် ခြစ်ပြီးသားစာရွက်များ လိုက်လံဝေကြောင်း ကျောက်တံတားမြို့နယ်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သော သတင်းထောက် တဦးက ပြောသည်။

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ၂၀၀၈ ဆိုတဲ့ဘေးမှာ အမှန်ခြစ်ထားပေးတယ်။ အဲဒီကျောဘက်မှာတော့ အမည်၊ အိမ်လိပ်စာ နဲ့ မဲပေးမယ့် အမှတ်စဉ်၊ မှတ်ပုံတင်ပါ ယူဆောင်လာရန် ဆိုတာတွေ ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း သန်လျင်မြို့ ပဲခူးစုရပ်ကွက် အတွင်းနေထိုင်သူတဦးကလည်း “ကျနော်တို့ ရပ်ကွက်မှာ ကြိုတင်မဲတွေလာပေး ကြဖို့ ပြောတယ်။ သွားပေးတော့ နာမည်ပဲယူထားပြီး ပေးပြီးသွားပြီ ရပြီ လို့ပြောတယ်ဗျ” ဟု ပြောပြသည်။

ရန်ကုန်မြို့တွင်း တချို့သော နေရာများတွင် ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် ရယကတို့က သာမန်အရပ်သား ၁၈ နှစ်ကျော်အရွယ် များကို ထောက်ခံမဲပေးပါက ခေါက်ဆွဲထုပ်၊ သွားတိုက်ဆေး စသည့်လက်ဆောင်များ ပေးမည်ဟု မက်လုံးပေး မဲယူနေ ကြောင်း ရန်ကုန်မြို့ခံ မျက်မြင်တဦးကပြောသည်။

ယခုလ ၁၀ ရက်နေ့က တပြည်လုံးအတိုင်းအတာဖြင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပရန် စစ်အစိုးရက စီစဉ်ခဲ့သော်လည်း ၂ ရက်နေ့ကတိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ဆိုးရွားစွာခံခဲ့ရသည့် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့မှ မြို့နယ် ၄၇ မြို့နယ်ကို မေလ ၂၄ တွင် ပြန်လည်ကျင်းပရန် ရွှေ့ဆိုင်းလိုက်သည်။

ကျန် တိုင်းနှင့် ပြည်နယ်များ၌ကျင်းပသည့် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ၉၂. ၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း မေလ ၁၆ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ကော်မရှင်ဥက္ကဌ၊ တရားသူကြီးချုပ် ဦးအောင်တိုးက လက်မှတ်နှင့် တကွ ကြေညာခဲ့သည်။

“မတရားတာတော့ လူတိုင်းသိတယ်။ ဒါပေမယ့် လူတွေက ဆန္ဒခံယူပွဲကို စိတ်မဝင်စားကြဘူးဗျ။ မုန်တိုင်းဒဏ် အနည်းနဲ့ အများဆိုသလို ခံလိုက်ရလို့ စိတ်ဆင်းရဲနေကြတယ်။ ထမင်းတလုပ် ဘယ်လိုစားမယ် ဆိုတာပဲ စိတ်ဝင်စားတယ်” ဟု ဗျူဟာ စစ်ရေယာဉ်စု ၁ မှ တပ်ကြပ်ကြီးကပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

အိပ်မက်ဆိုးကြား ရှင်သန်သူ

အောင်သက်ဝိုင်း/လပွတ္တာ မေ ၂၁၊ ၂၀၀၈

လပွတ္တာမြို့၊ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရဲ့ မုခ်အ၀င်အ၀မှာ အရောင်မရှိ မွဲခြောက်နေတဲ့ အစိမ်းရောင်နိုင်လွန် အနွေးထည်၊ အဖြူရောင်ပျောက်ပြီး သံချေးရောင်ပေါက်နေတဲ့ ရင်ဖုံးအင်္ကျီနဲ့ စုတ်ပြဲဖာရာတွေပြည့်နေတဲ့ ၀ါညိုရောင် ခပ်ပုပ်ပုပ် ထဘီကို ၀တ်ဆင်ထားတဲ့ အမယ်အိုတဦး ငူငုငိုင်ငိုင် ထိုင်လျက် ရှိပါတယ်။

မျက်ရည်များနှင့် အဖွားဒေါ်ကျင်လှ (ဓာတ်ပုံ - ဧရာဝတီ)

အမယ်အိုရဲ့ဦးခေါင်းမှာ ဆံပင်တွေက ဆွတ်ဆွတ်ဖြူနေပြီး အ၀ါရောင်ဘက် ခပ်ရောက်ရောက် အသားအရေရှိတဲ့ မျက်နှာက တွန့်လိပ်နေတဲ့ အရေးအကြောင်းတွေနဲ့ ပိန်လှီဖျော့တော့ လွန်းလှတယ်။ သူ့ရဲ့ ချိုင့်ဝင်ပိန်လှီနေတဲ့ မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်စတွေက စမ်းချောင်းတခုပမာ တသွင်သွင်စီးကျနေတယ်။

မျက်ရည်စတွေနဲ့ ဘုရားရင်ပြင်ရဲ့အရှေ့ဘက်အရပ်ဆီကို မျက်တောင်မခတ် ငေးမောနေတဲ့ အမယ်အိုရဲ့ အသွင်အပြင်ကို မြင်ရသူတိုင်း ရင်ထဲမှာအမျိုးအမည်မသိ ၀မ်းနည်းကြေကွဲစေတဲ့ ခံစားချက်တခု ဖြစ်ပေါ်စေပါတယ်။

သူကတော့ မေလ ၂ ရက်နေ့ မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး ကြောင့် မိသားစုဝင် ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဘီတွတ်ကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ကျင်လှပါ။

မေလ ၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်က ဘီတွတ်ကျေးရွာ၊ ကြိမ်ချောင်းအုပ်စုမှာ နေထိုင်တဲ့ ဒေါ်ကျင်လှ တယောက် ပုံမှန်အတိုင်း အိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

သားသမီးမြေးမြစ် ၂၀ ကျော်ရှိတဲ့ ဒေါ်ကျင်လှတို့ မိသားစုဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပြီး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းလှတဲ့ မိသားစုလေးတခုပေါ့။ ဒါပေမယ့် နာရီပိုင်းအတွင်း သူတို့ရဲ့ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုကြီးကို ဖျက်ဆီးတော့မယ့် ကံကြမ္မာဆိုးကြီးတခု ရောက်လာတော့မယ်ဆိုတာ ဒေါ်ကျင်လှတယောက် အဲဒီအချိန်က မသိခဲ့ပါဘူး။

မနက် ၁၁ နာရီ ခွဲခါနီး လောက်မှာတော့ သူတို့အိမ်နဲ့ သိပ်မဝေးလှတဲ့ ကမ်းနားက လေကြမ်းတွေ တ၀ုန်းဝုန်းနဲ့ တိုက်ခတ် လာခဲ့ပါတယ်။ တိုက်ခတ်လာတဲ့ လေကြမ်းနဲ့အတူ ကမ်းနားမှာ ဒီရေကလည်း တရိပ်ရိပ်တက်လာတယ်။ ဒီရေတက်ပြီး လေကြမ်းတွေတိုက်တာဟာ မိုးဦးကျလေဦးကျ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတွက် ဒေါ်ကျင်လှစိတ်ထဲမှာ သိပ်မထူးဆန်းသလို ခံစားခဲ့ရတယ်။ အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ မြေးငယ်လေးတွေကို အိမ်ပေါ်တက်ဖို့ ခေါ်ပြီး သူတို့ တထပ်အိမ်လေးရဲ့ အိမ်တံခါးတွေကို လိုက်ပိတ် နေခဲ့ပါတယ်။

မွန်းတည့်ချိန် လောက်မှာ တိုက်ခတ်နေတဲ့ လေကြမ်းတွေနဲ့အတူ ကောင်းကင်တခုလုံးနီရဲလာပြီး လေနီကြမ်းတွေ တရစပ် တိုက်ခတ်လာတာ သူတွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ တိမ်ညိုတိမ်မည်းတွေက ကောင်ကင်လုံးပြည့် နေရာယူထားပါတယ်။ ဒေါ်ကျင်လှတယောက် ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အဆက်မပြတ်ရွတ်လို့ မြေးငယ်လေးတွေကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။

လေနီရိုင်းတွေက ကြမ်းသထက်ကြမ်း၊ ရမ်းသထက်ရမ်းလာတော့ သူ့အိမ်ကလေး တဒိုင်းဒိုင်းနဲ့ လှုပ်ခါနေပါတယ်။ သူတို့ ရွာပတ်ဝန်းကျင်မှာတော့ “ကယ်ကြပါ” ဆိုတဲ့ အသံတွေကို စကြားနေရပြီ။ သူ့ရဲ့ စိတ်တွေလည်း ကယောင်ချောက်ချား ဖြစ်လို့နေပါပြီ။ သူ့ တထပ်အိမ်လေးရဲ့အမိုးတွေအကာတွေက လေနီကြမ်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် အဝေးဆုံးကို လွင့်ထွက်သွားပါတယ်။

နေ့လယ် ၁ နာရီကျော်ချိန်မှာတော့ “၀ုန်း” ဆိုတဲ့ အသံကြီးနဲ့အတူ သူ့အိမ်လေးကို လူတရပ်မြင့်တဲ့ ရေလှိုင်းကြီးတခု လာရောက်ရိုက်ခတ်ပြီး ဖြိုချလိုက်ပါတော့တယ်။ သူလည်း မြေးလေးတွေရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြိုကျနေတဲ့ အိမ်ထဲက ရုန်းကန်ထွက်လိုက်ပါတယ်။ ဒါပေမယ့် အိမ်ပြင်ကို ရောက်တယ်ဆိုရင်ပဲ အလွန်ပြင်းထန်ပြီး အလွန်မြင့်တဲ့ လှိုင်းလုံးကြီးတွေ ထပ်ရိုက်ခတ်လာပါတယ်။

ပြင်းထန်လှတဲ့ ရေလှိုင်းတွေက သူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ မြေးငယ်နှစ်ဦးလက်ကို ဖြုတ်ချပစ်လိုက်ပါတယ်။

“မြေးလေးရေ၊ သားလေး၊ အမလေး လုပ်ကြပါဦး” လို့ပဲ သူ အာကုန် ခြစ်အော်ဟစ် နိုင်ခဲ့ပါတယ်။

ဒီရေလှိုင်းကြီးနဲ့အတူ မျောပါသွားတဲ့ သူ့ရဲ့ ၁၀ နှစ်အရွယ်မြေးလေးဆီက “အဘွား” ဆိုတဲ့ အသံလေးတသံပဲ သူ နောက်ဆုံး ကြားလိုက်ရတော့တယ်။

ဒေါ်ကျင်လှ တယောက် မြေးငယ်လေးတွေဆီကို ရေလှိုင်းနဲ့အတူ လိုက်ပါပြီး လှမ်းဆွဲဖို့ ကြိုးစားပေမယ့် ပြင်းထန်လှတဲ့ ရေလှိုင်းကြီးတွေက သူနဲ့သူ့ မြေးငယ်လေးတွေကို ခွဲခြားလိုက်ပါပြီ။ မြုပ်ချီပေါ်ချီနဲ့ ရေလှိုင်းတွေနဲ့ မျောပါသွားတဲ့ မြေးငယ် လေးတွေကို ခဏတာပဲမြင်လိုက်ရတယ်။

သူ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ ဆားငန်ရေတွေ ရောထွေးနေပါတယ်။ အလွန်ရေစီးမြန်တဲ့ရေလှိုင်းတွေထဲမှာ သူလည်း မြုပ်ချီ၊ ပေါ်ချီဖြစ်နေပါတယ်။ ရေကူးတတ်ပေမယ့် မြန်ဆန်လွန်းတဲ့ ရေစီးက သူ့ကိုကူးခတ်ခွင့် မပေးတော့ပါဘူး။ သူအသက် ရှင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ကောင်းကောင်း နားလည်လိုက်ပါပြီ။ လေနီကြမ်း၊ ရေလှိုင်းတွေနဲ့ အတူ မိုးတွေပါရွာလာ တယ်။ ရေစီးနဲ့ မျောနေတဲ့လူတွေ ကျွဲနွားတွေ၊ အိမ်တွေ ၊ သစ်ပင်တွေကို သူမြင်လိုက်ရတယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေ လည်း ကြားနေရတယ်။

ရွာတဲ့ မိုးစက်မိုးပေါက်တွေက သူ့အသားကို မီးစနဲ့ထိုးသလို ခံစားရပါတယ်။ သူ အသက်ရှုလို့ မရတော့ဘူး။ သူ့သားတွေ၊ သမီးတွေ ၊ မြေးငယ်လေးတွေရဲ့ မျက်နှာလေးတွေကို သူ့ရဲ့မျက်လုံးထဲမှာ တခုပြီးတခု မြင်ယောင်နေမိပြီ။ နောက်ဆုံး အချိန်မှာ သူ မျက်လုံးကိုမှိတ်ပြီး ဘုရားကို အာရုံပြုလိုက်တယ်။

ကံကောင်းတယ်လို့ ပြောရမလား မဆိုနိုင်ဘူး သူ ရေစီးနဲ့အတူမျောပါရင်း ရုတ်တရက် တစုံတခုနဲ့ တိုက်မိသွားတယ်။ မျက်လုံးဖွင့်ပြီး တိုက်မိတဲ့အရာကို အမိအရလှမ်းဆွဲလိုက်တယ်။ ကံကြမ္မာက သူ့ကို မျက်နှာသာပေးတယ် ထင်ပါရဲ့။ သူ လှမ်းဆွဲလိုက်တာဟာ ရေစီးမှာယိမ်းနွဲ့နေတဲ့သစ်ပင်ကြီးတပင် ဖြစ်လို့ နေတယ်။ ရေက အရှိန်နဲ့ စီးနေပေမယ့် သူဆုပ်ကိုင်ထားတဲ့ အပင်ကြီးကို မျောပါသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။

သူလည်း အပင်ကို အမိအရအားကုန် ကိုင်ဆုပ်လို့ အရှိန်အဟုန်ပြင်းတဲ့ ရေလှိုင်းတွေ၊ လေတွေ၊ မိုးရေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ရတယ်။ စိတ်ထဲမှာတော့ သူ့မြေးတွေ၊ သားသမီးတွေအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ၂ နာရီကျော်ကြာ လေကြမ်း၊ ရေလှိုင်းနဲ့ မိုးရေတွေရဲ့ဒဏ်ကို ခံရင်္ပြီးချိန်မှာ လေရောမိုးရော ရပ်စဲသွားပါတယ်။ ဒါပေမယ့် ရေကတော့ လုံးဝမကျသေးပါဘူး။ မိုးလေစဲလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါမှာ ပင်လယ်တမျှ ကျယ်ပြောတဲ့ ရေပြင်ကြီးကိုပဲ သူမြင်တွေ့ရတယ်။ နောက်ကျိကျိ ရွှံ့ရောင်ရေတွေက မျက်စိ တဆုံး နေရာယူထားတယ်။ အချိန်က ၄ နာရီကျော် ၅ နာရီလောက်ရှိမယ်လို့ သူ့စိတ်ထဲခန့်မှန်းနေမိတယ်။

မှောင်ရီစပျိုးတဲ့ ညနေအချိန်လောက်မှာတော့ ရေတဖြည်းဖြည်း ကျလာတယ်။ ရေကျတာကလည်း အရမ်းမြန်ပါတယ်။ နာရီပိုင်းတွင်းမှာ ရေက တဖြည်းဖြည်းနဲ့ မြေပြင်ကိုမြင်ရတဲ့အထိ ကျသွားပါတယ်။ သူရောက်နေတဲ့ သစ်ပင်ထိပ်ဖျားကနေ မြေပြင်ကို တဖြည်းဖြည်းဆင်းလာခဲ့တယ်။ သူ့မှာထဘီ မရှိတော့ဘူး။ သူ့ရဲ့ခြေထောက်တွေ၊ ကိုယ်တွေ လက်တွေ တအားကို နာကျင်နေတယ်။ ရေအရမ်းငတ်နေတယ်။ သူ့တကိုယ်လုံး အားအင်ချိနဲ့ နေသလိုခံစားရတယ်။ သစ်ပင် ခြေရင်းရောက်တယ် ဆိုရင်ပဲ သူခြေပစ် လက်ပစ်လှဲချလိုက်တယ်။ အဲဒီနောက် ဘာမှမသိတော့ဘူး။

သူပြန်နိုးတဲ့အချိန်မှာ နောက်နေ့ မနက်ပိုင်းရောက်နေပြီလို့ သိလိုက်ရတယ်။ သူ့မှာ အပေါ်အင်္ကျီ အစိမ်းရောင်နိုင်လွန် အနွေး ထည်ရယ်၊ ရင်ဖုံးအင်္ကျီရယ်ပဲ ကျန်ပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်မိတော့ သစ်သားအကျိုးအပဲ့တွေ၊ လူသေကောင်တွေ၊ အိုးခြမ်းပဲ့တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ကြက် သေတွေ၊ သစ်ပင် အကျိုးအပဲ့တွေနဲ့ နေရာတိုင်းမှာ အပျက်အစီး တွေချည်းပဲ။ သူ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ လုံးဝမသိဘူး။

သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ အမျိုးသမီးအလောင်းက ထဘီကို ချွတ်ယူလိုက်ပါတယ်။ အဲဒီနောက် တုန်ရီချည့်နဲ့စွာနဲ့ သူ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်လုံးမှာ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေတယ်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့ အချိန်မှာတော့ ဆယ်ဂဏန်းနီးပါးရှိတဲ့ လုအုပ်စု တစုကို တွေ့လိုက်ရတယ်။ တချို့က အ၀တ်မပါ ကိုယ်တုံးလုံးတွေ ဖြစ်နေတယ်။

အဲဒီအဖွဲ့က သူ့ကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ်။ သူတို့လူစုဆီမှာ စားသောက်စရာ မရှိလို့ အနီးအနားမှာရှိတဲ့ အုန်းပင် တွေက အုန်းသီးတွေခူးဆွတ်ပြီး အုန်းရေသောက် အုန်းသီးစားနေခဲ့ရတယ်။ မေလ ၆ ရက်နေ့မနက်ပိုင်းမှာတော့ ကမ်းနားမှာ ဆားချက်လှေကြီးတစီး တွေ့ရပြီး လှေပေါ်က အလုပ်သမားတွေက သူတို့ကို လပွတ္တာမြို့ဆီခေါ်သွားတယ်။

ညနေပိုင်းမှာ သူတို့ လပွတ္တာမြို့ပေါ်ကိုရောက်ရှိခဲ့ပြီး အမှတ် ၂ အထက်ကျောင်းမှာ နေရာချထားပေးတယ်။ မေလ ၈ ရက် နေ့မှာတော့ သူ့ သား ၃ ယောက်၊ ချွေးမ ၅ ယောက်ကို ဒုက္ခသည်တွေ အဖြစ်နဲ့ လပွတ္တာ မြို့ပေါ်မှာ ပြန်တွေ့တယ်။ သူ့ မြေးလေးတွေကိုတော့ မြို့ပေါ်က စခန်းတွေမှာ လုံးဝ ပြန်မတွေ့ရတော့ပါဘူး။

သူ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရှေ့မှာ တိုးတိုးလေး ဆုတောင်းနေမိတယ်။ နောင်ဘ၀မှာ ဒီိလိုအဖြစ်ဆိုးမျိုး မတွေ့ပါရစေနဲ့လို့ …။ ။

အပြည့်အစုံဖတ်လိုလျှင်

ရင်ထဲမှာလှိုက်လှိုက်လှဲလှဲကို နာကြင်မိပါတယ်။

ကြုံကြိုက်တုန်း
မိုက်တူးစီ တစ်ခေါက်လောက် မုန်တိုင်းအပြီးမှာ ရောက်နေတုန်းမှာ သူရေးနေတဲ့
စာစီစာကုံးလေးကို ဖတ်မိရင်းနဲ့ ဝေငှလိုက်ပါတယ်



ဧပြီ 29 မှာ မုန်တိုင်းဝင်မဲ့လမ်းကြောင်း
လေတိုက်နှုန်းကို အင်တာနက်က မိုးလေ၀သ သတင်းတစ်ခုမှာ စဖတ်ခဲ့ရပါတယ်။ အိမ်ကို
ပြန်ရောက်တော့ လက်လှမ်းမှီသမျှ မုန်တိုင်းသတင်းကို လိုက်လံဝေငှတော့ အရူးကြီးကို
ဖြစ်လို့။ သတင်းစာထဲမှာကလည်း လေပြင်းတိုက်ခတ်မယ်၊ တစ်နာရီ မိုင် 40
လောက်ပဲရေးထားတော့ ဘယ်သူမှ ကျွန်တော်ပြောတာ မယုံကြဘူးပေါ့။ မေလ 2 ရက်နေ့ နေ့လည် 3
နာရီလောက်မှာ သတင်းစာ ရောက်လာလို့ ကြည့်လိုက်တော့ မုန်တိုင်းဝင်မယ် 24 နာရီတဲ့။
နယ်က မိဘတွေကို စိတ်ပူမိသည်၊ နယ်မှာဆိုရင် ဒီနေ့ထုတ်တဲ့ သတင်းစာက 2 ရက်လောက်နေမှ
ဖတ်ရတာဆိုတော့ မုန်တိုင်းဝင်ခါနီးမှ သတိပေးတဲ့ မိုးလေ၀သဌာနကို ဘာပြောရမှန်းမသိ။
အားလုံးတိုက်ခတ်ပြီးသွားတော့မှ ပြန်ကြားရေး ပုဂ္ဂိုလ်က
ကျွန်တော်တို့အချိန်နှင့်တပြေးညီ မုန်တိုင်းသတင်းကို ကြေငြာပေးပါသည် ဆိုတော့၊
မိုးလေ၀သဌာန တာဝန်ရှိသူက ဘယ်လိုပင် ကြိုတင်သတင်းပေးသော်လည်း သဘာဝဘေးဒဏ်၊
လူအသေအပျောက်က ရှောင်လွဲလို့ မရနိုင်ပါဟု ပြောကြားလာသောအခါ ဟုတ်ကဲ့ မြန်မာဖြစ်ရတာ
သူတို့ကြောင့် ကျွန်တော် ရင်နာမိပါသည်။



မုန်တိုင်းပြီးသွားတော့ လမ်းက လူသွားလို့တောင်
အဆင်မပြေ၊ ဓါတ်တိုင်တွေကြိုး၊ သစ်ပင်တွေ အမြစ်ကလဲလေတော့ ကိုယ်ထူကိုယ်ထ ပင်ကို
အသိစိတ်ဓါတ်လေးတွေနဲ့ ၀ိုင်းဝန်းပြီး လမ်းလျှောက်နိုင်အောင်တော့ ရှင်းကြပါတယ်။
ကိုယ့်အိမ်လေးလဲ ကိုယ့်ဟာကို ဈေးကြီးမိတဲ့ သွပ်လေးတွေ တတ်နိုင်သလောက်မိုးရတာပေါ့။
သုံးရက်လောက် နေတော့ ရောက်လာတဲ့ သတင်းစာကောက်ကိုင်လိုက်တော့ ယူနီဖောင်းတွေ ၀တ်ပြီး
အမှန်အကန် လမ်းရှင်းနေတာကို တွေ့လိုက်ရတော့ ကိုယ်နေတဲ့ ရပ်ကွက်များ ဘယ်တော့
လာပါ့မလဲလို့ စောင့်စားမိနေတာ ယနေ့အချိန်ထိတော့ ပေါ်မလာ။ ဒီကြားထဲ ရပ်ကွက်
တာဝန်ရှိတဲ့သူက ပျက်စီးတာတွေ မပြင်နဲ့ရေ အဲ့ဒါမှ သက်သေပြလို့ ရမှာဆိုတော့
မိုးယိုနေတဲ့ ခေါင်မိုးကို ဒီအတိုင်းပဲ ထားနေရမှာဆိုတော့.... ဟုတ်ကဲ့........



သဘာဝဘေးဒဏ်ကာကွယ်ရေး အထူးကော်မတီဆိုပီး
ဖွဲ့စည်းတာတွေ့လိုက်ရတယ်။ အဲ့ဒိအစည်းအဝေးလည်းပြီးရော အဖွဲ့ဝင် ၀န်ကြီးတစ်ပါးက နိုင်ငံတော်အကြီးအကဲရဲ့
ကြိုတင်အမျှော်အမြင်ကြောင့် နေပြည်တော်ကို ပြောင်းလိုက်လို့ ကျွန်တော်တို့ မုန်တိုင်းဒဏ်က
လွတ်သွားတာ၊ နိုင်ငံတော် အကြီးအကဲရဲ့ စေတနာ ကြီးမားလှပါတယ်တဲ့။ အော် အတော်လေးကို
ပြည်သူတွေအပေါ်မှာ ကရုဏာထားတာလေး သိလိုက်ရတော့..... ဟုတ်ကဲ့



ကာတာနိုင်ငံက လေယာဉ်ကြီး ရန်ကုန်လေဆိပ်ကို
ဆိုက်ရောက်လာတော့ ထုံးစံအတိုင်း ယူနီဖောင်းဝတ်များက အကူအညီပေးတဲ့ ပစ္စည်းတွေ သယ်ဖို့
အဆင်သင့်လုပ်နေတာပေါ့။ အဲ့ဒိမှာ ထူးဆန်းတဲ့ယူနီဖောင်းနဲ့ ဆင်းလာတဲ့
လူအချို့ကိုလည်း တွေရတယ်ဗျ။ သူတို့အရပ်က 6 ပေကျော်၊ ယူနီဖောင်းရဲ့ နေရာအနှံ့မှာ ပစ္စည်းကိရိယာ
အစုံအလင်နဲ့ နေရာလွတ်မရှိ။ လူတစ်ယောက်ထဲနဲ့ အပျက်အစီးတော်တော်
များများကိုရှင်းလင်းနိုင်တယ်။ လူနာ ၊ လူသေတွေ့ရင်လည်း ထမ်းသယ်လို့ရအောင်
ကျောကုန်းမှာက လူနာတင်ကုတင်လို သပ်သပ်ရပ်ရပ် ချိတ်စရာ ပိုးစရတွေနဲ့
အတော်ကောင်းတယ်ဗျာ။ စစ်သားလေးတွေခင်မျာ ဘာကြီးလဲ ဂြိုလ်သားကြီးတွေလားပေါ့
ဝိုင်းပြီး လှည့်ပတ်ကြည့်နေကြတာ ပစ္စည်းသယ်ဖို့တောင် မေ့နေကြတယ်။ ထုံးစံအတိုင်း
တာဝန်ရှိတဲ့ အပွင့်ကြီးတစ်ယောက်က စကားပြန်နဲ့လာပြီး ဒီကောင်တွေ ဘာကောင်တွေလဲကွလို့
မေးသံကြားလိုက်ရပါတယ်။ ဟိုကလည်း အားတက်သရော မုန်တိုင်းတိုက်ခံရတဲ့ ဒေသတွေကို
ကိုယ်ထိလက်ရောက် သွားရောက်ကူညီမယ် လို့လည်း ပြောလိုက်ရော အခုချက်ချင်း လေယာဉ်ပေါ်
ပြန်တက်တဲ့ တစ်ချက်လွှတ်ပဲ။ နောက်ဆက်တွဲလေးက ၀တ်စုံတွေတော့ ထားခဲ့တဲ့၊
တော်သေးတာပေါ့ စကားပြန်က ဘာသာမပြန်ပေလို့ ဟိုကလည်း လေယာဉ်ပေါ် တက်သွားပေလို့၊
နောက်မို့ဆို ကမ္ဘာထပ်ကျော်ဦးမှာ မြန်မာနိုင်ငံက။ အဲ့ဒါလေး သိလိုက်ရပြန်တော့
ဟုတ်ကဲ့.........



ဓါတ်ပုံတွေ ဓါတ်ပုံတွေ ကြည့်ရတာ စိတ်ချမ်းမြေ့စရာ
မရှိ။ အတိဒုက္ခရောက်နေတဲ့သူတွေ၊ ကပ်ဆိုးက လွတ်သူတွေ မလွတ်သူတွေ အများကြီးပေါ့။
ရင်ထဲမှာလည်း မကောင်းလှဘူး။ ဘာကြောင့်များ အပြစ်မဲ့ကြသူတွေကို ရာသီဥတုကြီးက
ဆိုးဝါးစွာ နှိပ်စက်ရသလဲပေါ့ စဉ်းစားနေမိတယ်။ ကြည့်နေဆဲမှာပဲ သေဆုံးနေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ နားကပ်လေးကို စာနာမှုမဲ့စွာနဲ့ ယူနီဖောင်းဝတ်လေး တစ်ဦးက
ဓါးနဲ့ ဖြတ်လှီးနေတာကို တွေ့လိုက်ရတော့ ..... ဟုတ်ကဲ့........



တွံတေးတို့ ကွမ်းခြံကုန်းတို့
ကိုသွားရာလမ်းတစ်လျှောက်မှာ လမ်းဘေးက လယ်ကွင်းလေးတွေမှာ တဲထို့နေကြတဲ့သူတွေ
ရှိပါတယ်။ တဲအိမ်လေး နှစ်လုံး၊ သုံးလုံးနဲ့ စုနေကြတာတွေပါ။ မုန်တိုင်းဖြတ်သွားတော့
သူတို့လဲ ပါသွားတာပေါ့။ အကူအညီပေးရေး ကုန်ကားတွေက အဲ့ဒိလမ်းပေါ်က ဖြတ်သွားချိန်မှာ
သူတို့လည်း ဘာများရမလဲလို့ မျှော်ကြည့်နေကြတာပေါ့။ သနားတတ်တဲ့
မြန်မာလူမျိုးများကလဲ လမ်းပေါ်ကို ပိုက်ဆံ၊ ရေဘူး၊ ပေါင်မုန့်လေးတွေ
ကြဲချပေးခဲ့ကြတာပေါ့။ သိပ်မကြာပါဘူး စစ်ဆေးရေးဂိတ်လေးတွေ လမ်းတစ်လျှောက်မှာ
ပေါ်ပေါက်လာပြီး ဖြတ်သွားသမျှ ကားများကို စစ်ဆေးမေမြန်းပါတော့တယ်။
ပြီးသွားတဲ့အခါမှာတော့ ထုံးစံအတိုင်း လက္ဘက်ရည်ဖိုးလေးဆိုပြီး တောင်းဆိုလေတော့ ...
ဟုတ်ကဲ့......



မုန်တိုင်းဒဏ်ကြောင့် နေစရာမရှိလေတော့ ရှိတဲ့နေရာမှာ
စုပေါင်းခိုအောင်းနေကြတာပေါ့ဗျာ။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဂိုထောင်တွေမှာ
ဖြစ်သလို နေနေကြရရှာတယ်။ အဲ... ဘန်ကီမွန်းကြီး လာမယ်လည်းဆိုရော သူတို့တွေကို
နေရပ်ကို ပြန်ကြတဲ့၊ ဒီမှာ ဆက်မနေနဲ့တော့တဲ့။ အဲ့ဒိကုလသမဂ္ဂက တာဝန်ရှိသူတွေကိုလည်း
မလာစေချင်တော့ပါဘူး။ ဂမ်ဘာရီလာတုန်းကလဲ အင်တာနက်တွေ ပျက်လို့ပျက်ဆိုတော့
သူတို့လာမှာတောင် ကြောက်နေရတယ်။ ဘိုကလေးမှာတော့ ဒုက္ခသည်တွေကို အတင်း လှေပေါ်တင်ပြီး
နေရပ်ကို ပြန်လွှတ်လေရဲ့ လူတစ်ယောက်ကို နှစ်သောင်း၊ ဆန် နဲ့ ဆီပေးပြီး လှေတစ်စီးမှာ
လူ 300 တင်ပြီး အတင်းပြန်လွှတ်တာ လှေသုံးစီးစလုံး မြုတ်သွားတော့
အကုန်သေရောဗျာ....... အဲ့ဒါလေး ကြားမိတော့. .... ဟုတ်ကဲ့ .....



ကြုံကြိုက်တုန်း ဆူပါမားကက်လေး တစ်ခုရောက်တုန်း
လိုချင်တာတွေ ရှာနေတုန်းမှာ တစ်ခါမှ မတွေ့ဘူးသေးတဲ့ တံဆိပ်နဲ့
ခေါက်ဆွဲခြောက်ထုပ်လေးတွေ အများကြီး တွေ့ရသဗျ။ ဈေးနှုန်းကလည်း အတော် တန်သား။
ဒါပေမဲ့လည်း မုန်တိုင်းတိုက်တုန်းက ဒါတွေနဲ့ပဲ နှစ်ပါးသွားလာတော့ တံဆိပ်ကွဲလည်း
မစားချင်တော့ဘူးပေါ့။ ဒါနဲ့ ရေဒီယိုလေး ကလိလိုက်၊ သတင်းစာလေး ကောက်ဖတ်လိုက်တော့
အဆိုပါခေါက်ဆွဲခြောက်များရဲ့ လားရာကို သိရသပေါ့ဗျာ။ အဲ့ဒိအချိန် သတင်းစာထဲမှာ
ကယ်ဆယ်ရေး ပစ္စည်းများ အလွဲသုံးစားလုပ်သည်ကို တွေ့ရှိလျင် အရေးယူမည်ဆိုတာ
ဖတ်လိုက်ရလေတော့၊ လေယာဉ်နဲ့လာပြီး ပေးကတည်းက ဘယ်သူတွေလက်ထဲ ထည့်တယ်ဆိုတာ
သိထားလေတော့ သို့လော သို့လောဖြစ်နေတုန်း၊ တစ်ရက် ဘုရင့်နောင် ပွဲရုံတန်း
တစ်ခေါက်ရောက်သွားတုန်း ကွန်တိန်နာကားကြီးနဲ့ ပွဲရုံထဲကို ပစ္စည်းတွေ သယ်ချနေတဲ့ ယူနီဖောင်းဝတ်တွေကို
တွေ့သဗျ။ မနေနိုင်လို့ စပ်စုတဲ့သူတစ်ယောက်ကို ဘေးကတစ်ယောက် ပြန်ပြောပုံက
တပ်ရင်းတွေမှာ ထားစရာနေရာမရှိလို့ ပွဲရုံတွေမှာ လာသိမ်းထားတာ လို့လည်း
ပြောလိုက်ရော မျက်နှာနီရဲသွားတဲ့ တာဝန်ရှိသူကိုကြည့်ရင်း ...... ဟုတ်ကဲ့. ......



ရင်ထဲမှာ
လှိုက်လှိုက်လှဲလှဲကို နာကြင်မိပါတယ်။


သူ့စာလေးလည်း
ဖတ်ပြီးရော မင်းကွာ ဒို့နိုင်ငံကို ကမ္ဘာကျော်အောင် သူများနဲ့မတူတဲ့ အော်လ်တာကွက်၊
ပန့်ခ်ဒီဇိုင်းတွေနဲ့ ဖော်ဆောင်ပေးထားတာ ဂုဏ်ယူစရာကွ လို့ မိုက်တူးကိုလည်း
ပြောလိုက်ရော၊ မင်းကွာ ပြောရက်လိုက်တာ မင်းကြည့်ပြီး ငါတောင် အတော်ရင်နာမိတယ်ကွာတဲ့..............

အပြည့်အစုံဖတ်လိုလျှင်

ကုလ အတွင်းရေးမှူးချုပ် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(၀ဲ-ဒုတိယ) ကျုံဒါးကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည်မိသားစုတစုကို အားပေးစကား ပြောကြားနေစဉ်။ မေ ၂၂၊ ၂၀၀၈။


မြန်မာနိုင်ငံမှာ လေဘေးဒုက္ခသည် ၂.၅
သန်းအတွက် နိုင်ငံတကာ ကယ်ဆယ်
ထောက်ပံ့ရေးများ ပိုမိုဖွင့်ပေးဖို့ စစ်အစိုးရ ခေါင်းဆောင်များအား ဖိအားပေး
တိုက်တွန်းနေတဲ့ ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ
ဆိုင်ကလုံး လေပြင်းမုန်တိုင်းဒဏ် အကြီး
အကျယ် ခံလိုက်ရတဲ့ ဧရာဝတီတိုင်းကို ကြာသပတေးနေ့က သွားကြည့်ပါတယ်။

ဘန်ကီမွန်း စီးနင်းလိုက်ပါသွားတဲ့ ရဟတ်
ယာဉ် ဧရာဝတီတိုင်းက အထိအနာဆုံး ဒေသများအပေါ်မှာ ပျံဝဲကြည့်ပြီး ကယ်ဆယ်ရေးစခန်းများကိုလည်း ၀င်ရောက်ရပ်နား ကြည့်ရှုပါတယ်။ လေဘေးဒုက္ခသည် အမျိုးသမီးတဦးအား စိတ်မပျက်ပါနဲ့၊ ကူညီဖို့
ကုလသမဂ္ဂ ရောက်လာပါပြီလို့ အတွင်းရေးမှူးချုပ်က အားပေးစကား ပြောကြားခဲ့ပါ
တယ်။

၃ နာရီကြာ အဲဒီလို စစ်ဆေး မကြည့်ရှုမီ ဘန်ကီမွန်းဟာ စစ်အစိုးရ၀န်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ရန်ကုန်မှာ တွေ့ဆုံပါတယ်။ အသေအကျေ၊ အပျက်အစီးက
ကြီးမားလွန်းလို့ မြန်မာနိုင်ငံ တနိုင်ငံတည်းအနေနဲ့ မကိုင်တွယ်နိုင်ပါဘူး၊ နိုင်ငံတကာ
ရဲ့ အကူအညီ၊ အထောက်အပံ့များ လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်က ရှင်းပြပါ
တယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ လေဘေးကယ်ဆယ်ရေးအဆင့်
ပြီးစီးသွားလို့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အချိန်ရောက်နေပြီလို့ ပြန်ပြောပါတယ်။

ဘယ်လောက်အထိ ပျက်စီးသွားတယ်ဆိုတာ မှန်မှန်ကန်ကန်၊ တိတိကျကျ စူးစမ်းဖို့ လိုအပ်သေးတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan)
ကလည်း စစ်အစိုးရကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မေလ ၃ ရက်နေ့ နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်း ကျပြီးကတည်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ စာရေးလို့လည်း စာမပြန်၊ တယ်လီဖုန်းဆက်လို့လည်း တယ်လီဖုန်းမကိုင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မစ္စတာဘန်ကီမွန်း ဒီကနေ့
နေပြည်တော်မှာ သွားရောက်တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

အပြည့်အစုံဖတ်လိုလျှင်