စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 23, 2008

ရေတပ်သားများအားလုံး ကြိုတင်ထောက်ခံမဲ ပေးကြရ

အေးချမ်းမြေ့ မေ ၂၃၊ ၂၀၀၈

မြန်မာ့ရေတပ်မတော် “ဗျူဟာ စစ်ရေယာဉ်စု (၁)” တွင် မေ ၁၅ ရက် နေ့က တပ်သား၊ တပ်ကြပ်၊ အရာရှိအားလုံးကို ခေါ်ယူ၍ ကိုယ်တိုင်ကိုယ်ကျ မဲပေးစရာမလိုတော့ကြောင်းပြောကာ “MYANMAR NAVY” ဟူသောစာလုံးအနောက်၌ အမှန်အမှတ်အသားပါ ဦးထုပ် ၁ လုံးစီ လက်ဆောင်ပေးလိုက်ကြောင်း ရေတပ် တပ်ကြပ်ကြီး တဦးက ဧရာဝတီသို့ ပြောပြသည်။

“ဆိုလိုတာက အားလုံး မဲပေးပြီးသွားပြီပေါ့ဗျာ။ ကိုယ်တိုင်ကိုယ်ကျ ဘာမှ လုပ်စရာမလိုဘဲ ပေးပြီးသား ဖြစ်သွားတာ။ တပ်သားတွေက စိတ်ဆိုးပြီး အဲဒီဦးထုပ်တွေကို ရေထဲလွှင့်ပစ်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုကဲ့သို့ ကြိုတင်မဲပေးခြင်းကို ရေတပ်အားလုံး၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံများမှ ဝန်ထမ်းအားလုံးသည်လည်း သန်းခေါင်စာရင်းနှင့် ရပ်ကွက်ထဲတွင် မဲပေးရခြင်း မဟုတ်ဘဲ စက်ရုံများ၌ပင် ကြိုတင်မဲများပေးရခြင်း ဖြစ်ကြောင်း သန်လျင် ရေနံချက် စက်ရုံမှ ဝန်ထမ်းတဦးကပြောသည်။

“ကြိုတင်မဲ ပေးရတယ်သာဆိုတယ်။ နာမည်ပဲလာယူပြီး အားလုံး ပေးပြီးသွားပါပြီတဲ့။ ကိုယ့်ဘာသာ ဘာမှတောင် မလုပ်ရဘူး” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း ယမန်နေ့ညက ရယက လူကြီးများက ထောက်ခံမဲများ အဆင်သင့် ခြစ်ပြီးသားစာရွက်များ လိုက်လံဝေကြောင်း ကျောက်တံတားမြို့နယ်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သော သတင်းထောက် တဦးက ပြောသည်။

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ၂၀၀၈ ဆိုတဲ့ဘေးမှာ အမှန်ခြစ်ထားပေးတယ်။ အဲဒီကျောဘက်မှာတော့ အမည်၊ အိမ်လိပ်စာ နဲ့ မဲပေးမယ့် အမှတ်စဉ်၊ မှတ်ပုံတင်ပါ ယူဆောင်လာရန် ဆိုတာတွေ ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း သန်လျင်မြို့ ပဲခူးစုရပ်ကွက် အတွင်းနေထိုင်သူတဦးကလည်း “ကျနော်တို့ ရပ်ကွက်မှာ ကြိုတင်မဲတွေလာပေး ကြဖို့ ပြောတယ်။ သွားပေးတော့ နာမည်ပဲယူထားပြီး ပေးပြီးသွားပြီ ရပြီ လို့ပြောတယ်ဗျ” ဟု ပြောပြသည်။

ရန်ကုန်မြို့တွင်း တချို့သော နေရာများတွင် ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် ရယကတို့က သာမန်အရပ်သား ၁၈ နှစ်ကျော်အရွယ် များကို ထောက်ခံမဲပေးပါက ခေါက်ဆွဲထုပ်၊ သွားတိုက်ဆေး စသည့်လက်ဆောင်များ ပေးမည်ဟု မက်လုံးပေး မဲယူနေ ကြောင်း ရန်ကုန်မြို့ခံ မျက်မြင်တဦးကပြောသည်။

ယခုလ ၁၀ ရက်နေ့က တပြည်လုံးအတိုင်းအတာဖြင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပရန် စစ်အစိုးရက စီစဉ်ခဲ့သော်လည်း ၂ ရက်နေ့ကတိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ဆိုးရွားစွာခံခဲ့ရသည့် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့မှ မြို့နယ် ၄၇ မြို့နယ်ကို မေလ ၂၄ တွင် ပြန်လည်ကျင်းပရန် ရွှေ့ဆိုင်းလိုက်သည်။

ကျန် တိုင်းနှင့် ပြည်နယ်များ၌ကျင်းပသည့် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ၉၂. ၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း မေလ ၁၆ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ကော်မရှင်ဥက္ကဌ၊ တရားသူကြီးချုပ် ဦးအောင်တိုးက လက်မှတ်နှင့် တကွ ကြေညာခဲ့သည်။

“မတရားတာတော့ လူတိုင်းသိတယ်။ ဒါပေမယ့် လူတွေက ဆန္ဒခံယူပွဲကို စိတ်မဝင်စားကြဘူးဗျ။ မုန်တိုင်းဒဏ် အနည်းနဲ့ အများဆိုသလို ခံလိုက်ရလို့ စိတ်ဆင်းရဲနေကြတယ်။ ထမင်းတလုပ် ဘယ်လိုစားမယ် ဆိုတာပဲ စိတ်ဝင်စားတယ်” ဟု ဗျူဟာ စစ်ရေယာဉ်စု ၁ မှ တပ်ကြပ်ကြီးကပြောသည်။

No comments: