စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 23, 2008

ရင်ထဲမှာလှိုက်လှိုက်လှဲလှဲကို နာကြင်မိပါတယ်။

ကြုံကြိုက်တုန်း
မိုက်တူးစီ တစ်ခေါက်လောက် မုန်တိုင်းအပြီးမှာ ရောက်နေတုန်းမှာ သူရေးနေတဲ့
စာစီစာကုံးလေးကို ဖတ်မိရင်းနဲ့ ဝေငှလိုက်ပါတယ်



ဧပြီ 29 မှာ မုန်တိုင်းဝင်မဲ့လမ်းကြောင်း
လေတိုက်နှုန်းကို အင်တာနက်က မိုးလေ၀သ သတင်းတစ်ခုမှာ စဖတ်ခဲ့ရပါတယ်။ အိမ်ကို
ပြန်ရောက်တော့ လက်လှမ်းမှီသမျှ မုန်တိုင်းသတင်းကို လိုက်လံဝေငှတော့ အရူးကြီးကို
ဖြစ်လို့။ သတင်းစာထဲမှာကလည်း လေပြင်းတိုက်ခတ်မယ်၊ တစ်နာရီ မိုင် 40
လောက်ပဲရေးထားတော့ ဘယ်သူမှ ကျွန်တော်ပြောတာ မယုံကြဘူးပေါ့။ မေလ 2 ရက်နေ့ နေ့လည် 3
နာရီလောက်မှာ သတင်းစာ ရောက်လာလို့ ကြည့်လိုက်တော့ မုန်တိုင်းဝင်မယ် 24 နာရီတဲ့။
နယ်က မိဘတွေကို စိတ်ပူမိသည်၊ နယ်မှာဆိုရင် ဒီနေ့ထုတ်တဲ့ သတင်းစာက 2 ရက်လောက်နေမှ
ဖတ်ရတာဆိုတော့ မုန်တိုင်းဝင်ခါနီးမှ သတိပေးတဲ့ မိုးလေ၀သဌာနကို ဘာပြောရမှန်းမသိ။
အားလုံးတိုက်ခတ်ပြီးသွားတော့မှ ပြန်ကြားရေး ပုဂ္ဂိုလ်က
ကျွန်တော်တို့အချိန်နှင့်တပြေးညီ မုန်တိုင်းသတင်းကို ကြေငြာပေးပါသည် ဆိုတော့၊
မိုးလေ၀သဌာန တာဝန်ရှိသူက ဘယ်လိုပင် ကြိုတင်သတင်းပေးသော်လည်း သဘာဝဘေးဒဏ်၊
လူအသေအပျောက်က ရှောင်လွဲလို့ မရနိုင်ပါဟု ပြောကြားလာသောအခါ ဟုတ်ကဲ့ မြန်မာဖြစ်ရတာ
သူတို့ကြောင့် ကျွန်တော် ရင်နာမိပါသည်။



မုန်တိုင်းပြီးသွားတော့ လမ်းက လူသွားလို့တောင်
အဆင်မပြေ၊ ဓါတ်တိုင်တွေကြိုး၊ သစ်ပင်တွေ အမြစ်ကလဲလေတော့ ကိုယ်ထူကိုယ်ထ ပင်ကို
အသိစိတ်ဓါတ်လေးတွေနဲ့ ၀ိုင်းဝန်းပြီး လမ်းလျှောက်နိုင်အောင်တော့ ရှင်းကြပါတယ်။
ကိုယ့်အိမ်လေးလဲ ကိုယ့်ဟာကို ဈေးကြီးမိတဲ့ သွပ်လေးတွေ တတ်နိုင်သလောက်မိုးရတာပေါ့။
သုံးရက်လောက် နေတော့ ရောက်လာတဲ့ သတင်းစာကောက်ကိုင်လိုက်တော့ ယူနီဖောင်းတွေ ၀တ်ပြီး
အမှန်အကန် လမ်းရှင်းနေတာကို တွေ့လိုက်ရတော့ ကိုယ်နေတဲ့ ရပ်ကွက်များ ဘယ်တော့
လာပါ့မလဲလို့ စောင့်စားမိနေတာ ယနေ့အချိန်ထိတော့ ပေါ်မလာ။ ဒီကြားထဲ ရပ်ကွက်
တာဝန်ရှိတဲ့သူက ပျက်စီးတာတွေ မပြင်နဲ့ရေ အဲ့ဒါမှ သက်သေပြလို့ ရမှာဆိုတော့
မိုးယိုနေတဲ့ ခေါင်မိုးကို ဒီအတိုင်းပဲ ထားနေရမှာဆိုတော့.... ဟုတ်ကဲ့........



သဘာဝဘေးဒဏ်ကာကွယ်ရေး အထူးကော်မတီဆိုပီး
ဖွဲ့စည်းတာတွေ့လိုက်ရတယ်။ အဲ့ဒိအစည်းအဝေးလည်းပြီးရော အဖွဲ့ဝင် ၀န်ကြီးတစ်ပါးက နိုင်ငံတော်အကြီးအကဲရဲ့
ကြိုတင်အမျှော်အမြင်ကြောင့် နေပြည်တော်ကို ပြောင်းလိုက်လို့ ကျွန်တော်တို့ မုန်တိုင်းဒဏ်က
လွတ်သွားတာ၊ နိုင်ငံတော် အကြီးအကဲရဲ့ စေတနာ ကြီးမားလှပါတယ်တဲ့။ အော် အတော်လေးကို
ပြည်သူတွေအပေါ်မှာ ကရုဏာထားတာလေး သိလိုက်ရတော့..... ဟုတ်ကဲ့



ကာတာနိုင်ငံက လေယာဉ်ကြီး ရန်ကုန်လေဆိပ်ကို
ဆိုက်ရောက်လာတော့ ထုံးစံအတိုင်း ယူနီဖောင်းဝတ်များက အကူအညီပေးတဲ့ ပစ္စည်းတွေ သယ်ဖို့
အဆင်သင့်လုပ်နေတာပေါ့။ အဲ့ဒိမှာ ထူးဆန်းတဲ့ယူနီဖောင်းနဲ့ ဆင်းလာတဲ့
လူအချို့ကိုလည်း တွေရတယ်ဗျ။ သူတို့အရပ်က 6 ပေကျော်၊ ယူနီဖောင်းရဲ့ နေရာအနှံ့မှာ ပစ္စည်းကိရိယာ
အစုံအလင်နဲ့ နေရာလွတ်မရှိ။ လူတစ်ယောက်ထဲနဲ့ အပျက်အစီးတော်တော်
များများကိုရှင်းလင်းနိုင်တယ်။ လူနာ ၊ လူသေတွေ့ရင်လည်း ထမ်းသယ်လို့ရအောင်
ကျောကုန်းမှာက လူနာတင်ကုတင်လို သပ်သပ်ရပ်ရပ် ချိတ်စရာ ပိုးစရတွေနဲ့
အတော်ကောင်းတယ်ဗျာ။ စစ်သားလေးတွေခင်မျာ ဘာကြီးလဲ ဂြိုလ်သားကြီးတွေလားပေါ့
ဝိုင်းပြီး လှည့်ပတ်ကြည့်နေကြတာ ပစ္စည်းသယ်ဖို့တောင် မေ့နေကြတယ်။ ထုံးစံအတိုင်း
တာဝန်ရှိတဲ့ အပွင့်ကြီးတစ်ယောက်က စကားပြန်နဲ့လာပြီး ဒီကောင်တွေ ဘာကောင်တွေလဲကွလို့
မေးသံကြားလိုက်ရပါတယ်။ ဟိုကလည်း အားတက်သရော မုန်တိုင်းတိုက်ခံရတဲ့ ဒေသတွေကို
ကိုယ်ထိလက်ရောက် သွားရောက်ကူညီမယ် လို့လည်း ပြောလိုက်ရော အခုချက်ချင်း လေယာဉ်ပေါ်
ပြန်တက်တဲ့ တစ်ချက်လွှတ်ပဲ။ နောက်ဆက်တွဲလေးက ၀တ်စုံတွေတော့ ထားခဲ့တဲ့၊
တော်သေးတာပေါ့ စကားပြန်က ဘာသာမပြန်ပေလို့ ဟိုကလည်း လေယာဉ်ပေါ် တက်သွားပေလို့၊
နောက်မို့ဆို ကမ္ဘာထပ်ကျော်ဦးမှာ မြန်မာနိုင်ငံက။ အဲ့ဒါလေး သိလိုက်ရပြန်တော့
ဟုတ်ကဲ့.........



ဓါတ်ပုံတွေ ဓါတ်ပုံတွေ ကြည့်ရတာ စိတ်ချမ်းမြေ့စရာ
မရှိ။ အတိဒုက္ခရောက်နေတဲ့သူတွေ၊ ကပ်ဆိုးက လွတ်သူတွေ မလွတ်သူတွေ အများကြီးပေါ့။
ရင်ထဲမှာလည်း မကောင်းလှဘူး။ ဘာကြောင့်များ အပြစ်မဲ့ကြသူတွေကို ရာသီဥတုကြီးက
ဆိုးဝါးစွာ နှိပ်စက်ရသလဲပေါ့ စဉ်းစားနေမိတယ်။ ကြည့်နေဆဲမှာပဲ သေဆုံးနေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ နားကပ်လေးကို စာနာမှုမဲ့စွာနဲ့ ယူနီဖောင်းဝတ်လေး တစ်ဦးက
ဓါးနဲ့ ဖြတ်လှီးနေတာကို တွေ့လိုက်ရတော့ ..... ဟုတ်ကဲ့........



တွံတေးတို့ ကွမ်းခြံကုန်းတို့
ကိုသွားရာလမ်းတစ်လျှောက်မှာ လမ်းဘေးက လယ်ကွင်းလေးတွေမှာ တဲထို့နေကြတဲ့သူတွေ
ရှိပါတယ်။ တဲအိမ်လေး နှစ်လုံး၊ သုံးလုံးနဲ့ စုနေကြတာတွေပါ။ မုန်တိုင်းဖြတ်သွားတော့
သူတို့လဲ ပါသွားတာပေါ့။ အကူအညီပေးရေး ကုန်ကားတွေက အဲ့ဒိလမ်းပေါ်က ဖြတ်သွားချိန်မှာ
သူတို့လည်း ဘာများရမလဲလို့ မျှော်ကြည့်နေကြတာပေါ့။ သနားတတ်တဲ့
မြန်မာလူမျိုးများကလဲ လမ်းပေါ်ကို ပိုက်ဆံ၊ ရေဘူး၊ ပေါင်မုန့်လေးတွေ
ကြဲချပေးခဲ့ကြတာပေါ့။ သိပ်မကြာပါဘူး စစ်ဆေးရေးဂိတ်လေးတွေ လမ်းတစ်လျှောက်မှာ
ပေါ်ပေါက်လာပြီး ဖြတ်သွားသမျှ ကားများကို စစ်ဆေးမေမြန်းပါတော့တယ်။
ပြီးသွားတဲ့အခါမှာတော့ ထုံးစံအတိုင်း လက္ဘက်ရည်ဖိုးလေးဆိုပြီး တောင်းဆိုလေတော့ ...
ဟုတ်ကဲ့......



မုန်တိုင်းဒဏ်ကြောင့် နေစရာမရှိလေတော့ ရှိတဲ့နေရာမှာ
စုပေါင်းခိုအောင်းနေကြတာပေါ့ဗျာ။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဂိုထောင်တွေမှာ
ဖြစ်သလို နေနေကြရရှာတယ်။ အဲ... ဘန်ကီမွန်းကြီး လာမယ်လည်းဆိုရော သူတို့တွေကို
နေရပ်ကို ပြန်ကြတဲ့၊ ဒီမှာ ဆက်မနေနဲ့တော့တဲ့။ အဲ့ဒိကုလသမဂ္ဂက တာဝန်ရှိသူတွေကိုလည်း
မလာစေချင်တော့ပါဘူး။ ဂမ်ဘာရီလာတုန်းကလဲ အင်တာနက်တွေ ပျက်လို့ပျက်ဆိုတော့
သူတို့လာမှာတောင် ကြောက်နေရတယ်။ ဘိုကလေးမှာတော့ ဒုက္ခသည်တွေကို အတင်း လှေပေါ်တင်ပြီး
နေရပ်ကို ပြန်လွှတ်လေရဲ့ လူတစ်ယောက်ကို နှစ်သောင်း၊ ဆန် နဲ့ ဆီပေးပြီး လှေတစ်စီးမှာ
လူ 300 တင်ပြီး အတင်းပြန်လွှတ်တာ လှေသုံးစီးစလုံး မြုတ်သွားတော့
အကုန်သေရောဗျာ....... အဲ့ဒါလေး ကြားမိတော့. .... ဟုတ်ကဲ့ .....



ကြုံကြိုက်တုန်း ဆူပါမားကက်လေး တစ်ခုရောက်တုန်း
လိုချင်တာတွေ ရှာနေတုန်းမှာ တစ်ခါမှ မတွေ့ဘူးသေးတဲ့ တံဆိပ်နဲ့
ခေါက်ဆွဲခြောက်ထုပ်လေးတွေ အများကြီး တွေ့ရသဗျ။ ဈေးနှုန်းကလည်း အတော် တန်သား။
ဒါပေမဲ့လည်း မုန်တိုင်းတိုက်တုန်းက ဒါတွေနဲ့ပဲ နှစ်ပါးသွားလာတော့ တံဆိပ်ကွဲလည်း
မစားချင်တော့ဘူးပေါ့။ ဒါနဲ့ ရေဒီယိုလေး ကလိလိုက်၊ သတင်းစာလေး ကောက်ဖတ်လိုက်တော့
အဆိုပါခေါက်ဆွဲခြောက်များရဲ့ လားရာကို သိရသပေါ့ဗျာ။ အဲ့ဒိအချိန် သတင်းစာထဲမှာ
ကယ်ဆယ်ရေး ပစ္စည်းများ အလွဲသုံးစားလုပ်သည်ကို တွေ့ရှိလျင် အရေးယူမည်ဆိုတာ
ဖတ်လိုက်ရလေတော့၊ လေယာဉ်နဲ့လာပြီး ပေးကတည်းက ဘယ်သူတွေလက်ထဲ ထည့်တယ်ဆိုတာ
သိထားလေတော့ သို့လော သို့လောဖြစ်နေတုန်း၊ တစ်ရက် ဘုရင့်နောင် ပွဲရုံတန်း
တစ်ခေါက်ရောက်သွားတုန်း ကွန်တိန်နာကားကြီးနဲ့ ပွဲရုံထဲကို ပစ္စည်းတွေ သယ်ချနေတဲ့ ယူနီဖောင်းဝတ်တွေကို
တွေ့သဗျ။ မနေနိုင်လို့ စပ်စုတဲ့သူတစ်ယောက်ကို ဘေးကတစ်ယောက် ပြန်ပြောပုံက
တပ်ရင်းတွေမှာ ထားစရာနေရာမရှိလို့ ပွဲရုံတွေမှာ လာသိမ်းထားတာ လို့လည်း
ပြောလိုက်ရော မျက်နှာနီရဲသွားတဲ့ တာဝန်ရှိသူကိုကြည့်ရင်း ...... ဟုတ်ကဲ့. ......



ရင်ထဲမှာ
လှိုက်လှိုက်လှဲလှဲကို နာကြင်မိပါတယ်။


သူ့စာလေးလည်း
ဖတ်ပြီးရော မင်းကွာ ဒို့နိုင်ငံကို ကမ္ဘာကျော်အောင် သူများနဲ့မတူတဲ့ အော်လ်တာကွက်၊
ပန့်ခ်ဒီဇိုင်းတွေနဲ့ ဖော်ဆောင်ပေးထားတာ ဂုဏ်ယူစရာကွ လို့ မိုက်တူးကိုလည်း
ပြောလိုက်ရော၊ မင်းကွာ ပြောရက်လိုက်တာ မင်းကြည့်ပြီး ငါတောင် အတော်ရင်နာမိတယ်ကွာတဲ့..............

No comments: