ကျော်စွာမိုး မေ ၂၃၊ ၂၀၀၈
နာဂစ်ဆိုက်ကလုန်း မုန်တိုင်း တိုက်ခတ်ဖျက်ဆီးခံရပြီးနောက် ပထမဦးဆုံး ကြုံတွေ့ကြရသည့် စိတ်ပျက်ဒေါသထွက်ဖွယ် အခြေအနေမှာ အသက်ရှင်ကျန်ရစ်သူများအတွက် မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီများကို စစ်အစိုးရက ကန့်သတ်ချက်များ ပြုနေခြင်း ဖြစ်သည်။ စစ်အစိုးရက မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို အီလေးဆွဲ ဆောင်ရွက် နေပြီး၊ ကျိုးကြောင်းမလျော်ကန်သော ဆင်ခြေများဖြင့် နိုင်ငံတကာက အကူအညီပေးရန် ကြိုးပမ်းမှုများကို တင်းကျပ်စွာ ကန့်သတ် ချုပ်ချယ်ထားခဲ့သည်။ ဒုတိယအကြိမ် စိတ်ပျက်ဒေါသထွက်ကြရခြင်းမှာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တို့က ခေါင်းမာလှသည့် မြန်မာ စစ်ဗိုလ်ချုပ်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် တိုက်တွန်းနားချရန် မစွမ်းနိုင်ဘဲ တွေဝေဖင့်နှေးနေကြသည်။
ဤသို့ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည့် စွမ်းရည် စစ်အစိုးရတွင် ရှိမနေပါ။ စစ်အစိုးရ ကိုယ်၌က ညံ့ဖျင်း ဆိုးရွားလှသည့် အစိုးရတခုဖြစ်သည်။ စီးပွားရေး၊ လူမှုဖူလုံရေး၊ ပညာရေး စသဖြင့် မည်သည့်ခေါင်းစဉ်တပ်တပ် ကဏ္ဍ တိုင်းတွင် တိုင်းပြည်ကို ဆုတ်ယုတ်ကျဆင်းရလေအောင် စီမံဖန်တီးခဲ့သူဖြစ်သည်။ ဤသို့ညံ့ဖျင်းသော စစ်ဗိုလ်ချုပ်များကို ချီးမြှောက် ပြောဆိုနေသူများလည်း ရှိကောင်းရှိနိုင်ပါသည်။ ထိုသူတို့ကို အခွင့်အရေးမျှော်သမားများ၊ မျက်နှာလို မျက်နှာရ ခယနေကြသူများဟုသာ ခေါ်သင့်ကြပါသည်။
သို့သော်လည်း အာဆီယံအဖွဲ့ဝင်အားလုံး၊ ကုလသမဂ္ဂ အဖွဲ့ဝင်အားလုံးက အခွင့်အရေးသမားများ၊ အကျိုးစီးပွားမျှော်၍ ခယနေကြသူများ မဟုတ်ကြပါ။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်လှသည့်၊ ဒီမိုကရေစီ ကျင့်သုံးနေခြင်းမရှိသည့် စစ် အစိုးရကို ကာကွယ်ပေးနေကြမှုအတွက် သူတို့တွင် တာဝန်ရှိကြောင်း သမိုင်းတွင် မှတ်တမ်းကျန်ရစ်ခဲ့မည် ဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် သွေးထွက်သံယို အာဏာသိမ်းပွဲဖြင့် လက်ရှိစစ်အစိုးရက စတင်အာဏာရယူလာခဲ့ချိန်မှစ၍ ကုလသမဂ္ဂ၏ အထူးသံကိုယ်စားလှယ်များက အမျိုးမျိုးသောခေါင်းစဉ်အောက်တွင် ခရီးစဉ် ၃ ဒါဇင်ကျော် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သော နိုင်ငံရေးပဋိပက္ခ၊ ပြဿနာများ ပြေလည်စေရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုခဲ့ကြသည်။
မကြာခဏ ဆိုသလိုပင် ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်များကလည်း "စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီ"၊ "ပြေလည်စေ ရေးအတွက် လမ်းစပွင့်ပြီ" စသဖြင့်... ဆိုခဲ့ကြသည်။ သို့သော်လည်း ဤစာသားများက လက်တွေ့အခြေအနေကို ထင်ဟပ် နိုင်ခြင်း မရှိပါ။ တနည်းဆိုရသော် စစ်ဗိုလ်ချုပ်များကို ကာကွယ်ပေးရာ ရောက်နေပါသည်။
ယခုတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အလှည့်သို့ရောက်လာခဲ့ပြီ ဖြစ်သည်။ မစ္စတာ ဘန်ကီ မွန်းက ကြာသပတေးနေ့တွင် နိုင်ငံတကာအကူအညီများနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ပြည်ဝင်ခွင့် ပိုမို ခွင့် ပြုပေးရေးအတွက် စစ်ဗိုလ်ချုပ်များကို တိုက်တွန်းနားချရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့် ၃ ပတ်အတွင်း စစ်အစိုးရက နိုင်ငံတကာ အကူအညီအနည်းငယ်ကိုသာ ခွင့်ပြုခဲ့ပြီး၊ အမှန်တကယ် လိုအပ်နေသူ ဒုက္ခသည်များထံသို့ လည်း အနည်းငယ်သာ ရောက်စေခဲ့သည်။ အာရှဒေသမှ ကျန်းမာရေး အကူအညီပေးရေးအဖွဲ့ အနည်းငယ်မှအပ၊ ကျန် ပြင်ပမှ နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားများကိုမူ လုံးဝတားမြစ်ပိတ်ပင် ထားခဲ့သည်။
စစ်အစိုးရ၏ ဤသို့တင်းကျပ်ကန့်သတ်ထားမှုကို မစ္စတာဘန်ကီမွန်းကိုယ်တိုင်က စိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ပြီး ဖြစ်သည်။ တဖက်တွင်လည်း မြန်မာပြည်သူများက လွန်ခဲ့သည့် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ လုပ်နိုင်စွမ်းကို စိတ်ပျက်နေကြပြီ ဖြစ်သည်။
ယခုတော့ မုန်တိုင်းပြီးခဲ့သည်မှာ ရက်သတ္တ ၃ ပတ်ကျော်ခဲ့ပြီ။ အခုအချိန်မှ ကုလသမဂ္ဂအကြီးအကဲက စစ်ဗိုလ်ချုပ်များကို နားချရန် ရောက်လာသည်။ လေဘေးဒဏ်သင့် ပြည်သူများက ထောက်ပံ့ရေးအကူအညီများ အသည်းအသန်လိုအပ်နေကြ ပါသည်။ ယခင်ကုလက တလျှောက်လုံးဖော်ပြပြောဆိုခဲ့သလို အပြုသဘော တိုးတက်သယောင် ပြောဆိုနေမှု၊ နားဝင်ချို စေမည့် နှစ်သိမ့်စကားများကို မြန်မာပြည်သူများက မကြားလိုကြတော့ပါ။ မိကျောင်းမျက်ရည်ကျသယောင် ဟန်ဆောင်နေ မှုမျိုး မလိုလားကြတော့ပါ။
အာဆီယံအဖွဲ့ကရော ၎င်း၏အဖွဲ့ဝင် မြန်မာနိုင်ငံအတွက် မည်သို့ ဆောင်ရွက်ပါမည်နည်း။ စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးက မုန်တိုင်းအပြီး ၂ ပတ်အကြာမှ ဖြစ်လာခဲ့သည်။ အာဆီယံအဖွဲ့က မြန်မာစစ်ဗိုလ်ချုပ်များကို တင်းတင်းမာမာ ရင်ဆိုင်လိုက်မည်ဟု မည်သည့်အခါမျှ သတ္တိမရှိခဲ့ကြပါ။ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်လာချိန် ၁၉၉၇ ခုနှစ်မှ စ၍ အာဆီယံအဖွဲ့က စစ်ဗိုလ်ချုပ်ကြီးများ စိတ်အနှောက်အယှက် ဖြစ်စေရလောက်အောင် ဖိအားပေးလိုက်မည်ဟု မ၀ံ့ရဲ ခဲ့ကြပါ။
တနင်္လာနေ့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အဖွဲ့၏ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ကိုယ်၌က ဦးဆောင်မည့် မြန်မာနိုင်ငံအတွက် အထူးလုပ်ငန်း အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။ ဤအဖွဲ့က ကုလသမဂ္ဂနှင့်ရော၊ စစ်အစိုးရနှင့်ပါ အနီးကပ်ပူးတွဲဆောင်ရွက်သွားမည်ဟု ဆိုပါ သည်။ ၎င်း၏ ထုတ်ပြန်ကြေညာချက်တွင် "အာဆီယံအဖွဲ့က ဦးဆောင်သည့် ချည်းကပ်မှုသည် အကောင်းဆုံးရှေ့တိုး ဆောင်ရွက် နိုင်မည့် နည်းလမ်းဖြစ်သည်" ဟု ဖော်ပြထားခဲ့သည်။ ယခုကပ်ဘေးပြဿနာကိုလည်း နိုင်ငံရေးပြဿနာအဖြစ် အသုံးမချ ကြရန် တိုက်တွန်းထားသေးသည်။
အာဆီယံအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံအနေဖြင့် "နိုင်ငံတကာကယ်ဆယ်ရေး လုပ်သားများ ကပ်ဘေး သင့်ဒေသများသို့ ပိုမိုဝင်ရောက်ခွင့်ပေးသင့်ကြောင်း၊ လိုအပ်ချက်များမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပြီး မတွက်ဆ နိုင်သည့် အတိုင်းအတာအထိ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးကျရောက်နိုင်ဖွယ် ရှိနေကြောင်း" တိုက်တွန်းထား သေးသည်။ အပြုသဘောဆောင်သည့် ကြားကောင်းသော စာသားများ ထွက်ပေါ်လာခဲ့ပြန်သည်။
သို့သော်လည်း အချက်က ရှင်းနေသည်။ ယခု "အကောင်းဆုံး ရှေ့ဆက်နိုင်မည့် နည်းလမ်း" ဆိုသည်မှာ အယုံအကြည် ကင်းမဲ့စရာကောင်းလှသော၊ အကြင်နာတရားမဲ့လှသော ဗိုလ်ချုပ်များအတွက် နားဝင်ခံသာစေမည့် အချိုသပ်လုပ်ရပ် နောက်တခုပင် ဖြစ်နေပြန်သည်။ အာဆီယံအဖွဲ့က အမှန်တကယ် ဦးဆောင်ဦးရွက်ပြုရန် အမှန်တကယ် ရည်ရွယ်ရင်း ရှိသည်ထားဦး၊ ၎င်းအဖွဲ့အနေဖြင့် ဤသို့ အတိုင်းအဆကြီးမားလှသည့် ကပ်ဘေးဒုက္ခကြီးကို ကိုင်တွယ်ဆောင်ရွက်ရန် စွမ်းရည် ရှိမနေပါ။
ဝမ်းနည်းစရာကောင်းသလို ပို၍ ရှက်ဖွယ်လိလိဖြစ်ရသည့် ကိစ္စမှာ အာဆီယံအဖွဲ့နှင့် ကုလသမဂ္ဂက ယခုတကြိမ်တွင်လည်း ဗိုလ်ချုပ်ကြီးများ စည်းမျဉ်းချမှတ်နေသည်ကို လိုက်နာသဘောတူနေကြခြင်း ဖြစ်သည်။ သူတို့သာ အမှန်တကယ် ကပ် ဘေးသင့် ဒုက္ခသည်များကို ကူညီလိုပါက နည်းလမ်းအသစ်ဖြင့် ဦးဆောင်ဦးရွက်ပြုရန် သတ္တိပြရပါလိမ့်မည်။
အကယ်၍ ယခု မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်တွင် အစစ်အမှန် လိုက်လျောလာမှု မရရှိခဲ့ပါက ကုလသမဂ္ဂတွင်ပြဌာန်းထား သည့် "ကာကွယ်စောင့်ရှောက်မှုပေးခွင့် တာဝန်ဝတ္တရား" (Responsibility to Protect) အရ ကျင့်သုံးရုံမှတပါး အခြားနည်း လမ်း မရှိတော့ပါ။ ဤပြဌာန်းချက်က သဘာဝကပ်ဘေးများကဲ့သို့သော အခြေအနေမျိုးအတွက် အတိအကျသတ်မှတ် ပြဌာန်းမှု မဟုတ်သော်လည်း မည်သို့ဆိုစေ ကျင့်သုံးဆောင်ရွက်ရန် ခိုင်လုံမှု ရှိနေပါသည်။ စစ်အစိုးရက လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုသင့်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော ပြဿနာမျိုးတွင် နိုင်ငံတကာမိသားစု က အရေးယူ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ပြဌာန်းထားခြင်းလည်း ဖြစ်ပါသည်။
အမှန်တွင် ကယ်ဆယ်ရေးအကူအညီများနှင့် ကယ်ဆယ်ရေးကိစ္စများတွင် ကျွမ်းကျင်သူလုပ်သားများက မြန်မာနိုင်ငံနှင့် အဝေးတွင် ရှိနေကြသည် မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုမှ ရေတပ်သင်္ဘော ၅ စီး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ ကယ် ဆယ်ရေး အကူအညီများကလည်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ဒုက္ခသည်များကို ကယ်ဆယ်ကူညီခွင့်ရရန် စောင့် ဆိုင်းနေကြပါသည်။ ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေသည့် စစ်အစိုးရ၏ "မြန်မာ့အလင်း" သတင်းစာက ဤနိုင်ငံများမှ အကူအညီ များကို မြန်မာပြည်သူများက လက်မခံနိုင်ကြောင်း ဖော်ပြထားခဲ့ပါသည်။
မိမိတို့တွင် နောက်ဆုံး စိတ်ပျက်ဒေါသထွက်စရာ အခြေအနေကို ကြုံတွေ့နေရပါသည်။ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံများက ကုလသမဂ္ဂနှင့် အာဆီယံတို့ မည်မျှ စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်နေကြပါသည်။ ယခုဆောင်ရွက်ချက် မှာ နောက်ဆုံးအကြိမ် ဆောင်ရွက်ချက်ပင် ဖြစ်သည်။
အကယ်၍ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့က ဒုက္ခသည်များကို ကူညီပေးရေးနှင့် ပတ်သက်၍ ထိရောက်သောနည်းလမ်း များ ရှာကြံ မဆောင်ရွက်နိုင်ခဲ့လျှင်၊ မုန်တိုင်းပြီး၍ အသက်ရှင်ကျန်ရစ်ခဲ့သူများ၏ အသည်းအသန် အခြေအနေကို အနောက်နိုင်ငံကြီးများက အကြီးအကျယ် ပြစ်တင်ဝေဖန်ရုံသာပြုပြီး လက်တွေ့မဆောင်ရွက်ပေးနိုင်ခဲ့လျှင် ပို၍ အကြီး အကျယ် စိတ်ပျက်ဒေါသထွက်ကြရလိမ့်မည် ဖြစ်သည်။
သက်ဆိုင်သူအားလုံးအနေဖြင့်လည်း အပြစ်သင့် အရှက်ရပြီး၊ ပြစ်တင်ဝေဖန်မှုများကိုလည်း နှစ်ပေါင်းများစွာ ခံကြရလိမ့် မည် ဖြစ်ပါသည်။
Saturday, May 24, 2008
ပြည်သူများကို ကယ်တင်ပါ၊ ဗိုလ်ချုပ်များကို ကာကွယ်နေရန် မလိုအပ်ပါ
Posted by
54freedom
at
12:34 PM
0
comments
Labels: ရင်တွင်းဆောင်းပါး
Friday, May 23, 2008
အိပ်မက်ဆိုးကြား ရှင်သန်သူ
လပွတ္တာမြို့၊ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရဲ့ မုခ်အ၀င်အ၀မှာ အရောင်မရှိ မွဲခြောက်နေတဲ့ အစိမ်းရောင်နိုင်လွန် အနွေးထည်၊ အဖြူရောင်ပျောက်ပြီး သံချေးရောင်ပေါက်နေတဲ့ ရင်ဖုံးအင်္ကျီနဲ့ စုတ်ပြဲဖာရာတွေပြည့်နေတဲ့ ၀ါညိုရောင် ခပ်ပုပ်ပုပ် ထဘီကို ၀တ်ဆင်ထားတဲ့ အမယ်အိုတဦး ငူငုငိုင်ငိုင် ထိုင်လျက် ရှိပါတယ်။

မျက်ရည်များနှင့် အဖွားဒေါ်ကျင်လှ (ဓာတ်ပုံ - ဧရာဝတီ)
အမယ်အိုရဲ့ဦးခေါင်းမှာ ဆံပင်တွေက ဆွတ်ဆွတ်ဖြူနေပြီး အ၀ါရောင်ဘက် ခပ်ရောက်ရောက် အသားအရေရှိတဲ့ မျက်နှာက တွန့်လိပ်နေတဲ့ အရေးအကြောင်းတွေနဲ့ ပိန်လှီဖျော့တော့ လွန်းလှတယ်။ သူ့ရဲ့ ချိုင့်ဝင်ပိန်လှီနေတဲ့ မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်စတွေက စမ်းချောင်းတခုပမာ တသွင်သွင်စီးကျနေတယ်။
မျက်ရည်စတွေနဲ့ ဘုရားရင်ပြင်ရဲ့အရှေ့ဘက်အရပ်ဆီကို မျက်တောင်မခတ် ငေးမောနေတဲ့ အမယ်အိုရဲ့ အသွင်အပြင်ကို မြင်ရသူတိုင်း ရင်ထဲမှာအမျိုးအမည်မသိ ၀မ်းနည်းကြေကွဲစေတဲ့ ခံစားချက်တခု ဖြစ်ပေါ်စေပါတယ်။
သူကတော့ မေလ ၂ ရက်နေ့ မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး ကြောင့် မိသားစုဝင် ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဘီတွတ်ကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ကျင်လှပါ။
မေလ ၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်က ဘီတွတ်ကျေးရွာ၊ ကြိမ်ချောင်းအုပ်စုမှာ နေထိုင်တဲ့ ဒေါ်ကျင်လှ တယောက် ပုံမှန်အတိုင်း အိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။
သားသမီးမြေးမြစ် ၂၀ ကျော်ရှိတဲ့ ဒေါ်ကျင်လှတို့ မိသားစုဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပြီး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းလှတဲ့ မိသားစုလေးတခုပေါ့။ ဒါပေမယ့် နာရီပိုင်းအတွင်း သူတို့ရဲ့ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုကြီးကို ဖျက်ဆီးတော့မယ့် ကံကြမ္မာဆိုးကြီးတခု ရောက်လာတော့မယ်ဆိုတာ ဒေါ်ကျင်လှတယောက် အဲဒီအချိန်က မသိခဲ့ပါဘူး။
မနက် ၁၁ နာရီ ခွဲခါနီး လောက်မှာတော့ သူတို့အိမ်နဲ့ သိပ်မဝေးလှတဲ့ ကမ်းနားက လေကြမ်းတွေ တ၀ုန်းဝုန်းနဲ့ တိုက်ခတ် လာခဲ့ပါတယ်။ တိုက်ခတ်လာတဲ့ လေကြမ်းနဲ့အတူ ကမ်းနားမှာ ဒီရေကလည်း တရိပ်ရိပ်တက်လာတယ်။ ဒီရေတက်ပြီး လေကြမ်းတွေတိုက်တာဟာ မိုးဦးကျလေဦးကျ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတွက် ဒေါ်ကျင်လှစိတ်ထဲမှာ သိပ်မထူးဆန်းသလို ခံစားခဲ့ရတယ်။ အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ မြေးငယ်လေးတွေကို အိမ်ပေါ်တက်ဖို့ ခေါ်ပြီး သူတို့ တထပ်အိမ်လေးရဲ့ အိမ်တံခါးတွေကို လိုက်ပိတ် နေခဲ့ပါတယ်။
မွန်းတည့်ချိန် လောက်မှာ တိုက်ခတ်နေတဲ့ လေကြမ်းတွေနဲ့အတူ ကောင်းကင်တခုလုံးနီရဲလာပြီး လေနီကြမ်းတွေ တရစပ် တိုက်ခတ်လာတာ သူတွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ တိမ်ညိုတိမ်မည်းတွေက ကောင်ကင်လုံးပြည့် နေရာယူထားပါတယ်။ ဒေါ်ကျင်လှတယောက် ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အဆက်မပြတ်ရွတ်လို့ မြေးငယ်လေးတွေကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။
လေနီရိုင်းတွေက ကြမ်းသထက်ကြမ်း၊ ရမ်းသထက်ရမ်းလာတော့ သူ့အိမ်ကလေး တဒိုင်းဒိုင်းနဲ့ လှုပ်ခါနေပါတယ်။ သူတို့ ရွာပတ်ဝန်းကျင်မှာတော့ “ကယ်ကြပါ” ဆိုတဲ့ အသံတွေကို စကြားနေရပြီ။ သူ့ရဲ့ စိတ်တွေလည်း ကယောင်ချောက်ချား ဖြစ်လို့နေပါပြီ။ သူ့ တထပ်အိမ်လေးရဲ့အမိုးတွေအကာတွေက လေနီကြမ်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် အဝေးဆုံးကို လွင့်ထွက်သွားပါတယ်။
နေ့လယ် ၁ နာရီကျော်ချိန်မှာတော့ “၀ုန်း” ဆိုတဲ့ အသံကြီးနဲ့အတူ သူ့အိမ်လေးကို လူတရပ်မြင့်တဲ့ ရေလှိုင်းကြီးတခု လာရောက်ရိုက်ခတ်ပြီး ဖြိုချလိုက်ပါတော့တယ်။ သူလည်း မြေးလေးတွေရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြိုကျနေတဲ့ အိမ်ထဲက ရုန်းကန်ထွက်လိုက်ပါတယ်။ ဒါပေမယ့် အိမ်ပြင်ကို ရောက်တယ်ဆိုရင်ပဲ အလွန်ပြင်းထန်ပြီး အလွန်မြင့်တဲ့ လှိုင်းလုံးကြီးတွေ ထပ်ရိုက်ခတ်လာပါတယ်။
ပြင်းထန်လှတဲ့ ရေလှိုင်းတွေက သူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ မြေးငယ်နှစ်ဦးလက်ကို ဖြုတ်ချပစ်လိုက်ပါတယ်။
“မြေးလေးရေ၊ သားလေး၊ အမလေး လုပ်ကြပါဦး” လို့ပဲ သူ အာကုန် ခြစ်အော်ဟစ် နိုင်ခဲ့ပါတယ်။
ဒီရေလှိုင်းကြီးနဲ့အတူ မျောပါသွားတဲ့ သူ့ရဲ့ ၁၀ နှစ်အရွယ်မြေးလေးဆီက “အဘွား” ဆိုတဲ့ အသံလေးတသံပဲ သူ နောက်ဆုံး ကြားလိုက်ရတော့တယ်။
ဒေါ်ကျင်လှ တယောက် မြေးငယ်လေးတွေဆီကို ရေလှိုင်းနဲ့အတူ လိုက်ပါပြီး လှမ်းဆွဲဖို့ ကြိုးစားပေမယ့် ပြင်းထန်လှတဲ့ ရေလှိုင်းကြီးတွေက သူနဲ့သူ့ မြေးငယ်လေးတွေကို ခွဲခြားလိုက်ပါပြီ။ မြုပ်ချီပေါ်ချီနဲ့ ရေလှိုင်းတွေနဲ့ မျောပါသွားတဲ့ မြေးငယ် လေးတွေကို ခဏတာပဲမြင်လိုက်ရတယ်။
သူ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ ဆားငန်ရေတွေ ရောထွေးနေပါတယ်။ အလွန်ရေစီးမြန်တဲ့ရေလှိုင်းတွေထဲမှာ သူလည်း မြုပ်ချီ၊ ပေါ်ချီဖြစ်နေပါတယ်။ ရေကူးတတ်ပေမယ့် မြန်ဆန်လွန်းတဲ့ ရေစီးက သူ့ကိုကူးခတ်ခွင့် မပေးတော့ပါဘူး။ သူအသက် ရှင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ကောင်းကောင်း နားလည်လိုက်ပါပြီ။ လေနီကြမ်း၊ ရေလှိုင်းတွေနဲ့ အတူ မိုးတွေပါရွာလာ တယ်။ ရေစီးနဲ့ မျောနေတဲ့လူတွေ ကျွဲနွားတွေ၊ အိမ်တွေ ၊ သစ်ပင်တွေကို သူမြင်လိုက်ရတယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေ လည်း ကြားနေရတယ်။
ရွာတဲ့ မိုးစက်မိုးပေါက်တွေက သူ့အသားကို မီးစနဲ့ထိုးသလို ခံစားရပါတယ်။ သူ အသက်ရှုလို့ မရတော့ဘူး။ သူ့သားတွေ၊ သမီးတွေ ၊ မြေးငယ်လေးတွေရဲ့ မျက်နှာလေးတွေကို သူ့ရဲ့မျက်လုံးထဲမှာ တခုပြီးတခု မြင်ယောင်နေမိပြီ။ နောက်ဆုံး အချိန်မှာ သူ မျက်လုံးကိုမှိတ်ပြီး ဘုရားကို အာရုံပြုလိုက်တယ်။
ကံကောင်းတယ်လို့ ပြောရမလား မဆိုနိုင်ဘူး သူ ရေစီးနဲ့အတူမျောပါရင်း ရုတ်တရက် တစုံတခုနဲ့ တိုက်မိသွားတယ်။ မျက်လုံးဖွင့်ပြီး တိုက်မိတဲ့အရာကို အမိအရလှမ်းဆွဲလိုက်တယ်။ ကံကြမ္မာက သူ့ကို မျက်နှာသာပေးတယ် ထင်ပါရဲ့။ သူ လှမ်းဆွဲလိုက်တာဟာ ရေစီးမှာယိမ်းနွဲ့နေတဲ့သစ်ပင်ကြီးတပင် ဖြစ်လို့ နေတယ်။ ရေက အရှိန်နဲ့ စီးနေပေမယ့် သူဆုပ်ကိုင်ထားတဲ့ အပင်ကြီးကို မျောပါသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။
သူလည်း အပင်ကို အမိအရအားကုန် ကိုင်ဆုပ်လို့ အရှိန်အဟုန်ပြင်းတဲ့ ရေလှိုင်းတွေ၊ လေတွေ၊ မိုးရေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ရတယ်။ စိတ်ထဲမှာတော့ သူ့မြေးတွေ၊ သားသမီးတွေအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ၂ နာရီကျော်ကြာ လေကြမ်း၊ ရေလှိုင်းနဲ့ မိုးရေတွေရဲ့ဒဏ်ကို ခံရင်္ပြီးချိန်မှာ လေရောမိုးရော ရပ်စဲသွားပါတယ်။ ဒါပေမယ့် ရေကတော့ လုံးဝမကျသေးပါဘူး။ မိုးလေစဲလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါမှာ ပင်လယ်တမျှ ကျယ်ပြောတဲ့ ရေပြင်ကြီးကိုပဲ သူမြင်တွေ့ရတယ်။ နောက်ကျိကျိ ရွှံ့ရောင်ရေတွေက မျက်စိ တဆုံး နေရာယူထားတယ်။ အချိန်က ၄ နာရီကျော် ၅ နာရီလောက်ရှိမယ်လို့ သူ့စိတ်ထဲခန့်မှန်းနေမိတယ်။
မှောင်ရီစပျိုးတဲ့ ညနေအချိန်လောက်မှာတော့ ရေတဖြည်းဖြည်း ကျလာတယ်။ ရေကျတာကလည်း အရမ်းမြန်ပါတယ်။ နာရီပိုင်းတွင်းမှာ ရေက တဖြည်းဖြည်းနဲ့ မြေပြင်ကိုမြင်ရတဲ့အထိ ကျသွားပါတယ်။ သူရောက်နေတဲ့ သစ်ပင်ထိပ်ဖျားကနေ မြေပြင်ကို တဖြည်းဖြည်းဆင်းလာခဲ့တယ်။ သူ့မှာထဘီ မရှိတော့ဘူး။ သူ့ရဲ့ခြေထောက်တွေ၊ ကိုယ်တွေ လက်တွေ တအားကို နာကျင်နေတယ်။ ရေအရမ်းငတ်နေတယ်။ သူ့တကိုယ်လုံး အားအင်ချိနဲ့ နေသလိုခံစားရတယ်။ သစ်ပင် ခြေရင်းရောက်တယ် ဆိုရင်ပဲ သူခြေပစ် လက်ပစ်လှဲချလိုက်တယ်။ အဲဒီနောက် ဘာမှမသိတော့ဘူး။
သူပြန်နိုးတဲ့အချိန်မှာ နောက်နေ့ မနက်ပိုင်းရောက်နေပြီလို့ သိလိုက်ရတယ်။ သူ့မှာ အပေါ်အင်္ကျီ အစိမ်းရောင်နိုင်လွန် အနွေး ထည်ရယ်၊ ရင်ဖုံးအင်္ကျီရယ်ပဲ ကျန်ပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်မိတော့ သစ်သားအကျိုးအပဲ့တွေ၊ လူသေကောင်တွေ၊ အိုးခြမ်းပဲ့တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ကြက် သေတွေ၊ သစ်ပင် အကျိုးအပဲ့တွေနဲ့ နေရာတိုင်းမှာ အပျက်အစီး တွေချည်းပဲ။ သူ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ လုံးဝမသိဘူး။
သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ အမျိုးသမီးအလောင်းက ထဘီကို ချွတ်ယူလိုက်ပါတယ်။ အဲဒီနောက် တုန်ရီချည့်နဲ့စွာနဲ့ သူ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်လုံးမှာ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေတယ်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့ အချိန်မှာတော့ ဆယ်ဂဏန်းနီးပါးရှိတဲ့ လုအုပ်စု တစုကို တွေ့လိုက်ရတယ်။ တချို့က အ၀တ်မပါ ကိုယ်တုံးလုံးတွေ ဖြစ်နေတယ်။
အဲဒီအဖွဲ့က သူ့ကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ်။ သူတို့လူစုဆီမှာ စားသောက်စရာ မရှိလို့ အနီးအနားမှာရှိတဲ့ အုန်းပင် တွေက အုန်းသီးတွေခူးဆွတ်ပြီး အုန်းရေသောက် အုန်းသီးစားနေခဲ့ရတယ်။ မေလ ၆ ရက်နေ့မနက်ပိုင်းမှာတော့ ကမ်းနားမှာ ဆားချက်လှေကြီးတစီး တွေ့ရပြီး လှေပေါ်က အလုပ်သမားတွေက သူတို့ကို လပွတ္တာမြို့ဆီခေါ်သွားတယ်။
ညနေပိုင်းမှာ သူတို့ လပွတ္တာမြို့ပေါ်ကိုရောက်ရှိခဲ့ပြီး အမှတ် ၂ အထက်ကျောင်းမှာ နေရာချထားပေးတယ်။ မေလ ၈ ရက် နေ့မှာတော့ သူ့ သား ၃ ယောက်၊ ချွေးမ ၅ ယောက်ကို ဒုက္ခသည်တွေ အဖြစ်နဲ့ လပွတ္တာ မြို့ပေါ်မှာ ပြန်တွေ့တယ်။ သူ့ မြေးလေးတွေကိုတော့ မြို့ပေါ်က စခန်းတွေမှာ လုံးဝ ပြန်မတွေ့ရတော့ပါဘူး။
သူ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရှေ့မှာ တိုးတိုးလေး ဆုတောင်းနေမိတယ်။ နောင်ဘ၀မှာ ဒီိလိုအဖြစ်ဆိုးမျိုး မတွေ့ပါရစေနဲ့လို့ …။ ။
Posted by
54freedom
at
10:00 PM
0
comments
Labels: ရင်တွင်းဆောင်းပါး
ရင်ထဲမှာလှိုက်လှိုက်လှဲလှဲကို နာကြင်မိပါတယ်။
ကြုံကြိုက်တုန်း
မိုက်တူးစီ တစ်ခေါက်လောက် မုန်တိုင်းအပြီးမှာ ရောက်နေတုန်းမှာ သူရေးနေတဲ့
စာစီစာကုံးလေးကို ဖတ်မိရင်းနဲ့ ဝေငှလိုက်ပါတယ်
ဧပြီ 29 မှာ မုန်တိုင်းဝင်မဲ့လမ်းကြောင်း
လေတိုက်နှုန်းကို အင်တာနက်က မိုးလေ၀သ သတင်းတစ်ခုမှာ စဖတ်ခဲ့ရပါတယ်။ အိမ်ကို
ပြန်ရောက်တော့ လက်လှမ်းမှီသမျှ မုန်တိုင်းသတင်းကို လိုက်လံဝေငှတော့ အရူးကြီးကို
ဖြစ်လို့။ သတင်းစာထဲမှာကလည်း လေပြင်းတိုက်ခတ်မယ်၊ တစ်နာရီ မိုင် 40
လောက်ပဲရေးထားတော့ ဘယ်သူမှ ကျွန်တော်ပြောတာ မယုံကြဘူးပေါ့။ မေလ 2 ရက်နေ့ နေ့လည် 3
နာရီလောက်မှာ သတင်းစာ ရောက်လာလို့ ကြည့်လိုက်တော့ မုန်တိုင်းဝင်မယ် 24 နာရီတဲ့။
နယ်က မိဘတွေကို စိတ်ပူမိသည်၊ နယ်မှာဆိုရင် ဒီနေ့ထုတ်တဲ့ သတင်းစာက 2 ရက်လောက်နေမှ
ဖတ်ရတာဆိုတော့ မုန်တိုင်းဝင်ခါနီးမှ သတိပေးတဲ့ မိုးလေ၀သဌာနကို ဘာပြောရမှန်းမသိ။
အားလုံးတိုက်ခတ်ပြီးသွားတော့မှ ပြန်ကြားရေး ပုဂ္ဂိုလ်က
ကျွန်တော်တို့အချိန်နှင့်တပြေးညီ မုန်တိုင်းသတင်းကို ကြေငြာပေးပါသည် ဆိုတော့၊
မိုးလေ၀သဌာန တာဝန်ရှိသူက ဘယ်လိုပင် ကြိုတင်သတင်းပေးသော်လည်း သဘာဝဘေးဒဏ်၊
လူအသေအပျောက်က ရှောင်လွဲလို့ မရနိုင်ပါဟု ပြောကြားလာသောအခါ ဟုတ်ကဲ့ မြန်မာဖြစ်ရတာ
သူတို့ကြောင့် ကျွန်တော် ရင်နာမိပါသည်။
မုန်တိုင်းပြီးသွားတော့ လမ်းက လူသွားလို့တောင်
အဆင်မပြေ၊ ဓါတ်တိုင်တွေကြိုး၊ သစ်ပင်တွေ အမြစ်ကလဲလေတော့ ကိုယ်ထူကိုယ်ထ ပင်ကို
အသိစိတ်ဓါတ်လေးတွေနဲ့ ၀ိုင်းဝန်းပြီး လမ်းလျှောက်နိုင်အောင်တော့ ရှင်းကြပါတယ်။
ကိုယ့်အိမ်လေးလဲ ကိုယ့်ဟာကို ဈေးကြီးမိတဲ့ သွပ်လေးတွေ တတ်နိုင်သလောက်မိုးရတာပေါ့။
သုံးရက်လောက် နေတော့ ရောက်လာတဲ့ သတင်းစာကောက်ကိုင်လိုက်တော့ ယူနီဖောင်းတွေ ၀တ်ပြီး
အမှန်အကန် လမ်းရှင်းနေတာကို တွေ့လိုက်ရတော့ ကိုယ်နေတဲ့ ရပ်ကွက်များ ဘယ်တော့
လာပါ့မလဲလို့ စောင့်စားမိနေတာ ယနေ့အချိန်ထိတော့ ပေါ်မလာ။ ဒီကြားထဲ ရပ်ကွက်
တာဝန်ရှိတဲ့သူက ပျက်စီးတာတွေ မပြင်နဲ့ရေ အဲ့ဒါမှ သက်သေပြလို့ ရမှာဆိုတော့
မိုးယိုနေတဲ့ ခေါင်မိုးကို ဒီအတိုင်းပဲ ထားနေရမှာဆိုတော့.... ဟုတ်ကဲ့........
သဘာဝဘေးဒဏ်ကာကွယ်ရေး အထူးကော်မတီဆိုပီး
ဖွဲ့စည်းတာတွေ့လိုက်ရတယ်။ အဲ့ဒိအစည်းအဝေးလည်းပြီးရော အဖွဲ့ဝင် ၀န်ကြီးတစ်ပါးက နိုင်ငံတော်အကြီးအကဲရဲ့
ကြိုတင်အမျှော်အမြင်ကြောင့် နေပြည်တော်ကို ပြောင်းလိုက်လို့ ကျွန်တော်တို့ မုန်တိုင်းဒဏ်က
လွတ်သွားတာ၊ နိုင်ငံတော် အကြီးအကဲရဲ့ စေတနာ ကြီးမားလှပါတယ်တဲ့။ အော် အတော်လေးကို
ပြည်သူတွေအပေါ်မှာ ကရုဏာထားတာလေး သိလိုက်ရတော့..... ဟုတ်ကဲ့
ကာတာနိုင်ငံက လေယာဉ်ကြီး ရန်ကုန်လေဆိပ်ကို
ဆိုက်ရောက်လာတော့ ထုံးစံအတိုင်း ယူနီဖောင်းဝတ်များက အကူအညီပေးတဲ့ ပစ္စည်းတွေ သယ်ဖို့
အဆင်သင့်လုပ်နေတာပေါ့။ အဲ့ဒိမှာ ထူးဆန်းတဲ့ယူနီဖောင်းနဲ့ ဆင်းလာတဲ့
လူအချို့ကိုလည်း တွေရတယ်ဗျ။ သူတို့အရပ်က 6 ပေကျော်၊ ယူနီဖောင်းရဲ့ နေရာအနှံ့မှာ ပစ္စည်းကိရိယာ
အစုံအလင်နဲ့ နေရာလွတ်မရှိ။ လူတစ်ယောက်ထဲနဲ့ အပျက်အစီးတော်တော်
များများကိုရှင်းလင်းနိုင်တယ်။ လူနာ ၊ လူသေတွေ့ရင်လည်း ထမ်းသယ်လို့ရအောင်
ကျောကုန်းမှာက လူနာတင်ကုတင်လို သပ်သပ်ရပ်ရပ် ချိတ်စရာ ပိုးစရတွေနဲ့
အတော်ကောင်းတယ်ဗျာ။ စစ်သားလေးတွေခင်မျာ ဘာကြီးလဲ ဂြိုလ်သားကြီးတွေလားပေါ့
ဝိုင်းပြီး လှည့်ပတ်ကြည့်နေကြတာ ပစ္စည်းသယ်ဖို့တောင် မေ့နေကြတယ်။ ထုံးစံအတိုင်း
တာဝန်ရှိတဲ့ အပွင့်ကြီးတစ်ယောက်က စကားပြန်နဲ့လာပြီး ဒီကောင်တွေ ဘာကောင်တွေလဲကွလို့
မေးသံကြားလိုက်ရပါတယ်။ ဟိုကလည်း အားတက်သရော မုန်တိုင်းတိုက်ခံရတဲ့ ဒေသတွေကို
ကိုယ်ထိလက်ရောက် သွားရောက်ကူညီမယ် လို့လည်း ပြောလိုက်ရော အခုချက်ချင်း လေယာဉ်ပေါ်
ပြန်တက်တဲ့ တစ်ချက်လွှတ်ပဲ။ နောက်ဆက်တွဲလေးက ၀တ်စုံတွေတော့ ထားခဲ့တဲ့၊
တော်သေးတာပေါ့ စကားပြန်က ဘာသာမပြန်ပေလို့ ဟိုကလည်း လေယာဉ်ပေါ် တက်သွားပေလို့၊
နောက်မို့ဆို ကမ္ဘာထပ်ကျော်ဦးမှာ မြန်မာနိုင်ငံက။ အဲ့ဒါလေး သိလိုက်ရပြန်တော့
ဟုတ်ကဲ့.........
ဓါတ်ပုံတွေ ဓါတ်ပုံတွေ ကြည့်ရတာ စိတ်ချမ်းမြေ့စရာ
မရှိ။ အတိဒုက္ခရောက်နေတဲ့သူတွေ၊ ကပ်ဆိုးက လွတ်သူတွေ မလွတ်သူတွေ အများကြီးပေါ့။
ရင်ထဲမှာလည်း မကောင်းလှဘူး။ ဘာကြောင့်များ အပြစ်မဲ့ကြသူတွေကို ရာသီဥတုကြီးက
ဆိုးဝါးစွာ နှိပ်စက်ရသလဲပေါ့ စဉ်းစားနေမိတယ်။ ကြည့်နေဆဲမှာပဲ သေဆုံးနေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ နားကပ်လေးကို စာနာမှုမဲ့စွာနဲ့ ယူနီဖောင်းဝတ်လေး တစ်ဦးက
ဓါးနဲ့ ဖြတ်လှီးနေတာကို တွေ့လိုက်ရတော့ ..... ဟုတ်ကဲ့........
တွံတေးတို့ ကွမ်းခြံကုန်းတို့
ကိုသွားရာလမ်းတစ်လျှောက်မှာ လမ်းဘေးက လယ်ကွင်းလေးတွေမှာ တဲထို့နေကြတဲ့သူတွေ
ရှိပါတယ်။ တဲအိမ်လေး နှစ်လုံး၊ သုံးလုံးနဲ့ စုနေကြတာတွေပါ။ မုန်တိုင်းဖြတ်သွားတော့
သူတို့လဲ ပါသွားတာပေါ့။ အကူအညီပေးရေး ကုန်ကားတွေက အဲ့ဒိလမ်းပေါ်က ဖြတ်သွားချိန်မှာ
သူတို့လည်း ဘာများရမလဲလို့ မျှော်ကြည့်နေကြတာပေါ့။ သနားတတ်တဲ့
မြန်မာလူမျိုးများကလဲ လမ်းပေါ်ကို ပိုက်ဆံ၊ ရေဘူး၊ ပေါင်မုန့်လေးတွေ
ကြဲချပေးခဲ့ကြတာပေါ့။ သိပ်မကြာပါဘူး စစ်ဆေးရေးဂိတ်လေးတွေ လမ်းတစ်လျှောက်မှာ
ပေါ်ပေါက်လာပြီး ဖြတ်သွားသမျှ ကားများကို စစ်ဆေးမေမြန်းပါတော့တယ်။
ပြီးသွားတဲ့အခါမှာတော့ ထုံးစံအတိုင်း လက္ဘက်ရည်ဖိုးလေးဆိုပြီး တောင်းဆိုလေတော့ ...
ဟုတ်ကဲ့......
မုန်တိုင်းဒဏ်ကြောင့် နေစရာမရှိလေတော့ ရှိတဲ့နေရာမှာ
စုပေါင်းခိုအောင်းနေကြတာပေါ့ဗျာ။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဂိုထောင်တွေမှာ
ဖြစ်သလို နေနေကြရရှာတယ်။ အဲ... ဘန်ကီမွန်းကြီး လာမယ်လည်းဆိုရော သူတို့တွေကို
နေရပ်ကို ပြန်ကြတဲ့၊ ဒီမှာ ဆက်မနေနဲ့တော့တဲ့။ အဲ့ဒိကုလသမဂ္ဂက တာဝန်ရှိသူတွေကိုလည်း
မလာစေချင်တော့ပါဘူး။ ဂမ်ဘာရီလာတုန်းကလဲ အင်တာနက်တွေ ပျက်လို့ပျက်ဆိုတော့
သူတို့လာမှာတောင် ကြောက်နေရတယ်။ ဘိုကလေးမှာတော့ ဒုက္ခသည်တွေကို အတင်း လှေပေါ်တင်ပြီး
နေရပ်ကို ပြန်လွှတ်လေရဲ့ လူတစ်ယောက်ကို နှစ်သောင်း၊ ဆန် နဲ့ ဆီပေးပြီး လှေတစ်စီးမှာ
လူ 300 တင်ပြီး အတင်းပြန်လွှတ်တာ လှေသုံးစီးစလုံး မြုတ်သွားတော့
အကုန်သေရောဗျာ....... အဲ့ဒါလေး ကြားမိတော့. .... ဟုတ်ကဲ့ .....
ကြုံကြိုက်တုန်း ဆူပါမားကက်လေး တစ်ခုရောက်တုန်း
လိုချင်တာတွေ ရှာနေတုန်းမှာ တစ်ခါမှ မတွေ့ဘူးသေးတဲ့ တံဆိပ်နဲ့
ခေါက်ဆွဲခြောက်ထုပ်လေးတွေ အများကြီး တွေ့ရသဗျ။ ဈေးနှုန်းကလည်း အတော် တန်သား။
ဒါပေမဲ့လည်း မုန်တိုင်းတိုက်တုန်းက ဒါတွေနဲ့ပဲ နှစ်ပါးသွားလာတော့ တံဆိပ်ကွဲလည်း
မစားချင်တော့ဘူးပေါ့။ ဒါနဲ့ ရေဒီယိုလေး ကလိလိုက်၊ သတင်းစာလေး ကောက်ဖတ်လိုက်တော့
အဆိုပါခေါက်ဆွဲခြောက်များရဲ့ လားရာကို သိရသပေါ့ဗျာ။ အဲ့ဒိအချိန် သတင်းစာထဲမှာ
ကယ်ဆယ်ရေး ပစ္စည်းများ အလွဲသုံးစားလုပ်သည်ကို တွေ့ရှိလျင် အရေးယူမည်ဆိုတာ
ဖတ်လိုက်ရလေတော့၊ လေယာဉ်နဲ့လာပြီး ပေးကတည်းက ဘယ်သူတွေလက်ထဲ ထည့်တယ်ဆိုတာ
သိထားလေတော့ သို့လော သို့လောဖြစ်နေတုန်း၊ တစ်ရက် ဘုရင့်နောင် ပွဲရုံတန်း
တစ်ခေါက်ရောက်သွားတုန်း ကွန်တိန်နာကားကြီးနဲ့ ပွဲရုံထဲကို ပစ္စည်းတွေ သယ်ချနေတဲ့ ယူနီဖောင်းဝတ်တွေကို
တွေ့သဗျ။ မနေနိုင်လို့ စပ်စုတဲ့သူတစ်ယောက်ကို ဘေးကတစ်ယောက် ပြန်ပြောပုံက
တပ်ရင်းတွေမှာ ထားစရာနေရာမရှိလို့ ပွဲရုံတွေမှာ လာသိမ်းထားတာ လို့လည်း
ပြောလိုက်ရော မျက်နှာနီရဲသွားတဲ့ တာဝန်ရှိသူကိုကြည့်ရင်း ...... ဟုတ်ကဲ့. ......
ရင်ထဲမှာ
လှိုက်လှိုက်လှဲလှဲကို နာကြင်မိပါတယ်။
သူ့စာလေးလည်း
ဖတ်ပြီးရော မင်းကွာ ဒို့နိုင်ငံကို ကမ္ဘာကျော်အောင် သူများနဲ့မတူတဲ့ အော်လ်တာကွက်၊
ပန့်ခ်ဒီဇိုင်းတွေနဲ့ ဖော်ဆောင်ပေးထားတာ ဂုဏ်ယူစရာကွ လို့ မိုက်တူးကိုလည်း
ပြောလိုက်ရော၊ မင်းကွာ ပြောရက်လိုက်တာ မင်းကြည့်ပြီး ငါတောင် အတော်ရင်နာမိတယ်ကွာတဲ့..............
Posted by
54freedom
at
9:50 PM
0
comments
Labels: ရင်တွင်းဆောင်းပါး