စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 9, 2008

ပဒေါင်အမျိုးသမီးများကိုကယ်တင်ရန် တရားရေးအဖွဲ့ ဖွဲ့စည်း

ဉာဏ်မောင်။ ဇူလိုင် ၉၊ ၂၀၀၈

ကမ္ဘာလှည့်ခရီးသည်များအားပြသရန် ပဒေါင်အမျိုးသမီးနှင့် ကလေးများအားလူကုန်ကူးခံရမှုမှ ကာကွယ်ရန် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ဒုတိယခရိုင်မှူးဦးစီးသည့် တရားရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စုဝင် (၁၁) ဦးအား အခြားခရိုင်သို့ ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပြီး နောက် ဒုတိယခရိုင်မှူး သွန်ချိုင်ဝမ်ဂရိယမ်သွန်ဦးဆောင်သည့် တရားရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ် သို့ ရောက်ရှိလာသည့် ပဒေါင်မျိုးနွယ်စုလူမျိုးများကို ချင်းရိုင်ခရိုင်နှင့် ခွန်ဘူရီခရိုင်များသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအားပြသ၍ စီးပွားရေးလုပ်ကိုင်သူများထံ ရောင်းချရန် လူကုန်ကူးသူများက ယခုလ (၃) ရက်နေ့တွင် ပဒေါင်လူမျိုး (၁၁) ဦးအား ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ လူမှောင်ခိုပြုလုပ်သူများအနေဖြင့် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု၊ အလုပ်အကိုင်ခိုင်းစေမှု ဆိုင်ရာ ဥပဒေအရ လူဝင်မှုအကြမ်းဖက်ခြင်းနှင့် အာဏာပိုင်တို့၏ ထုတ်ပြန်ထားသော အမိန့်များ ကို အာခံမှုတို့ဖြင့် ယခုဖွဲ့စည်းထားသည့် တရားရေးအဖွဲ့၏ တရားစွဲဆိုခြင်းခံရမည်ဖြစ်သည်။

ကလေးငယ်(၄) ဦးအပါအ၀င် ပျောက်ဆုံးနေသော ပဒေါင်လူမျိုး(၁၁) ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အခြားရွာများသို့ ပြောင်းရွှေ့ခေါ် ဆောင်သွားသည်ဟုသာ သိရသည်။

ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စု အမျိုးသမီးများ၏ လည်ပင်းတွင် ကြေးကွင်းများစွပ်၍ ၀တ်စား ဆင်ယင်ခိုင်းပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ခိုက်ရန် ချင်းရိုင်၊ ချင်းမိုင်၊ ခွန်ဘူရီနှင့် အခြားခရိုင်များရှိ လုပ်ငန်းချင်းဆက်စပ်လျှက်ရှိသော အေဂျင်စီများသို့ လည်း ယခုတရားရေးအဖွဲ့မှ အကြောင်းကြားထားလိမ့်မည် ဖြစ်သည်။

အဆိုပါတရားရေးအဖွဲ့အနေဖြင့် လည်ပင်းရှည်ပဒေါင်အမျိုးသမီးများအား မယ်ဟောင်ဆောင်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ထည့်သွင်းထားမည်မဟုတ်ပဲ မုန်းခရိုင်ရှိ ဟွေးဆွာတောင်နှင့် ဟွေးပူက ကျေးရွာများတွင် ထိမ်းသိမ်းစောင့်ရှောင့်ထားပြီး ခရီးသွားလုပ်ငန်းအေဂျင်စီများ၏ အစီအစဉ်ဖြင့်ရောက်ရှိလာသည့် ကမ္ဘာ့လှည့်ခရီးသည်များထံမှ ၀င်ငွေရရှိရန်ဖန်တီးပေးမည်ဟု လည်းဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသား ၁၁ ဦး ပျောက်ဆုံး

08 July 2008

ပြီးခဲ့တဲ့သောကြာနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့ဟောင်ဆောင်ခရိုင် အတွင်းမှာရှိတဲ့
ဟွေပူကဲကျေးရွာအနီး ပဒေါင်တိုင်းရင်းသားတွေ နေထိုင်ရာကျေးရွာက ပဒေါင်လူမျိုး
၁၁ ယောက်ကို အမည်မသိလူတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းအာဏာ
ပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး
ပြအစားခံရတဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသားတွေဟာ လူကုန်ကူးသူတွေ ဖမ်းဆီး
ခေါ်ဆောင်တာ ခံရလေ့ရှိတဲ့ လူမျိုးတမျိုး ဖြစ်လာနေတယ်လို့လည်း ဒေသခံတွေက
ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီ ပဒေါင်လူမျိုးတွေကို ဘယ်သူဘယ်ဝါ ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့
အတိအကျ မသိရသေးပါဘူး။ အဖမ်းခံရတဲ့အထဲမှာ ကလေးငယ် ၄ ယောက်နဲ့ လူကြီး
၇ ယောက် ပါဝင်ပါတယ်။

လည်ပင်းမှာ ကြေးကွင်းတွေ စွတ်ထားလေ့ရှိတဲ့ ပဒေါင်လူမျိုးတွေကို ထိုင်းနိုင်ငံရဲ့
ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသလေ့
ရှိပါတယ်။ နိုင်ငံခြားသားတွေကလည်း အထူးစိတ်ဝင်တစား ကြည့်လေ့ရှိပါတယ်။
ဒါကြောင့်လည်း နိုင်ငံခြားသားတွေကို ပြစားဖို့ လူကုန်ကူးသူတွေ မျက်စိကျစရာ
လူမျိုးစုတခု ဖြစ်လာနေတဲ့အကြောင်း ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်က ပြောပြပါတယ်။

“အရင်တုန်းက လိမ်ပြီး ခေါ်သွားတာတွေတော့ ရှိတယ်။ ပွဲစားတွေပေါ့။ သူတို့က
ချင်းမိုင်စခန်းမှာဖြစ်ဖြစ်၊ ပဒေါင်စခန်းလေးမှာပဲဖြစ်ဖြစ် ပြစားဖို့ ခေါ်သွားတာတို့ ရှိတော့
ရှိဖူးတယ်။ စီးပွားရေးသမားတွေ လုနေတဲ့သဘောမျိုး ရှိနေတယ်။”

ဒီလို အဖမ်းခံရတဲ့သူတွေဟာ လူကုန်ကူးသူတွေရဲ့လက်ချက်နဲ့ အဖမ်းခံရတာ ဖြစ်နိုင်
တယ်ဆိုတာကို မဲ့ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေကလည်း သတ်မှတ်ထား
ကြပါတယ်။ ဒါကြောင့်လည်း အပြင်းအထန် ရှာဖွေနေပါတယ်။ မဲ့ဟောင်ဆောင်နဲ့
အခြားနေရာတွေကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ပြီး ရှာဖွေနေတာ
ပါ။ ပဒေါင်လူမျိုးတွေ နေထိုင်ရာဒေသ၊ အဖမ်းခံရတဲ့ နေရာကိုလည်း အခုလိုပြောပါ
တယ်။

“မဲ့ဟောင်ဆောင်နဲ့ ဟွေပူကဲက ခရီးတထောက်ဆိုရင် ၇ ကီလိုမီတာလောက်ပဲရှိမယ်။
မဲ့ဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ နန်းစွယ်ရွာနားက ကယန်းသာယာဆိုတဲ့ ကယန်းရွာ
တရွာရှိတယ်။ နောက်တခုက မဲ့ဟောင်ဆောင်ခရိုင်မှာပဲ ဟွေပူကဲမှာ တရွာရှိတယ်။
ဟွေစထောက်မှာ တရွာရှိတယ်။ အမှန်ကတော့ သုံးရွာပဲ။ ဒီသုံးရွာထဲကပဲ ပြီးခဲ့တဲ့
နှစ်လောက်တုန်းကမှ ထိုင်းဒေသအာဏာပိုင်တွေ စီစဉ်တဲ့နေရာကို ရွှေ့ချင်တဲ့လူတွေ
ရွှေ့ပြောင်းလို့ရတယ်၊ သွားနေလို့ရတယ်ဆိုပြီး လုပ်ပေးတာရှိတယ်။ လူဦးရေက စုစု
ပေါင်းဆိုရင် တရွာမှာ အနည်းဆုံး ၅၀၀ လောက်ရှိတယ်။ သုံးရွာဆိုရင် အနည်းဆုံး
၁,၅၀၀ ပေါ့။ ဒါ ကျနော် ပျှမ်းမျှ ခန့်မှန်းတာပဲ။”

ပြီးခဲ့တဲ့ သောကြာနေ့က ပဒေါင်လူမျိုးတွေ အဖမ်းခံခဲ့ရတယ်ဆိုတာကို အဲဒီကျေးရွာ
အကြီးအကဲ လူကြီးတယောက်ကလည်း အခုလို အတည်ပြုပြောပါတယ်။

“ကီလို ၂၀ ကျော်လောက်ကွာမယ်။ ကားနဲ့သွားရင် တနာရီတောင်မရှိဘူးဗျ။ အားလုံး
သုံးရွာပေါင်းတော့ ၁,၅၀၀ ကျော်ရှိတယ်။”

တယ်လီဖုံးလိုင်း အခက်အခဲကြောင့် အသံမရှင်းမလင်းဖြစ်တာပါ။ အဖမ်းခံရတဲ့နေရာ
ဟာ မဲ့ဟောင်ဆောင်နဲ့ မိနစ် ၃၀ လောက်သွားရတဲ့နေရာလို့ ပြောပါတယ်။

ပဒေါင်လူမျိုးတွေဟာ အရင်က မြန်မာနိုင်ငံဘက်မှာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး
စုတွေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခနဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြားမှာ အိမ်နီးချင်းနိုင်ငံကို
ရွှေ့ပြောင်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်ကတော့ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“အဲဒီပဒေါင်ဆိုတာ ကျနော်တို့ရဲ့ ကရင်နီပြည်ကပေါ့။ ကရင်နီပြည်နဲ့ ရှမ်းပြည်
တောင်ပိုင်း ဖယ်ခုံဘက်မှာပဲ ရှိပါတယ်။ ကျန်တဲ့နေရာမှာ မရှိပါဘူး။ ထွက်လာတဲ့
အကြောင်းကလည်း နှစ်ပေါင်း ၂၀ နီးပါးလောက်ရှိပြီပေါ့။ ဖြတ်လေးဖြတ်ပေါ့။ မဆလ
ခေတ်ကတည်းက ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာတို့၊ ဖျက်ဆီးခံရတာတို့၊
အကန့်အသတ်တွေ လုပ်တာတို့ကြောင့် သူတို့က ဒီနယ်စပ်ကို ထွက်ပြေးလာတယ်လို့ပဲ
ပြောရမှာပေါ့။”

ပဒေါင်လူမျိုးတွေ အဖမ်းခံရတာနဲ့ပတ်သက်ပြီး မဲ့ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်တာမရှိဘူးဆိုပြီး ဝေဖန်ပြစ်တင်ပါ
တယ်။ ရဲနဲ့ အာဏာပိုင်တွေ ပူပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့ပြီးတော့လည်း
အပြင်းအထန် ရှာဖွေနေပါတယ်။

ဒီပဒေါင်တွေဟာ စစ်မက်ဖြစ်ပွားရာ နေရာတွေကနေ ဘေးလွတ်ရာကို ပြေးခဲ့ကြပေ
မယ့် ကမ္ဘာလှည့်ခရီးသည်တွေ အကြည့်ခံရဖို့ သူတို့ကို ခြံခတ်ပြီး အပြခံရတဲ့နေရာတွေ
မှာ အထားခံရတယ်၊ အခုတော့ လူမှောင်ခိုကူးသူတွေရဲ့ သားကောင်ဖြစ်နေပြီလို့
ပြောဆိုနေကြပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူတို့ဘ၀သမိုင်းကြောင်းနဲ့ အကျပ်အတည်းတွေ
ထက် ကြေးကွင်းတွေတပ်ထားတဲ့ သူတို့လည်ပင်းတွေကိုပဲ ပိုပြီးစိတ်ဝင်စားနေကြတယ်
လို့လည်း ဝေဖန်သူတွေ ရှိနေပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အက်ဖ်အီးစီဈေး တန်ဖိုးကျဆင်းနေ

အေးချမ်းမြေ့ ဇူလိုင် ၈၊ ၂၀၀၈

မြန်မာနိုင်ငံအတွင်း လက်ရှိ အက်ဖ်အီးစီဈေးနှုန်းမှာ ဒေါ်လာဈေးနှုန်းထက် အဆမတန် ထိုးကျနေကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအဝန်းမှ ကြားသိရသည်။
လက်ရှိအပြင်ဒေါ်လာပေါက်ဈေးမှာ ရောင်းဈေး ၁၁၈၀၊ ဝယ်ဈေး ၁၁၉၀ ကျပ် ဝန်းကျင်ရှိနေပြီး အက်ဖ်အီးစီ ရောင်းဈေးမှာ ၉၆၅ ကျပ် ဝယ်ဈေး ၉၉၀ ခန့်သာ ရှိနေသဖြင့် ဒေါ်လာနှင့် ၂၀၀ ဝန်းကျင်ခန့် ကွာခြား နေကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာပြည်တွင်း ဝင်မွှေသွားပြီး ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားငွေများ အလှူငွေအဖြစ် အင်နှင့် အားနှင့် ဝင်လာပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ အက်ဖ်အီးစီ ဈေးထိုးကျသွားခြင်း ဖြစ် ကြောင်း ရန်ကုန်ရှိ စီးပွားရေးသမားတဦးက ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် အန်ဂျီအိုတခုမှ စာရင်းကိုင်တဦးကလည်း ယခုကဲ့သို့ အက်ဖ်အီးစီ ဈေးနှုန်းများ ထိုးကျလာခြင်းမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ပြည်ပမှ အလှူငွေများ အလုံးအရင်းနှင့် ဝင်လာခြင်း ကြောင့်ဖြစ်သည်ဟု သုံးသပ်သည်။

“ပြည်ပက အလှူငွေတွေက နိုင်ငံခြားငွေနဲ့ဝင်တယ်။ အဲဒါတွေကို ဈေးကွက်မှာ သုံးလို့မရဘူး ဘဏ်ကို အပ်ရတယ်။ ဘဏ်က ပြန်ထုတ်တော့ အက်ဖ်အီးစီပဲ ပြန်ထုတ်လို့ ရတယ်။ အဲဒါကြောင့် အက်ဖ်အီးစီတွေ အပြင်မှာဖောင်းပွပြီး ဈေးကျကုန်တာပါ” ဟု ၎င်းက ပြောပြသည်။

စီးပွားရေးပညာရှင်တဦးကမူ ယခုကဲ့သို့ အက်ဖ်အီးစီဈေးနှုန်းများ ကျဆင်းရခြင်းမှာ မြန်မာအစိုးရအနေနှင့် နိုင်ငံခြားငွေ ကိုင်ဆောင် သုံးစွဲမှုကို ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အက်ဖ်အီးစီပဲ သုံးရမယ်ဆိုတော့ လူတွေအတွက် အက်ဖ်အီးစီတွေ ပိုလိုလာရော။ ဒီတော့ အက်ဖ်အီးစီတွေ ပိုပြီး ပုံနှိပ် ထုတ်ဝေရရော။ အဲဒါကြောင့် ဈေးက ပိုပို ကျလာတာ” ဟု သူက ပြောသည်။

နိုင်ငံခြားငွေကို မည်သည့် မြန်မာနိုင်ငံသားတဦးတယောက်မှ ကိုင်ဆောင်ခွင့်မရှိဘဲ ပြည်ပမှ နိုင်ငံခြားငွေ လွှဲလိုပါက တရားဝင်အားဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို လွှဲရမည်ဖြစ်သည်။

အမှန်အားဖြင့် အက်ဖ်အီးစီ၏ တရားဝင်သက်မှတ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် တန်ကြေး အတူတူပင် ဖြစ်သည်။ သို့ရာတွင် ပြင်ပပေါက်ဈေးတွင်မူ အမေရိကန်ဒေါ်လာက ဈေးပိုရသည်။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း မတိုင်မီက အက်ဖ်အီးစီ နှင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၁၀၊ ၁၅ ကျပ် ခန့်သာကွာခြားမှုရှိကြောင်း သံရုံးဝန်ထမ်းတဦးကပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းမတိုင်မီက အက်ဖ်အီးစီကို ဖုန်းကြေးပေးသွင်းရန် အဓိက ဝယ်ယူကြရပြီး ဧည့်လမ်းညွှန်များမှာ အခွန်ကြေးပေးသွင်းရန် သက်သာဖို့အတွက် ဝယ်ယူ ဆောင်ထားကြောင်း ဧည့်လမ်းညွှန်တဦးကပြောပြသည်။

“ကျနော်တို့ကတော့ အက်ဖ်အီးစီ လိုက်ဝယ်ထားရတယ်။ ဧည့်သည်တွေလာရင် ဧည့်သည်တွေက ဒေါ်လာပေးခဲ့ပေမယ့် အက်ဖ်အီးစီလဲပြီးပေးခဲ့တာပါ ဆိုပြီး ပြကြတယ်။ အခွန်ကြောင့်ရယ် တခုထဲတော့မဟုတ်ဘူး ကျနော်တို့ ဧည့်လမ်းညွှန်တွေ ထဲမှာ နိုင်ငံခြားငွေ ကိုင်သုံးခွင့် မရှိတဲ့သူများတယ်” ဟု ၎င်းကရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် ဆိပ်ကမ်းအင်ဂျင်နီယာအလုပ် လုပ်ကိုင်လျှက်ရှိသူတဦးကလည်း ယခင်က ၎င်း၏ ဇနီးဖြစ်သူထံသို့ မြန်မာနိုင်ငံခြား ကုန်သွယ်ရေးဘဏ်မှ တဆင့် ငွေ လဲလှယ်ပေးခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိက ငွေလွှဲသူများထံမှ တဆင့်သာ လွှဲပေးတော့သည်ဟု ပြောပြသည်။

“မနှစ်ကတော့ အက်ဖ်အီးဘဏ်က တဆင့် ငွေလွှဲသေးတယ်။ ခုတော့ မလွှဲတော့ဘူး။ ဈေးက အရမ်းကွာတယ်လေ။ သူတို့ အက်ဖ်အီးစီကိုလည်း လုံးဝအယုံအကြည့်မရှိဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံခြားငွေနှင့် တန်ဖိုးတူ အက်ဖ်အီးစီများကို ၁၉၉၄ ခုနှစ်မှ စတင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံခြားငွေ ဈေးကွက်ကို ထိန်းညှိရန် ကြိုးစား ခဲ့သည်။

“ကျနော်တို့က လစာကို ဒေါ်လာနဲ့ ရတယ်ဆိုပေမယ့်။ အကောင့်ကိုသွင်းပေးတာ ဆိုတော့ အကောင့်ကနေ တိုက်ရိုက် ထုတ်ရင် အက်ဖ်အီးစီပဲ ထုတ်လို့ရတယ်။ တိုက်ရိုက်ဗမာငွေ ရောင်းပြီးသားထုတ်မယ်ဆိုရင်လည်း အကောင့်ကို တခါဖြတ် တိုင်း ၁ ယူရို အနုတ်ခံရ တယ်။ အဲဒီတော့ ဒေါ်လာက ၁၁၉၀ ပေါက်တယ်။ အက်ဖ်အီးစီက ၉၇၀ ပေါက်တယ်ဆိုရင် အကောင့်က ဗမာငွေ တိုက်ရိုက်ထုတ်ရင် ၁၁၃၅ ကျပ်ပဲရတယ်” ဟု ဖက်စပ် ရေနံကုမ္ပဏီ တခုတွင် အလုပ်လုပ်နေသော အင်ဂျင်နီယာ တဦးကပြောသည်။

မြန်မာစစ်အစိုးရအနေနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု မြင့်တက်လာပြီးနောက်ပိုင်း နိုင်ငံတော် သုံးငွေအတွက် ငွေမာကို ဒေါ်လာမှ ယူရိုငွေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ရန်ကုန်မြို့နေ စီးပွားရေးသုံးသပ်သူတဦးကမူ စစ်အစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာ မှ နာဂစ် ဆိုင်ကလုန်းအတွက် အလှူ ငွေများကို အခွန်ငွေ မစည်းကြပ်ဟု ဆိုသော်လည်း လက်ရှိတွင် ပြင်ပပေါက်ဈေး၂၀၀ ကျပ်ကွာခြားနေသောကြောင့် ၁ ဒေါ်လာအတွက် ၂၀ ရာခိုင်နှုန်း အခွန်ဖြတ်တောက်နေသည်နှင့် တူသည်ဟု ဆိုသည်။

ယခုလက်ရှိတွင် နိုင်ငံတကာမှ နာဂစ်ဆိုင်ကလုန်းအတွက် လှူဒါန်းသည့်တန်ဖိုးမှာ ငွေကြေးနှင့် ပစ္စည်းတန်ဖိုးအပါအဝင် အမေရိကန်ဒေါ်လာ ၁၃၄ သန်းခန့်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးအဖွဲ့ (UNOCHA) က ထုတ်ပြန်ထားသည်။ ၎င်းအထဲမှ တချို့သော ငွေများမှာ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် ကိုဖြတ်သန်းပြီးမှ ပြည်သူများထံရောက်ရှိခြင်း ဖြစ်သည်။


အပြည့်အစုံဖတ်လိုလျှင်

တုပ်ကွေးရောဂါ ပျံ့နှံ့မှာ စိုးရိမ်နေရ

ဧရာဝတီ ဇူလိုင် ၈၊ ၂၀၀၈

မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားလာမှုကို ရန်ကုန်မြို့လူနေထူထပ် သည့်နေရာ များရှိ ကလေးငယ်တချို့၌တွေ့ရှိရသည့်အတွက် တခြားသော နာဂစ် မုန်တိုင်း ဒဏ်သင့် ဒေသများ တွင်လည်း ဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်မြို့လယ်ရှိ ၎င်း၏ ပုဂ္ဂလိက ဆေးခန်းသို့ လာရောက် ဆေးကုသမှုခံယူသော ကလေးများထဲမှ ၈၀ ရာခိုင် နှုန်းသည် သွေးလွန်တုပ်ကွေးဖြစ်နေသည်ကို တွေ့ရှိရသည်ဟု အမည်မဖော်လိုသော ဆရာဝန် တဦးကပြောသည်။

“အခုမိုးရာသီမှာ လူကြီးတွေရော ကလေးငယ်တွေပါ သွေးလွန်တုပ်ကွေး ပိုမိုဖြစ်ပွားနိုင်ပါတယ်၊ အထူးသဖြင့် နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ နေရာကလူတွေပါ၊ အဲဒီက လူအများစုက ဆင်းရဲဒုက္ခရောက်သူတွေ ဆိုတော့ ခြင်မ ကိုက်အောင်ကာကွယ်တဲ့ ခြင်ထောင် မသုံးနိုင်ကြပါဘူး”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

ယင်းသွေးလွန်တုပ်ကွေးရောဂါသည် ယခုကဲ့သို့သော မိုးဦးကျစ ဇွန်လအတွင်း စတင်ဖြစ်ပွားတတ်ပြီး သွေးလွန် တုပ်ကွေး ရောဂါပိုး သယ်ဆောင်သည့် ခြင်များကိုက်ရာမှ ရောဂါကူးစက်ကာ ရောဂါဖြစ်ပွားသူ ကလေး၊ လူကြီး အသက်အန္တရာယ် ရှိနိုင်သည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။

လူသေဆုံးမှု မရှိသေးသော်လည်း မိုးရာသီတွင် လူနေထူထပ်သည့် ရပ်ကွက်များရှိ ရေကြွင်းရေကျန်များရှိရာ ရေအိုး ရေပုံး များ၊ ရေဆိုးမြောင်းများ အတွင်း ခြင်များပေါက်ပွားတတ်ပြီး ယင်းခြင်များကို သုတ်သင်ရှင်းလင်းခြင်း မပြုသည့် အတွက် ခြင်မှတဆင့် သွေးလွန် တုပ်ကွေး ရောဂါ ဆက်လက်၍ ကူးစက်ဖြစ်ပွားနိုင်သည်ဟု အဆိုပါ ဆရာဝန်က ပြောသည်။

“ရန်ကုန်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတော့ ခြင်တွေပေါက်ပွားနိုင်တဲ့ ကျန်နေခဲ့တဲ့ အပျက်အစီးတွေ၊ ပိတ်ဆို့ နေတဲ့ ရေမြောင်းတွေကို တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ ရှင်းလင်းတဲ့ အစီအစဉ်မတွေ့ရသေးဘူး”ဟု ရန်ကုန် ရန်ကင်း မြို့နယ်ရှိ ပုဂ္ဂလိက ဆေးခန်း တခုမှ သူနာပြု မမီးမီးက ပြောသည်။

ယမန်နေ့က ထုတ်ဝေသည့် အစိုးရ မြန်မာ့အလင်းသတင်းစာတွင်မူ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရန်ကုန်မြို့ လူနေထူ ထပ်သည့် မြို့နယ် ၂ ခု တွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်မှုများ စတင်ပြုလုပ်နေ ကြောင်း ဖော်ပြပါရှိသည်။

ရန်ကုန်မြို့ ဒဂုန်မြို့သစ် တောင်ပိုင်းနှင့် သာကေတမြို့နယ်များရှိ ပြည်သူများအား အစိုးရ ကျန်းမာရေးအဖွဲ့က သွေးလွန် တုပ်ကွေး ကူးစက်ရောဂါ ဆိုင်ရာ အသိပညာပေးမှုများကို စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ပြုလုပ်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

၂၀၀၇ ခုနှစ် ပထမ ၇ လအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၁၀၀ နီးပါးသေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ဆိုသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)တို့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်း မုန်တိုင်းဒဏ် သင့် ၁၁ မြို့နယ်တွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ သိန်း သုံးစွဲဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

ယခုနှစ် မေလ နှောင်းပိုင်း က သွေးလွန်တုပ်ကွေး လူနာ ဧရာဝတီတိုင်းအတွင်း ၄၈၁ ဦးနှင့် ရန်ကုန်တိုင်းအတွင်း ၇၈၁ ဦးကို မှတ်တမ်း ပြုစုရရှိကြောင်း WHO က ဆိုသည်။

အစိုးရသတင်းဌာနများကမူ မေလ အစောပိုင်းကပင် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်ပေါင်း ၂၀၆၀၃၉ မှာ ကျန်းမာရေး စောင့်ရှောက်မှု ရရှိထားသည့်အတွက် ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာဝန်များပါဝင်သော အဖွဲ့က လေဘေးဒုက္ခသည်များအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြောင်းလည်း အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။


အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဒဏ်သင့် ကလေးများအား အလုပ်စေခိုင်းမှုများရှိနေ

အောင်သက်ဝိုင်း ဇူလိုင် ၈၊ ၂၀၀၈

ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ခိုကိုး ရာမဲ့ ဖြစ်နေသော ကလေးငယ်များကို အခိုင်းအစေ အလုပ် သမားများအဖြစ် အသုံးချမှုများရှိနေကြောင်း မော်လမြိုင်ကျွန်း မြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင် တိုက်များမှ သံဃာ တော်များ၊ လပွတ္တာမြို့နယ်မှ သံဃာတော်များနှင့် ဧရာဝတီတိုင်းလေဘေးသင့် ဒေသများသို့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည့် ရန်ကုန်မြို့မှ သံဃာတော်များက အတည်ပြု ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် မိဘဆွေမျိုးများသေဆုံးသွား၍သော်လည်းကောင်း၊ မုန်တိုင်း တိုက်ခတ်စဉ် ဖြစ်ပေါ်လာသော ပင်လယ်ဒီရေလှိုင်းများနှင့် မျောပါသွားပြီး မိဘဆွေမျိုးများနှင့် ဝေးရာအရပ်ဒေသ များဆီသို့ ရောက်ရှိ သွား၍သော်လည်း ကောင်း ခိုကိုးရာမဲ့ ကလေးငယ် အများအပြား ရှိနေကြောင်း သိရှိရသည်။

ထိုကဲ့သို့သော ကလေးငယ်များမှာ မုန်တိုင်းတိုက်ခတ်ပြီးသည့် ရက်ပိုင်းအတွင်း ၄င်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင် ဒေသ များရှိ အိမ်ထောင်စုများထံတွင် ၀င်ရောက်ခိုလှုံခဲ့ကြပြီး ယခုမုန်တိုင်းသင့်ဒေသများတွင် အနည်းငယ် ပြန်လည် နာလန် ထူလာချိန်တွင် အလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများ အပါအ၀င် တခြား စီးပွားရေးလုပ်ငန်း များတွင် အသုံးချခံနေရကြောင်း ဧရာဝတီတိုင်းဒေသခံ သံဃာတော်များက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေ၊ မိဘဆွေမျိုးပျောက်ဆုံးသွားတဲ့ ကလေးတွေက ဒုက္ခသည် စခန်းတွေနဲ့ လေဘေးဒုက္ခသည်တွေ ခိုလှုံတဲ့ဘုန်းကြီးကျောင်းတွေဆီ ရောက်မလာခဲ့ဘူး။ နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေ ဆီမှာပဲ နေလိုက်ကြတယ်။ အခု ဒီကလေးတွေက လယ်ယာတွေ၊ တံငါလုပ်ငန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမားလေးတွေအဖြစ် အခိုင်းခံနေရတယ်”ဟု မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဘုရားကြီးကျောင်းတိုက်မှ ဦးပဉ္ဖင်းတပါးက မိန့်ကြားသည်။

ယခု ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်တွင် ကလေးငယ် ၈၀၀ ကို မူလတန်း ပညာသင်ကြားပေးနေသည့် မော်လမြိုင် ကျွန်းမြို့ ပေါ် ကျောင်းတိုက်တတိုက်မှ တာဝန်ခံဆရာတော်တပါးကလည်း မုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ကလေးငယ်များကို အခိုင်း အစေအလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များ၊ မော်ကျွန်းမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် အရောင်းအ၀ယ်လုပ်ငန်း များတွင် အသုံးပြုနေမှုအများအပြား ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အဆိုပါကလေးငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် အလုပ်သမားများအဖြစ် အသုံးချခံနေရသည့် ခိုကိုးရာမဲ့ကလေးငယ် အများအပြားကျန်ရှိနေသေးကြောင်း မိန့်ကြားသည်။

“မုန်တိုင်းတိုက်ပြီး နှစ်လအတွင်းမှာ အခိုင်းအစေတွေလို အလုပ်ခိုင်းခံနေရတဲ့ ခိုကိုးရာမဲ့ကလေး ၂၀ ကျော်ကို ဦးပဉ္ဖင်းတို့ ကယ်တင်နိုင်ခဲ့တယ်။ ဒီကလေးတွေကို ဦးပဉ္ဖင်းတို့ကျောင်းတိုက်နဲ့အဆက်အသွယ်ရှိတဲ့ မန္တလေး ဖောင်တော်ဦးပရဟိတ ကျောင်းကို ပို့ပေးထားတယ်။ ဒီလို ကလေးတွေ အများကြီးကျန်နေသေးတယ်။ ဦးပဉ္ဖင်း တို့လည်း သတင်း စုဆောင်းပြီး ကယ်ဖို့ကြိုးစားနေတယ်”ဟု အဆိုပါဆရာတော် က မိန့်ကြားသည်။

ရန်ကုန်မြို့တွင် ခေတ္တရောက်ရှိနေသော လပွတ္တာမြို့ခံသံဃာတော် တပါးကလည်း ယင်းသို့လေဘေးသင့်ဒေသ များမှ ခိုကိုးရာမဲ့ကလေးငယ်များကို အလုပ်ခိုင်းစေမှုများ လပွတ္တာမြို့နယ်အပိုင် ကျေးရွာများတွင် ရှိနေပြီး အချို့ သော ကလေး ငယ်များမှာ မြို့ပြဒေသကြီးများရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် ရောက်ရှိအလုပ်လုပ်နေ ကြကြောင်း မိန့်ကြားသည်။

“မြေနိမ့်ရာလှံစိုက်ဆိုသလိုပါပဲကွယ်။ မိဘဆွေမျိုးတွေမရှိတော့လို့ ဒုက္ခရောက်နေတဲ့ ကလေးတွေ ထမင်းစား ကျွန်ခံဘ၀နဲ့ အခိုင်းအစေ တွေဖြစ်နေကြတယ်”ဟု အဆိုပါဆရာတော် ကမိန့်သည်။

ထိုကဲ့သို့သော ခိုကိုးရာမဲ့ကလေးငယ်များအား အခိုင်းအစေများအဖြစ် အသုံးချမှုများကို ကာကွယ်တားဆီးနိုင်ရန် အစိုးရ ပိုင်းက ပြင်းထန်သော သတိပေးတားမြစ်ချက်များထုတ်ပြန်ပြီး စံပြအရေးယူမှုများပြုလုပ်သင့်ကြောင်း ဆရာတော်က အကြံပြုသည်။

မုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးငယ်များသာမက မုန်တိုင်းကြောင့် စီးပွားရေးများပျက်စီးပြီး စားဝတ်နေရေး အခက် အခဲများကြုံတွေ့နေရသည့် ဧရာဝတီတိုင်းဒေသခံတချို့မှာ ၄င်းတို၏ကလေးငယ်များကို ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်နှင့်အိမ်ဖော်လုပ်ငန်းများတွင် အလုပ်သမားများအဖြစ်အလုပ်လုပ်ရန် သွားရောက်ပို့ ဆောင်မှုများရှိနေကြောင်း သိရှိရသည်။

“ငပုတောက ကလေး၂ ယောက်ရောက်လာတယ်။ ဆိုင်မှာခိုင်းဖို့ဆိုပြီး ကလေးဆွေမျိုးတွေကိုယ်တိုင် အထောက် အထားနဲ့ လာပို့သွားတာ။ တယောက်ကို တလ ၈၀၀၀ နဲ့ ခြောက်လစာ လစာ ကြိုထုတ်ပေးလိုက်ရ တယ်”ဟု လှိုင်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးကဆိုသည်။

ရန်ကုန်မြို့မှ အိမ်ဖော် ပွဲစား အမျိုးသမီးကြီးများ၏အဆိုအရ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း ဧရာဝတီတိုင်း လေဘေးသင့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ငပုတောဒေသမှ အိမ်ဖော်အလုပ်လုပ်ကိုင်ရန် အမျိုးသမီးအများ အပြားရောက်ရှိ လာရာတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် အများအပြား ပါဝင်ကြောင်း သိရှိရသည်။

“၁၀ နှစ် ကနေ ၁၆ နှစ် ကလေးမလေးတွေ ပါတယ်။ ကျမတို့ကလည်း ဥပဒေနဲ့ငြိမှာစိုးလို့ သူတို့ မိဘဆွေမျိုးတွေရဲ့ လက်မှတ်တောင်းပြီးမှ အိမ်ဖော်လုပ်ဖို့ပို့ပေးတယ်။ များသောအားဖြင့် ကလေးတွေရမယ့် လစာကို ကြိုထုတ်သွား ကြတယ်” ဟု အင်းစိန်မြို့နယ် အိမ်ဖော်အကျိုးဆောင်ပွဲစား အမျိုးသမီးကြီးတဦးက ဆိုသည်။

ယင်းသို့ မိမိတို့ရင်သွေးငယ်များကို အလုပ်သမားများအဖြစ်ပို့ဆောင်ပြီး ရရှိလာသော ငွေကြေးများဖြင့် ပျက်စီးချို့ ယွင်းသွား သည့် နေအိမ်များပြန်လည်တည်ဆောက်ခြင်း အပါအ၀င် အခြားလိုအပ်ချက်များ ၀ယ်ခြမ်းဖြည့်ဆည်းရ သည်ဟု အသက် ၁၄ နှစ်အရွယ် သမီးမိန်းကလေးငယ်ကို အိမ်ဖော်အလုပ်လုပ်ရန် အပ်နှံခဲ့သူ လေဘေးသင့် ဖျာပုံဒေသခံ မိခင်တဦးက ဆိုသည်။

“စိတ်လည်းချရမယ့်အိမ်၊ ပြီးတော့ကလေးအဆင်ပြေမယ့်အိမ်ကို ရွေးပြီးမှပို့တာပါ။ ကျမတို့ရွာက တရွာလုံးနီးပါး မြို့မှာတက် အိမ်ဖော်လုပ်နေကြတာ အဆင်ပြေတယ်။ အမြဲဖုန်းအဆက်အသွယ် လုပ်နိုင်တယ်ဆိုတော့ ကလေးအတွက် သိပ်စိတ်မပူ ပါဘူး”ဟု ယင်းအမျိုးသမီးကြီးကဆိုသည်။

မုန်တိုင်းသင့် ဧရာဝတီဒေသများမှ ခိုကိုးရာမဲ့ကလေးငယ်များနှင့် အမျိုးသမီးငယ်များမှာ အလုပ်သမားများအဖြစ် အလုပ်လုပ် နေရရုံသာမက တချို့မှာ လူကုန်ကူးခံရမည့် အနေအထားများတွင်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ထုတ် ဘိုင်ဝိကလီးအီလဲဗင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် လေဘေးဒုက္ခသည် ကလေးများနှင့် အမျိုးသမီး ၈၀ ကျော်ကို လူကုန်ကူးခံရမည့်အခြေအနေမှ ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့်ရဲ အရာရှိကြီးတဦးကို ကိုးကားပြီး သတင်းဖော်ပြသည်။

လပွတ္တာမြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသည့်နိုင်ငံတကာ INGO တခု မှ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းမန်နေဂျာတဦးကမူ လေဘေးသင့် ဧရာဝတီ တိုင်းဒေသများမှ အိမ်နီးချင်း နိုင်ငံများသို့လူကုန်ကူးခံရမှုများ သေချာပေါက်ရှိနေပြီဖြစ် ကြောင်း၊ အစိုးရပိုင်းနှင့် ပြည်တွင်း NGO နှင့် နိုင်ငံတကာ INGO များ မသိရှိလိုက်သည့် လူကုန်ကူးမှုများရှိနိုင်ပြီး အစိုးရပိုင်း၏ လူကုန်ကူးမှုတားဆီးရေး ဆောင်ရွက်ချက်များမှာ လေဘေးသင့်ဧရာဝတီတိုင်း ဒေသတခုလုံးကိုခြုံငုံ နိုင်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း ပြောကြားသည်။

ထို့ပြင်ဧရာဝတီတိုင်း ဒေသခံအများစုမှာ စာတတ်မြောက်မှုမရှိခြင်း၊ ဗဟုသုတနည်းပါးခြင်းနှင့် လတ်တလော ရင်ဆိုင်ကြုံ တွေ့နေရသော စီးပွားရေးမပြေလည်မှု၊ လက်ရှိ နာဂစ်မုန်တိုင်းသင် ဒေသများတွင် ပြန်လည်နေထိုင်လိုစိတ် မရှိခြင်းတို့ ကြောင့် လူကုန်ကူးခံရမည့်အခြေအနေများ ပိုမိုများနေကြောင်း ၄င်းကသုံးသပ်ပြောသည်။

“လူတွေက ဒုက္ခတွေအရမ်းရောက်တော့ ထွက်ပေါက်ရှာကြပြီ။ ဒီအချိန်မှာ ဘာပြောပြော သူတို့ ဖြစ်ချင်တာက ဒုက္ခတွေ ကျော်လွှားချင်တယ် ။ သူတို့အတွက် အိမ်မက်ဆိုးတခုလိုဖြစ်နေတဲ့ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့နေရာတွေမှာ ပြန်မနေချင် တော့ဘူး။ ဒီအထဲမှာကလေးတွေနဲ့ အမျိုးသမီးတွေလည်း အပါအ၀င်ပေါ့”ဟု အဆိုပါ ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး စီမံကိန်းမန်နေဂျာက ရှင်းပြသည်။

ဧရာဝတီတိုင်းရှိမုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးများ အလုပ်သမားများအဖြစ် အသုံးချခံရမှုများနှင့် လူကုန်ကူးခံရ မည့် အခြေအနေများရှိနေလင့်ကစား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် မြန်မာစစ် အစိုး ရတို့ကမူ လေဘေးသင့်ဒေသများတွင်မိဘမဲ့ကလေးများအပါအ၀င် ကလေးသူငယ်များနှင့် သက်ဆိုင်သော အရေး ကိစ္စများ အောင်မြင်တိုးတက်စွာ ကိုင်တွယ်နိုင်ပြီဖြစ်ကြောင်း ဆိုကြသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zafrin Chowdhury က မုန်တိုင်းသင့် ဒေသများ တွင် အစိုးရ၏ဆောင်ရွက်ချက်များမှာ ချီးကျူးဖွယ်ဖြစ်ပြီး အခြေအနေများတိုးတက် ကောင်းမွန်ကာ ကလေးငယ်များ၏ အရေးကိစ္စများမှာလည်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် အခြေအနေဆိုးရွားခြင်းမရှိဟု ဇူလိုင် လ ၇ ရက်တွင် ရန်ကုန်မြို့ တွင်ပြောကြားကြောင်း အေပီနှင့် အေအက်ဖ်ပီ သတင်းဌာနများ၏ ဖော်ပြချက် အရသိရှိရသည်။

မြန်မာစစ်အစိုးရကလည်း ၄င်းပိုင် သတင်းမီဒီယာများမှတဆင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အလွန် အောင်မြင် နေပြီး လေဘေးသင့်ဒေသများအားလုံး တည်တည်ငြိမ်ငြိမ်ဖြင့် မူလပုံမှန်အနေအထားပြန်လည် ရောက်ရှိနေပြီဟု ဂုဏ်ယူ ၀င့်ကြွားစွာ ထုတ်ဖော်ပြောနေသည်ကို တွေ့ရှိရသည်။

ရန်ကုန်အခြေစိုက် နာဂစ်မုန်တိုင်းဒဏ်ခံဒေသများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေသည့် လူငယ်အဖွဲ့ တခုမှ တာဝန်ရှိသူတဦးကမူ“ဒီအခြေအနေမှာ အားလုံးကောင်းမွန်နေတယ်လို့ ပြောလို့မရသေးဘူး။ တိုးတက်မှု ရှိတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့် ပြောရင် ၅၀ အောက်မှာပဲရှိတယ်။ အစိုးရပြောသလောက် နာ လန်ထူနိုင် တယ်၊ မထူနိုင်ဘူး ဆိုတာ လက်တွေ့လုပ်နေတဲ့ သူတွေပိုသိပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း ရဲ့အောင် မြင်မှုကရေရှည် အခြေအနေပေါ် မှာပဲမူတည်နေတယ်”ဟု သုံးသပ်သည်။

အပြည့်အစုံဖတ်လိုလျှင်

အရပ်ဖက် အဖွဲ့အစည်းများ အားကောင်းလာစေရေး အားပေးရန် လိုသည်

ရဲနည် ဇူလိုင် ၈၊ ၂၀၀၈

မယုံကြည်နိုင်လောက်စရာ ကောင်းသည်။ မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒုက္ခသည်များက ကပ်ဘေးကျရောက် ရအပြီး ၂-လအကြာတွင် စစ်အစိုးရ အာဏာပိုင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိကြသော်လည်း ကြံ့ကြံ့ခံ၍ သူတို့၏ ဘ၀များကို ပြန်လည် တည်ဆောက်နေကြပြီ ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဤနာဂစ်မုန်တိုင်းကြီးတွင် အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ လူပေါင်း ၈၄,၅၃၇ အသက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း ၅၃,၈၃၆ ပျောက်ဆုံးနေခဲ့သည်။ ဤမျှ ပြင်းထန်ဖျက်အားပြင်းလှသည့် မုန်တိုင်းကြီးကို ညွှန်းဆို၍ အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့ (အာဆီယံ) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က " မုန်တိုင်း ကြီး၏ ဆိုးရွားပြင်းထန်လှသည့် ဒေါသကို အံတု၍ အရှုံးပေးလက်မြှောက်ရန် ငြင်းဆန်ကြသည်၊ ပြန်လည်ထရပ်မည်ဟု သံန္နိဌာန် ပြုကြသည်၊ သူတို့၏ ဘ၀အတိုင်း ပြန်လည်ရပ်တည်လာကြသည်ကို တွေ့မြင်ကြရသည်မှာ မိမိတို့အားလုံးအတွက် အမှန်တကယ် စိတ်အားတက်ကြွဖွယ်ပင် ဖြစ်ပါသည်" ဟု ဆိုခဲ့သည်။

ဤသို့ မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများအပေါ် ချီးကျူးပြောဆိုခဲ့သည်ကို ကြားကြရသည်မှာ အထူးဝမ်းမြောက် ဖွယ်ပင် ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ အခန်းကဏ္ဍကို ချီးကျူးပြောဆိုခဲ့ကြပြီး၊ ဤရဟန်းသံဃာ များက ပုဂ္ဂလိက အလှူရှင်များနှင့် လိုအပ်မှုရှိနေကြသည့် ဒုက္ခသည်များအကြား အရေးပါသည့်အခန်းကဏ္ဍမှနေ၍ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ဒေသဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ အစည်း များတွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားများကိုလည်း ကျေးဇူးဆိုရခြိမ့်မည်။ ထိုသူများ၏ ၀ိုင်းဝန်းကူညီမှု များကြောင့်သာ မုန်တိုင်းသင့်ဒုက္ခသည်များအနေဖြင့် ကပ်ဘေးရောဂါများနှင့် ငတ်မွတ်ခေါင်းပါး မှုဘေးကြောင့် နောက်ထပ် ဒုတိယအကြိမ် ကြုံရဖွယ်ရှိသည့် ကပ်ဘေးဒုက္ခဆိုးကို ရှောင်လွှဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း အမှန်တွင် မကြာသေးမီ ကာလတိုင် မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် အင်အားအချိနဲ့ဆုံး အခြေအနေတွင်ရှိခဲ့ပြီး၊ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင်လည်း မဖွံ့ဖြိုး ခေါင်းမထောင်နိုင်လောက်အောင် နှိပ်ကွပ် ခံခဲ့ရသည်။ အဆက်ဆက်သော အစိုးရများကလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဖယ်ရှားနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြပြီး၊ စစ်အစိုးရများ၏ အကျိုးဆောင်ပေးကြမည့် ထိန်းချုပ်ခံ အဖွဲ့အစည်းများကိုသာ ခွင့်ပြုထားခဲ့သည်။

ဤအရပ်ဖက် လူမှုအဖွဲ့အစည်းများက ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ပြန်လည် နိုးကြား၍ ပေါ်ပေါက်ခဲ့ဖူး ကြသည်။ ကျောင်းသားအဖွဲ့အစည်းများ၊ သံဃာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့ အစည်းများ မိုးဦးမှိုများလို အနှံ့အပြား ပေါ်ပေါက်လာခဲ့ကြသည်။

ယခုတကြိမ်တွင်တော့ နာဂစ်မုန်တိုင်း အပြီးတွင် ပုဂ္ဂလိက စေတနာအလှူရှင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ အများအပြား ပေါ်ပေါက်လာကြသည်။ နာမည်ကြီး အနုပညာသည်များ၊ သတင်းမီဒီယာ အုပ်စုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူပေး ရေး အဖွဲ့များကလည်း စိတ်တူကိုယ်တူ လူထုများနှင့် စုပေါင်းဖွဲ့စည်း၍ ကယ်ဆယ်ရေး လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်။

သို့သော်လည်း ယနေ့ကာလတိုင် စစ်အစိုးရ အာဏာပိုင်များက လွတ်လပ်သည့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများကို စောင့်ကြည့်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။ စစ်အစိုးရက မျက်နှာသာပေးမှ ပိုမိုလွတ်လပ် စွာ ဆောင်ရွက် ခွင့်ရနိုင်သည့် အခြေအနေလည်း ရှိနေသည်။

စစ်အစိုးရ ခေါင်းဆောင်များအတွင်း ယခုအချိန်တိုင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက် ရန်အတွက်လည်း စိတ်ဆန္ဒ မတွေ့ကြရသေးပေ။ ပြုပြင်ပြောင်းလဲရေးကိစ္စများ လုပ်ဆောင်ကြရမည့်အစား မြန်မာစစ်ဗိုလ် ချုပ်များက တက်ကြွလှုပ်ရှားသူများကို ဆက် လက်ဖမ်းဆီးခြင်း၊ လူထုများ၏ အခွင့်အရေးများ ဆက်လက်ချိုးဖောက်နေ ခြင်း၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစု ပြည်သူများကို ဖိနှိပ်နေကြခြင်းများ ဆက်လက်ဆောင်ရွက်နေကြပြီး ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အပြေးအလွှား စီစဉ်နေလျှက် ရှိသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများကမူ လူထုအများ၏ မျှော်လင့်ချက်များ ပြန်လည်၍ ပျိုးထောင်မြှင့်တင်ပေးရန်၊ တရားမျှတမှု၊ ဗဟုဝါဒ လူ့အဖွဲ့အစည်း၊ နောက်ဆုံး ဒီမိုကရေစီရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက စွမ်းဆောင်နိုင်ကြောင်း အထင် ကြီးရလောက်အောင် လက်တွေ့သက်သေပြနိုင်ခဲ့ကြသည်။ သို့သော်လည်း ဤအဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်မှု ပေးရန်၊ မြေတောင်မြှောက် အားပေးရန်နှင့် ကျယ်ပြန့် သည့် ပို၍ စနစ်တကျစုစည်းမှုရှိသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် တာဝန်မည်သူယူပါမည်နည်း။ ဤမေးခွန်းအတွက် အဖြေမရှိသေးပါ။

ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့အနေဖြင့် စစ်အစိုးရနှင့် ပူးတွဲ၍ ရေတိုကာလ ပြဿနာများဖြစ်သည့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး၊ အစားအစာနှင့် အမိုးအကာ ရရှိရေး၊ နောက်ထပ် အသက်များသေဆုံးရသည့် ကပ်ဘေးများ ထပ်မံ မကြုံစေရေး စသဖြင့် နိုင်စွမ်းသမျှ ကူညီဖြေရှင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ အကူအညီများ ရရှိရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းကြရန် မှန်သော်လည်း၊ နိုင်ငံရေးအရ သင့်မြတ်ပြေလည်မှုရစေရေး အတွက်လည်း ဆက်လက်ကြိုးပမ်းရန် လိုအပ်ပါသည်။

ရေရှည် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စအများ၌ ပိုမိုခိုင်မာ အင်အားကောင်း သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရေးကိုလည်း အရေးပေး အကောင်အထည်ဖော်ရန် လိုအပ်နေပါ သည်။ သို့မှသာ ကြုံတွေ့ရဖွယ်ရှိနေသည့် စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးများကို ကျော်လွှားနိုင်ကြဖွယ် ရှိပါတော့သည်။

အပြည့်အစုံဖတ်လိုလျှင်

ကုလသမဂ္ဂအနေဖြင့် သတ်သတ် မှတ်မှတ် လုပ်ရန် လိုအပ်နေပေပြီ

ဧရာဝတီ ဇူလိုင် ၈၊ ၂၀၀၈

မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသို့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သားများ မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒေသများသို့ အကန့် အသတ်မရှိ အပြည့်အ၀ ၀င်ရောက်လုပ်ကိုင်ခွင့်ပေးပါမည်ဟု ကတိပြုခဲ့သည်မှာ ရက်သတ္တပတ် ၆ ပတ်ကျော်လာခဲ့ပြီ ဖြစ်သည်။ မူလက လူအများသေကြေဆုံးရှုံးရဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ကြရပြီး ကုလသမဂ္ဂက “၀င်ရောက် ကာကွယ်ပေးပိုင်ခွင့် တာဝန်” ကို အတင်းအကျပ် အသုံးပြုရတော့မည့် အခြေအနေတိုင် ဆိုက်ခဲ့ရပြီးနောက်၊ ဘန်ကီမွန်းက ဤသို့ ခွင့်ပြုလာချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့သည်။ သို့သော်လည်း သူ၏ "လမ်းဖွင့်နိုင်ခဲ့ပြီ" ဆိုသည့် စကား၏ တန်ဖိုးကိုမူ လူအများက သံသယရှိနေကြဆဲ ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုကဲ့သို့ စစ်အစိုးရ၏ ခေါင်းမာမှုအပေါ် အလျှော့ပေး လိုက်လျှောကျေနပ်ခဲ့ရသည်မှာ ကုလသမဂ္ဂအဖို့ ယခုတကြိမ်တည်း မျှသာ မဟုတ်ပေ။ ဘန်ကီမွန်းက သူ၏ရှေ့တော်ပြေး မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရန် ယခုနှစ် အစောပိုင်းက စေလွှတ်ခဲ့သည့်အခါ စစ်ဗိုလ်ချုပ်များက မစ္စတာဂမ်ဘာရီကို ဆိုးသည့်ကလေး ကြိမ်ဆုံးမသည့် သဖွယ် ဆက်ဆံလွှတ်ခဲ့ကြသည်။ ကမ္ဘာတ၀ှမ်းလုံးက စစ်အစိုးရအပေါ် ပစ်ပယ်ရှုံ့ချသည့် သဘောထားရှိပြီး ဆက်ဆံနေမှု များကို မကျေနပ်ဒေါသဖြစ်နေကြသည့် မြန်မာစစ်ဗိုလ်ချုပ်များက သူတို့၏ဒေါသများကို မစ္စတာဂမ်ဘာရီထံ ပုံအောဖွင့်ချခဲ့ ကြသည်။ သို့သော်လည်း ကုလ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်လာသည့်ကိစ္စက တမျိုးတဘာသာ ဖြစ်သည်။ သူက နိုင်ငံရေးကိစ္စနှင့် မပတ်သက်ဘဲ လာရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အကူအညီများ ပိုမိုရရှိလာစေရန် ကတိက၀တ်နှင့် တိတိကျကျ ရည်ရွယ်ချက်ချမှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ပို၍အဆင်ပြေချောမွေ့သော ဆက်ဆံခံရ ပြီး၊ ထိပ်တိုက်ရင်ဆိုင်တိုးရန်အခွင့်နည်းခဲ့သည်။

သို့သော်လည်း မစ္စတာဘန်ကီမွန်းလာရောက်ခဲ့သည့် ခရီးစဉ် ရည်ရွယ်ချက်၏ အောင်မြင်မှုကို လူမည်မျှ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့သနည်းဟူသည့် အရေအတွက်ဖြင့်သာ တိုင်းတာရမည် ဖြစ်သည်။ ယုံကြည်ဖွယ်မကောင်းလှသည့် နာမည် ပျက်နေသူ စစ်အစိုးရ၏ ကတိစကားများဖြင့် တိုင်းတာဆုံးဖြတ်၍ ရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (Tripartite Core Group) က ဆောင်ရွက်ပေးနေသည့် ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကလည်း မရေမရာ မသဲမကွဲပင် ရှိနေသေးသည်။ ဤသုံးပွင့်ဆိုင်ဗဟိုအဖွဲ့က ကုလသမဂ္ဂ၏ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ)၊ မြန်မာစစ်အစိုးရတို့ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ဤအဖွဲ့က နာဂစ်မုန်တိုင်းကပ်ဘေးဆိုင် ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်ဦးရွက် ပြုသွားမည်ဟုလည်း ဆိုထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UN OCHA) ၏ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် တသန်းကျော်မှာ ယခုတိုင် မည်သည့်အကူအညီမျှ ရရှိခြင်းမရှိသေး ဟု ဆိုပါသည်။ ပို၍ စိတ်ပျက်ဖွယ်ကောင်းသည့် အခြေအနေမှာ လွန်ခဲ့သည့် တလခန့်က ထုတ်ဝေသည့် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါကလည်း ကိန်းဂဏန်းများ မပြောင်းမလဲ ရှိနေခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဇွန်လ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာအရ "ဇွန်လ ၄ ရက်နေ့တိုင် ပဏာမကြိုတင်ခန့်မှန်းမှုများအရ ကပ်ဘေး သင့်၍ ဒုက္ခခံစားရသည် လူဦးရေ ၂. ၄ သန်းအနက်မှ ၁. ၃ သန်းသော အကျိုးခံစာရဖွယ်ရှိသူများ (ဒုက္ခသည်များ) ထံသို့ သာ အကူအညီများရောက်ရှိနိုင်သေးသည်" ဟု ဆိုပါသည်။

နိုင်ငံတော်က ဦးဆောင်သည့်၊ နိုင်ငံတကာက ပါဝင်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများ တလကြာမြင့်သည့် တိုင်အောင် မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် အရေအတွက် တ၀က်နီးပါးမျှမှာ မည်သည့်အတွက်ကြောင့် အကူအညီများ မရရှိ ဖြစ်နေရပါသနည်း။ မေးခွန်းထုတ်ဖွယ် ရှိလာပါသည်။ ဖြစ်နိုင်ဖွယ် အကြောင်းမျိုးစုံ ရှိနိုင်ပါသည်။ ရာသီဥတုပြဿနာ များကြောင့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားကျယ်ပြန့်ခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ် ရှိပါ သည်။ သို့သော်လည်း အခြားလွတ်လပ်သည့် သတင်းဌာနအမျိုးမျိုး၊ အစီရင်ခံချက် အမျိုးမျိုးမှ တွေ့ရှိနေရသည်ကား ပြဿနာ၏ အဓိက အစိတ်အပိုင်းမှာ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေပါသည်။ ၎င်းတို့က ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့် နှေးစေရန် နည်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြပါသည်။

ကုလသမဂ္ဂ၏ ဌာနများက စစ်အစိုးရထံ အပြစ်ပုံ လက်ညှိုးမထိုးမိစေရန် သတိပြု ရှောင်လွှဲနေကြပါသည်။ သူတို့က တွေ့ ကြုံရသည့် အခက်အခဲများကို ခြေရာကောက်ပြီး ဒေသဆိုင်ရာ ဗြူရိုကရေစီ အဟန့်အတားများ၊ သို့မဟုတ် စစ်အစိုးရ၏ စစ်ဖက်ဆိုင်ရာ ကြားဝင်စွက်ဖက်မှုများအဖြစ် အချက်ပြဖော်ပြခဲ့ကြပါသည်။ ဥပမာတင်ပြရလျှင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ၌ " မကြာခဏ ဆိုသလို လူများရွှေ့ ပြောင်းနေခြင်းကြောင့်" သတ်မှတ်ထားသည့် လိုအပ်ချက်ရှိသူများထံ အကူအညီများရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက် မှု၌ ပြဿနာများ ပိုမိုရှုပ်ထွေးစေသည်ဟု ဆိုထားပါသည်။ သို့သော်လည်း ကိစ္စအများစုတွင် ဤသို့ပြောင်းရွှေ့နေကြမှုသည် လူအများက ဆန္ဒအရပြောင်းရွှေ့ခြင်း မဟုတ်ကြောင်း၊ စစ်အာဏာပိုင်များက လူများကို ဒုက္ခသည်စခန်းများမှ နေ၍ ၎င်းတို့ နေထိုင်ရာ ကျေးရွာလယ်ကွက်များတွင် အလုပ်ပြန်လုပ်ကိုင်ကြစေရန် အတင်းအကျပ် ပြန်လည်နှင်ထုတ် ပြောင်းရွှေ့စေ ခြင်း ဖြစ်ကြောင်း သူတို့က မဖော်ပြခဲ့ကြပါ။

အလားတူ ကိစ္စရပ် များစွာရှိပါသေးသည်။ ရဟတ်ယာဉ်များ မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်ရန်အတွက် ခွင့်ပြုချက် ရရှိ ရန် နှောင့်နှေးကြန့်ကြာနေရမှုများ၊ ပြည်တွင်းမှ ဆန်ဝယ်ယူ၍ ဖြန့်ဖြူးရန် တားမြစ်ထားချက်များ၊ သတင်း အချက်အလက် များ ကန့်သတ်ထားခြင်းကြောင့် ထောက်ပံ့ရေးဆိုင်ရာ ပြဿနာကြုံရခြင်းများလည်း ရှိနေပါသေးသည်။ "သူတို့ (မြန်မာ အာဏာပိုင်များ) က ကျနော်တို့ကို အဲသည် မုန်တိုင်းဒဏ်ခံရတဲ့ နေရာတွေမှာ ဆက်သွယ်ရေးကိရိယာတွေနဲ့ မရှိစေချင် ဘူးဆိုတာ သေချာပါတယ်။" အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တခုဖြစ်သူ နယ်စည်းမခြား အဝေးပြောဆက်သွယ်ရေးအဖွဲ့ (Telecoms Sans Frontieres) မှ ပြောရေးဆိုခွင့်ရှိသူတဦးက ကုလသမဂ္ဂ တောင်းဆိုချက်အရ ထောက်ပံ့ပေးရန် မြန်မာ နိုင်ငံတွင်း ရောက်ရှိလာပြီးမှ လက်လျှော့ မထွက်ခွါရမီတွင် ပြောဆိုခဲ့ပါသည်။

ဤသို့သော ကန့်သတ်ချက် အခက်အခဲများမှာ ကုလသမဂ္ဂ အဖွဲ့အစည်းအတွက် တခုမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် လည်း ယခုအချိန်တွင် နိုင်ငံတကာအလှူရှင်များသို့ ၎င်းတို့၏ ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ အောင်မြင်နေ ကြောင်း ဆင်ခြေပေး ပြသနေရပြီး ယခုအချိန်တွင် ၎င်းတို့၏ ရည်မှန်းချက်အထမြောက်၍ ဆောလျင်စွာ ပြန်လည်နာလံထူ ခဲ့ကြောင်း ဆင်ခြေပေး တိုက်တွန်းနေရသည့် အခြေအနေဖြစ်နေပေသည်။

ဤသို့တင်ပြချက်များကိုလည်း လူအများက ယုံကြည်လက်ခံရန် ခက်ခဲကြပေလိမ့်မည်။ အလျူရှင်များဖက်က ယုံကြည်မှု နည်းနေကြသည်။ စစ်အစိုးရက ကွင်းဆင်းဆောင်ရွက်နေသည့် အဖွဲ့များ ဆောင်ရွက်နိုင်ရန် အခြေခံမူ လုပ်ပိုင်ခွင့်များ သတ် မှတ်ပေးရန် ဆက်လက်ငြင်းဆန်နေခဲ့ပြီး၊ ဤအချက်ကြောင့်ပင် ကယ်ဆယ်ရေးလုပ်ငန်းများလည်း ထိခိုက်နှောင့် နှေးနေ စေသည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ (WFP) က သတိပေးပြောကြားရာတွင် အကယ်၍ နောက်ထပ် ရန်ပုံငွေများ မရရှိပါက ယခုထောက်ပံ့ရေးလုပ်ငန်းများအတွက် ပျံသန်းနေကြသည့် ရဟတ်ယာဉ်များလည်း ရပ်နားနေကြရ တော့မည်ဟု သတိပေးပြောဆိုခဲ့သည်။ ဤသို့ဆိုလျှင် စစ်အစိုးရအလိုကျ ဖြစ်ရပေတော့မည်။ စစ်အစိုးရ က ဤရဟတ်ယာဉ် များ နိုင်ငံအတွင်း ပျံသန်းခွင့်ပြုရန် ကနဦးကတည်းက မလိုလားခဲ့ပါ၊ သို့အတွက်ကြောင့်ပင် ခွင့်ပြုချက် ပေးရေး တုံ့ဆိုင်း ဖင့်နှေးနေခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့က ဦးဆောင် ဆောင်ရွက်ခဲ့သည့် နာဂစ်မုန်တိုင်းအပြီး ပူးတွဲအကဲဖြတ် စစ်ဆေးချက် (PONJA) ထွက်ပေါ် လာအပြီးတွင် ဤအကဲဖြတ်စစ်ဆေးမှုကြောင့် အကူအညီများ ပို၍ရလာဖွယ် ရှိသည်။ မြန်မာနိုင်ငံအဖွဲ့ဝင် ဖြစ်လာပြီး နောက် ဆယ်စုနှစ်တခုကြာ အကောင်းရလဒ်တခုမျှ မပြနိုင်ဘဲ ရှိနေရာမှ၊ ယခုအခါတွင် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံက ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ကြောင်း ဟိတ်ဟန်ထုတ်လွန်းလိုမှုကြောင့်လည်း ၎င်း၏အခန်းကဏ္ဍကို ပြန်၍ ဖျက်နေသည့်သဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ အာဆီယံအဖွဲ့က ၎င်းတို့၏အစီအစဉ်များအတိုင်း အစီအစဉ်တကျ လုပ် ဆောင်နေနိုင်သည်ဟူသည့် ဗလာကတိ အာမခံချက်များထက်စာလျှင် အနည်းငယ်မျှသာ ပို၍ လုပ်ကိုင်ဆောင်ရွက်နိုင်ပါ သေးသည့် အခြေအနေ ရှိပါသည်။ "ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆီးပေးနိုင်ပြီး သူတို့က ဆောလျှင်စွာ ပြန်လည်နာလံထူနိုင်ကြ ပြီ" ဟု အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆူရင် ပစ်ဆူဝန်က (PONJA) အကဲ ဖြတ် စစ်ဆေးမှုအဖွဲ့၏ ကနဦး လေ့လာတွေ့ရှိချက်များကို ကိုးကား၍ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၏ ထိရောက်မှုအပေါ် သံသယဖြစ်နေကြမှုများ ပျောက်ကင်းကြရန်ဟု ဆိုလျှင် ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအလိုကျ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေရ သည့် အခြေအနေမှ ရုန်းထွက်ရန် တနည်းသာ ရှိပါသည်။ အကူအညီပေးရေးလုပ်ငန်းများကို စစ်အစိုးရက ပြန်ပေးဆွဲထား သည့်သဖွယ် ပြုနေသည့် အခြေအနေကို ငြင်းဆန်ရန် လိုအပ်နေပါသည်။

ဤသို့ဖြစ်စေရန်ဆိုလျှင် စစ်အစိုးရက ယခုလူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်ရေးအတွက် နောက် ထပ် နိုင်ငံတကာအကူအညီများ ရရှိရန်မျှော်လင့်နေသေးသည်ဆိုပါက၊ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှသာလျှင် လက်ခံ နိုင်ဖွယ် ရှိပါသည်။ ယခုဖြစ်ပွားခဲ့သည့် ကပ်ဘေးအခြေအနေက ပိုမိုဆိုးရွားသွားပြီး နိုင်ငံရေးအရ မငြိမ်မသက်မှုများ ဆက် လက် ဖြစ်ပွားလာမည့် အန္တရာယ်လည်း ရှိနေပါသည်။

ယခုလကုန်ပိုင်းတွင် ကုလသမဂ္ဂ၏ အထူးသံ မစ္စတာဂမ်ဘာရီက သွားရောက်သွားရောက်ဦးမည် ဖြစ်ပြီး၊ အမျိုးသားပြန် လည် ရင်ကြားစေ့ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေးအတွက် နောက်ထပ်သွားရောက်တိုက်တွန်း လိမ့်ဦးမည် ဖြစ်သည်။ ဤအချိန်တွင် စစ်အစိုးရက အတိုက်အခံအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းစရာမလိုဟု မြင်ထား သည်။ သူ၏ အကြီးအကဲဖြစ်သူ မစ္စတာဘန်ကီမွန်က "မြန်မာပြည်သူများ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အပြည့်အ၀ရရှိ ခံစားနိုင်စေရေးအတွက် အပြင်းအထန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သံန္နိဌာန်ခိုင်ခိုင်မာမာ ချထားကြောင်း" ပြောထား ခဲ့သည်။ အကယ်၍ သူက ဗိုလ်ချုပ်သန်းရွှေ၏ ကတိအတိုင်း မြဲစေအောင် မလုပ်ဆောင်နိုင်ပါက သူ၏ကတိစကားသည် လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသည့် လူလိမ်ကြီးများ၏ အနှစ်မဲ့ကတိစကားသဖွယ် အတူတူသာ ဖြစ်နေပေတော့မည်။

အပြည့်အစုံဖတ်လိုလျှင်